အသိအမှတ်ပြုခြင်း
Vol. 105 Ch. 1574
“ ဝီချက် အကောင့်ကို အရင်ကြည့်တယ်လေ… မင်း ဒီနေ့ ဂျူတီ ကျနေမှန်း သိလို့ လာခဲ့လိုက်တာ…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ဘာလို့ အစောကြီး ထွက်လာခဲ့တာလဲ … အလုပ်မပြီးသေးဘူး မဟုတ်လား …”
“ ဆေးရုံမှာ လုပ်စရာ သိပ်မရှိလို့ ပြောပြီး ထွက်လာခဲ့လိုက်တာ … ပြင်ဆင်မွမ်းမံပေးတဲ့ ကုမ္ပဏီကို သွားမလို့ …”
လီချူးဟန်သည် လင်းရီ၏ စကားတို့အား အမြဲ နားထောင်နေကျပင်။
လင်းရီက အိမ်ကို ပြန်လည် ပြင်ဆင်မွမ်းမံရန် ပြောထားသဖြင့် ထိုကိစ္စကို အလျင်အမြန်ပင် အကောင်အထည် ဖော်ရန် စဉ်းစားထားလေသည်။
“ ကားပေါ်တက် …. ငါနဲ့ အတူသွားမယ်…”
လင်းရီ ကားသော့ကို လီချူးဟန်ထံ ပစ်ပေးလိုက်ပြီး “ မင်းမောင်းလိုက် … ငါ ဒီကားကို ဝယ်ထားတယ်ဆိုပေမယ့် တစ်ခါမှ မထိကြည့်ရသေးဘူးမလား …”
မလှမ်းမကမ်းရှိ La Voiture Noire ကို မြင်တော့ လီချူးဟန်သည် မည်သို့မျှ ထိန်းမထားနိုင်တော့ချေ။
“ ငါ အရင်က တစ်ခါမှ ဒီလို စူပါကားမျိုး မမောင်းကြည့်ဖူးဘူး … မတော်လို့ ထိခိုက်မိသွားရင် ဘယ်လိုလုပ်မှာ … ငါကြောက်တယ်…”
“ ထိခိုက်သွားရင်လား …. ဒါဆိုလည်း တခြားနည်းနဲ့ အကြွေးပြန်ဆပ်ပေါ့…”
လီချူးဟန်၏ မျက်နှာထက်တွင် ပွင့်လန်းလာသည့်ပန်းနှယ် အပြုံးတစ်ခုက ဖြစ်ပေါ်လာသည်။ လှပလွန်း၍ အချိန်ပင် နှေးသွားသည်ဟုတောင် ခံစားလိုက်ရ၏။ နွေဦး၏ အလယ်တွင် ပန်းပင်လယ်ကြီးထဲ ရောက်သွားခဲ့သည့်နှယ်ပင်။
“ ကောင်းပြီလေ…”
နှစ်ယောက်သား ကားထဲသို့ ဝင်လိုက်ကြ၏။ လီချူးဟန်က ထိုင်ခုံခါးပတ်ကို ပတ်လိုက်ပြီး မောင်းဖို့ ဟန်ပြင်သည်။ သို့သော် ထိုအချိန်တွင် လင်းရီက ချင်ရီယွဲ့ ဝယ်ထားပေးသည့် လည်ဆွဲဘူးတစ်ခုကို လီချူးဟန်ထံ ကမ်းပေးလိုက်သည်။
“ ကြိုက်မကြိုက် ကြည့်ကြည့်လိုက် …”
“ လည်ဆွဲလား …”
ဘူး၏ သွင်ပြင်ကို မြင်တော့ အထဲက မည်သည့်အရာလဲဆိုတာကို လီချူးဟန် တန်းသိလိုက်သည်။
လင်းရီ ခေါင်းညိမ့်လိုက်၏။ “ ဖွင့်ကြည့်လေ… ကြိုက်လား ကြည့်ကြည့်လိုက်….”
လီချူးဟန် ဘူးအား ဖွင့်လိုက်ပြီး မျက်ဝန်းထဲတွင် ညင်သာသည့် အပြုံးရိပ်တို့ ပြည့်နှက်လာခဲ့၏။
“ နင် ငါ့ကို ပေးတဲ့အရာမှန်သမျှ ငါ ကြိုက်ပြီးသား ..”
