← Chapters

နောက်ကွယ်ရှိ ပူးပေါင်းကြံစည်မှု

Vol. 105 Ch. 1575

နောက်ကွယ်ရှိ ပူးပေါင်းကြံစည်မှု

Vol. 105 Ch. 1575

“ အင်း …. ဆယ်သိန်းတည်း …”

ယခင် သူမ တခြားသော ပြင်ဆင်မွမ်းမံပေးသည့် ကုမ္ပဏီတို့ဖြင့် ဆွေးနွေးတိုင်ပင်စဉ်တွင် ၎င်းတို့ အနည်းဆုံး ပြထားသည့် လိုအပ်ချက်က ယွမ် ရှစ်သိန်း ဖြစ်၏။ ယခု သူမဘက်က ယွမ်ဆယ်သိန်း ကမ်းလှမ်းထားသည်ဖြစ်ရာ ပမာဏကို လုံလောက်ပြီဟု သူမထင်သည်။ ထို့ပြင် သူမ လိုချင်သည့် ပုံစံကလည်း ရှုပ်ထွေး ဆန်းပြားနေရန် မလိုအပ်ဘဲ ရိုးရှင်းပြီး ခေတ်မီရုံမျှပင်။

“ လူကြီးမင်းတို့ သုံးမှာက အဲ့လောက်ပဲလား …” ထိုက်ရုံရှင်း မေးလိုက်ပြီး “ နည်းနည်း ထပ်မသုံးတော့ဘူးလား …”

လီချူးဟန် ခေါင်းညိမ့်လိုက်၏။ “ နေမှာက ကျွန်မတစ်ယောက်တည်းဆိုတော့ နည်းနည်းလေး ပြင်ဖို့ပဲ လိုအပ်တာ … ပိုက်ဆံကို ပြင်တဲ့ နေရာမှာ အများကြီး မသုံးချင်ဘူး …”

“ ဒါဆိုရင်တော့ စိတ်မရှိပါနဲ့ … ကျုပ်မှာ တခြား လုပ်ကိုင်စရာလေးတွေ ရှိသေးလို့ တခြား ဒီဇိုင်နာတွေနဲ့ လွှဲပေးလိုက်ပါ့မယ်…”

ပြောပြီးနောက် ထိုက်ရုံရှင်းသည် စာရွက်စာတမ်းများ စီစဉ်နေသည့် ဒီဇိုင်နာကို လှမ်းခေါ်လိုက်၏။

“ ရှောင်စွန်း … မင်း ခဏလာစမ်းပါဦး …”

“ ဒါရိုက်တာစွန်း … ကျွန်တော့်ကို ခေါ်နေတာလားဗျ…”

လင်းရီ သူ၏ အလုပ်ကတ်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူ၏ နာမည်က စွန်းပေါ်ရူ ဖြစ်ပြီး အတော်လေးလည်း ငယ်သည်။ ထို့ပြင် သူ၏ အမူအရာမှာ မလွယ်ကူနေသည့် ပုံစံ ပေါက်နေခဲ့၏။

“ ဒီ ကလိုင်းရန့် နှစ်ယောက်က သူတို့ရဲ့ အိမ်ကို ပြင်ဆင်မွန်းမံချင်နေတာ ဒီကိစ္စ မင်းနဲ့ လွှဲပေးလိုက်မယ်…”

“ ကျွန်တော့်ကို လွှဲပေးမယ်….”

စွန်းပေါ်ရူ အနည်းငယ် ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့သည်။ သူ အလုပ်လုပ်နေသည့် သက်တမ်းက သုံးလမျှတာ ရှိသေးပြီး လွန်ခဲ့သည့် အပတ်ကမှ အချိန်ပြည့် ဝန်ထမ်းတစ်ယောက် ဖြစ်လာရုံမျှ ရှိသေးသည်။ သူ သင်ယူထားသည့် အရာတို့က အနည်းအကျဉ်းမျှသာ ရှိသေး၏။ သူ၏ ကလိုင်းရန့်များအတွက် ဤမျှ ခပ်မြန်မြန်ကြီး မည်သို့ ဒီဇိုင်းဆွဲပေးရမည်နည်း။

“ အင်း … ငါ့မှာက တခြားလုပ်စရာတွေ ရှိနေတယ်ကွာ… ဒီတော့ မင်း သူတို့ကို လုပ်ပေးလိုက်တာက ပိုအဆင်ပြေတယ်…”

“ ဟုတ် … ဟုတ်ကဲ့ …”

“ သူက အသစ် ဟုတ်တယ်မလား …” လင်းရီ မေးလိုက်၏။

“ သူ့ကို ရာထူးတိုးထားပေးပြီပြီ… ဒီတော့ ဒီက တရားဝင် ဒီဇိုင်းနာ တစ်ယောက်လို့ သတ်မှတ်လို့ရတယ်… သူက လူကြီးမင်းတို့ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာပါ….”

ထိုက်ရုံရှင်း၏ လေသံက တည်တည်ငြိမ်ငြိမ်ပင်။ သူ၏ သဘောထားကလည်း ယခင်ကလောက် ဖော်ရွေ ဖိနပ်လျှက်ခြင်းမျိုး မရှိတော့ချေ။ ဝတ်ကျေတမ်းကျေ ပြောဆို ဆက်ဆံသည့် အနေအထားလောက် ဖြစ်သွားခဲ့၏။

“ ထားလိုက်တော့ … တခြားနေရာမှာပဲ ဒီဇိုင်းနာ သွားရှာကြစို့ …”

“ ဂရုစိုက်သွားပါ… လိုက်မပို့တော့ဘူး …”

ပြောပြီးနောက် ထိုက်ရုံရှင်းသည် တံခါးဝနားရှိ ဧည့်ကြို ဝန်ထမ်း အမျိုးသမီးအား လှမ်းခေါ်၍ ကြိမ်းလိုက်၏။

“ မင်း ဘယ်လိုတွေ လုပ်နေတာ… မင်းရဲ့ ကလိုင်းရန့်တွေ အကုန်လုံး ဘာလို့ ငါ့ဆီပဲ ခေါ်လာနေရတာ … ငါ့ကို သောက်ရမ်းတွေ အားယားနေတယ်လို့များ ထင်နေတာလား ဟုတ်လား …”

အကြိမ်းမောင်း ခံလိုက်ရပြီးနောက် ဧည့်ကြိုအမျိုးသမီးလည်း အနည်းငယ် မကျေမနပ် ခံစားလိုက်ရသည်။

“ သူတို့ ဝတ်တဲ့ ပုံစံကို ကြည့်လိုက်တော့ အတော်လေး ချမ်းသာမယ့်ပုံ ပေါက်လို့လေ… ပြီးတော့ သူတို့က ရောက်ရောက်ချင်းပဲ အကောင်းဆုံး ဒီဇိုင်နာပဲ လိုချင်တယ်ပြောလို့ ငွေရေးကြေးရေးလည်း ဂရုစိုက်မနေလောက်ဘူး ထင်ထားခဲ့တာ … ဒါကြောင့်မို့ အစ်ကိုထိုက်ဆီ ခေါ်လာခဲ့ပေးတာပေါ့ …”

“ မင်း ဘယ်တုန်းက လူတွေကို အဲ့လို အပေါ်ယံ အဝတ်အစားတွေလောက် ကြည့်ပြီး ဆုံးဖြတ်တတ်သွားတာ …” ထိုက်ရုံရှင်း ပြောလိုက်ပြီး “ ဒီနေ့ခေတ် လူအယောက်ချင်းဆီတိုင်းက သူတို့ အိတ်ထောင်ထဲမှာသာ နှစ်ပဲခြောက်ပြားလောက်နဲ့ တောင်းဆိုလိုက်ရင်တော့ အကြီးစားကြီးတွေ…. ၂၀၀ စတုရန်းမီတာ အိမ်တစ်လုံးကို ဘတ်ဂျက် ယွမ် ဆယ်သိန်းက ငါ့အတွက် ဘာမှမဟုတ်ဘူး … နောက်ဆို မင်း လူခေါ်လာချင်ရင် ၄၀၀ စတုရန်းမီတာနဲ့ ဘတ်ဂျက် အနည်းဆုံး ယွမ် သိန်း ၅၀မှ မဟုတ်ရင် ခေါ်မလာနဲ့ … ငါ့အချိန်ဖြုန်းတာပဲ ရှိမယ်…”

