← Chapters

ရှေးဟောင်းနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်

Vol. 4 Ch. 65

ရှေးဟောင်းနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်

Vol. 4 Ch. 65

လင်းယွမ်က ထိုင်နေပြီး သူ၏ ရှေ့တွင် ဆင့်ကဲပြောင်းလဲသူအမျိုးမျိုးကို ပြနေသော မှန်မျက်နှာပြင်တစ်ခု ရှိနေသည်။ ထိုဆင့်ကဲပြောင်းလဲသူများက ပြိုင်ပွဲ၏ ထိပ်ဆုံးငါးဆယ်စာရင်းဖြစ်လေသည်။ သူတို့က တတိယအလွှာမဟုတ်လျှင်တောင် သူတို့၏ ကိုယ်ပိုင်ဝှက်ဖဲများကြောင့် များစွာ ကွာခြားမည်မဟုတ်ပေ။

လင်းယွမ်က ထိုဆင့်ကဲပြောင်းလဲသူများ၏ ယခင်တိုက်ပွဲများကို ဂရုတစိုက် ကြည့်နေသည်။ သူ၏ ကောင်းကင်ကို ဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့် ထိုပြိုင်ပွဲဗီဒီယိုများကို ကြည့်ခြင်းဖြင့် အသိအမြင်အချို့ ရနိုင်လေသည်။ သို့သော် အစစ်အမှန်တိုက်ပွဲများနှင့်တော့ မတူပေ။

" ဖန်ချင်း " လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ သူက သူ၏ ရှေ့မှ အချက်အလက်များကို ကြည့်လိုက်သည်။

အချက်အလက်များက လူငယ်တစ်ယောက်ကို ပြသနေသည်။ သူ၏ အသွင်အပြင်က အန္တရာယ်မရှိပုံရသော်လည်း ပြိုင်ပွဲတွင် ချန်ပီယံအတွက် ရေပန်းအစားဆုံး ဖြစ်လေသည်။

ယခုအချိန်ထိ ဖန်ချင်း၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဘယ်သူမှမသိကြပေ။ သူလှုပ်ရှားသည့်အချိန်တိုင်း သူက တိုက်ပွဲကို တစ်ကွက်နှစ်ကွက်အတွင်း အဆုံးသတ်ပစ်လေသည်။ တတိယအလွှာ ဆင့်ကဲပြောင်းလဲသူများလည်း ထို့အတူပင် ဖြစ်လေသည်။

၎င်းက လင်းယွမ်နှင့် ဆန့်ကျင်ဘက် ဖြစ်၏။ ကြည့်ရှုသူများစွာ၏ မျက်လုံးထဲတွင် လင်းယွမ်က သူ၏ ပြိုင်ဘက်များကို ကစားနေခဲ့ခြင်း ဖြစ်သည်။ သူက ပထမအလွှာ ဆင့်ကဲ​ပြောင်းလဲသူနှင့် တိုက်ခိုက်လျှင်တောင် အချိန်ကုန်သည်အထိ တိုက်ခိုက်လေသည်။

ဖန်ချင်းအပြင် အခြားဆင့်ကဲပြောင်းလဲသူအချို့ကလည်း လင်းယွမ်၏ အာရုံကို ဆွဲဆောင်နိုင်ကြလေသည်။ ဥပမာ မိုးကြိုးများကို ဆင့်ခေါ်အမိန့်ပေးနိုင်သော မိုးကြိုးနတ်ဘုရားဖြစ်၏။ လင်းယွမ်ကတော့ သူ့ကို မစိုးရိမ်ပေ။ မိုးကြိုးအဖြစ် ပြောင်းလဲခြင်းဆိုသည်မှာ တိုက်ခိုက်မှုအများစုကို ခုခံနိုင်သော စွမ်းအင်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲခြင်းဖြစ်သည်။

အဆိပ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့ကျင့်သော တတိယအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်လည်း ရှိသည်။ ထိုလမ်းစဉ်ကို လေ့ကျင့်သူများက အလွန်ရှားပါးလေသည်။ သို့သော် ထိုလမ်းစဉ်ကို အောင်မြင်သည်နှင့် သူတို့ ကျွမ်းကျင်သော နည်းစနစ်များက အဆင့်တူ သို့မဟုတ် အဆင့်မြင့်သော ဆင့်ကဲ​ပြောင်းလဲသူများကိုပင် ဒုက္ခရောက်စေနိုင်လေသည်။ အဆိပ်က ခန္ဓာကိုယ်ပင်မကဘဲ စိတ်နှင့် ဝိညာဉ်ကိုလည်း ထိခိုက်စေနိုင်လေသည်။

တတိယအလွှာ အဆိပ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်သာ ဆန္ဒရှိလျှင် လူပေါင်းသန်ချီရှိသော မြို့တစ်မြို့ကို အားစိုက်စရာမလိုဘဲ ဖျက်ဆီးနိုင်လေသည်။

နေ့တစ်ဝက်ကုန်သွားပြီးနောက် လင်းယွမ် ယှဉ်ပြိုင်မည့်အချိန်သို့ ပြန်ရောက်လာသည်။ ယခုပြိုင်ပွဲက ထိပ်ဆုံးငါးဆယ်၏ ပြိုင်ပွဲ ဖြစ်လေသည်။ ပြိုင်ပွဲဝင်တိုင်းက တတိယအလွှာ သို့မဟုတ် ထူးခြားသော နည်းစနစ်များနှင့် ဒုတိယအလွှာ ဆင့်ကဲပြောင်းလဲသူများ ဖြစ်ကြလေသည်။ သာမန်ဆင့်ကဲပြောင်းလဲသူများကတော့ အစောပိုင်းကတည်းက ထုတ်ခံလိုက်ရပြီဖြစ်သည်။

လင်းယွမ်၏ ခန္ဓာကိုယ်က ပြိုင်ပွဲကွင်းပြင်၏ အလယ်တွင် ပေါ်လာသည်။ သူပေါ်လာသည်နှင့် အားပေးသံများက အဘက်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

" လူတွေများလှချည်လား။ " လင်းယွမ်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီး လူဦးရေ ဆယ်သန်းလောက် ရှိနေသည်ကို တွေ့လိုက်ရသည်။

ယခုပြိုင်ပွဲက ဗဟိုကုန်းမြေရှိ မြို့တစ်မြို့သို့ ပြောင်းသွားပြီဖြစ်သည်။ ပြိုင်ပွဲစတင်ချိန်တွင် ပွဲစဉ်အရေအတွက်က တစ်ရက်လျှင် ရှစ်ထောင်ကျော် ရှိခဲ့သော်လည်း ယခုတွင် ငါးပွဲသာ ရှိတော့လေသည်။

ထိုပြိုင်ပွဲတိုင်းတွင် ကြည့်ရှုသူအရေအတွက်က ဆယ်သန်းကျော်ရှိလေသည်။ VR ကမ္ဘာသို့ ဝင်ရောက်နိုင်သော လူများက ဆင့်ကဲပြောင်းလဲသူများ သို့မဟုတ် အဆင့်နှစ်နိုင်ငံသားများ ဖြစ်ကြလေသည်။ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသော သာမန်နိုင်ငံသားအရေအတွက်မှာ အနည်းဆုံး ဆယ်ဘီလီယံ ရှိပေလိမ့်မည်။

ထို့ကြောင့် လင်းယွမ်က ကွင်းထဲတွင် ပေါ်လာသည်နှင့် ပရိတ်သတ်များစွာ၏ အားပေးမှုကို ရရှိလိုက်သည်။

" လင်းယွမ် "

" လင်းယွမ် ရောက်လာပြီ။ "

အားပေးသံအမျိုးမျိုး ထွက်ပေါ်လာသည်။

VR ကမ္ဘာက ပြင်ပကမ္ဘာနှင့် တူညီအောင် ပြုလုပ်ထားသောကြောင့် အားပေးသံများက လူတစ်ယောက်၏ နားစည်ကိုပင် တုန်ခါသွားစေနိုင်လေသည်။

မကြာမီ လင်းယွမ်၏ ပြိုင်ဘက်က ပေါ်လာသည်။ သူက အရပ်ရှည်ရှည် လူတစ်ယောက်ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်မှ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။

တတိယအလွှာ ဆင့်ကဲပြောင်းလဲသူ ပင်းရန်။ အထူးဒြပ်စင်တစ်ခု ဖြစ်သော ရေခဲဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လျှောက်လှမ်းသူ ဖြစ်သည်။ ပင်းရန်၏ ယခင်ပြိုင်ဘက်များက ရေခဲရုပ်တုအဖြစ် အဆုံးသတ်သွားကြလေသည်။

ပင်းရန် ရောက်ရှိလာမှုက ပတ်ဝန်းကျင်မှ ပရိတ်သတ်များကို ပိုမိုလှုံ့ဆော်ပေးလိုက်လေသည်။

လင်းယွမ်က တတိယအလွှာသို့ ရောက်ရှိပြီးဖြစ်သော်လည်း သူ၏ တတိယအလွှာ ခွန်အားအကုန်ကို ထုတ်မပြခဲ့ဖူးပေ။ လင်းယွမ်၏ ယခင်ပြိုင်ဘက်များက သူ၏ ခွန်အားကုန်ထုတ်အောင် မလုပ်နိုင်သူများနှင့် အရှုံးပေးသူများသာ ဖြစ်လေသည်။ ထို့ကြောင့် ပရိတ်သတ်များက လင်းယွမ်ကို ဒုတိယအလွှာ အထွတ်အထိပ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဟုသာ ထင်နေကြသည်။

ပင်းရန်က တကယ် တတိယအလွှာ ဖြစ်၏။ ကန်လန်ကြယ်ပေါ်တွင် အသက်တစ်ရာအောက်ရှိ တတိယအလွှာသို့ ရောက်ရှိနေသော ဆင့်ကဲပြောင်းလဲသူများက နှစ်ဆယ်ပင် မပြည့်ပေ။ ပင်းရန်က သူတို့ထဲမှ တစ်ယောက် ဖြစ်၏။

" ငါ မင်းရဲ့ ပြိုင်ပွဲတွေကို ကြည့်ခဲ့ရတယ်။ မင်းက သန်မာတယ်ဆိုတာ ငါဝန်ခံပါတယ်။ ဒါပေမယ့် မင်းဒီအထိ ရောက်လာနိုင်တယ်ဆိုတာ ငါနဲ့မတွေ့သေးလို့ပဲ။ " ပင်းရန်က အေးစက်စွာ ပြောလိုက်သည်။

ယခုအချိန်ထိ လင်းယွမ်၏ အကောင်းဆုံး အောင်မြင်မှုက တတိယအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ကို နာရိဝက်ကြာအောင် ထိန်းထားနိုင်ခြင်းသာ ရှိလေသည်။ သို့သော် ထိုတတိယအလွှာ ဆင့်ကဲပြောင်းလဲသူက စိတ်နှင့် ဝိညာဉ်ကို တိုက်ခိုက်နိုင်သည့် အိပ်မက်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် လျှောက်လှမ်းသူဖြစ်လေသည်။

ပင်းရန်၏ ရေခဲဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ပြပခန္ဓာကိုယ်အပါအဝင် အရာရာတိုင်ကို အေးခဲစေနိုင်လေသည်။ ထို့ကြောင့် သူက ယုံကြည်မှုရှိနေခြင်း ဖြစ်သည်။

ပွဲကြည့်စင်ပေါ်တွင် နူးညံ့သော အသွင်အပြင်နှင့် လူငယ်တစ်ယောက် ထိုင်နေသည်။ သူက အောက်မှ ပြိုင်ပွဲကွင်းပြင်ကို ပျင်းရိစွာ ကြည့်လိုက်သည်။

" ဆရာ ဒီပြိုင်ပွဲဝင်နှစ်ယောက်မှာ တစ်ယောက်က တတိယအလွှာ တစ်ယောက်က သာမန်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လျှောက်လှမ်းတယ်။ သူတို့ပြိုင်ပွဲကို ကြည့်တာထက် လေ့ကျင့်တာကမှ ပိုကောင်းဦးမယ်။ " သူက ပြောလိုက်၏။

လူငယ်က ဖန်ချင်းဖြစ်ပြီး ကျော်ကြားသော ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်၏။

" အရူး " လက်ဝါးအရွယ်အစားသာ ရှိသော အဖြူရောင်မုတ်ဆိတ်မွေးများနှင့် လူအိုကြီးတစ်ယောက်က ဖန်ချင်း၏ ပခုံးပေါ်တွင် ပေါ်လာသည်။ လူအိုကြီးက ပုံရိပ်ယောင်တစ်ခုလိုဖြစ်နေပြီး ဖန်ချင်းတစ်ယောက်သာ သူ့ကို မြင်နိုင်လေသည်။

" မင်းက အဲ့ဒီလင်းယွမ်ရဲ့ ထူးခြားတဲ့ စွမ်းရည်တွေကို မမြင်နိုင်ဘူးလား။ " လူအိုကြီးက ဖန်ချင်းကို ကြည့်လိုက်သည်။

" ထူးခြားတဲ့ စွမ်းရည် " ဖန်ချင်းက အနည်းငယ် အံ့ဩသွား၏။ " နယ်ပယ်တစ်ခုရဲ့ ဖွံ့ဖြိုးစပုံစံလား။ "

လင်းယွမ်၏ အသန်မာဆုံးစွမ်းရည်က နယ်ပယ်တစ်ခုကို ထုတ်ဖော်ခြင်းဖြစ်၏။ ထိုစွမ်းအားက အဆင့်လေး အဆင့်ငါး ဆင့်ကဲပြောင်းလဲသူများသာ ကျွမ်းကျင်နိုင်လေသည်။ နယ်ပယ်တစ်ခု၏ ဖွံ့ဖြိုးစပုံစံကို နားလည်နိုင်ရန် အခြားဆင့်ကဲပြောင်းလဲသူများအတွက် ခက်ခဲလေသည်။

သို့သော် သူ့လို ရှေးဟောင်းနတ်ဘုရားမျိုးနွယ်မှ လူတစ်ယောက်အတွက်တော့ လွယ်ကူလွန်းလှသည်။ ဖန်ချင်းသာ ဆန္ဒရှိလျှင် နယ်ပယ်တစ်ခု၏ကနဦးပုံစံကို လျင်မြန်စွာ ကျွမ်းကျင်နိုင်လေသည်။

" အဲ့ဒါက နယ်ပယ်တစ်ခုရဲ့ ဖွံ့ဖြိုးစပုံစံကို ပြောတာမဟုတ်ဘူ။ အဲ့ဒါကို ပြောင်းလဲတဲ့ စွမ်းအားပဲ။ " လူအိုကြီးက ပြောလိုက်သည်။

" ငါတို့သခင်ကြီးက အရင်တုန်းက ကြယ်နယ်ပယ်ဆယ်ခုကျော်ကို လွှမ်းမိုးနိုင်ခဲ့ပြီး အရာရာကို ငုံ့ကြည့်နိုင်ခဲ့တယ်။ ဒါပေမယ့် သူက အရမ်းမောက်မာတော့ မျိုးနွယ်ခြားတွေရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်။ သခင်ကြီးရဲ့ ဆက်ခံသူတစ်ယောက်အနေနဲ့ မင်းက ရှေးဟောင်းနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လျှောက်လှမ်းရင်တောင် မင်းရဲ့ ရန်သူတွေကို လျှော့တွက်ရင် မင်းလည်း သခင်ကြီး ခြေလှမ်းအတိုင်းပဲ လိုက်သွားရလိမ့်မယ်။ " လူအိုကြီးက လေးနက်စွာ ပြောလိုက်သည်။

" ကျွန်တော် နားလည်ပါပြီ။ " ဖန်ချင်း၏ အမူအရာကလည်း လေးနက်သွားပြီး အောက်မှ ပြိုင်ပွဲကို ကြည့်လိုက်သည်။

" ငါခန့်မှန်းတာသာ မှန်ရင် အဲ့ဒီလင်းယွမ်က တတိယအလွှာကို ရောက်နေပြီ။ "

" တတိယအလွှာကိုရောက်နေပြီလား။ " ဖန်ချင်းက သတိထားပြီး ကြည့်လိုက်သည်။

ပြိုင်ပွဲကွင်းပြင််တွင် အစီအစဉ်မှူးက ပြိုင်ပွဲစတင်ရန် ကြေညာလိုက်သည်။

ပင်းရန်က ချက်ချင်း လှုပ်ရှားလိုက်သည်။ သူက အနည်းငယ်မှ ပေါ့လျော့ခြင်းမရှိဘဲ သူ၏ ခွန်အား အပြည့်အဝကို ထုတ်ဖော်လိုက်သည်။ ကြောင်စရာကောင်းသော အေးစက်မှုက လျင်မြန်စွာ ပျံ့နှံ့လာသည်။

သို့သော် ထိုအချိန်တွင် မမြင်ရသော စွမ်းအားလှိုင်းတစ်ခုက ကွင်းပြင်ကို လွှမ်းခြုံသွားသည်။ တတိယအလွှာ၏ ထိုက်ကျိနယ်ပယ်က ပို၍ သန့်စင်လာပြီး ရန်သူကို ပို၍ ထိန်းချုပ်လာနိုင်သည်။

တတိယအလွှာ ပြိုင်ဘက်တစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် လင်းယွမ်ကလည်း သူ၏ စွမ်းရည်များကို ထိန်းချုပ်မနေဘဲ ထိုက်ကျိနယ်ပယ်ကို အသုံးပြုပြီး ပြိုင်ဘက်ကို ဖိနှိပ်လိုက်သည်။

" ဒါဘာလဲ။ " ပင်းရန်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

ယခင်ပြိုင်ပွဲများတွင် လင်းယွမ်က ထိုက်ကျိနယ်ပယ်ကို ထုတ်ဖော်ခဲ့သော်လည်း ထိုမျှ စွမ်းအားမကောင်းပေ။

" မင်းက တတိယအလွှာကို ရောက်နေပြီလား။ " ပင်းရန်၏ အမူအရာက လေးနက်သွားသည်။

" ဒါပေမယ့် ငါ့ကို အနိုင်ယူဖို့က အဲ့လောက် မလွယ်ဘူး။ " ပင်းရန်က လင်းယွမ်ဆီသို့ ပြေးသွားပြီး ရက်စက်စွာ ရိုက်ချလိုက်သည်။

ထိုက်ကျိနယ်ပယ်က ဖိနှိပ်ထားသော်လည်း ပင်းရန်၏ အမြန်နှုန်းက အလွန်အံ့ဩစရာကောင်းသော အဆင့်သို့ ရောက်နေလေသည်။

ဝုန်း....

သူတို့နှစ်ယောက်က ပြင်းထန်စွာ ရင်ဆိုင်မိသွားကြသည်။

" တွေ့လား။ အဲ့ဒီလင်းယွမ်က မရိုးရှင်းဘူး မဟုတ်လား။ " ဖန်ချင်း၏ ပခုံးပေါ်တွင် ထိုင်နေသော လူအိုကြီးက အောက်မှ ပြိုင်ပွဲကို စိတ်ဝင်စားစွာ ကြည့်နေသည်။

" တကယ် သူက မရိုးရှင်းဘူးပဲ..." ဖန်ချင်းက ခေါင်းငြိမ့်လိုက်သည်။

လင်းယွမ်ထိန်းချုပ်ထားသော စွမ်းအားက တစ်မျိုးတည်းမဟုတ်ဘဲ ဆန့်ကျင်ဘက် စွမ်းအားနှစ်မျိုးဖြစ်နေသည်ကို သူမြင်နိုင်လေသည်။ လင်းယွမ်၏ လက်ထဲတွင် ဆန့်ကျင်ဘက် စွမ်းအားနှစ်ခုက ညီမျှနေပြီး ပြည့်စုံစွာ ပေါင်းစပ်နေလေသည်။

" ကျွန်တော်သာ လင်းယွမ်နဲ့ တိုက်ခိုက်ရရင် ရှေးဟောင်နတ်ဘုရားခန္ဓာကို အသုံးပြုပြီး သူ့ကို ဆယ်ကွက်အတွင်း ဖိနှိပ်ပြီး အကွက်နှစ်ရာအတွင်း အနိုင်ယူနိုင်တယ်။ " ဖန်ချင်းက ပြန်ပြောလိုက်သည်။

အကွက်နှစ်ရာအသုံးပြုရသည့် အကြောင်းရင်းမှာ လင်းယွမ်ပေါင်းစည်းထားသော စွမ်းအားက ရန်သူ၏ တိုက်ခိုက်မှုများကို သူ၏ ကိုယ်ပိုင်အဖြစ် ပြောင်းလဲပြီး ခုခံနိုင်သောကြောင့် ဖြစ်သည်။

" စွမ်းအားတွေကို ပေါင်းစည်းတာက အဆင့်ခြောက် စွမ်းအားကြီးပုဂ္ဂိုလ်တွေသာ ပြုလုပ်နိုင်တယ်။ ရှေးဟောင်းနတ်ဘုရားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို မမှီခိုဘဲ တူညီတဲ့ အခြေအနေမှာ ဆိုရင် မင်း အဲ့ဒီလင်းယွမ်ကို မယှဉ်နိုင်ပါဘူး။ " လူအိုကြီးက ဖန်ချင်းကို ကြည့်ပြီး ပြောလိုက်သည်။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters