← Chapters

ကောင်းကင်ဖြစ်တည်မှုအဆင့်

Vol. 4 Ch. 72

ကောင်းကင်ဖြစ်တည်မှုအဆင့်

Vol. 4 Ch. 72

မဟာယန်နိုင်ငံ၏ မြို့တော်နှင့် မိုင်တစ်ထောင်ဝေးသော ချိုင့်ဝှမ်းတစ်ခုထဲတွင် လူငယ်တစ်ယောက် ထိုင်နေသည်။ သူ၏ ရှေ့တွင် ရှားပါးသော ဆေးလုံးများ များပြားစွာ ရှိနေသည်။ ထိုဆေးလုံးတစ်လုံးစီကပင် အလွန်ရှားပါးပြီး သိုင်းသူတော်စင်တစ်ယောက်ကိုပင် မနာလိုဖြစ်သွားစေနိုင်လေသည်။

သို့သော် ယခု ထိုဆေးများက သူ၏ ရှေ့တွင် ပေါင်းပင်များကဲ့သို့ ရှိနေသည်။ မဟာယန်နိုင်ငံ၏ အရာရှိတစ်ယောက်က ထိုနေရာတွင် ရှိနေလျှင် ဆေးလုံးများထက် လူငယ်ကို အရင်သတိထားမိပေလိမ့်မည်။

အကြောင်းမှာ ထိုလူငယ်က ယနေ့ခေတ် မဟာယန်နိုင်ငံ၏ စစ်မှန်သော အုပ်စိုးသူဖြစ်သောကြောင့် ဖြစ်၏။ ဧကရာဇ်မဟုတ်သော်လည်း အိမ်ရှေ့စံမင်းသား လျိုယွမ်က ဧကရာဇ်ထက် သာလွန်ခဲ့လေသည်။

" ငါ သိုင်းနတ်ဘုရား အထွတ်အထိပ်အဆင့်ကို ရောက်သွားပြီ။ အခု နောက်တစ်ဆင့်ကို ချိုးဖျက်ရမယ့် အချိန်ပဲ။ " ချိုင့်ဝှမ်းထဲတွင် လင်းယွမ်၏ အကြည့်များက တည်ငြိမ်နေပြီး သူ၏ ရှေ့မှ ဆေးများကို ကြည့်လိုက်သည်။

နှစ်နှစ်ဆယ်အတွင်း သူက သိုင်းနတ်ဘုရားအဆင့်ကို ပြီးပြည့်စုံခဲ့ရုံသာမက နောက်တစ်ဆင့်၏ တိကျသော လမ်းကြောင်းကိုလည်း ရှာဖွေနိုင်ခဲ့သည်။

သို့သော် လင်းယွမ်၏ ခန့်မှန်းချက်အရ သူက သိုင်းနတ်ဘုရားအဆင့်ကို ကျော်လွန်သွားသည်နှင့် သူ၏ အော်ရာက ထွက်ပေါ်လာပြီး နတ်လက်နက်များကို သတိထားမိသွားစေပေလိမ့်မည်။ ထို့ကြောင့် သူက အဆင့်မချိုးဖျက်မီ အလွန်ဝေးလံသော နေရာသို့ လာခဲ့ခြင်း ဖြစ်သည်။ ထိုချိုင့်ဝှမ်းက မဟာယန်မြို့တော်နှင့် မိုင်တစ်ထောင်ကျော် ကွာဝေးပြီး နတ်လက်နက်ဘိုးဘေးနယ်မြေနှင့် မိုင်နှစ်ရာကျော် ကွာဝေးလေသည်။ ထိုနေရာတွင် လင်းယွမ်က အဆင့်ချိုးဖျက်သည်နှင့် သူ၏ အော်ရာကို ဖုံးကွယ်နိုင်ပေလိမ့်မည်။

" စတာပေါ့။ " လင်းယွမ်က အနည်းငယ် သက်ပြင်းချလိုက်သည်။

သူ၏ ရှေ့မှ ဆေးလုံးများက အမှုန့်များအဖြစ် ပြောင်းလဲသွားပြီး လင်းယွမ်၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားသည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် ပြင်းထန်သော ပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီး သူ၏ အသက်စွမ်းအားက အထွတ်အထိပ်သို့ ရောက်သွားခဲ့သည်။

ဝုန်း.....

ကြောက်စရာကောင်းသော အော်ရာတစ်ခု ထွက်ပေါ်လာသည်။ ထိုခနတွင် ချိုင့်ဝှမ်းထဲရှိ သတ္တဝါတိုင်းက လွှမ်းမိုးနိုင်စွမ်းရှိသော ဖိအားတစ်ခုကို ခံစားလိုက်ကြရသည်။

၎င်းက ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ရှေးဟောင်းနတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ ဖြစ်၏။ ကံကောင်းစွာပင် ဖိအားက ခနအတွင်း ပြန်လည်ပျောက်ကွယ်သွားသည်။ နာရီဝက်ကြာပြီးသောအခါ လင်းယွမ်၏ အော်ရာကလည်း ပြန်လည်တည်ငြိမ်သွားသည်။

" ဒါက ကောင်းကင်ဖြစ်တည်မှုအဆင့်လား။ " ချိုင့်ဝှမ်းထဲတွင် လင်းယွမ်က မတ်တပ်ရပ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ခွန်အားများ တိုးပွားလာသည်ကို ခံစားနေရသည်။

သိုင်းနတ်ဘုရားအဆင့်၏ အထက်တွင် ကောင်းကင်ဖြစ်တည်မှုအဆင့် ရှိ၏။ သိုင်းနတ်ဘုရား၏ နတ်ဘုရားဟူသည်မှာ ဝိညာဉ်ကို ရည်ညွှန်းခြင်းဖြစ်ပြီး ဤကမ္ဘာမှ လူများ မထိတွေ့နိုင်သော အရာ ဖြစ်လေသည်။

" ထိုက်ကျိနယ်ပယ်။ " လင်းယွမ်၏ စိတ်က တုန်ခါသွား၏။ မမြင်ရသော လှိုင်းများ ပျံ့နှံ့လာပြီး သူ၏ ပတ်ဝန်းကျင် ဆယ်မိုင်ကျော် ဧရိယာကို လွှမ်းခြုံထားသည်။

သူအဆင့်မတက်မီ လင်းယွမ်၏ ထိုက်ကျိနယ်ပယ်က မိုင်အနည်းငယ်သာ ရှိခဲ့သော်လည်း ယခု ၎င်းက မိုင်နှစ်ဆယ်နီးပါး ကျယ်ပြန့်လာပြီဖြစ်သည်။ ထို့အပြင် ဖိနှိပ်ခြင်းနှင့် ချုပ်နှောင်ခြင်းစွမ်းအားကလည်း ပို၍ သန်မာလာသည်။

ယခု လင်းယွမ်က ပင်းရန်ကဲ့သို့ တတိယအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်နှင့် ရင်ဆိုင်ရလျှင် ထိုက်ကျိနယ်ပယ်ကို အသုံးပြုပြီး သူ၏ ပြိုင်ဘက်ကို ခုခံနိုင်စွမ်းမရှိအောင် ဖိနှိပ်ပစ်နိုင်လေသည်။ ထိုက်ကျိနယ်ပယ်အပြင် လင်းယွမ်၏ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် စွမ်းအားတို့ကလည်း တိုးမြင့်လာခဲ့သည်။

လင်းယွမ်က စိတ်ထဲမှ ကျေနပ်နေသည်။ " နောက်ကျနေပြီပဲ။ ပြန်မှရတော့မယ်။ "

လင်းယွမ်က ချိုင်းဝှမ်းထဲမှ လမ်းလျှောက်ထွက်သွားသည်။ သူက လှုပ်ရှားလိုက်သကဲ့သို့ လေထုက တွန့်လိမ်သွားပြီး သာမန်လူတစ်ယောက်က သူ့ကို မြင်နိုင်တော့မည်မဟုတ်ပေ။

ထိုက်ကျိနယ်ပယ်၏ စွမ်းအားဖြင့် အလင်းကို အနည်းငယ် လှည့်ပတ်လိုက်လျှင် လင်းယွမ်၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားခဲ့သည်။

အရှေ့နန်းတော်တွင် လင်းယွမ်၏ ခန္ဓာကိုယ်က ဖြည်းညင်းစွာ ပေါ်လာသည်။

မကြာမီ မိန်းမစိုးတစ်ယောက်က သတိထားပြီး လျှောက်လာသည်။ " ဒီမှာ အရှင်တောင်းဆိုထားတဲ့အရာပါ။ "

မိန်းမစိုးက စာလိပ်တစ်ခုကို ရိုသေစွာ ကိုင်ထားသည်။

လင်းယွမ်က စာလိပ်ကို ယူ၍ တစ်ချက်ဖတ်လိုက်ပြီးနောက် ၎င်းက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားသည်။