အစကတည်းကပင် လီချူးဟန်သည် လင်းရီပေးသည့် ပစ္စည်းက တန်ကြေးမည်မျှ ထိုက်သလဲဆိုတာကို ဂရုစိုက်ခြင်း မရှိခဲ့ချေ။
လင်းရီ ပေးသည့်အရာဖြစ်သရွေ့ သူမ သဘောကျလေသည်။
“ အဖြေကလည်း အားရဖို့ မကောင်းလိုက်တာ …”
“ မဟုတ်တာ … ငါတကယ်ကြိုက်တာပါနော်…” လီချူးဟန် အလျင်အမြန် ရှင်းပြလိုက်ပြီး “ ဒါပေမယ့် နည်းနည်း ဈေးကြီးမယ့်ပုံပဲ … နင်နောက်တစ်ခါဆို ဒီလောက် ဈေးကြီးတဲ့ဟာတွေ ဝယ်မလာခဲ့နဲ့ … ပိုက်ဆံက ရှာရလွယ်တာ မဟုတ်ဘူး … ဈေးသက်သာတာပဲ ဝယ်ခဲ့…”
“ ဒါပေမယ့် ပြဿနာက ငါ ဝယ်ခဲ့တာ မဟုတ်တာပဲ ….”
“ နင် ဝယ်တာ မဟုတ်ဘူးပေါ့ …”
“ ရှေ့တလောက ဒူဘိုင်းကို ခရီးထွက်တုန်း အဲ့ဒီမှာ ကိုယ့်အမေနဲ့ ဆုံခဲ့တယ်လေ… သူက ဒီဆွဲကြိုးကို မင်းဖို့ဆိုပြီး ဝယ်ပေးလိုက်တာ …”
“ ဟင် …”
လီချူးဟန်မှာ ရင်ထဲ ခံစားသွားခဲ့ရ၏။ “ အန်တီက ငါ့အတွက် ဝယ်ပေးခဲ့တာလား …”
အမျိုးသမီး လေးယောက်ထဲတွင် လင်းရီအကြောင်း အသိဆုံးက ကျီချင်းရန် မဟုတ်ပေ။ လီချူးဟန်သာ ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် အတိုင်းအတာ တစ်ခုထိတိုင်အောင် ၎င်းတို့နှစ်ဦး၏ နောက်ခံတို့က အတော်လေး ဆင်တူနေခဲ့သည်။
သို့သော် လင်းရီမှာမူ လီချူးဟန်ထက် အတော်လေး ကံကောင်းခဲ့၏။
သူတို့တွေ့သည့်အချိန်တိုင်းလည်း လင်းရီသည် သူမ၏ ပေါင်ကို ခေါင်းအုံး၍ တီဗွီကြည့်ရသည်ကို နှစ်သက်သည်။ အမှန်တော့ မည်သူကမျှ တီဗွီတွင်လာသည့် အကြောင်းအရာတို့အား အာရုံ ရှိမနေချေ။ ထိုအစား တစ်ယောက်အကြောင်း တစ်ယောက် ပြောဆိုရင်း နေ့စဉ် ကြုံတွေ့ရသည်များအား စကားလုပ်ပြောနေခဲ့ကြသည်။
လီချူးဟန်မှာ အမြဲတစေ အစ်မကြီးတစ်ယောက်ကဲ့သို့ ပြုမူလေ့ရှိ၏။ သူမတွင် ရိုးသားပြီး ကြင်နာသည့် စိတ်နေစရိုက် ရှိပြီး ညင်သာသိမ်မွေ့ဆုံး ဖြစ်၏။
ထို့ကြောင့် လင်းရီ အကြောင်းကို အများအပြား သိထားခဲ့သည်။
ဥပမာ အနေဖြင့် ချင်ရင်ယွဲ့အကြောင်းပင်။
“ ဒီတိုင်း လည်ဆွဲလေး တစ်ခုပဲဟာ အဲ့လောက်ထိ တုံ့ပြန်ဖို့ လိုလို့လား …”
“ ဒါပေမယ့် အန်တီဝယ်ပေးတဲ့ဟာလေ… ဘာလို့ ငါ့အတွက် ဝယ်ပေးခဲ့တာလဲတဲ့ …”
“ မင်းက ငါ့ဘေးနားမှာ အချိန်အကြာကြီး ရှိနေတာကို သူ လည်ဆွဲဝယ်ပေးတယ်ဆိုတာ သာမန်ပဲ မဟုတ်လား …”
“ ဒါပေမယ့် ငါမှ ဒီဆွဲကြိုးနဲ့ မတန်တာ …”
“ ဘာလို့ မတန်ရမှာ …”
လင်းရီ၏ အုံ့မှိုင်းနေသည့် မျက်နှာ အမူအရာကို မြင်တော့ လီချူးဟန် တီးတိုးပြောလိုက်၏။
“ နင့်ကောင်မလေးကို နင် မပေးရသေးဘူးလေ…”