“ နားလည်ပါပြီ…”

“ ဥက္ကဌလင်း …. ပြန်တော့မလို့လား …”

နှစ်ယောက်သား စကားပြောဆိုနေစဉ်မှာပဲ သူတို့၏ သူဌေး အပြင်ကနေ ဝင်လာပြီး အမျိုးသားနှင့် အမျိုးသမီးအား နှုတ်ခွန်းဆက်လိုက်သည်ကို အံ့အားသင့်စွာ မြင်တွေ့လိုက်ရလေသည်။

သူ့ရှေ့တွင် မတ်တပ်ရပ်နေသည့် သက်လတ်ပိုင်း အမျိုးသားကို မြင်တော့ လင်းရီ ခေတ္တမျှ အစုန်အဆန် ကြည့်လိုက်မိပြီး “ မင်းက . . . . . .”

“ ကျုပ်က မာချန်ကျွင်း … NCM ရဲ့ အထွေထွေ မန်နေဂျာ … ခုနကပဲ ကျုပ်ဆီ မန်နေဂျာဝမ် ဖုန်းဆက်လာလို့ သူပြောတာ ဥက္ကဌလင်းက အိမ်ကို ပြင်ဆင်မွမ်းမံချင်နေတယ် ပြောတယ်… ဒါကြောင့်မို့ တစ်ခုခု လိုအပ်သည်ရှိသော်ဆိုပြီး ကိုယ်တိုင် လာကြည့်တာ …”

“ မလိုတော့ပါဘူး … ငါတို့ ပြန်တော့မှာ …”

“ ဒီလောက် အမြန်ကြီးလား … ဥက္ကဌလင်း တစ်ခုခု အဆင်မပြေတာများ ရှိလို့လား …”

မာချန်ကျွင်း အံ့အားသင့်စွာဖြင့် ပြောလိုက်ပြီး “ ကျုပ် အကောင်းဆုံး ဒီဇိုင်း ဒါရိုက်တာ ခေါ်ပေးမယ်လေ… သူက အမေရိကန် ဒီဇိုင်း ပြိုင်ပွဲမှာ ဆုရထားတာ မကြာသေးဘူး … သူ့စကေးတွေက ဥက္ကဌလင်း လိုအပ်တာနဲ့ ကိုက်ညီမှာ သေချာပေါက်ပဲ ..”

ထိုသို့ ပြောပြီးနောက် မာချန်ကျွင်းသည် ထိုက်ရုံရှင်းကို လှမ်းခေါ်လိုက်၏။ “ ရှောင်ထိုက် … ဒီခဏ လာပါဦးကွ…”

မလှမ်းမကမ်းတွင်ရှိ ထိုက်ရုံရှင်းမှာ ကြက်သေသေသွားခဲ့လေသည်။

‘ ဘာတွေ ဖြစ်နေတာလဲ..’

ဘာလို့ ဘော့စ်က ဒီ လူကို တအားတွေ ယဉ်ကျေးနေရတာလဲ …

ပြီးတော့ သူ့ကို ဥက္ကဌလင်းဆိုပြီးတောင် ခေါင်းစဉ်တပ်လိုက်သေးတယ်….

“ ခေါ်စရာ မလိုတော့ဘူး … မင်းတို့လူက ဈေးကြီးလွန်းတယ်… ငါတို့ သူ့ကို ငှားဖို့ မတတ်နိုင်ဘူး … တခြားနေရာပဲ သွားတော့မယ်… နှုတ်ဆက်ပါတယ်….”

ပြောပြီးနောက် လင်းရီနှင့် လီချူးဟန်တို့သည် NCM ထဲက ထွက်ခွာသွားခဲ့ကြ၏။

လင်းရီ၏ သဘောထားက အနည်းငယ် စိတ်တိုနေသည်ကို ခံစားမိတော့ မာချန်ကျွင်း၏ အမူအရာသည်လည်း ပြောင်းလဲသွားခဲ့တော့သည်။

“ ဘာဖြစ်ခဲ့တာလဲ… မင်းတို့ ခုနကပဲ စကားပြောပြီးတာလား …”

“ ဟုတ်တယ်… ဒါပေမယ့် ဘော့စ်သိတဲ့အတိုင်း ကျုပ် ပုံမှန် ကိုင်တဲ့ ပရောဂျက်တွေက ဗီလာတွေမှ မဟုတ်ရင် အနည်းဆုံး ၄၀၀ စတုရန်းမီတာကျော်တဲ့ အိမ်တွေချည်းပဲလေ… သူတို့အိမ်က ၂၀၀ စတုရန်းမီတာလောက်နဲ့ သုံးမှာကလည်း ယွမ် ၁၀ သိန်းတည်းဆိုတော့ ကျုပ်လိုအပ်ချက်နဲ့ မကိုက်ဘူး … ဒါကြောင့်မို့ တခြား တစ်ယောက်ကို ညွှန်းပေးလိုက်တာ … အဲ့တာကြောင့်လည်း . . . . .”

“ မင်း …. မင်းကွာ…..”

မာချန်ကျွင်းသည် တဆတ်ဆတ် တုန်ယင်သည်အထိ ဒေါသထွက်နေမိခဲ့၏။

“ မင်း တကယ့်ကို အထူအပါး နားမလည်တဲ့ကောင်…”

ထိုက်ရုံရှင်း အနည်းငယ် ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့ရ၏။ “ ဘော့စ်မာ … ဘာတွေများ ဖြစ်နေလို့လဲ ခင်ဗျ…”

“ ငါမင်းကို ပြောပြမယ်… ခုနက လူက လင်းယွင်အုပ်စုရဲ့ ဥက္ကဌကွ .. သူ့မှာ ပိုင်ဆိုင်တဲ့ တန်ဖိုးက ယွမ် ဘီလီယမ်နဲ့ချီတယ်… သူ ပြန်ပြင်မွမ်းမံချင်တဲ့ အိမ်က သေးရင်သေးမယ်… သူ့မှာ တခြား အိမ်ဘယ်နှစ်လုံး ရှိသေးလဲ မင်းသိလား … ကျိုကျုံး ဗီလာ ကိုးလုံးဆိုတာ အကုန်လုံး သူ့အပိုင်တွေချည်း … မင်းသာ အဆင်ပြေပြေနဲ့ လုပ်ပေးလိုက်လို့ သူသာ သဘောကျသွားရင် တခြား အိမ်တွေကိုပါ အခွင့်အရေး ရလာနိုင်တယ်… သူများတွေကိုလည်း ဒီလို ပုဂ္ဂိုလ်ကြီးရဲ့ အိမ်ကို မွမ်းမံပေးခဲ့တယ်ဆိုပြီး မင်းရဲ့ ကိုယ်ရေးမှတ်တမ်းထဲမှာတောင် ဝင့်ဝင့်ထည်ထည် ကြွားလို့ရဦးမယ်… ခုတော့ မင်း တကယ့်လူကိုမှ အပြစ်ပြုမိလိုက်ပြီ…”

နာမည်ကြီး ဒီဇိုင်နာတစ်ဦး ဖြစ်သည့်အလျောက် ထိုက်ရုံရှင်းသည် ကျိုကျုံး ဗီလာနှင့် သဘာဝအလျောက် ရင်းနှီးသည်။

သို့သော် သူ တစ်ကြိမ်တစ်ခါမျှ ထင်မှတ်မထားခဲ့သည်မှာ ယခုလေးတင် သူနှင့် တွေ့ဆုံ စကားပြောသွားခဲ့သည်လူက ဗီလာကိုးခုလုံး၏ ပိုင်ရှင် ဖြစ်နေခဲ့သည် ဆိုတာကိုပင်။

ယခု သူ ပြင်ဆင်မွမ်းမံချင်သည့် အိမ်က သိပ်မကြီးသော်လည်း နောင်တွင် တခြား ဗီလာများ ရှိမလာတော့ဟု ဆိုလိုချင်း မဟုတ်ပေ။

မည်သို့ပင်ဆိုစေ တစ်ဖက်သူက ဘီလီယမ်နာကြီး ဖြစ်၏။

ဘွန်း ဘွန်း ဘွန်း …

ထိုက်ရုံရှင်း ငေးငိုင်နေစဉ် ရုတ်တရက်ဆိုသလို စူပါကား တစ်စင်းက ပြတင်းကနေ ဖြတ်သန်းသွား၏။

ထို့ပြင် ခရီးသည် ထိုင်ခုံတွင် ထိုင်နေသည့်လူက သူနှင့် ယခုလေးတင် စကားပြောသွားခဲ့သည့် လူပင်။

ထိုက်ရုံရှင်း ထိတ်လန့်တုန်လှုပ်မှု နှစ်ဆ ဖြစ်သွားခဲ့၏။

NCM က ထွက်လာပြီးနောက် လင်းရီ တခြား ပြင်ဆင်မွမ်းမံမှု ပြုပေးသည့် ကုမ္ပဏီအား လှည့်ပတ်မေးမြန်းရင်း လီချူးဟန်ကို တစ်ပါတည်း ခေါ်လာခဲ့လိုက်သည်။

ဤတစ်ကြိမ်တွင်တော့ အဆင်ပြေချောမွေ့စွာဖြင့် ပြီးဆုံးသွားခဲ့ပြီ မည်သည့် ဇီဇာကြောင်သူမျှ ရှိမနေခဲ့ချေ။

ဘတ်ဂျက်ကိုလည်း ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့လေသည်။ လီချူးဟန်က လက်ဇရီ ဆန်သည့်ဘက်သို့ မယိမ်းဘဲ ရိုးစင်းကျော့ရှင်းမှုကို လိုချင်သည်။

ပြင်ဆင်မွမ်းမံရေး ကိစ္စနှင့် ဆွေးနွေးပြီးသည့်နောက် လင်းရီသည် သူမကို ပြန်ပို့ပေးပြီး ချောင်ရန်အုပ်စုသို့ ထွက်လာခဲ့၏။

မူလတုန်းက ကျန်နေသည့် တစ်ခုတည်းသော လည်ဆွဲကို ဝမ်ရင်းထံ သွားပေးချင်ခဲ့သော်လည်း အချိန်မှာ မလောက်မငှ ဖြစ်သွားခဲ့၏။ ထို့ကြောင့် ကျီချင်းရန်၏ ရုံးခန်းသို့သာ ဦးတည်လိုက်ရတော့သည်။

“ အဲ့လောက်တောင် အလုပ်ရှုပ်နေတယ်ပေါ့…”

စားပွဲပေါ်တွင် စာရွက်စာတမ်း ဖိုင်များဖြင့် ပြည့်နှက်နေသည်ကို မြင်တော့ လင်းရီ သာမန်အေးဆေး လေသံဖြင့် မေးမြန်းလိုက်၏။

“ ဒါတွေအားလုံးက ဌာန အသီးသီးက ….”

ကျီချင်းရန် မတ်တပ်ရပ်၍ ကျောဆန့်လိုက်ပြီး စာရွက်စာတမ်းများအားလုံး အတူတကွ စုစည်းလိုက်သည်။

“ ငါ့ကို ဒါတွေ ယူသွားပေးဦး .. အိမ်ရောက်ရင် ဆက်ကြည့်ရဦးမှာ…”

“ အိုကေလေ…”

“ စကားမစပ် ယွမ်ယွမ်နဲ့ငါ နေ့ခင်းတုန်းက ဖုန်းပြောတော့ သစ်တင်သွင်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာ တစ်ခု တက်နေတယ်ဆို….”

လင်းရီ ခေါင်းညိမ့်လိုက်၏။ “ သင်္ဘောက ပနားမား တူးမြောင်းမှာ ပိတ်မိနေတာ … အသေးစိတ်တော့ ငါလည်း မသိသေးဘူး … လောင်ချီကိုတော့ လွှတ်လိုက်ပြီ… ဘာဖြစ်နေလဲ သူ အရင်စုံစမ်းလိမ့်မယ်…”

“ သူတို့က ပိုက်ဆံ ပိုလိုချင်နေတာကို ပြောရမှာ ရှက်နေလို့ ဒီလိုမျိုး အကြောင်းပြတာ မဖြစ်နိုင်ဘူးလား …”

“ မဖြစ်နိုင်လောက်ဘူး …” လင်းရီ ပြောလိုက်ပြီး “ လောင်ချီရဲ့ အစွမ်းအစတွေနဲ့ဆိုရင် တစ်ဖက်လူကသာ အဲ့လို ရည်ရွယ်ချက်မျိုး ရှိနေရင် သူ သိပြီးလောက်ပြီ… အဲ့လိုဆို ပြဿနာလည်း ဖြေရှင်းပြီးနေပြီ… ဒီအခြေအနေထိ ရောက်နေမှာတောင် မဟုတ်ဘူး …”

“ ထားပါ… ကြီးကြီးမားမား ပြဿနာလည်း မဟုတ်တာကို စိတ်ပူမနေနဲ့ …”

“ အွန်း ဟုတ်ပြီလေ…”

သိမ်းဆည်းပြီးနောက် အိမ်သို့ ပြန်လာခဲ့ကြပြီး သာမန်လူများကဲ့သို့ ညနေခင်း လုပ်ငန်းဆောင်တာများအား ပြုကြတော့သည်။

……………….

ရန်ကျင်း ၊ ဝမ်မိသားစု။

ဝမ်မြန်သည် ဝှီးချဲပေါ်တွင် ထိုင်နေပြီး သူ၏ ဖခင် ဝမ်ထင်ရှန်းကတော့ ဆိုဖာပေါ် ထိုင်နေသည်။

သို့သော် မုတ်ဆိတ်ကျင်စွယ်ဖြူတို့နှင့် အဘိုးကြီး တစ်ဦးကလည်း ဝမ်ထင်ရှန်းနှင့် မျက်နှာချင်းဆိုင်တွေ ရှိနေခဲ့၏။

ထိုအဘိုးကြီး၏ နာမည်က ချိန်ချူဖုန်း ဖြစ်ပြီး ဝမ်ထင်ရှန်း၏ ဘေး၌ တစ်ချိန်လုံး ရှိနေခဲ့ကာ စစ်ရေးအကြံပေး နေရာက ရှိနေခဲ့၏။

၎င်းအပြင် အနက်ရောင် ဝတ်စုံပြည့်နှင့် လူတစ်ဦးကလည်း သူတို့ရှေ့တွင် မတ်တပ်ရပ်နေသည်။

သူ့နာမည်က လီမီ ဖြစ်ပြီး ဝမ်ထင်ရှန်း၏ စီနီယာ လက်ထောက်ပင်။ သူ၏ ကိစ္စတော်တော်များများကို ဤလူကသာ တစ်ကိုယ်တော် ကိုင်တွယ်လေ့ ရှိ၏။

“ သခင်ကြီး .. အားလုံး စီစဉ်ပြီးပါပြီ… သူတို့ရဲ့ ကုန်တင် သင်္ဘောလည်း ရပ်တန့်ခံထားရပါတယ်…” လီမီ ပြောလိုက်သည်။

စာစဉ် ( ၁၀၅ ) ပြီး၏။

All Chapters