ရှောင်ဝူ ရှီးကျင်းမှာ ပြဿနာရှာနေပြီ
Vol. 10 Ch. 139
ရှီးကျင်း၊ ချင်းထျန်းကျန်း။
ချင်းထျန်းကျန်းမှ ကြယ်တာရာစောင့်ကြည့်သူ ဝိညာဥ်စင်မြင့်လူငယ် တချို့သည် လက်ဝဲစောင့်ကြည့်သူ ထောင်းမုဟယ်ကို ထိတ်လန့်တကြားဖြင့် ကြည့်နေကြသည်။ ထောင်းမုဟယ်က ရှီးယိလူမျိုး၊ ဥရောပဘက်က သားစဉ်မြေးဆက် ဖြစ်သည်။ သူက လူတချို့ ထိတ်လန့်နေတာကို မြင်လိုက်ရတော့ သူပါ ထိတ်လန့်သွားခဲ့သည်။
"ဘာဖြစ်တာလဲ?"
ဝိညာဥ်စင်မြင့်လူငယ် ခေါင်းဆောင် ချင့်ဖုန်းက ပြန်ဖြေသည်။
"လူကြီးမင်း... ညဘက်တုန်းက တစ်ညလုံး ကောင်းကင်ကို မော့ကြည့်နေခဲ့တာ... အရှေ့ဘက်ကနေ အနောက်ဘက် မိုင်ခြောက်ဆယ်အကွာ ကောင်းကင်မှာ ကြိုးဆွဲချခံထားရတဲ့ လူသေအလောင်း ဒါဇင်ကျော်ကို တွေ့ခဲ့ပါတယ်... သူတို့ရဲ့ လမ်းကြောင်းအရဆို မနက်ဖြန် နေ့လည်မှာ ရှီးကျင်းကို ရောက်လာပါလိမ့်မယ်!"
ထောင်းမုဟယ် အံ့သြလွန်းလို့ စီးထျန်းမျှော်စင်ကို လူကိုယ်တိုင် ရောက်လာခဲ့သည်။ စီးထျန်းမျှော်စင်၌ ရေပေါ်ကြည့်မှန်များ ရှိကာ မှန်တွေ အားလုံးက ကြေးမှန်များ ဖြစ်ကြသည်။ မှန်ကြီးတွေက တစ်ပေထက် ပိုနေပြီး အသေးလေးတွေကတော့ တစ်လက်မလောက်သာရှိ၏။ အားလုံးက လေထဲမှာ လွင့်မျောနေကြသည်။
ကြေးမုံ၏နောက်ဘက်တွင် ကြယ်မြေပုံ တစ်ခုရှိသည်။ မြောက်အရပ်ပေသို့၊ တောင်အရပ်နဲ့ နတ်သားရဲလေးကောင်ကိုလည်း ကြယ်များပုံစံများဖြင့် ပုံဖော်ထားသည်။ ကြေးမုံပြင် ရှေ့မျက်နှာစာတွင် အခုံးပုံသဏ္ဌာန်ရှိကာ ဖုန်မှုန့်အစွန်းအထင်းမရှိဘဲ ချောမွေ့နေသည်။
လေထုထဲက ဤကြေးဝါမှန်များ၏ မတူညီသော ပေါင်းစပ်မှုများဖြင့် မိုင်ထောင်ပေါင်းများစွာ အကွာအဝေးကို မြင်နိုင်သည်။ သို့မဟုတ် သင်ကြည့်ချင်လျှင် ဖုန်မှုန့်များကိုပါ အနီးကပ်ကြည့်ရှုနိုင်သည်။
လက်ဝဲစောင့်ကြည့်သူ ထောင်းမုဟယ် စီးထျန်းမျှော်စင်ပေါ်သို့ ရောက်လာသည်။ ချင်းထျန်းကျန်းက အရာရှိများသည် ကြေးမှန်အမျိုးမျိုးကို ချိန်ညှိထားသည်။ အသေးအကြီး မှန်ချပ်များသည် လေထဲတွင် ဖြည်းညှင်းစွာ ရွေ့လျားနေတာကို တွေ့နိုင်တာ ပစ်မှတ်မှာလည်း ဖြည်းညှင်းစွာ ရွေ့လျားနေပါသည်။
လက်ဝဲစောင့်ကြည့်သူ ထောင်းမုဟယ်သည် အောက်ခြေရှိ မှန်ပြားကို ကြည့်လိုက်ရာ မှန်ပေါ်တွင် ရောင်ပြန်ဟပ်နေသော အလောင်း ဆယ်လောင်းကျော် ရှိနေတာ တွေ့လိုက်ရလေ၏။ သူတို့ရဲ့ ကျောပြင်တွေက ကောင်းကင်ကို မျက်နှာမူကာ ခြေလက်များက တွဲလောင်းကျလျက် လေထဲတွင် လွင့်မျောနေသည်။
ထို့နောက် တာဝန်ရှိသူများက စာရွက်ပေါ်တွင် မှတ်တမ်းတင်ထားသည့် ၎င်းတို့၏ အမြင့်ပေနှင့် အလောင်း၏ ပျံသန်းမှု အမြန်နှုန်းတို့ကို ပြလာသည်။
"လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းကလည်း ဒီလို ဖြစ်ရပ်ဆန်းတစ်ခု ရှိခဲ့ဖူးတယ်... အဲဒါကို အစိုးရအဖွဲ့ကို မြန်မြန် သတင်းပို့လိုက်.... အစိုးရအဖွဲ့ဝင် ပညာရှင်ကြီးလက်ထဲ အပ်လိုက်!"
မကြာခင်မှာပဲ အစိုးရအဖွဲ့ဝင်ပညာရှင် ယန်ရှန့်ကျစ်က သူ့အဝတ်အစားတွေကို အလျင်အမြန် ဝတ်ပြီး အိမ်အကူက တင်ပြထားတဲ့ စာရွက်စာတမ်းကို ကြည့်ဖို့ ဆီမီးခွက်ကို ကောက်ယူလိုက်သည်။
ယန်ရှန့်ကျစ် သေသေချာချာ ဖတ်လိုက်ပြီးတော့ သူ့အမူအရာက အနည်းငယ် ပြောင်းသွားတော့သည်။
"လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ကျင်းရှန်းတောင်ပေါ်မှာလည်း အလောင်းတွေ ကြိုးဆွဲချထားတဲ့ အဖြစ်မျိုး ရှိခဲ့ဖူးတယ်... ကောင်းကင်နားစွင့်သူတွေထဲက အရှင်ဘုရင်အဆင့် လေးယောက်နဲ့ လူတွေအများကြီး သေဆုံးသွားခဲ့တယ်လို့ ကြားတယ်"
ယန်ရှန့်ကျစ် အမူအရာမှာ မှုန်ကုပ်ကုပ်နှင့် ဖြစ်လယသည်။ ဒီအကြောင်းအရင်းကို အစိုးရအဖွဲ့ထဲတွင် မှတ်တမ်းထင်ထားဖူးသည်။ ချန်ယင်တုသည် နတ်ဘုရားနှင့်တူသော သတ္တဝါတစ်ဆယ့်နှစ်ပါးကို ဦးဆောင်ခဲ့သူဖြစ်သည်။
အဲဒီလူက ရှီးကျင်းရဲ့ သားသတ်သမားဟုလည်း လူသိများသော ချန်ယင်တုပင်။
ချန်ယင်တုဟာ တစ်ချိန်က ရှီးကျင်းကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သောကြောင့် အစိုးရအဖွဲ့သည် ချန်ယင်တုနှင့် ပတ်သက်သည့် အချက်အလက် အမျိုးမျိုးကို သဘာဝအတိုင်း စုဆောင်းထားခဲ့သည်။
ယန်ရှန့်ကျစ်သည် ရှီးကျင်း သားသတ်သမားနှင့် ပတ်သက်သည့် အချက်အလက်မျိုးစုံကို ရှာဖွေရန် လူများစွာကို အလျင်စလို အမိန့်ပေးလိုက်သည်။ မကြာခင်မှာပဲ စာရွက်စာတမ်း အစုအပုံကြီးက သူ့ရှေ့ရောက်လာ၏။
ခန်းမထဲတွင် စာရေးတချို့သည် ယန်ရှန့်ကျစ်ကို အမြန် ကူညီနေကြပြီး အိမ်ဖော်များနှင့် အစေခံကောင်လေးများက သူ့ပုခုံးနှင့် ကျောကို ပွတ်သပ်ပေးနေသည်။ လက်ဖက်ရည်ဆိုင်ကလို လှပသော အမျိုးသမီးတစ်ဦးကလည်း ဘေးနားတွင် ရပ်လျက်ရှိသည်။
ယန်ရှန့်ကျစ် အာရုံများကို လုံးလုံးလျားလျား စုစည်းလိုက်ပြီးတဲ့အခါ အောက်မှ စာရေးတစ်ယောက်က ပြောလိုက်သည်။
"လူကြီးမင်း... လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ချန်ယင်တုရဲ့ မှတ်တမ်းတွေကို ရှာတွေ့ခဲ့ပါတယ်... လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ချန်ယင်တုက အဆောင်နတ်ထျန်းကျီး ၃၂ကောင်ကို ချန်ယန်တောင်မှာ တိုက်ပွဲဝင်ဖို့ ဦးဆောင်သွားခဲ့တယ်... တိုက်ပွဲမှာ အဓိကရန်သူက ကျင်းရှန်းခရိုင်က အလောင်းကောင်တွေရဲ့ ပိုင်ရှင်လို့ သံသယဖြစ်ခဲ့တယ်"
နောက်ထပ် စာရေးကြီးက :“လူကြီးမင်း... ချန်ယင်တုက လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က အဆောင်နတ်ထျန်းကျီး လေးကောင်ကို လျှို့ဝှက် ယူဆောင်လာသေးတယ်..."
"လူကြီးမင်း လွန်ခဲ့တဲ့ အနှစ်လေးဆယ်က မှတ်တမ်းတွေလည်း ရှိနေတုန်းပဲ ချန်ယင်တုက ကျင်းရှန်းစစ်ပွဲကြီး သခင်ကို တိုက်ဖို့ အဆောင်နတ်ထျန်းကျီး နှစ်ကောင်ကို ယူလာခဲ့ဖူးတယ်!"
……
စာရေးတွေက အမျိုးမျိုးသော အချက်အလက်များကို အစီရင်ခံခဲ့သည်။ ယန်ရှန့်ကျစ်မှာ ကျင်းရှန်းစစ်ပွဲသခင်က ဘယ်သူဖြစ်မလဲ သူ့စိတ်ထဲတွင် အကြမ်းဖျင်း ခန့်မှန်းထားပြီးထား ဖြစ်သည်။ ဤလူသည် ချန်ယင်တုနှင့် သွေးကွဲပြီး ဆယ်နှစ်ကြာအောင် ချိတ်ပိတ်ထားခဲ့ရသည်။ အခုလာတာက ချန်ယင်တုကို လက်စားချေဖို့ပဲ ဖြစ်လိမ့်မည်။
"ငါတို့ အသုံးချလို့ ရလောက်တယ်..."
ဒါကို သူစဉ်းစားလိုက်တဲ့ အချိန်မှာပဲ အခြားစာရေးတစ်ယောက် ပြောတာကို ထပ်ကြားလိုက်ရသည်။
"လူကြီးမင်း.... ကျင်းရှန်းမှာ ကြိုးဆွဲချ အလောင်းပိုင်ရှင်ရဲ့ မူလဇာစ်မြစ်ကို ကျွန်တော်တို့ ရှာတွေ့ခဲ့ပါပြီ... ကြိုးဆွဲချ အလောင်းသခင်က ချန်ယင်တုရဲ့ အကြီးဆုံးသား ချန်ဝူတဲ့.... ရှောင်ဝူလို့ နာမည်ပြောင်ခေါ်တယ်... စန့်ရန်တွေထဲက သတင်းပေးတစ်ယောက် ပြောထားတာကတော့ ချန်ဝူက ထိန်းချုပ်မှု လွတ်သွားတာ မကောင်းဆိုးဝါး ဖြစ်သွားတယ်တဲ့..."
ယန်ရှန့်ကျစ်ရဲ့လက်ထဲက လက်ဖက်ရည်ခွက်က အပိုင်းပိုင်း ကွဲကြေသွားပြီး လက်ဖက်ရည်တွေတောင် သူ့အပေါ်ကို ဖိတ်စင်လုနီးပါး ဖြစ်သွားသည်။
"မင်းတို့အားလုံး အရင်ထွက်သွားကြ!"
သူက လက်ကိုဝှေ့ယမ်းကာ လူတစ်ယောက်ကိုတော့ တားလိုက်သည်။
"ဝမ်ရှန်း ... မင်းနေဦး"
ဝမ်ရှန်း အမည်ရှိ စာရေးတော်ကြီးက ရပ်နေ၏။ ယန်ရှန့်ကျစ် မတ်တပ်ရပ်လိုက်ပြီး အစေခံတွေကိုလည်း ထွက်သွားဖို့ လက်ပြလိုက်သည်။
"ဝမ်ရှန် ကျေးဇူးပြုပြီး နုတ်ထွက်စာ ရေးပေးပါဦး... မနက်ဖြန် ငါ အနားယူတော့မယ်.. ဒီအလုပ်ကို လုပ်ချင်တဲ့သူတိုင်း ဝင်လုပ်နိုင်တယ်.."
ဝမ်ရှန်း အံ့အားသင့်သွားပြီး :"လူကြီးမင်း...အခု ပြည်နယ်ငါးဆယ်ကို ပုခုံးတစ်ဖက်ပေါ်မှာ ထမ်းထားရတာ လူကြီးမင်းရဲ့ နေရာပါပဲ... လူဘယ်နှစ်ယောက်က ဒီရာထူးကို မျှော်လင့်နေကြသလဲ သိရဲ့လား?"
ယန်ရှန့်ကျစ်က ပြုံးပြီး: "ငါအသက်ကြီးလာပြီမို့ လူငယ်တွေကို အခွင့်အရေး ပေးရမယ်... အသက်ကြီးတဲ့ ရာထူးက ငါ့လက်ထဲမှာပဲ အမြဲရှိနေခဲ့တာ... ကျန်တဲ့မိသားစုကြီး ၁၂ခုက သူတို့ရဲ့ မကျေနပ်ချက်တွေကို ဖုံးထားရတာ... ငါ့ယန်မိသားစုတောင် ငါ့အပေါ်မှာ မကျေနပ်မှုတွေ အများကြီးရှိပေမယ့် ငါရာထူးက ဆင်းလိုက်တာနဲ့ သူတို့ကို ဒီရာထူးအတွက် တိုက်ပွဲဝင်ခွင့်ပေးလိုက်မယ်... ငါ့ကိုလည်း နောက်ကွယ်မှာ ဆူပူကြိမ်းမောင်းတော့မှာ မဟုတ်ဘူး"
"လူကြီးမင်း...ဆုတ်ပြီးရင် ခြေလှမ်းပြန်လှမ်းဖို့ ခက်လိမ့်မယ်...နှစ်ခါပြန်စဉ်းစားပါဦး!"
ယန်ရှန့်ကျစ်က ပြုံးပြီး အေးအေးဆေးဆေးသာ ပြောသည်။
"အဲဒီလို ဖြစ်ရင် ပိုကောင်းတာပေါ့"
ဝမ်ရှန်းမှာ သူဘာကိုဆိုလိုသလဲ မသိသောကြောင့် ခေါင်းငုံ့ကာ နုတ်ထွက်စာ ရေးပေးရုံမှတပါး ရွေးချယ်စရာ မရှိတော့ပေ။
နောက်တစ်နေ့ ညနေ ၅ နာရီတွင် တရားရုံးမစတင်မီတွင် အစိုးရအဖွဲ့ ပညာရှင်ကြီးများနှင့် အခြား အစိုးရအတွင်းရေးအဖွဲ့ဝင်ကြီး ၁၂ ဦးတို့ စုရုံးလာသည်။ နေရာအသီးသီးမှ တင်ပြလာသည့် မှတ်တမ်းများကို ပြန်လည်သုံးသပ်ကာ အစိုးရအတွင်းရေးအဖွဲ့ဝင် ၁၃ ဦးက အပြန်အလှန် ဆွေးနွေးကြပြီး တရားရုံး အစည်းအဝေး ရလဒ်များကို ထုတ်ပြန်ခဲ့သည်။
ယန်ရှန့်ကျစ် ရာထူးမှ နုတ်ထွက်သွားခြင်းက အတော်လေးကို တုန်လှုပ်သွားစေခဲ့သော်လည်း အခြားသော အစိုးရအဖွဲ့ဝင် ၁၂ ဦးကတော့ တစ်ယောက်ကို တစ်ယောက် ရွှင်လန်းအံ့သြစွာဖြင့် ကြည့်နေခဲ့ကြသည်။
အဖိုးအို ယန်ရှန့်ကျစ်က နောက်ဆုံးတွင်တော့ သူ၏ ပထမလက်ထောက် အတွင်းရေးအကြံပေးရာထူးကို စွန့်လွှတ်လိုက်ချေပြီ။
အံ့သြစရာကောင်းတာက ဒီလူကြီး ယန်ရှန််ကျစ်ဟာ တစ်စုံတစ်ခုကြောင့် ထိတ်လန့်သွားသလိုမျိုး သူ့ရဲ့ ပညာရှင်ကြီးလို ထိုင်ခုံကို အလျင်အမြန် စွန့်လွှတ်လိုက်တဲ့ ကိစ္စပါပဲ။
ဒီကိစ္စက အသေးအမွှားကိစ္စ မဟုတ်တာတော့ သေချာသည်။
သို့သော်လည်း လူကြီးမင်းယန် သူ့ရာထူးကို စွန့်လွှတ်လိုက်တာက သဘာဝအားဖြင့် ကောင်းမွန်သော ကိစ္စဖြစ်သည်။ ကျန်ဆယ့်နှစ်ဦးလည်း ထိုရာထူးကို လိုချင်သောကြောင့် ပွင့်ပွင့်လင်းလင်း သို့မဟုတ် လျှို့ဝှက်စွာ တိုက်ခိုက်ကြတော့မှာ သဘာဝပင်။
သို့သော် တရားရုံး အစည်းဝေးတွင် တုံးချောင်ရဲ့ အရာရှိကြီးက ဝင်ဆိုလာသည်။
"ငါက အသက်ကြီးပြီ... ငါ့ခြေထောက်ကလည်း ရောဂါဟောင်းကလည်း ပြန်ဖြစ်နေပြန်ပြီ... ငါ့အရိုးတွေက အိမ်ပြန်ဖို့ပဲ တောင်းဆိုနေပြီလေ..."
လွန်ခဲ့သည့် ဆယ်နှစ်ခန့်က တုံးချောင်အရာရှိကြီးသည် ရှီးကျင်း သားသတ်သမားကို တိုက်ခိုက်ခဲ့ဖူးသည်။ ထိုတိုက်ပွဲတစ်ခုကြောင့် သူ့ခြေထောက်များက မသန်မစွမ်း ဖြစ်ခဲ့သော်လည်း သူ့အာဏာမှာ ယခင်ကဲ့သို့ အားကောင်းနေဆဲ ဖြစ်သည်။
"ငါတို့လိုလူတွေမှာ လျှို့ဝှက်ရောဂါတွေ အမြဲရှိနေတတ်တာပဲမလား နောက်ပြန်မဆုတ်ရင် အရမ်းနောက်ကျသွားလိမ့်မယ်"
သူက ဘီးတပ်ကုလားထိုင်ပေါ်မှာ အေးအေးဆေးဆေးလေး ထိုင်နေသည်။
ယန်ရှန့်ကျစ် ထိုလူကိုကြည့်ကာ "သူတော်တော် သိတတ်သားပဲ" ဟုတွေးလိုက်သည်။
ယနေ့ကျင်းပသည့် တရားရုံး အစည်းအဝေးတွင် စစ်တပ်ကြီး ၅တပ်က စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းအရာရှိ အများအပြားသည် အသက်ကြီးပြီ ဖြစ်လို့ အရည်အချင်းများကို စွန့်လွှတ်လိုကြောင်း ယူဆရသောကြောင့် နုတ်ထွက်စာ တင်သွားခဲ့ကြသည်။
အာဏာရအဖွဲ့များနှင့် အတိုက်အခံအဖွဲ့များက ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
နေ့ခင်းဘက်တွင် ချင်းထျန်းကျန်းမှ လက်ဝဲစောင့်ကြည့်သူ ထောင်းမုဟယ်သည် မှန်ကို ကြည့်လိုက်တဲ့အခါ မှန်ပေါ်တွင် နောက်ထပ်အလောင်းတစ်လောင်း ထပ်ရှိနေတာ တွေ့လိုက်ရသည်။ ညဘက်ရောက်တော့ မှန်ပေါ်တွင် နောက်ထပ်အလောင်းတစ်လောင်း ရှိနေပြန်၏။
ရှီးကျင်းက ငြိမ်သက်နေဆဲပင်။ သတင်းများက ထွက်ပေါ်မလာသေးတာကြောင့် လူများက ငြိမ်ငြိမ်နေခဲ့သည်။
"ကြီးကျယ်တဲ့ မကောင်းမှုကြီးက တိတ်တိတ်ဆိတ်ဆိတ် တိုးတိုးလာနေတယ်..."
ကောင်းကင်မှာ ကြိုးဆွဲချ အလောင်းနှစ်ဆယ်လောက် ရှိနေတဲ့အခါ နောက်ဆုံးမှာတော့ ရှီးကျင်း အတွင်းမှာ မငြိမ်မသက်တွေ စဖြစ်လာသည်။
"တရားရေးဌာနက အရာရှိတွေ ပျောက်ဆုံးနေတယ်"
တစ်စုံတစ်ယောက်က ယန်ရှန့်ကျစ်ကို သတင်းပို့လာသည်။
ယန်ရှန့်ကျစ်: "သူတို့က ဒီကိစ္စကို ကိုင်တွယ်တဲ့ အရာရှိတွေပဲလေ... အားလုံးမှာ တာဝန်ရှိတယ်... ဒီပျောက်ဆုံးနေတဲ့ အရာရှိတွေက ပြည်နယ်ငါးဆယ်မှာ ပထမအဆင့် ရသွားတဲ့ ကလေးရှင်ကိစ္စမှာ တာဝန်ရှိလား"
"လူကြီးမင်းက အားလုံးသိနေတာပဲ.."
ယန်ရှန့်ကျစ်က ကောင်းကင်ကို မော့ကြည့်ရင်း ပြုံးကာပြောလိုက်သည်။
"မျှော်လင့်ထားသလိုပဲကိုး... အဲဒီနှစ်က ရန်ငြိုးတွေကို ဖြေဖို့ လာနေတာ... နဂါးတွေက ကြီးသည်ဖြစ်စေ သေးသည်ဖြစ်စေ တက်လာနိုင်သည်ဖြစ်စေ ပျောက်ကွယ်သွားနိုင်သည်ဖြစ်စေ ကြီးရင် တိမ်တွေ၊ မြူမှုန်တွေကို ဖန်တီးနိုင်တယ်၊ ငယ်ရင် သူတို့ရဲ့ပုံစံကို ဖုံးကွယ်ထားနိုင်တယ်... အခုအချိန်က ငါ့ပုံစံကို ဖုံးကွယ်ပြီး လှိုင်းဖန်တီးမှုကို တိတ်တိတ်လေး စောင့်ကြည့်နေဖို့ အချိန်တန်ပြီ"
အချိန်အတော်ကြာပြီးနောက် ပျောက်ဆုံးသူ အရေအတွက်က တိုးလာလေသည်။ ရာနှင့်ချီသော အလောင်းများ ကောင်းကင်ယံတွင် ကြိုးဆွဲချ သေဆုံးသွားတာကို တွေ့တော့ ထောင်းမုဟယ်လည်း အစိုးရအဖွဲ့ထံ တိုင်ကြားခဲ့ရသည်။
ထိုနေ့၌ ဓားအလင်းလှိုင်းလုံးသည် ကောင်းကင်သို့ ပျံတက်သွားသော်လည်း ဓားအလင်းအများစုသည် မြေပြင်မှ မိုင်ခြောက်ဆယ် အမြင့်သို့ မရောက်နိုင်ပေ။ မိုင်သုံးဆယ်ကျော်ကာ နောက်ထပ် မတက်နိုင်တော့ပေ။
ကောင်းကင်မှာ ကြိုးဆွဲချ အလောင်းတွေ တဖြည်းဖြည်း တိုးလာနေဆဲ။ လူတွေ အဆက်မပြတ် ပျောက်ဆုံးနေပြီးတာနဲ့ အလောင်းတွေက မြေပြင်အထက် မိုင်ခြောက်ဆယ်မှာ ပေါ်လာတော့သည်။
ရှီးကျင်းက လူတိုင်း အထိတ်တလန့် ဖြစ်လာသည်။ ပလိပ်ရောဂါ ပျံ့နှံ့လာခဲ့သလိုပင်။ ထိုရန်သူသည် အမှောင်ထဲတွင် ပုန်းအောင်းနေကာ ဘယ်သူမှ မသိနိုင် ရှာမတွေ့နိုင်ပေ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ လူသေတွေက အဲဒီနှစ်က လူသိရှင်ကြား ကိစ္စနဲ့ ဆက်နွှယ်ကြောင်း စိတ်ဝင်စားသူတွေက သိလာကြသည်။
“ဒီလူသတ်သမားက ဒီအမှုရဲ့ တရားခံအစစ် ထွက်လာအောက် တွန်းထုတ်ဖို့ ဒီအခွင့်အရေးကို အသုံးချနေတာ!”
ယန်ရှန့်ကျစ်: "အရာရှိကြီးဖုန်း ဒီသတ္တဝါ ရှောင်ဝူက သူ့အဖေထက် ဉာဏ်ကောင်းတယ်... အလောင်းတွေ ပိုဆွဲထားလေလေ လူတွေအတွက်က ဖိအားတွေ ပိုကြီးလေလေပဲ.. လူတိုင်း အန္တရာယ်ကြုံလာတဲ့အခါ ထူးချွန်တဲ့ ကလေး ပညာရှင်ရဲ့ မွေးရာပါ တာအိုသန္ဓေသားကို ဘယ်သူက ထုတ်ခဲ့တာလဲဆိုတာ ရှင်းပြဖို့ ရန်ပွဲတွေ ဖြစ်လာလိမ့်မယ်"
အရာရှိကြီးဖုန်းဟုလည်း သိကြသော သူ့အမည်ရင်းမှာ ဖုန်းထျန်းဟွမ့် ဖြစ်ပြီး ချင်းထျန်းကျန်းက စောင့်ကြည့်သူလည်း ဟုတ်သည်။ ဤတစ်ကြိမ်တွင် သူသည် ရာထူးမှ နှုတ်ထွက်ပြီး ယန်ရှန့်ကျစ်အား ဘီးတပ်ကုလားထိုင်ဖြင့် လာတွေ့ခဲ့သည်။
"ငါက အရာရှိကြီး မဟုတ်တော့ဘူး... ထျန်းဟွမ့်လို့ပဲ ခေါ်ပါ!"
သူခေတ္တရပ်လိုက်ပြီး "အဲဒီတုန်းက သားသတ်သမားက ရှီးကျင်းကိုလာပြီး သွေးမြစ်ဖြစ်အောင် လူတွေကို သတ်ပစ်လိုက်တယ်... ရှီးကျင်းက လူတွေ ထိတ်လန့်သွားပေမယ့် လူသတ်သမားကို ထွက်လာအောင် မလုပ်နိုင်ခဲ့ဘူး... ဒီတစ်ခါ ဖန်တီးခံရှောင်ဝူက ပိုကောင်းတဲ့နည်းလမ်းတွေ ရှိထားရင်တောင် အဲ့လူကို ထွက်လာအောင် တွန်းအားပေးနိုင်မှာ မဟုတ်ဘူး"
"ဒါပေါ့..."
ယန်ရှန့်ကျစ်က ပြုံးပြီးပြော၏။
"ဒီလူက မွေးရာပါ ကောင်းကင်လမ်းစဥ်သန္ဓေသား ဖြစ်တဲ့ တာအိုသန္ဓေသားကို ရရှိခဲ့တာ မကြာသေးပေမယ့် အခုက ဆယ်နှစ်တောင် ရှိသွားပြီ... ဆယ်နှစ်မှာ သာမန်လူတစ်ယောက်က နတ်သန္ဓေသားနယ်ပယ်ကနေ အရမ်းမြင့်မားတဲ့ နယ်ပယ်အထိ လေ့ကျင့်ပစ်ဖို့ လုံလောက်ပါတယ်... ငါသာ သူဆိုရင် ငါ သေချာပေါက် အစီအစဉ်တစ်ခုတော့ ကြိုချထားမှာ"
ဖုန်းထျန်းဟွမ့်မှာ ခေါင်းငုံ့ပြီး: "မင်းကို မေးလို့ရမလား... အဲဒီလူက ဘယ်သူလဲ?"
ယန်ရှန့်ကျစ်က လက်ဖက်ရည် တစ်ခွက်သောက်ပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလာသည်။
"ငါလည်း မင်းလိုပဲ ဘာမှမသိပါဘူး"
ဖုန်းထျန်းဟွမ့်က ရယ်ပြီး :"ဟုတ်တယ် ဟုတ်တယ်... ဒါနဲ့ ချန်ယန်တောင်မှာ တစ်ခုခု ဖြစ်ခဲ့တယ်မလား...မင်ရတနာ သင်္ဘောကို စူးစမ်းဖို့ မိသားစုကြီးဆယ့်သုံးခုက ကျွမ်းကျင် ပညာရှင်တွေ စေလွှတ်လိုက်တယ်လို့ ကြားတယ်... ရလဒ် အနေနဲ့ ရတနာသင်္ဘောက တဲကျန်းမြစ်ထဲကနေ ထွက်ခွာ သွားပြီး အမှောင်ပင်လယ်ထဲ ရွက်လွှင့် ခဲ့တယ်တဲ့...."
ယန်ရှန့်ကျစ်က သက်ပြင်းချလိုက်ပြီး လက်ဖက်ရည်ခွက်ကို ချကာ ခေါင်းခါလိုက်သည်။
"ဘာသတင်းမှ မရသေးပါဘူး... ယန်မိသားစုရဲ့ သားမြေးတွေအပြင် ရှင်းရှန်ဘုရင်ခံဖြစ်တဲ့ ဆွေမျိုးကလည်း ပျောက်ကွယ်သွားပါပြီ သေသလားရှင်လား မသိဘူး"
ဖုန်းထျန်းဟွမ့်ဆီမှာ နေရာအမျိုးမျိုးက သူလျှိုများရှိနေသော်လည်း သတင်းအချက်အလက် မရရှိသေးသဖြင့် ခဏလောက် စဉ်းစားကြည့်နေသည်။
"ရှင်းရှန်ရဲ့ ဘုရင်ခံထိုင်ခုံက လစ်လပ်နေပါသေးတယ်...ယန်မိသားစုက စိတ်ဝင်စားလား... အရည်အချင်း မြှင့်တင်တဲ့အခါမှာ ဆွေမျိုးတွေကို မရှောင်ထားသင့်ဘူးနော်... ယန်မိသားစုရဲ့ သခင်အနည်းငယ်ကို အကြံပေးပါတယ်"
ယန်ရှန့်ကျစ်မှာ သက်ပြင်းတစ်ချက် ထပ်ချလိုက်ပြီး :"ဒီခြောက်လအတွင်းမှာပဲ ရှင်းရှန်ခရိုင်က အရာရှိအမှုထမ်း နှစ်ယောက်တောင် သေသွားပြီ... ရှင်းရှန်က အန္တရာယ်ရှိတဲ့ နေရာတစ်ခုပဲ ငါ့ယန်မိသားစုရဲ့ ကလေးတွေကို ဘယ်လိုလုပ် အန္တရာယ်ပေးနိုင်မှာလဲ"
"ရှီးကျင်းမှာပါ ကြီးကြီးမားမား မငြိမ်မသက် ဖြစ်လာမှာကို ကြောက်နေရတယ်... ရှင်းရှန်ခရိုင်ရဲ့ အရာရှိနေရာက အသေးအဖွဲကိစ္စပဲ၊ လာမယ့် မငြိမ်မသက်မှုတွေကို ဖြေရှင်းဖို့ကသာ အရေးကြီးတဲ့ ကိစ္စပဲ"
ဖုန်းထျန်းဟွမ့်: "ဒါက အသေးအမွှား ကိစ္စဆိုပေမယ့် ဆောင်းဦးရာသီက မဝေးတော့ဘူး... ရှင်းရှန်ခရိုင် ဘုရင်ခံနေရာကို တစ်ယောက်ယောက်က တာဝန်မယူရင် ရှင်းရှန်ပြည်နယ်က ပညာရှင်တွေ စာမေးပွဲကို ဖြေဆိုနိုင်မှာ မဟုတ်ဘူး... နှစ်ပေါင်းများစွာ အချိန် ဖြုန်းတီးနေသလို ဖြစ်နေမှာ မဟုတ်ဘူးလား"
ယန်ရှန့်ကျစ် ခဏလောက်စဉ်းစားပြီး :"ဒီနှစ်က ထူးခြားတယ်... ရှင်းရှန်ခရိုင်က စာသင်သားတွေကို တခြားပြည်နယ်တွေမှာ သွားဖြေခွင့်ပြုဖို့ အစိုးရအဖွဲ့က အမိန့်ထုတ်လိမ့်မယ်... အဲဒီစာပေပညာရှင်တွေ အတွက် အခက်အခဲတစ်ခုတော့ ဖြစ်သွားမှာပေါ့"
သူသည် ရှိုဖူတက္ကသိုလ်က အရာရှိကြီး အဖြစ်မှ နှုတ်ထွက်ခဲ့သော်လည်း သူ့ရဲ့ ရည်ရွယ်ချက်ကို အစိုးရအဖွဲ့ထံ တင်ပြပြီးနောက် မကြာမီတွင် အစိုးရအဖွဲ့ကလည်း ရှင်းရှန်သို့ အမိန့်ထုတ်ပြန်ခဲ့သည်။
ရက်အနည်းငယ်ကြာပြီးနောက် ခရိုင်အသီးသီးတွင် သတိပေးချက်များ လွှင့်တင်ခဲ့ပြီး လူအများအပြားကို ကြည့်ရှုလာရန် ဆွဲဆောင်ခဲ့သည်။
"ငါတို့ရှင်းရှန်ခရိုင်က စာပေ ပညာရှင်တွေ စာမေးပွဲဖြေဖို့ ကုံကျိုးကို သွားရမယ်တဲ့"
လီထျန်းချင်သည် ခရိုင်မှ အမြန်ပြန်လာပြီး ချန်ရှီအိမ်သို့ တည့်တည့်သွားကာ သတင်းပေးလိုက်သည်။
"ကုံကျိုးက ခရီးအဝေးကြီးပဲ... လမ်းတစ်လျှောက်မှာ နတ်ဆိုးတွေလည်း ရှိနေတယ် စာမေးပွဲသွားဖြေတဲ့ ပညာရှင်တွေ အများကြီး သေသွားကြမှာပဲ ကြောက်ရတယ်...ဒီစည်းမျဉ်းကို ရှီးကျင်းက ထုတ်ပြန်လိုက်တာပဲ ဖြစ်မယ်!"
ချန်ရှီ: "ရှီးကျင်းလား.... ထျန်းချင် ငါတော့ ရှစ်ကျီဦးခေါင်းကို အစောင့်အကြပ်လုပ်ပြီး ခေါင်းဖြတ်ဖို့ မင်းကို ခေါ်သွားရတော့မယ် ထင်တယ်"
ချန်ရှီ ဖန်တီးခံရှောင်ဝူ အဖြစ်အပျက်မှ ပြန်လည် ကောင်းမွန်လာခဲ့ပြီးနောက် အိမ်တွင် အဝတ်လျှော်နေခဲ့သည်။ လီထျန်းချင်နဲ့ လောင်းကြေးထပ်ထားတာက ပြည့်သွားပြီ။ လီထျန်းချင်က ၅ရက်ကြာအောင် လျှော်ပေးခဲ့သော်လည်း ယခုငါးရက်ကြာပြီးနောက် သူကိုယ်တိုင် လျှော်ဖွပ်နေရသည်။
ချန်ရှီသည် ညစ်ပတ်နေသော အဝတ်အိတ်ကပ်ထဲမှ စာတစ်စောင်ကို ထုတ်ယူကြည့်လိုက်လေသည်။ ၎င်းက သခင်မ ဟွာလီက သူ့အား သီးသန့်စုဝေးပွဲသို့ ဖိတ်ခေါ်ထားသည့် စာအိတ်တစ်ခု ဖြစ်သည်။
မကြာသေးမီက သူသည် မင်မင်းဆက် ရတနာသင်္ဘောနှင့် အလုပ်ရှုပ်ခဲ့ပြီး ဖခင်ဖြစ်သူ ချန်ထန်လို ဟန်ဆောင်သူ ရှောင်ဝူနှင့် တွေ့ဆုံခဲ့သဖြင့် ဤစာကို မေ့ပြီး မဖွင့်ရသေးပေ။
လီထျန်းချင်က ဧည့်ခန်းကို ပြေးသွားပြီး သူ့အဝတ်အစားတွေကို ချွတ်ရင်း လှမ်းပြောသည်။
"ခေါင်းဖြတ်ချင်ရင် မင်းရဲ့ခေါင်းကို အရင် ဖြတ်ပစ်ရမယ်... စကားမစပ် တစ်ဆယ်လေး ငါ ရွှေအမြုတေ တတိယအဆင့်ကို ရောက်နေပြီ!"
သူသည် ရှပ်အင်္ကျီကို အမြန်ထုတ်လိုက်ပြီး ညစ်ပတ်သော အဝတ်အစားများကို ချန်ရှီ လျှော်နေတဲ့အထဲ ဖြည့်သွင်းပြီးနောက် အဝတ်အစား အသစ်ကို ဝတ်ကာ ဆက်ပြောလိုက်သည်။
"ရွှေအမြုတေ အဆင့်၃ဆို မင်း စာမေးပွဲအောင်မှာ သေချာတယ်!"
"ငါလည်းမနေ့က ရွှေအမြုတေ တတိယအဆင့်ကို ရောက်သွားပြီ..."
ချန်ရှီက ညစ်ပတ်နေတဲ့ အဝတ်တွေကို ရေထဲမှာ စိမ်ပြီး ပြန်ပြောလိုက်သည်။ လီထျန်းချင်လည်း ထိုင်ချလိုက်ပြီး သူ့အဝတ်တွေကို လျှော်ဖို့ သစ်သားအင်တုံကို ယူလိုက်သည်။
"ဟေးကော် ဟေးကော် နောက်ထပ် ရေနှစ်ပုံးလောက်!"
ဟေးကော်က မတ်တပ်ထရပ်ကာ ရေတွင်းရှိရာသို့ ပြေးသွားသည်။ ရေတွင်းထဲသို့ သစ်သားရေပုံးကို ပစ်ချကာ ရေဖြည့်၏။ ရေတွင်းကြိုးကို မြှောက်ကာ လီထျန်းချင် နံဘေးသို့ သယ်ဆောင်သွားကာ သစ်သားအင်တုံထဲသို့ လောင်းထည့်ပေးလိုက်သည်။
လီထျန်းချင် အဝတ်လျှော်နေရင်း ချန်ရှီကို တစ်ချက်ကြည့်လိုက်ပြီး။
"ဖန်တီးခံရှောင်ဝူ အကြောင်း စဉ်းစားနေတုန်းပဲလား"
ချန်ရှီက စာအိတ်ကိုဖွင့်ပြီး ခေါင်းခါလိုက်သည်။
"မစဉ်းစားတော့ဘူး... သူက နတ်ဆိုးပဲ... မဟုတ်ဘူး သူက ရှဲ့အဆင့် နတ်ဘုရား!"
လီထျန်းချင်လည်း အဝတ်တွေကို လျှော်ပြီး :"သူက မင်းအဖေလို ဟန်ဆောင်ပြီး မကောင်းကြံတဲ့ အကြံတွေ ကြံနေတာ... အဘွားရှားနဲ့ တခြားသူတွေသာ စောစောစီးစီး မသိခဲ့ဘူးဆိုရင် ငါတို့ကို ကစားပြီး စားလိမ့်မယ်!"
ချန်ရှီ သူ့ခေါင်းကို ခါယမ်းလိုက်ပြီး :"ငါကတော့ သူငါ့ကို သူ့သားလို့ မှတ်ထားပြီး ငါ့ကို ထိခိုက်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ ခံစားရတယ်...ချန်ထန်က ငါ့ကို ငြင်းတယ်... ချန်ထန်သာ သူ့တစ်ဝက်လောက် ဆက်ဆံရင် ငါကျေနပ်ပြီ!"
စာအိတ်ကို လှန်ကြည့်ပြီးနောက် စာအိတ်ထဲကနေ လက်ဝါးလောက် အရှည်ရှိတဲ့ သစ်သားပြားလေး ထွက်လာသည်။
သစ်သားပြား၏ အဆင်းသဏ္ဍာန်သည် အလွန်နုနယ်သောကြောင့် သစ်သား အမျိုးအစားကို မမြင်နိုင်ပေ။ ဆီဖြင့် ပွတ်တိုက်ထားပြီး ကျောက်စိမ်းလို တောက်ပြောင်မှုမျိုး ရှိသည်။
သစ်သားပြား အရှေ့ဘက်တွင် လူဦးခေါင်းနှင့် မြွေရုပ်ပါသော နတ်ဘုရားနှစ်ပါး ရှိသည်။ လက်ဝဲဘက်တွင် အမျိုးသားတစ်ဦး၊ ညာဘက်တွင် အမျိုးသမီးတစ်ဦးတို့သည် ခရုပတ်ပုံသဏ္ဍာန်ဖြင့် အချင်းချင်း ရောယှက်လျက် ရှိသည်။ လက်တစ်ဖက်ကို ထုတ်ကာ မြှောက်ထားပြီး ကျန်တစ်ဖက်ကတော့ တစ်ဖက်လူကို ဆုပ်ကိုင်ထားသည်။
သူတို့လက်တွေကို မြှောက်လိုက်တဲ့အခါ တစ်ယောက်က သံလိုက်အိမ်မြှောင်ကို ကိုင်ထားပြီး တစ်ယောက်က ပေတံတစ်ခု ကိုင်ထား၏။ ချန်ရှီ နောက်သို့ လှည့်ကြည့်လိုက်သောအခါ သံလိုက်အိမ်မြှောင် ပုံသဏ္ဍာန်နှင့် တိုင်းတာသည့် ပေတံတစ်ခုကို တွေ့လိုက်ရသည်။
ပေတံက သံလိုက်အိမ်မြှောင်၏ ခြေထောက်များကို ခွဲ၍ အလယ်ကို ဖြတ်သွားသည်။ ဒါက စန့်ရန်တံဆိပ်ပြားပင်။ သံလိုက်အိမ်မြှောင်ကို ဖြတ်သွားသော ပေတံရဲ့ပုံစံက စန့်ရန်ရဲ့ သင်္ကေတဖြစ်သည်။
ချန်ရှီ တံဆိပ်ပြားက ဘေးဖယ်ထားပြီး စာအိတ်ထဲမှ စာရွက်တစ်ရွက်ကို ဆွဲထုတ်ယူလိုက်ရာ စာရွက်ပေါ်တွင် "ကုံကျုံး၊ ဟန်ကုံးတောင်၊ ဝုလင်" ဟူသော စာလုံးကို ရေးထားပြီး ပထဝီဝင်မြေပုံကိုပါ တွဲပေးထားသည်။