“ အဲ့တာ မင်းတွေးပူနေရမယ့် ကိစ္စ မဟုတ်ဘူး …” လင်းရီ ပြောလိုက်ပြီး “ အခုကစပြီး မင်းသိထားရမှာ ငါတစ်ယောက်တည်းအပြင် မင်းအပေါ် ကောင်းပေးမယ့် တခြားလူတွေလည်း ရှိလာပြီ ဆိုတာကိုပဲ …”
“ အွန်း …”
တိတ်ဆိတ်စွာဖြင့် လီချူးဟန်သည် လင်းရီ၏ မိဘများထံမှ အသိအမှတ်ပြုခံလိုက်ရမှုကြောင့် ကျဆင်းလာသည့် မျက်ရည်တို့အား မသိမသာ ဖယ်ရှားလိုက်သည်။
ဤသည်က သူမအဖို့ အဓိပ္ပာယ် များစွာ ရှိလှ၏။
လီချူးဟန်၏ မျက်ရည်ကို မြင်တော့ လင်းရီ ပြုံးလိုက်ပြီး ဘာမျှ ထပ်မပြောချေ။
ကောင်းသည့်ခံစားချက် ဖြစ်စေ၊ မကောင်းသည့် ခံစားချက်ဖြစ်စေ၊ သူတို့အားလုံး ထုတ်ဖော်ပြသရန် လိုအပ်၏။
မိနစ်အနည်းငယ် ကြာပြီးနောက် လီချူးဟန်သည် အများအပြား တည်ငြိမ်သွားခဲ့ပြီး လင်းရီ လည်ဆွဲအား ယူ၍ “ လာခဲ့ … ငါမင်းကို ဝတ်ပေးမယ်…”
“ အွန်း …”
လီချူးဟန် အနားသို့ တိုးလာပြီး ဆံပင်အား ဖယ်၍ လည်တိုင်ကျော့ကျော့လေးအား လှစ်ဟာပြလိုက်သည်။
လည်ဆွဲ၏ ဒီဇိုင်းက ရိုးရှင်းပြီး ဖန်စီပြုထားသည့် ကျောက်တို့ သိပ်မပါဝင်ချေ။
လည်ဆွဲ သုံးခုအနက်မှ ဈေးအပေါဆုံး ဖြစ်သော်ငြားလည်း အရှင်းသန့်ဆုံးနှင့် တည့်တိုးအဆန်ဆုံးပင်။ လီချူးဟန်နှင့် အသင့်လျော်ဆုံး ဒီဇိုင်း ဖြစ်၏။
ဝတ်ဆင်ပြီးနောက် လီချူးဟန်သည် လည်ဆွဲအား ကိုင်၍ နောက်ကြည့်မှန်ထဲ ခေတ္တကြည့်ရှုလိုက်သည်။ ဝတ်ကောင်းစားလှ အသစ်တို့ ရရှိသွားသည့် ကလေးလေး တစ်ယောက်နှယ် သူမ၏ ဟန်အမူအရာက အတော်လေးကို ပျော်ရွှင်နေပြီး ဘဝင်ခိုက်နေမိတော့၏။
လီချူးဟန်၏ ယခုလို အမူအရာကို မြင်တွေ့ရသည်က အင်မတန် ရှားပါးလှသည်။
“ ငါတို့ ဘယ်သွားကြမှာ …”
“ အရင်ဆုံး ဖုန်းခေါ်ပြီး ပြင်ဆင်မွမ်းမံတဲ့ ကုမ္ပဏီတွေ အကြောင်း တစ်ချက် စုံစမ်းကြည့်ဦးမယ်…”
ပြင်ဆင်မွမ်းမံသည့် ကိစ္စနှင့် စပ်လျဉ်း၍ လင်းရီတွင် အဆက်အသွယ်တို့က များများစားစား မရှိချေ။ ထို့ကြောင့် ဝမ်ရင်းထံ ဖုန်းခေါ်လိုက်၏။ အိမ်ခြံမြေ ဆောက်လုပ်ရေးနှင့် အိမ်တွင်း အလှဆင် မွမ်းမံသည့် အရာနှစ်ခုက တစ်ခုနှင့် တစ်ခု ဆက်နွယ်နေပြီး လင်းရီ သူမအား ဤကိစ္စမေးချင်နေသည်။
မိနစ် အနည်းငယ် ကြာပြီးနောက် လင်းရီ ဖုန်းချလိုက်၏။
“ NCM ကို သွားမယ်… လိပ်စာလည်း ရထားပြီ … မြေပုံက လမ်းအတိုင်း မောင်းလိုက် …”
ဟွာရှန်းဆေးရုံနှင့် သိပ်ဝေးကွာခြင်း မရှိလှသဖြင့် နာရီဝက်အကြာတွင် သူတို့နှစ်ဦး ရောက်ရှိလာသည်။
“ လူကြီးမင်းတို့နှစ်ယောက်က အိမ်ကို ပြင်ဆင်မွမ်းမံမှု လုပ်ချင်လို့လားရှင့်..”
သူတို့ NCM ထဲသို့ ဝင်သည်တွင် လှပသည့် ဧည့်ကြို အမျိုးသမီးက ပျူငှာစွာ ကြိုဆိုသည်။
လင်းရီ ပတ်ဝန်းကျင်ကို ကျီးကန်းတောင်မှောက် တစ်ချက်ကြည့်လိုက်ပြီး ကုမ္ပဏီ၏ အတွင်းပိုင်း အပြင်အဆင်က မဆိုးဟု ခံစားလိုက်ရ၏။ အတော်လေး ကောင်းမွန်လှသည်။
ထို့ကြောင့် သူ ခေါင်းညိမ့်ပြီး တုံ့ပြန်လိုက်သည်။
“ ဒီဘက် ကြွပေးပါရှင့် …”
ဧည့်ကြို အမျိုးသမီး၏ ဦးဆောင်မှု အောက်တွင် နှစ်ယောက်သား အတွင်းဘက်ခြမ်းရှိ ဆိုဖာတစ်ခုထံသို့ ကြိုဆိုခြင်း ခံလိုက်ရ၏။
“ လူကြီးမင်းတို့နှစ်ယောက် စိတ်ကူးထားတဲ့ ဒီဇိုင်းပုံစံလေးတွေ ရှိထားလား မသိဘူး … လူကြီးမင်းတို့ စိတ်တိုင်းကျ ပုံဖော်နိုင်မယ့် ဒီဇိုင်နာတွေနဲ့ မိတ်ဆက်ပေးလို့ ရပါတယ်ရှင့် ….”
လီချူးဟန်သည် လင်းရီအား ကြည့်လိုက်ပြီး သူ့အား ဆုံးဖြတ်ချက် ချစေချင်နေသည်။
“ ငါ့ကိုပဲ ကြည့်မနေနဲ့လေ… ကိုယ့်အိမ်ကိုယ် ကိုယ်စိတ်တိုင်းကျလုပ်ပေါ့…..”
“ ခေတ်မီရင် ပြီးတာပါပဲ… ဟိုလို ရှုပ်ယှက်ခတ်နေစရာ မလိုပါဘူး …” လီချူးဟန် ပြောလိုက်၏။
“ ဒီတော့ ရှင်က ခေတ်ဆန်ပြီး ရိုးရှင်းတဲ့ စတိုင်မျိုး လိုချင်တာပေါ့နော်… ဒီအတွက် ဒီဇိုင်းနာ တစ်ယောက် ခေါ်ပေးပါ့မယ်… ကျေးဇူးပြုပြီး ခေတ္တစောင့်ပေးပါဦးရှင့် …”
အခြေခံ လိုချင်သည့် ပုံစံကို နားလည်သဘောပေါက်ပြီးသည့်နောက် ဧည့်ကြို အမျိုးသမီးသည် နောက်သို့လှည့်၍ ထွက်ခွာသွားခဲ့လေသည်။
သို့သော် သူမ ထွက်ခွာတော့မည့် အချိန်မှာပဲ လင်းရီသည် သူမအား နောက်မှ ဟန့်တားလိုက်၏။
“ တစ်ခြား လိုသေးလို့လား ဆရာ …”
“ မင်းတို့ဆီက အကောင်းဆုံး ဒီဇိုင်နာကို ခေါ်လာခဲ့ … မတောက်တခေါက်ပဲ တတ်တဲ့ ကောင်တွေ ခေါ်မလာနဲ့ …”
“ ဒါတော့ စိတ်ချပါ ဆရာ … “
ဧည့်ကြိုအမျိုးသမီးမှ အပြုံးလေးဖြင့် တာဝန်ခံပြီး လှည့်ထွက်သွားခဲ့၏။ အတွင်းတွင်တော့ ကြိတ်ဝမ်းသာနေသည်။ သူမ ယနေ့တွင် တကယ့် သူဌေးကြီးနှစ်ဦးဖြင့် ဆုံတွေ့နေရပြီ ဖြစ်၏။
“ အိမ်ကို ကိုယ်ဘယ်လိုမျိုး ပြင်ဆင်မွမ်းမံချင်လဲဆိုတာ သေချာစဉ်းစားထား… မဟုတ်ရင် ခဏနေကျ သေချာ ကောင်းကောင်းမွန်မွန် ဆက်သွယ်နိုင်မှာ မဟုတ်ဘူး …”
“ အွန်း ….”
မိနစ် အနည်းငယ်ကြာပြီးနောက် ဧည့်ကြို အမျိုးသမီးသည် အသက် သုံးဆယ် အရွယ်ရှိမည့် အမျိုးသား တစ်ဦးအား ခေါ်ဆောင်လာပြီး လင်းရီတို့ နှစ်ဦးရှေ့တွင် ထိုင်လိုက်၏။
“ ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပေးပါရစေ … ကျုပ်နာမည်က ထိုက်ရုံရှင်းပါ … NCM ရဲ့ ဒါရိုက်တာတစ်ယောက်ဆိုလည်း မမှားပါဘူး … လူကြီးမင်းတို့နှစ်ယောက်ကို ဝန်ဆောင်မှု ပေးရမှာ ကျုပ်အတွက် ဝမ်းသာစရာပါပဲ…”
လင်းရီနှင့် လီချူးဟန်တို့လည်း ခေါင်းညိမ့်ပြီး တုံ့ပြန်လိုက်ကြသည်။
“ ကျုပ် သိချင်တာ လူကြီးမင်းတို့ရဲ့ အိမ်က ဘယ်လောက် ကျယ်လဲ မသိဘူး …”
“ ၂၆၀ စတုရန်း မီတာ …” လီချူးဟန် ပြောလိုက်၏။
ထိုက်ရုံရှင်း ခေါင်းညိမ့်လိုက်သည်။ ဤသည်က လက်ခံနိုင်လောက်သည့် အကျယ်အဝန်း ဖြစ်၏။
၁၀၀ စတုရန်းမီတာအောက် အိမ်များက သူ၏ အာရုံစူးစိုက်မှုကို ရရှိဖို့ မတန်သကဲ့သို့ သူဆွဲပေးသည့် ဒီဇိုင်းနှင့်လည်း ထိုက်တန်ခြင်း မရှိလှချေ။
“ လူကြီးမင်းတို့နှစ်ယောက် လိုချင်တဲ့ ပုံစံကို ကျုပ်ဆီ အကြမ်းဖျင်း ပြောပြပေးလို့ရတယ်… တကယ်လို့ အတိအကျ မရှိသေးဘူးဆိုရင် ကျုပ် လုပ်ပြီးတဲ့ ပရောဂျက်တွေ ပြပေးလို့ရတယ်…”
“ လိုချင်တာတော့ များများစားစား မရှိပါဘူး … ရိုးရှင်းပြီး ခေတ်မီရင် ရပြီ… ဒါပေမယ့် စာကြည့်ခန်းကိုတော့ သိုလှောင်နိုင်မယ့် ပမာဏ များများလေး ပိုလိုချင်တယ်…”
“ အဲ့တာက ပြဿနာ မရှိဘူး …” ထိုက်ရုံရှင်း ပြောလိုက်ပြီး “ သုံးမယ့် ဘတ်ဂျက်ကရော ဘယ်လောက်လဲ မသိဘူး …”
“ စုစုပေါင်း ဆယ်သိန်းလောက်ပေါ့ …”
“ ဆယ်သိန်းတည်းလား …” ထိုက်ရုံရှင်း၏ အမူအရာမှာ မဆိုစလောက်လေး ပြောင်းလဲသွားခဲ့၏။