← Chapters

တတိယအကြိမ် ဆင်းသက်ခြင်း

Vol. 4 Ch. 66

တတိယအကြိမ် ဆင်းသက်ခြင်း

Vol. 4 Ch. 66

" ဒါက လွန်လွန်းတယ်။ "

ထိုအချိန်တွင် ပင်းရန်က ပိတ်မိနေသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ ဘေးပတ်လည်မှ ထိုက်ကျိနယ်ပယ်က ပင်းကူအိမ်တစ်ခုကဲ့သို့ ဖြစ်ပြီး သူက ပိုးကောင်တစ်ကောင်ကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ လှုပ်ရှားမှုတိုင်းက ကန့်သတ်ခြင်း ခံထားရသည်။ ပထမဆုံး တိုက်ခိုက်မှုကို လင်းယွမ်က လွယ်ကူစွာ တားဆီးနိုင်ခဲ့သည်။

ပင်းရန်က အနိုင်ရရှိရန် မသေချာတော့သည်ကို နားလည်လိုက်သည်။ နောက်ဆက်တွဲ တိုက်ခိုက်မှုများတွင် သူက အလွန်နှေးကွေးနေသကဲ့သို့ ခံစားလိုက်ရသည်။ ထိုက်ကျိနယ်ပယ်၏ ဖိနှိပ်မှုအောက်တွင် သူက အရှုံးပေးရန်ပင် အခွင့်အရေးမရှိခဲ့ပေ။ သူက နာရီဝက်ကြာအောင် လင်းယွမ်၏ ဖိအားပေး ကစားခြင်းကိုသာ ခံနေရသည်။

ထိုအချိန်တွင် ပရိတ်သတ်များ၏ အားပေးသံများက ကမ္ဘာမြေတုန်ဟီးသကဲ့သို့ ထွက်ပေါ်လာသည်။

ပွဲမစမီ ပရိတ်သတ်အများစုက ပင်းရန်သာ အနိုင်ရရှိလိမ့်မည်ဟု ထင်ခဲ့ကြသည်။ သို့သော် ပြိုင်ပွဲစသည်နှင့် လင်းယွမ်က သူ၏ တတိယအလွှာ ခွန်အားကို ပြသခဲ့ပြီး ပရိတ်သတ်များကြားရှိ လေထုကို အထွတ်အထိပ်သို့ ရောက်သွားစေခဲ့သည်။

တတိယအလွှာကို ဒုတိယအလွှာနှင့် တိုက်ခိုက်လျှင် လင်းယွမ်အတွက် အခွင့်အရေးမရှိသော်လည်း ယခု နှစ်ယောက်လုံးက တတိယအလွှာများ ဖြစ်ကြလေသည်။ သူတို့နှစ်ယောက်ကြားရှိ ကွာဟမှုက ပျောက်ကွယ်သွားခဲ့သည်။

အထူးသဖြင့် ပြိုင်ပွဲအတွင်း လင်းယွမ်က ထိုက်ကျိနယ်ပယ်ကို အသုံးပြုပြီး ပင်းရန်ကို လုံးဝ ဖိနှိပ်ထားနိုင်ခဲ့သည်။ ၎င်းက ပရိတ်သတ်များအားလုံးကို စိတ်လှုပ်ရှားသွားစေခဲ့သည်။

" လင်းယွမ် လင်းယွမ် "

" လင်းယွမ်က ပြိုင်ဘက်ကင်းတယ်။ "

" လင်းယွမ် ငါ့ကို လာနှိပ်စက်လှည့်ပါ။ "

အားပေးသံများအောက်တွင် လင်းယွမ်၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားသည်။ သူက အနားယူရာနေရာသို့ ပြန်လာခဲ့သည်။

" ဟူး..." လင်းယွမ်က သက်ပြင်းချလိုက်သည်။ " ရေခဲစွမ်းအား..."

မရေတွက်နိုင်သော အသိအမြင်များက လင်းယွမ်၏ စိတ်ထဲတွင် လင်းလက်နေသည်။ ပြိုင်ပွဲတွင် ပင်းရန်က အံ့ဩစရာကောင်းသော ရေခဲအခြေခံ နည်းစနစ်များကို ပြသခဲ့လေသည်။ အခြားဆင့်ကဲပြောင်းလဲသူများအတွက် ၎င်းက ကြောက်စရာကောင်းသော တိုက်ကွက်များ ဖြစ်လေသည်။

သို့သော် လင်းယွမ်၏ စိတ်ထဲတွင် ၎င်းတို့က ထိုစွမ်းအားနှင့် ပက်သက်သော ထုတ်ဖော်ချက်များသာ ဖြစ်ကြသည်။

" ရေခဲက အရာအားလုံးကို အေးခဲစေနိုင်တယ်။ " လင်းယွမ်က သူ၏ မျက်လုံးများကို ဖွင့်ပြီး အ​တွေးနက်နေသည်။

ဒုတိယအလွှာ ရေခဲဆင့်ကဲပြောင်းလဲသူများက ရေခဲစွမ်းအား၏ အခြေခံကိုသာ အသုံးပြုနိုင်ကြလေသည်။ တတိယအလွှာများက ရေခဲ၏ အနှစ်သာရကို အနည်းငယ် ပိုမိုနက်ရှိုင်းစွာ နားလည်ထားကြသည်။

" မဆိုးဘူး မဆိုးဘူး။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။ ပင်းရန်နှင့် နာရီဝက်ဖလှယ်ပြီးနောက် သူ့အတွက် အတော်လေး အကျိုးရှိခဲ့လေသည်။ ၎င်းက အိပ်မက်ဆင့်ကဲပြောင်းလဲသူနှင့် တိုက်ပွဲနှင့် နှိုင်းယှဉ်နိုင်လေသည်။

" ဒါပေမယ့် " လင်းယွမ်၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။

သူက ပြိုင်ပွဲ၏ အဆင့်မြင့်တက်လာသည်နှင့် ဖိအားတစ်ခုကိုလည်း ခံစားလာရသည်။ ပင်းရန်နှင့် တိုက်ပွဲတွင် သူက တတိယအလွှာ စွမ်းအားကို ပြသခဲ့သည်။ သူက သူ၏ ဝှက်ဖဲများကို အသုံးမပြုရသော်လည်း ပင်းရန်က သူ့ကို လေးနက်လာရန် ဖိအားပေးနိုင်ခဲ့သည်။

ပင်းရန်ပင် ခက်ခဲနေလျှင် အခြားအဆင့်မြင့် တတိယအလွှာ ဆင့်ကဲပြောင်းလဲသူများလည်း ရှိနေသေးသည်။ ထို့အပြင် ထိပ်ဆုံးအဆင့် ဆင့်ကဲပြောင်းလဲသူများကြားတွင် ပင်းရန်က ပထမတန်းပင် မပါဝင်ခဲ့ပေ။ လင်းယွမ်က ပထမတန်းအဆင့် ဆင့်ကဲ​ပြောင်းလဲသူတစ်ယောက်နှင့် ရင်ဆိုင်ရပါက ခက်ခဲသော ပြိုင်ပွဲတစ်ခု ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် လင်းယွမ်က ဖိအား ခံစားနေရခြင်း ဖြစ်သည်။

" ဟမ် " လင်းယွမ်၏ အသိက သူ၏ စိတ်ထဲမှ အနက်ရှိုင်းဆုံး နေရာသို့ ဝင်ရောက်သွားသည်။

ထိုနေရာတွင် အံ့ဩစရာကောင်းသော ဂိတ်တံခါးတစ်ခု ရှိနေသည်။ ထိုအချိန်တွင် ဂိတ်တံခါး၏ အပြင်ပိုင်းဧရိယာက လုံးဝ လင်းလက်လာပြီဖြစ်သည်။

" ငါ အခုသွားလို့ရပြီလား။ " လင်းယွမ်က အနည်းငယ် အံ့ဩစွား၏။ သူက ဒုတိယဆင်းသက်ခြင်းပြီးနောက် ဆယ်လကျော်ကြာသွားပြီဖြစ်သည်။

အနန္တကမ္ဘာများ၏ ဂိတ်တံခါးက ထိုကာလတွင် စွမ်းအားများ စုစည်းပြီးနောက် ယခု လင်းယွမ်က တတိယဆင်းသက်ခြင်းကို စတင်နိုင်ပြီဖြစ်သည်။ ( အနန္တနယ်မြေများ၏ ဂိတ်တံခါးကို အနန္တကမ္ဘာများ၏ ဂိတ်တံခါးအဖြစ် ပြောင်းလဲအသုံးပြုပါမယ်။)

" ဒီခရီးက ငါ့ကို ဘယ်ကမ္ဘာဆီခေါ်ဆောင်သွားမလဲမသိဘူး။ "

အတွေးတစ်ချက်နှင့်အတူ လင်းယွမ်က သူ၏ စိတ်အသိအမျှင်တန်းတစ်ခုကို ဂိတ်တံခါးဆီသို့ ပို့လွှတ်လိုက်သည်။ လွန်ခဲ့သော ခရီးနှစ်ခုတွင် သူက သူ၏ စိတ်အသိအားလုံးကို ပို့လွှတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းက လင်းယွမ် စိတ်အသိ၏ အစိတ်အပိုင်းတစ်သောင်းရှိလျှင် တစ်ပိုင်းမျှသာ ဖြစ်ပြီး တစ်ခုခုဖြစ်လျှင်တောင် လျင်မြန်စွာ တုန့်ပြန်နိုင်မည်ဖြစ်သည်။

ဝုန်း...

လင်းယွမ်၏ စိတ်အသိအမျှင်က ပို၍ နက်ရှိုင်းစွာ နစ်မြှုပ်သွားပြီး ကျယ်ပြောလှသော ကမ္ဘာကြီးတစ်ခုကို မြင်လိုက်ရသည်။

ထိုကမ္ဘာကြီးက ခမ်းနားကြီးကျယ်လှပြီး လင်းယွမ်က တောင်ကြီးတစ်လုံးသဖွယ် လက်နက်တစ်ခုကို မြင်လိုက်ရသည်။

" အဲ့ဒါ.... လက်နက်တစ်လက်လား။ " လင်းယွမ်၏ မျက်နှာက အံ့ဩခြင်းများ ပြည့်နှက်သွားပြီး သူ၏ စိတ်အသိက ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်လာသည်။

တစ်ချိန်ထဲတွင် သူ၏ စိတ်ထဲသို့ အချက်အလက်အချို့ ဝင်ရောက်လာသည်။

" နေထိုင်ချိန် - ၁၆၀ နှစ် "

" အဲ့ဒီကမ္ဘာက လုံဟုကမ္ဘာထက် ပိုအဆင့်မြင့်တယ်။ ပြီးတော့ အချိန်စီးဆင်းမှု... နှစ်ပေါင်း ၁၆၀ဆို မူလကမ္ဘာမှာ နှစ်ရက်သုံးရက်လောက်တော့ ကြာလောက်တယ်။ " လင်းယွမ်က စိတ်ထဲမှ စဉ်းစားလိုက်သည်။

ယခု လင်းယွမ်က ယခင်နှစ်ကြိမ်ကဲ့သို့ မဟုတ်ဘဲ ပြင်ဆင်မှုများ ပြုလုပ်နိုင်လေသည်။

" နေ့တစ်ဝက်ကြာပြီးရင် ငါ နောက်ထပ် ပြိုင်ပွဲရှိသေးတယ်။ အဲ့ဒါပြီးရင်တော့ ထိပ်ဆုံးဆယ်ယောက်ပြိုင်ပွဲကို လဝက်ကြာပြီးမှ ကျင်းပလိမ့်မယ်။ " လင်းယွမ်က ဆင်းသက်ခြင်းကို နေ့တစ်ဝက်ကြာပြီးမှ ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။

စောင့်နေချိန်တွင် လင်းယွမ်က အလကားမနေဘဲ အခြားဆင့်ကဲပြောင်းလဲသူများ၏ ပြိုင်ပွဲများကို ကြည့်ရှုနေခဲ့သည်။

ပထမဆုံး အဆိပ်ဆင့်ကဲပြောင်းလဲသူဖြစ်ပြီး သူ၏ ပြိုင်ဘက်ကလည်း တတိယအလွှာ ဖြစ်၏။ သို့သော် ပြိုင်ပွဲစသည်နှင့် ပြိုင်ဘက်၏ မျက်နှာက အစိမ်းရောင်မှ ခရမ်းရောင်သို့ ပြောင်းလဲသွားသည်။ သူက အဆိပ်မိသွားသည်မှာ ထင်ရှားလေသည်။ ထို့နောက် ဆယ်မိနစ်ကြာပြီးသောအခါ သူ၏ ခန္ဓာကိုယ်က ပုပ်ပွသွားသည်။

ထို့နောက် လင်းယွမ်က မိုးကြိုးနတ်ဘုရား၏ ပြိုင်ပွဲကို ကြည့်လိုက်သည်။ ၎င်းကလည်း တတိယအလွှာ ဆင့်ကဲပြောင်းလဲသူများ၏ တိုက်ပွဲ ဖြစ်၏။

မိုးကြိုးနတ်ဘုရားက မိုးကြိုးကို ထိန်းချုပ်ပြီး ပြိုင်ဘက်ကို တိုက်ရိုက် တိုက်ခိုက်ခဲ့သည်။ ပြိုင်ဘက်က မည်မျှသန်မာနေပါစေ မိုးကြိုးနတ်ဘုရားက မိုးကြိုးအဖြစ် ပြောင်းလဲလိုက်သည်နှင့် ပွဲစဉ်က ပြီးဆုံးသွားခဲ့သည်။

ထို့နောက် လင်းယွမ်က ဖန်ချင်း၏ ပြိုင်ပွဲကို ကြည့်ရှုခဲ့သည်။ ဖန်ချင်း၏ ပြိုင်ဘက်က မိုးကြိုးနတ်ဘုရားထက် အနည်းငယ်သာ အဆင့်နိမ့်သော တတိယအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက် ​ဖြစ်လေသည်။

သို့သော် ထိုဆင့်ကဲပြောင်းလဲသူက ဖန်ချင်း၏ တိုက်ကွက်ငါးကွက်ကိုပင် မခံနိုင်ခဲ့ပေ။ ငါးကွက်မြောက်တွင် ဖန်ချင်း၏ နောက်မှ အံ့ဩဖွယ်ရာ ပုံရိပ်တစ်ခု ပေါ်လာပြီး ၎င်း၏ ရှေးဟောင်းအငွေ့အသက်တစ်ခုက ကွင်းပြင်တစ်ခုလုံး ပျံ့နှံ့သွားသည်။ ပြိုင်ဘက်၏ စိတ်ဝိညာဉ်က တုန်ခါသွားပြီး သူက ပုံရိပ်၏ ညင်သာသော ရိုက်ချက်တစ်ချက်ဖြင့် အဆုံးသတ်သွားခဲ့သည်။

" ရှေးဟောင်းနတ်ဘုရားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်။ "

လင်းယွမ်က ဖြည်းညင်းစွာ သက်ပြင်းချလိုက်၏။ ထိုလမ်းစဉ်က အလွန်ရှားပါးသော်လည်း ချီခွန်ကြယ်နယ်မြေတွင်သာမက အခြားကြယ်နယ်မြေများတွင်ပါ ကျော်ကြားလေသည်။

ဖန်ရှင်း၏ နောက်မှ အံ့ဩဖွယ်ရာပုံရိပ်က လင်းယွမ်၏ စိတ်ထဲတွင် ပေါ်လာပြီး ကြီးမားသော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ သူက ဝှက်ဖဲအားလုံး ထုတ်သုံးလျှင်တောင် ဖန်ချင်းကို အနိုင်ယူရန် ယုံကြည်ချက် မရှိတော့ပေ။

ဖန်ချင်း၏ ပြိုင်ပွဲပြီးနောက် လင်းယွမ်က အချက်အလက်အချို့ကို ကြည့်လိုက်သည်။

သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မှ ဒုတိယအလွှာ အထွတ်အထိပ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်က ပြိုင်ပွဲအတွင်း တတိယအလွှာသို့ ချိုးဖျက်သွားခဲ့သည်။

ထိပ်ဆုံးအဆင့် တတိယအလွှာ ဆင့်ကဲပြောင်းလဲသူများကြားတွင် သွေးမျိုးဆက် ဆင့်ကဲပြောင်းလဲသူက တတိယအလွှာသို့ ရောက်လျှင်တောင် သာမန်သာဖြစ်လေသည်။

သို့သော် သွေးမျိုးဆက် အဆင့်တက်သွားသောအခါ ထိုတတိယအလွှာသွေးမျိုးဆက်က ဆဌမအဆင့် သွေးမျိုးဆက်အား ဖုံးကွယ်ထားသည်ကို တွေ့ခဲ့ရသည်။

ဆဌမအဆင့် သွေးမျိုးဆက်။ ၎င်းက ကြယ်ဖျက်ဆီးခြင်းအဆင့် တည်ရှိမှုများ၏ သွေးမျိုးဆက်ဖြစ်လေသည်။

သွေးမျိုးဆက် နိုးထသည်နှင့် ထိုဆင့်ကဲပြောင်းလဲသူက ထိပ်ဆုံးအဆင့်များထဲတွင် လက်ရွေးစင်တစ်ယောက် ဖြစ်လာလေသည်။

နေ့တစ်ဝက်ကြာပြီးသောအခါ ပြိုင်ပွဲက အဆုံးသတ်သွားသည်။ လင်းယွမ်က အနားယူသော နေရာသို့ ပြန်ရောက်လာပြီး သူ၏ အမူအရာက လေးနက်နေသည်။

ပြိုင်ပွဲများ၏ အဆင့်က လွယ်လွယ်အနိုင်မယူနိုင်သည့်အဆင့်သို့ ရောက်နေပြီဖြစ်သည်။

မိုးကြိုးနတ်ဘုရားက ပြိုင်ဘက်ကင်းသော ခန္ဓာကိုယ်ရှိပြီး မိုးကြိုးအဖြစ် ပြောင်းလဲနိုင်လေသည်။

ဖန်ချင်းက ကြီးမားသော နောက်ခံနှင့် ရှေးဟောင်းနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လျှေက်လှမ်းသူ ဖြစ်၏။

ဆဌမအဆင့် သွေးမျိုးဆက်ကို နိုးထခဲ့သော ဆင့်ကဲပြောင်းလဲသူကလည်း ပြိုင်ပွဲဝင်များကြားတွင် လွှမ်းမိုးနိုင်စွမ်း ရှိလေသည်။

သူတို့နှင့် ယှဉ်လျှင် လင်းယွမ်က သာမန်နောက်ခံသာရှိပြီး ထူးခြားသော သွေးမျိုးဆက်လည်း မရှိပေ။

" ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မှာ နောက်ခံ၊ အရင်းအမြစ်၊ မျိုးဆက်တွေက အရေးပါပေမယ့် လုံးဝ လိုအပ်တာတော့ မဟုတ်ဘူး။ "

" ငါ လင်းယွမ်က ကိုယ့်အားကိုယ်ကိုးပြီး အနာဂတ်မှာ အားလုံးအထက်မှာ ရပ်တည်ပြမယ်။ " လင်းယွမ်က VR ကမ္ဘာနှင့် ချိတ်ဆက်မှုကို ဖြတ်တောက်လိုက်ပြီး အားဖြည့်ဆေးအိုးထဲတွင် လဲလျောင်းလိုက်သည်။ သူ၏ စိတ်အသိက အနန္တကမ္ဘာများ၏ ဂိတ်တံခါးထဲသို့ ဝင်ရောက်သွားသည်။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters