အဆင့်အတန်းအသစ်
Vol. 4 Ch. 67
လင်းယွမ်က သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။ " ငါဘယ်ရောက်နေတာလဲ။ "
၎င်းက လင်းယွမ်၏ ပထမအတွေးဖြစ်၏။
" ငါ မမွေးသေးတာလား။ " ၎င်းက လင်းယွမ်၏ ဒုတ်ယအတွေး ဖြစ်၏။
ယခုအချိန်တွင် လင်းယွမ်က အမှန်တကယ် မိခင်ဝမ်းတွင်၌ပင် ရှိနေသေးသည်။
" ငါ ကမ္ဘာကူးပြောင်းလာတိုင်း ဘာလို့ပိုပိုငယ်သွားတာလဲ။ " လင်းယွမ်က ခေါင်းကိုက်သွားမိသည်။
ပထမဆင်းသက်ခြင်းတွင် သူက အသက်သုံးနှစ်အရွယ် ဘုန်းကြီးလေး ဖြစ်၏။ ဒုတိယဆင်းသက်ခြင်းတွင် သူက မွေးခါစအချိန်ဖြစ်၏။ ယခု တတိယဆင်းသက်ခြင်းတွင် သူက ဝမ်းဗိုက်ထဲတွင် ရှိနေဆဲ ဖြစ်သည်။ အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ဆင်းသက်ခြင်းက ကျပန်းဖြစ်ပြီး နေရာအတည်တကျမရှိပေ။
" ဒါပေမယ့် ဒါက ဆိုးတဲ့အရာတော့ မဟုတ်ဘူး။ " သူက လက်ရှိအခြေအနေနှင့် လျင်မြန်စွာ လိုက်လျောညီထွေဖြစ်သွားပြီးနောက် လင်းယွမ်က စတင်တွေးတောလိုက်သည်။
သူက မူလကမ္ဘာတွင် လျှပ်စီးမိုးကြယ်နယ်မြေမှ လိုလန်ဟီ၏ ခန္ဓာကိုယ်ကို လေ့လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်က စကြာဝဠာထဲမှ အဆင့်မြင့်အထူးမျိုးနွယ်တစ်ခုမှ လာခြင်းဖြစ်သည်။ ထိုခန္ဓာကိုယ်၏ အလားအလာပါရမီက အခြားလူများထက် သာလွန်လေသည်။
လိုလန်ဟီ၏ ခန္ဓာကိုယ်က လေ့ကျင့်ခြင်းမရှိဘဲ ပြင်ပခွန်အားဖြင့်ပင် ဒုတိယအလွှာ ဆင့်ကဲပြောင်းလဲသူ၏ ခွန်အားကို ပိုင်ဆိုင်လေသည်။
မူလကမ္ဘာတွင် ရှိနေချိန် လင်းယွမ်က သူ၏ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြည့်စုံစေခြင်းမှ လွဲ၍ ကျန်သော အချိန်များကို ထိုခန္ဓာကိုယ်အား လေ့လာနေခဲ့သည်။
သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် လင်ယွမ်က ခန္ဓာအသွင်ပြောင်းလဲခြင်း နည်းစနစ်တစ်ခုကို နားလည်နိုင်ခဲ့သည်။ ထိုနည်းစနစ်က အသက်အဆီအနှစ်ကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်ကို အသွင်ပြောင်းလဲခြင်း ဖြစ်လေသည်။
သဘာဝအားဖြင့် အသက်ငယ်လေ အသက်အဆီအနှစ်၏ အသွင်ပြောင်းလဲခြင်းက ပိုကောင်းလေဖြစ်သည်။
မူလကမ္ဘာတွင် လင်းယွမ်က ထိုနည်းစနစ်ကို လေ့ကျင့်နေခဲ့သည်။ တိုးတက်မှုက နှေးပြီး နှစ်ဝက်အတွင်း ခန္ဓာကိုယ်၏ ဆယ်ပုံတစ်ပုံသာ ပြီးမြောက်ခဲ့သည်။
သို့သော် ယခု လင်းယွမ်က မမွေးသေးပေ။ သူ၏ ခန္ဓာကိုယ်မှ အစိတ်အပိုင်းတိုင်းက အခြေတည်သော အနေအထားတွင် ရှိနေလေသည်။ လက်ရှိအချိန်က ခန္ဓာအသွင်ပြောင်းလဲခြင်း နည်းစနစ်ကို လေ့ကျင့်ရန် အကောင်းဆုံး အချိန်ဖြစ်လေသည်။
လင်းယွမ်က ခန္ဓာအသွင်ပြောင်းလဲခြင်း နည်းစနစ်ကို လေ့ကျင့်ရန် သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ခွဲပြီး လေ့ကျင့်ရန် စဉ်းစားခဲ့သည်။ ထိုနည်းဖြင့် လင်းယွမ်က မတော်တဆ ဖြစ်လျှင်တောင် သူ၏ ခန္ဓာကိုယ်ကို ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။
" ခန္ဓာအသွင်ပြောင်းလဲခြင်းကို အလျင်မလိုသင့်ဘူး။ အခု ဒီဘဝက ငါ့မိဘတွေရဲ့ နောက်ခံနဲ့ အဆင့်အတန်းကို အရင်ကြည့်ရမယ်။ "
ခန္ဓာအသွင်ပြောင်းလဲခြင်းက စွမ်းအားလိုအပ်လေသည်။ ယခု လင်းယွမ်က မမွေးသေးသောကြောင့် သူကိုယ်တိုင် စွမ်းအားများကို မစုစည်းနိုင်ပေ။ ထို့ကြောင့် သူက စတင်လေ့ကျင့်သည်နှင့် သူမိခင်၏ စွမ်းအားကို စုပ်ယူရပေလိမ့်မည်။
သူ၏ မိခင်က အာဟာရပြည့်ဝသော အစားအစာများကို စားသုံးပြီး အားဖြည့်ပေးရန် လိုအပ်လေသည်။ သူက ဆင်းရဲသော မိသားစုတစ်ခုမှဖြစ်လျှင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများသွားပေလိမ့်မည်။ ထိုသို့ဖြစ်လျှင် သူက မွေးဖွားသည့်အချိန်ကို စောင့်ဆိုင်းရုံမှတပါး ရွေးချယ်စရာမရှိပေ။
ခန္ဓာအသွင်ပြောင်းလဲခြင်းနှင့် ယှဉ်လျှင် လင်းယွမ်က အချိန်မတန်မီ သေဆုံးမည်ကို ပိုစိုးရိမ်လေသည်။ သူက မွေးဖွားပြီးလျှင် ယင်ယန်စွမ်းအားများကို စုပ်ယူပြီး ရလဒ်အချို့ ရရှိနိုင်လေသည်။ မိခင်၏ ဝမ်းဗိုက်ထဲတွင် စွန့်စားရန် မလိုပေ။ အချိန်များကုန်သွားပြီး မျက်စိတစ်မှိတ်အတွင်း လဝက်ကြာသွားသည်။
" ဒီလိုစတာလည်း မဆိုးပါဘူး။ " လင်းယွမ်က တွေးလိုက်သည်။
ထိုအချိန်အတွင်း သူ၏ မိခင်အား ပြုစုသော အစေခံ ဒါဇင်ကျော်ရှိသည်ကို ခံစားမိလေသည်။ ပုံမှန်မိသားစုက ထိုကဲ့သို့ ပြုစုမှုကို တတ်နိုင်မည်မဟုတ်ပေ။
ထို့အပြင် သူ၏ မိခင်က အဆင့်မြင့်သော အားဖြည့်အစားစာများအား နေ့တိုင်းစားသည်ကို တွေ့ခဲ့ရသည်။
" ဒီတစ်ခါ ငါ့ရဲ့ အဆင့်အတန်းက မင်းသားတစ်ပါး ဖြစ်ရမယ်။ ငါ့ရဲ့ အဖေက ဧကရာဇ်၊ ငါ့အမေက မြင့်မြတ်တဲ့ မိဖုရား၊ ငါ့အဘိုးက အဆင့်မြင့် အရာရှိတစ်ယောက် ဖြစ်ရမယ်။ " လင်းယွမ်က စိတ်ထဲမှ ခန့်မှန်းမိသွားသည်။
လွန်ခဲ့သည့်လဝက်တွင် လင်းယွမ်က အပြင်ဘက်မှ စကားပြောသံများကို မကြာခဏ ကြားခဲ့ရသည်။ အစပိုင်းတွင် လင်းယွမ်က ဤကမ္ဘာ၏ ဘာသာစကားကို နားမလည်ခဲ့ပေ။ သို့သော် ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် သူက စကားများကို နားထောင်ရင်း တဖြည်းဖြည်း အကြမ်းဖျင်း နားလည်လာခဲ့သည်။ ထို့နောက် သူက စကားများကို ကြားလိုက်ရသည်နှင့် အဓိပ္ပါယ်ကို ခန့်မှန်းနိုင်လေသည်။
ပန်းတစ်ရာခန်းမထဲ့သို့ အစေခံအမျိုးသမီးတစ်ယောက်က အလောတကြီး ဝင်ရောက်လာသည်။
" သခင်မ ကျွန်တော်မျိုး ဧကရာဇ်သမားတော်နဲ့ မေးမြန်ပြီးပါပြီ။ ဒီတစ်ခါ သေချာပေါက် မင်းသားလေးပါ။ " အစေခံအမျိုးသမီးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
" အင်း " လင်းယွမ်၏ မိခင် ဝမ်ရှန်းဖုန်းက သိပ်ဂရုစိုက်သည့်ပုံမပေါ်ပေ။ " သားဖြစ်ဖြစ် သမီးဖြစ်ဖြစ် အရှင်မင်းကြီးနဲ့ ငါ့ရဲ့ ကလေးပဲ။ ဘာပဲဖြစ်ဖြစ် ငါဝမ်းသာတယ်။ "
" သခင်မ ဘာလို့နားမလည်တာလဲ။ " အစေခံအမျိုးသမီးက စိုးရိမ်စွာ ပြောလိုက်သည်။ " အခု အရှင်မင်းကြီးမှာ မင်းသားတစ်ပါး မရှိသေးဘူး။ သခင်မသာ မင်းသားတစ်ပါးသာ မွေးဖွားပေးရင် အနာဂတ်မှာ.... "
" ဒီမှာ နင်မပြောသင့်တဲ့ စကားတွေရှိတယ်။ " အစေခံ၏ စကားမဆုံးမီ ဝမ်ရှန်းဖုန်း၏ အမူအရာက အေးစက်သွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
" ဟုတ် ဟုတ်ကဲ့။ " အစေခံအမျိုးသမီး၏ မျက်နှာက ဖြူရော်သွားပြီး သူမက ကြမ်းပြင်တွင် ဒူးထောက်လိုက်သည်။
" သူမက ဒီဘဝမှာ ငါ့အမေထင်တယ်။ " လင်းယွမ်က အပြင်မှ စကားများကို နားထောင်နေသည်။ သူက ဤဘဝမှာ သူ၏ မိခင်ကို အတော်လေး အထင်ကြီးမိလေသည်။ သူမက ဘယ်လိုနှိမ့်ချနေရမလဲဆိုတာ သိလေသည်။
" မဟုတ်သေးဘူး။ နန်းတော်အတွင်းမှ မြင်ရတဲ့ အန္တရာယ်ကို ရှောင်တိမ်းနိုင်ပေမယ့် မမြင်ရတဲ့ အန္တရာယ်ဆိုရင် ခုခံဖို့ ခက်ခဲသွားလိမ့်မယ်။ "
" ငါ့ ခန္ဓာကိုယ်ရဲ့ အသွင်းပြောင်းလဲမှုကို မြန်မြန်လုပ်ရမယ်။ "
နန်းတော်ထဲတွင် အန္တရာယ်က အချိန်မရွေး ရောက်လာနိုင်လေသည်။ အထူးသဖြင့် လက်ရှိဧကရာဇ်က မင်းသားများ မရှိပေ။ အခြေအနေက အရေးကြီးလေသည်။ နန်းတွင်းအစေခံများပင် ဝမ်ရှန်းဖုန်းက မင်းသားတစ်ပါး ကိုယ်ဝန်လွယ်ထားရသည်ကို သိကြလေသည်။ ထိုအကြောင်းကို အခြားကြင်ယာတော်များသာ သိလျှင် လင်းယွမ်အတွက် အန္တရာယ်ရှိနိုင်လေသည်။
လင်းယွမ်၏ ခန္ဓာအသွင်ပြောင်းလဲမှုက ဝမ်ရှန်းဖုန်း၏ တုန့်ပြန်မှုအပေါ်တွင် မူတည်လေသည်။ သူက စွမ်းအားများကို ကိုယ်တိုင်မစုပ်ယူနိုင်ဘဲ မိခင်၏ ခန္ဓာကိုယ်မှ လာသော စွမ်းအားကိုသာ စုပ်ယူနိုင်လေသည်။
လင်းယွမ်က ခန္ဓာအသွင်ပြောင်းလဲခြင်းကို စတင်လိုက်သည်နှင့် ဝမ်ရှန်းဖုန်းက ရုတ်တရက် ဆာလောင်မှုကို ခံစားလိုက်ရသည်။ ၎င်းက သူမ သုံးရက်သုံးည မစားသောက်သေးရသကဲ့သို့ ဖြစ်နေသည်။
ကံကောင်းစွာဖြင့် သူမက နန်းတော်ထဲတွင် ရှိသည့်အပြင် သန်မာသော နောက်ခံရှိသောကြောင့် အားဖြည့်အစားအစာများက လစ်ဟင်းခြင်း မရှိပေ။
ရှစ်လကြာပြီးသောအခါ ဝမ်ရှန်းဖုန်းက သူမ၏ ဗိုက်ကို ဖိထား၏။
" မင်း ပြဿနာကောင်လေး အမေ့ဆီက ဆေးတွေအများကြီး စားပြီးသွားပြီ။ " ဝမ်ရှန်းဖုန်းက သက်ပြင်းချလိုက်၏။
ထိုစကားလုံးများက လွန်ခဲ့သော နှစ်ဝက်ကို ဖော်ပြနေလေသည်။ ၎င်းက စားသောက်ခြင်းပင် ဖြစ်၏။ သာမန်လူတစ်ယောက်က နှစ်တစ်ရာဂျင်ဆင်းကို တစ်ဖဲ့လောက်သာ စားနိုင်သော်လည်း သူမက တစ်ကိုက်တည်းနှင့် တစ်ဝက်ကုန်အောင် စားနိုင်လေသည်။
တန်ဖိုးကြီးသော ဆေးများကလည်း တောင်လိုပုံနေခဲ့ပြီး ဝမ်ရှန်းဖုန်းက ၎င်းတို့အား စားသောက်ခြင်းကို မရပ်တန့်ခဲ့ပေ။
သူမ၏ မိသားစုမှ အထောက်အပံ့များကိုသာ မဖုံးကွယ်ထားလျှင် ထိုကိစ္စက နန်းတော်တစ်ခုလုံးကို ထိတ်လန့်သွားစေလိမ့်မည်။ စားသောက်ခြင်းက ကောင်းသော်လည်း အလွန်အကျွံစားသောက်ခြင်းက ထူးဆန်းလေသည်။ သို့သော် နန်းတော်ထဲတွင် ဝမ်ရှန်းဖုန်း၏ အစာစားချင်စိတ်နှင့် ပက်သက်ပြီး ကောလဟာလအချို့ ထွက်နေခဲ့သည်။
ဧကရာဇ် လျိုရှစ်က ၎င်းကို ကြားခဲ့သော်လည်း မေးမြန်းခြင်း မပြုခဲ့ပေ။ ထို့အပြင် ဝမ်ရှန်းဖုန်းက နန်းတော်သို့ မရောက်မီ သန်မာသော ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။ သူမက ကိုယ်ဝန်ဆောင်ချိန်တွင် အနည်းငယ် ပိုစားခြင်းက မထူးဆန်းပေ။
" ငါ ဒုက္ခခံရတဲ့ နေရက်တွေ ကုန်ဆုံးတော့ပါမယ်။ " ဝမ်ရှန်းဖုန်းက သူမကလေး၏ လှုပ်ရှားမှုများကို ခံစားမိလေသည်။
မဟာယန်နိုင်ငံ အင်ပါယာနန်းတော်၏ ချန်ထျန်းခန်းမထဲတွင် ဧကရာဇ် လျိုရှစ်က သူ၏ ပလ္လင်ပေါ်တွင် ထိုင်ပြီး နိုင်ငံရေးကိစ္စများကို ဖြေရှင်းနေခဲ့သည်။
" အရှင်မင်းကြီး ကြင်ယာတော်ဝမ် မွေးပြီ။ ကြင်ယာတော်ဝမ် မွေးပြီ။ " ထိုအချိန်တွင် မိန်းမစိုးလေးတစ်ယောက်က အလောတကြီး ပြေးလာခဲ့သည်။
" အို "
" နောက်ထပ် သမီးတော်တစ်ပါးလား။ " ဧကရာဇ်လျိုရှစ်က မော့မကြည့်ဘဲ မေးလိုက်သည်။
သူ၏ ပလ္လင်ကို ဆက်ခံပြီးကတည်းက လျိုရှစ်က ကြင်ယာတော်များစွာကို တော်ကောက်ခဲ့သော်လည်း ဘယ်သူမှ သူ့အတွက် သားတော်တစ်ပါး မမွေးဖွားပေးနိုင်ခဲ့ကြပေ။
မင်းသမီးများ ပေါများသော်လည်း သူ၏ ဧကရာဇ်နေရာကို ဆက်ခံနိုင်ရန် မင်းသားတစ်ပါးလိုအပ်လေသည်။ လျိုရှစ်က တော်ဝင်မျိုးနွယ်မှ အခြားတစ်ယောက်ကိုလည်း မမွေးစားချင်ပေ။ သူက ပလ္လင်ကို ခက်ခက်ခဲခဲ သိမ်းပိုက်ခဲ့သောကြောင့် သူ၏ သားအရင်းကိုသာ ဆက်ခံစေချင်ခဲ့သည်။
သို့သော် သူမည်မျှပင် ကြိုးစားသည်ဖြစ်စေ ခြွင်းချက်မရှိ မင်းသမီးများသာ ဖြစ်ကြသည်။ ရေတွက်ကြည့်လျှင် လွန်ခဲ့သော နှစ်နှစ်ဆယ်အတွင်း သူက မင်းသမီး အယောက်ခြောက်ဆယ်ကို မွေးဖွားခဲ့လေသည်။ ကောလဟာလများကလည်း နန်းတွင်းတွင်သာမက ပြင်ပတွင်လည်း ပျံ့နှံ့နေခဲ့သည်။ လျိုရှစ်၏ ရက်စက်သော နည်းလမ်းများကြောင့်သာ မဟုတ်ပါက သူ၏ ပလ္လင်မှာ တည်ငြိမ်တော့မည်မဟုတ်ပေ။
" ဒါက ငါ့အတွက် ဘိုးဘေးတွေရဲ့ ပြစ်ဒဏ်လား။ " လျိုရှစ်၏ မျက်လုံးများက အာရုံစိုက်မှုများ ဆုံးရှုံးနေသည်။
ထိုနှစ်များတွင် သူက ထီးနန်းတက်ရန် ညီအကိုများစွာကို သတ်ပစ်ခဲ့သည်။ ဧကရာဇ်ဖြစ်လာပြီးနောက် အာဏာကို ထိန်းချုပ်နိုင်ရန် ရင်းနှီးသော ဦးရီးတော်များကိုလည်း သေဒဏ်ချမှတ်ခဲ့သည်။
လျိုရှစ်၏ အတွေးများ ဝေဝါးနေချိန်တွင် မိန်းမစိုးလေး၏ တုန်ယင်နေသော အသံက ထွက်ပေါ်လာသည်။ " အရှင်မင်းကြီး အဲ့ဒါ မင်းသားလေးပါ။ ကြင်ယာတော်ဝမ်က မင်းသားတစ်ပါး ဖွားမြင်ခဲ့ပါတယ်။ "
" ငါသိပြီ.... ဘာ..." ဧကရာဇ်လျိုရှစ်က သူ၏ လက်ကို ဝှေ့ရမ်းလိုက်သော်လည်း ရုတ်တရက် ရပ်တန့်သွား၏။
" မင်းဘာပြောလိုက်တယ်။ " လျိုရှစ်က မိန်းမစိုးလေးကို စိုက်ကြည့်ပြီး သေချာမေးလိုက်သည်။ " မင်းဘာပြောလိုက်တာလဲ။ "
" အရှင်မင်းကြီး ဒီအစေခံက ကြင်ယာတော်ဝမ် မင်းသားတစ်ပါး ဖွားမြင်တယ်လို့ ပြောလိုက်တာပါ။ " မိန်းမစိုးလေးက ထိတ်လန့်နေပြီး ဧကရာဇ် ဒေါသထွက်သွားမှာ စိုးရိမ်နေသည်။
" မင်းသားတစ်ပါး..." လျိုရှစ်၏ စိတ်က တုန်လှုပ်သွား၏။
တော်ဝင်သမားတော်များက ဝမ်ရှန်းဖုန်းမှာ ယောကျာ်းလေး ကိုယ်ဝန်လွယ်ထားရသည်ဟု ပြောကြသည်ကို သူကြားခဲ့လေသည်။ သို့သော် သူ၏ သမီးတော် ဆယ်ယောက်ကျော် မမွေးဖွားခင်ကလည်း ထိုကဲ့သို့သော စကားများ ကြားခဲ့ဖူးလေသည်။ ထို့ကြောင့် သူက ထိုကိစ္စကို ယခင်အတိုင်း အာရုံစိုက်ခြင်း မရှိခဲ့ပေ။
" အရှင်မင်းကြီး..." ခနအကြာတွင် မိန်းမစိုးလေးက ပြန်ဖြေသံကို မကြားရသောကြောင့် သတ္တိမွေးကာ မော့ကြည့်လိုက်သောအခါ ဧကရာဇ်က မရှိတော့သည်ကို တွေ့လိုက်ရသည်။
ပန်းတစ်ရာခန်းမက ကြင်ယာတော်ဝမ်၏ နန်းတော်ဖြစ်လေသည်။ ထို့အချိန်တွင် ဧကရာဇ်လျိုရှစ်က အပြင်ဘက်တွင် ရပ်နေသည်။
" ငါ့မှာ သားတော်တစ်ပါး ရှိလာပြီလား။ " လျိုရှစ်က ချက်ချင်း မဝင်သေးဘဲ တုန့်ဆိုင်းနေ၏။
" အရှင်မင်းကြီး ဒါက မင်းသားလေးပါ။ " ထိုအချိန်တွင် တော်ဝင်သမားတော်က မွေးကင်းစကလေးတစ်ယောက်ကို ပွေ့ချီကာ ခန်းမထဲမှ ထွက်လာပြီး လျိုရှစ်၏ ရှေ့တွင် ရပ်လိုက်သည်။
" အရှင်မင်းကြီး ဒီအစေခံက မင်းသားလေးကို စစ်ဆေးပြီးပါပြီ။ မင်းသားလေးရဲ့ ခန္ဓာကိုယ်နဲ့ မွေးရာပါခွန်အားက အရမ်းစွမ်းအားကောင်းပါတယ်။ ကျွန်တော်တို့ မဟာယန်နိုင်ငံမှာတောင် မမြင်ဖူးတဲ့ ထူးခြားတဲ့ ပါရမီရှင်တစ်ယောက်ပါ။ " ပိန်လှီနေသော တော်ဝင်သမားတော်က ကလေးငယ်ကို ပွေ့ချီထားစဉ် စိတ်လှုပ်ရှားကာ တုန်တုန်ယင်ယင်ဖြစ်နေ၏။
" ငါ့သားက ထူးခြားတဲ့ ပါရမီရှင်တစ်ယောက်လား။ " ဧကရာဇ်လျိုရှီက အံ့ဩသွား၏။
ဝမ်ရှန်းဖုန်းက သူ့အတွက် သားတော်တစ်ပါး မွေးဖွားပေးခဲ့သည့်အပြင် ထိုသားတော်က ပါရမီရှင်တစ်ယောက် ဖြစ်နေလေသည်။
ဧကရာဇ်လျိုရှစ်က သူ၏ သားတော် လင်းယွမ်ကို ကြည့်ပြီး သူ၏ လက်များက အနည်းငယ် တုန်ယင်နေသည်။ အဆုံးတွင် သူက လင်းယွမ်ကို ပွေ့ချီလိုက်သည်။
" သားတော်တစ်ပါး မွေးဖွားတဲ့အတွက် ဂုဏ်ပြုပါတယ် အရှင်မင်းကြီး။ "
" သားတော်တစ်ပါး မွေးဖွားတဲ့အတွက် ဂုဏ်ပြုပါတယ် အရှင်မင်းကြီး။ "
မိန်းမစိုးများနှင့် အစေခံများအားလုံးက ပန်းတစ်ရာခန်းမရှေ့တွင် ဒူးထောက်ပြီး ကျယ်လောင်စွာ အော်လိုက်ကြသည်။
" ငါလျိုရှစ်က နောက်ဆုံးတော့ သားတစ်ယောက် ရှိလာခဲ့ပြီ။ ပြီးတော့ သူက ပါရမီရှင်တစ်ယောက်ပဲ။ " ဧကရာဇ်လျိုရှစ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး လင်းယွမ်ကို ညင်သာစွာ မြှောက်လိုက်သည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း