လွန်ခဲ့သည့် နှစ်နှစ်ဆယ်အတွင်း လင်းယွမ်က သူ၏ ခွန်အားကို မြှင့်တင်ခြင်းအပြင် အလယ်ပိုင်းလွင်ပြင် နိုင်ငံ ၃၆ နိုင်ငံ၏ ကုန်သွယ်မှုလမ်းကြောင်းကို ဖွင့်ပြီး ကြီးမားသော ထောက်လှမ်းရေကွန်ရက်တစ်ခုကို လျို့ဝှက်စွာ တည်ထောင်ခဲ့သည်။

ထိုအကြောင်းကို ဧကရာဇ်လျိုရှစ်ပင် မသိဘဲ အင်ပါယာနန်းတော်တစ်ခုလုံးတွင် ထိုမိန်းမစိုးတစ်ယောက်သာ သိလေသည်။ မှန်၏ သူ၏ သေခြင်းရှင်ခြင်းကလည်း လင်းယွမ်၏ လက်ထဲတွင် ရှိနေလေသည်။

ထောက်လှမ်းရေးကွန်ရက်တစ်ခုကို တည်ထောင်ရသည့် ရည်ရွယ်ချက်က နတ်လက်နက်များအကြောင်း စစ်ဆေးရန် ဖြစ်သည်။ နိုင်ငံကာကွယ်ရေးနတ်လက်နက်၏ ကိုယ်စားလှယ်များက နတ်လက်နက်အပေါ် လုံးဝ သစ္စာစောင့်သိကြသော တော်ဝင်မျိုးနွယ်များ ဖြစ်ကြသောကြောင့် လင်းယွမ်က တော်ဝင်မျိုးနွယ်၏ စွမ်းအားကို အသုံးပြုပြီး ထိုကိစ္စကို ပြုလုပ်၍ မရပေ။

သူ၏ ကိုယ်ပိုင်အင်အားစုကို ထူထောင်ပြီး သူ၏ တောင်ပံများကို ဖြန့်ကျက်ခြင်းဖြင့်သာ နတ်လက်နက်များအကြောင်း ပိုမိုလေ့လာရန် မျှော်လင့်ခဲ့သည်။

အမှန်တော့ လင်းယွမ်နှင့် နတ်လက်နက်များကြားတွင် ရန်ငြိုးများလည်း မရှိပေ။ သို့သော် နတ်လက်နက်များက သူ့ကို စားသောက်ချင်နေကြသည်။ နတ်လက်နက်များ၏ မျက်လုံးထဲတွင် လူသားတိုင်းက အစားအစာမျှသာ ဖြစ်၏။ ထို့အပြင် ထိုအစားအစာများကြားတွင် လင်းယွမ်က နတ်လက်နက်များအတွက် စားတော်ပွဲတစ်ခုပင် ဖြစ်သည်။

နှစ်နှစ်ဆယ်။

လင်းယွမ်က နတ်လက်နက်များအကြောင်း ယခင်ထက် ပိုမိုနက်နဲစွာ နားလည်လာခဲ့သည်။ ပထမအချက်မှာ နတ်လက်နက်များ၏ မူလ ဖြစ်သည်။ အများစုက ဒဏ္ဍာရီများသာ ဖြစ်ပြီး တိကျသော အထောက်အထားမရှိပေ။ တိကျသော ကောလဟာလများသာ ဖြစ်၏။

လွန်ခဲ့သော နှစ်တစ်သောင်းကျော်က ရှေးခေတ်အချိန်များတွင် နတ်ဘုရားများက ကမ္ဘာမြေသို့ ဆင်းသက်လာပြီး နတ်လက်နက်များကို ဖန်တီးခဲ့ကြသည်။

ထို့အပြင် ထိုအချိန်က နတ်လက်နက်များက ၃၆လက်ထက် ပိုပြီး နောက်ပိုင်း အကြောင်းရင်းအချို့ကြောင့် နိုင်ငံ ၃၆နိုင်ငံကို စောင့်ကြပ်သော နတ်လက်နက် ၃၆လက်သာ ကျန်နေခဲ့လေသည်။

" လွန်ခဲ့တဲ့ နှစ်တစ်သောင်း... ရှေးဟောင်းနတ်ဘုရား..." လင်းယွမ်က သူ၏ မေးစေ့ကို ပွတ်ပြီး စဉ်းစားနေသည်။

လင်းယွမ်အတွက် ရှေးဟောင်းနတ်ဘုရားများဆိုသည်မှာ စွမ်းအားကြီးသော ဆင့်ကဲပြောင်းလဲသူများထက် မပိုပေ။

သို့သော် ထိုရှေးဟောင်းနတ်ဘုရားများက လူတိုင်း၏ နားလည်နိုင်စွမ်းထက် ကျော်လွန်သော နတ်လက်နက်များကို ဘာကြောင့်ဖန်တီးခဲ့တာလဲ။ ထို့အပြင် နတ်လက်နက်များကို ဖန်တီးခဲ့သော ရှေးဟောင်းနတ်ဘုရားများက သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့ကြသည်။

၎င်းက လင်းယွမ်ကို အတော်ပင် စိတ်ရှုပ်ထွေးစေလေသည်။ ထိုကဲ့သို့ စွမ်းအားကြီးတည်ရှိမှုတစ်ခုက သူ၏ သက်တမ်းကုန်ဆုံးသွားလျှင်တောင် အနည်းဆုံး ဒဏ္ဍာရီအချို့တော့ ကျန်ခဲ့သင့်ပေသည်။

" နတ်လက်နက်တစ်လက်ကိုသာ ဖမ်းပြီး ဝိညာဉ်ရှာဖွေခြင်း လုပ်နိုင်ခဲ့ရင်...." အတွေးတစ်ခုက လင်းယွမ်၏ စိတ်ထဲတွင် ပေါ်လာသည်။

နတ်လက်နက်များက အသိဉာဏ်ရှိသောကြောင့် သူတို့တွင် အသိနှင့် ဝိညာဉ်ကို ပိုင်ဆိုင်ကြပေလိမ့်မည်။ ဝိညာဉ်ရှာဖွေခြင်းမှာ လူတစ်ယောက်၏ သန်မာသော စိတ်စွမ်းအားကို အသုံးပြုပြီး အခြားတစ်ယောက်၏ မှတ်ဉာဏ်များကို ရှာ​ဖွေခြင်း ဖြစ်သည်။

သို့သော် ထိုအတွေးက လင်းယွမ်၏ စိတ်ထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွား၏။ ယခု လင်းယွမ်၏ နတ်လက်နက်များအပေါ် နားလည်ထားမှုအပြင် နတ်လက်နက်များ နိုးထလာသည့် သမိုင်းမှတ်တမ်းများကို ပေါင်းစပ်ပြီး နတ်လက်နက်တိုင်း၏ စွမ်းအာက စတုတ္ထအဆင့် သို့မဟုတ် စတုတ္ထအဆင့်သို့ ရောက်လုနီးပါး ဖြစ်ပေလိမ့်မည်။

ထိုစွမ်းအားက လက်ရှိ လင်းယွမ် ကိုင်တွယ်နိုင်စွမ်းထက် ပိုလေသည်။ သူက ကောင်းကင်ဖြစ်တည်မှုအဆင့်၏ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်သွားလျှင် စတုတ္ထအလွှာ ရောက်လုနီးပါး စွမ်းအားကို ပိုင်ဆိုင်ပေလိမ့်မည်။ ထိုသို့ဆိုလျှင်တောင် သူက နတ်လက်နက်များနှင့် အဆင့်တူသာ ရှိနေသေးသည်။

နတ်ကလက်နက်တစ်ခုကို ဖမ်းဆီးခြင်းက ကြီးမားသော လှုပ်ရှားမှုတစ်ခုဖြစ်ပြီး အခြားနတ်လက်နက်များ၏ အာရုံကို ဆွဲဆောင်နိုင်လေသည်။ ထိုအချိန်တွင် လင်းယွမ်က တစ်ယောက်တည်းနှင့် နတ်လက်နက် ၃၆လက်ကို ရင်ဆိုင်ရပေလိမ့်မည်။

" နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းကို စုံစမ်းတာ ဘယ်လိုလဲ။ " လင်းယွမ်က မေးလိုက်သည်။

နတ်ဘုရားဆန့်ကျင်ခြင်းအဖွဲ့အစည်းက အလွန်လျို့ဝှက်သော အဖွဲ့အစည်းတစ်ခု ဖြစ်၏။ လင်းယွမ်က ထောက်လှမ်းရေးကွန်ရက်ကို မထူးထောင်ခဲ့ပါက ထိုအဖွဲ့အစည်း၏ တည်ရှိမှုကို ရှာတွေ့နိုင်ရန် ခက်ခဲပေလိမ့်မည်။

နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်း၏ ရည်ရွယ်ချက်မှာ နတ်လက်နက်များ၏ လွှမ်းမိုးမှုကို ဖယ်ရှားရန်ဖြစ်သည်။ နတ်လက်နက်များက သက်ရှိသတ္တဝါများအားလုံးကို သူတို့၏ အစာများအဖြစ် အသုံးပြုပြီး နှစ်ပေါင်းများစွာကြာအောင် အုပ်ချုပ်ခဲ့ကြသည်။

၎င်းက ဆန့်ကျင်ချင်စိတ်ရှိသော အချို့လူများကို လှုံ့ဆော်ခဲ့လေသည်။ သို့သော် နတ်လက်နက်များ၏ စွမ်းအားက တုနှိုင်းမရပေ။ ထိုလူများက အမှောင်ထဲတွင်သာ ပုန်းနေကြပြီး နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းကို ထူထောင်ကာ အခွင့်အလမ်းကို စောင့်မျှော်နေကြသည်။

လင်းယွမ်က နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းကို အသုံးပြုပြီး နတ်လက်နက်များ၏ အချက်အလက်များကို ပိုမိုသိရှိရန် ရည်ရွယ်ခဲ့သည်။ ထိုအဖွဲ့အစည်းတည်ရှိသည်မှာ နှစ်ထောင်ချီကြာပြီဖြစ်သောကြောင့် သူတို့ဆီတွင် လျို့ဝှက်ချက်များစွာ ရှိမည်မှာ သေချာလေသည်။ ၎င်းတို့က လင်းယွမ်လိုအပ်သော အရာများ ဖြစ်၏။

ရန်သူ၏ အကြောင်းကို ပိုမိုသိရှိထားခြင်းက အနိုင်ရရှိရန် အခွင့်အလမ်း ပိုများလေသည်။ လင်းယွမ်က နတ်လက်နက်များအကြောင်း ပိုမိုသိရှိလေ သူ့ကိုသူ ပို၍ ယုံကြည်မှုရှိလေ ဖြစ်သည်။

" အရှင် နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းရဲ့ ဌာနချုပ်က ကျွန်တော်မျိုးတို့ မဟာယန်နိုင်ငံထဲမှာ ရှိတယ်ဆိုတာ သိပြီးပါပြီ။ ကျွန်တော်မျိုးတို့က လဝက်အတွင်း သူတို့ရဲ့ နေရာအတိအကျကို သိနိုင်ပါလိမ့်မယ်။ " မိန်းမစိုးက လေးစားစွာ ပြန်ဖြေလိုက်သည်။

နောက်တစ်နေ့ မနက်ခင်းတွင် အင်ပါယာအစောင့်ခေါင်းဆောင်က အရှေ့နန်းတော်၏ အပြင်သို့ ရောက်လာခဲ့သည်။

" အရှင် အရှင်မင်းကြီက အရှင်ကို ဆင့်ခေါ်လိုက်ပါတယ်။ " အင်ပါယာအစောင့်ခေါင်းဆောင်က ရိုသေစွာ ပြောလိုက်သည်။

" ခမည်းတော်ဧကရာဇ် အဆင်ပြေရဲ့လား မသိဘူး။ " လင်းယွမ်က ၎င်းကို ကြားသောအခါ ချက်ချင်း ထိလိုက်သည်။

ဧကရာဇ်လျိုရှစ်က အသက်ကြီးမှ သားသမီးများ ထွန်းကားခဲ့လေသည်။ လင်းယွမ်မွေးဖွားစဉ်က လျိုရှစ်မှာ အသက်ငါးဆယ်ရှိနေပြီဖြစ်သည်။ ယခု ၂၆နှစ် ကြာသွားပြီဖြစ်သောကြောင့် သူ၏ အသက်မှာ ၇၀ ကျော် ရှိနေပြီဖြစ်သည်။

လျိုရှစ်သည် ငယ်ရွယ်စဉ်ကပင် ထီးနန်းရရှိရန်အတွက် ကြီးမားသော အဖိုးအခကို ပေးခဲ့ရပြီး လျို့ဝှက်ဒဏ်ရာများစွာ ရရှိခဲ့သည်။ ယခု သူက အသက်ကြီးလာပြီဖြစ်သောကြောင့် ထိုဒဏ်ရာများက ပို၍ ပြင်းထန်လာခဲ့သည်။ လင်းယွမ်က ထိုအခြေအနေကို လွန်ခဲ့သော ဆယ်နှစ်ကျော်ကတည်းက သတိပြုမိခဲ့ခြင်းဖြစ်သည်။

သူက ဆေးကျမ်းများစွာကို လေ့လာပြီး လျိုရှစ်ကို ကုသရန်အတွက် အစီအစဉ်များ ပြုလုပ်ခဲ့သည်။ သို့သော် ခန္ဓာကိုယ်၏ မူလရင်းမြစ်မှ ဒဏ်ရာများက ကုသရန် အချိန်များစွာ လိုအပ်ပြီး အသက်ကြီးလာခြင်းနှင့်အတူ လွန်ခဲ့သော နှစ်များတွင် လျိုရှစ်က နိုင်ငံရေးကို အပြည့်အဝ အာရုံမစိုက်နိုင်တော့ပေ။

" ဘာပြဿနာမှ မရှိလောက်ပါဘူး။ " လင်းယွမ်က သူ့ဟာသူ တွေးလိုက်သည်။

လျိုရှစ်အတွက် သူပြင်ဆင်ထားသော ကုသမှုဖြင့် သူ၏ သက်တမ်းကို မဆွဲဆန့်ပေးနိုင်သော်လည်း ခန္ဓာကိုယ် ယိုယွင်းမှုကို နှေးကွေးစေနိုင်လေသည်။ ဘာပြဿနာမှမရှိလျှင် သူက အသက်တစ်ရာကျော် နေနိုင်ပေလိမ့်မည်။

လင်းယွမ်က ထိုပြဿနာများကို မဖြေရှင်းနိုင်သည်တော့ မဟုတ်ပေ။ သို့သော် နတ်လက်နက်များ၏ တည်ရှိမှုကြောင့် လင်းယွမ်က သူ၏ စစ်မှန်သော စွမ်းအားကို အသုံးမပြုနိုင်ပေ။

ချန်ထျန်းခန်းမတွင် လင်းယွမ်က ဧကရာဇ်လျိုရှစ်ကို တွေ့လိုက်ရသည်။ လျိုရှစ်၏ စိတ်အခြေအနေက ကောင်းမွန်နေပြီး ဆေးရည်များကို မော့သောက်နေသည်။

" ယွမ်အာ " လျိုရှစ်က လင်းယွမ်ကို မြင်သောအခါ သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။

" ခမည်းတော် " လင်းယွမ်က လမ်းလျှောက်လာသည်။

" ငါ့ရဲ့ ကျန်းမာရေးနဲ့ စိတ်ဓာတ်က ကျဆင်းနေပြီ။ နိုင်ငံတော်ရဲ့ များပြားတဲ့ ကိစ္စတွေကို ကိုင်တွယ်နိုင်စွမ်းမရှိတော့ဘူး။ " လျိုရှစ်က ဘေးနားရှိ ဝန်ကြီးများကို ကြည့်လိုက်သည်။ ထိုဝန်ကြီးများ အားလုံးက တရားရုံးတော်မှ အရာရှိများ ဖြစ်ကြလေသည်။

" ဒါကြောင့် ငါက ထီးနန်းကို စွန့်လွှတ်ပြီး အနားယူချင်နေပြီ။ ငါ့ရဲ့ သစ္စာတော်ခံတွေကရော ဘယ်လိုသဘောရလဲ။ " လျိုရှစ်က ဝန်ကြီးများကို ပြောလိုက်သည်။

ဝန်ကြီးများက တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြီး သူတို့က ထိုအခြေအနေကို မျှော်လင့်ထားသောကြောင့် မအံ့ဩကြပေ။

" ခမည်းတော် " လင်းယွမ်က ဧကရာဇ် လျိုရှစ်ကို ကြည့်လိုက်သည်။

" ငါ့သာက သူတော်စင်ဘုရင် ဖြစ်လာလိမ့်မယ်။ " ဧကရာဇ် လျိုရှစ်က စကားများစွာ မပြောတော့ဘဲ လင်းယွမ်၏ ပခုံးကို ပုတ်လိုက်သည်။

မဟာယန်ပြက္ခဒိန် ၃၆၂၅ ခုနှစ်တွင် ဧကရာဇ်လျိုယွမ်က ထီးနန်းတက်ခဲ့သည်။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters