လေဟာနယ်များပေါင်းစည်းခြင်း၊ အခန်းပို (၃)
Vol. 85 Ch. 1694
ရှီမန်ဆုန်းသည် ပြုံးပြီးခေါင်းညိတ်လေသည်။ သူတို့၏ သွေးသားများ စီးဆင်းနေသည့် မိသားစုကြီးလေးခုရှိသေးသည်။ ရှီမန်ဆုန်းတွင် ရွှမ်ယွမ်ကျင်း ရှိသေးသည်။ သူ ၃၃ ကောင်းကင်ဘုံသို့ မလာခင်တွင် ရွှမ်ယွမ်ကျင်းနှင့် စေ့စပ် ခဲ့သည်။ သူတို့သည် ငယ်ချစ်များဖြစ်ကြကာ မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သဖြင့် လွမ်းဆွတ်နေပြီဖြစ်သည်။
သို့သော် ဤကဲ့သို့ကိစ္စမျိုးကို အလောကြီး၍မဖြစ်ပေ။
“ငါတို့တွေ လေဟာနယ်လမ်းကြောင်းကနေ ပင်မတိုက်ကြီးကို သွားလို့ မရပေမဲ့ နောက်တစ်ခါ ပင်မတိုက်ကြီးကိုသွားတဲ့ လမ်းကြောင်းပွင့်ရင် လမ်းကြောင်းအဝင်ပေါက်မှာ သွားစောင့်ကြမယ်၊ ပင်မတိုက်ကြီးကလာတဲ့ လူ တွေအမြဲရှိနေတာပဲ” ပေထင်းကျင်သည် ရှီမန်ဆုန်း၏ နှလုံးသားရေးရာကို အရေးစိုက်သည်။
ထိုမတိုင်ခင်တွင် သူသည် ရှီမန်ဆုန်း၏နှလုံးသားကို နားမလည်နိုင်ပေ။ သို့သော် ယခုအခါ ကွေ့ရှိုမိုယွိမှ အမွှေမလေးနှင့်တွေ့ပြီး ရက်ပေါင်းများစွာ မပြန်မလာနိုင်သည့်အခါမှပင် ပေထင်းကျင် နားလည်သွားသည်။
လွမ်းနာကျခြင်းသည် လူများကို အိုမင်းသွားစေသည်။
ယန်ယဲ့ နိုင်ငံရေးကိစ္စများကို ဖြေရှင်းနေချိန်တွင် ကျုံကျိုးမြို့မှလူများ သည် ပေထင်းဟွမ်ဆီသို့ လာလည်ပြီး အဖော်ပြုပေးကြသည်။ နှစ်ပေါင်း တစ် သောင်းကုန်ဆုံးသွားပြီးနောက် သူသည် ယန်းမိုထျန်းနန်းတော် ပုလ္လင်နေရာ တွင် ထိုင်နေရသော်လည်း သူ၏သရုပ်မှန်ကို မမှတ်မိသေးပေ။
ပိုင်ဟူနှင့်တခြားသူများ ယန်းမိုထျန်းမျိုးနွယ်ကိစ္စများကို တစ်ခုပြီးတစ်ခု တင်ပြပြီး အကြံပြုချက်များစွာပေးထားပြီးဖြစ်ရာ ယန်ယဲ့ ဆုံးဖြတ်ချက်ချရန် သာလိုသည်။
ပိုင်ဟူနှင့်တခြားသူများသည် ခေါင်းငုံ့ထားပြီး ပြောရန်စောင့်နေသည် “အရှင် ဒါက အသေးအဖွဲ့ကိစ္စမဟုတ်ပါဘူး၊ ဆုံးဖြတ်လို့ရတာမှန်သမျှကို ကျွန်တော်တို့ ဆုံးဖြတ်ပြီးသားပါ”
အားလုံးသည် ထိုသို့တွေးသော်လည်း မည်သူမှ မပြောရဲကြပေ။
ယန်ယဲ့သည် ပုလ္လင်လက်ရန်းကို လက်ချောင်းများဖြင့် အသာအယာ ခေါက်နေသည်။ သူသည် ခေတ္တမျှတွေးတောနေသည်။ သို့သော် စိတ်မရှည်စွာ ဖြင့် ယန်းမိုထျန်းမျိုးနွယ်အား တပ်ကိစ္စများမှ အရေးကြီးကိစ္စများကို ပေးအပ်ခဲ့ သည်။ “မင်းတို့ အကုန်မှတ်မိမယ်ထင်တယ်၊ နောက်ဆိုရင် ဒီစည်းမျဉ်းအတိုင်း ပဲလုပ်လိုက်တော့ ငါ့ကို ဘာမှမမေးနဲ့တော့”
“ငါလုပ်နေတာက အရေးကြီးဆုံးကိစ္စပဲဆိုတာသိထားလိုက်ဦး၊ ယန်းမိုထျန်းမျိုးနွယ်ရဲ့ မင်းသားလေးမွေးဖွားဖို့ထက် ဘယ်ဟာမှ အရေးမကြီး ဘူး”
ခေါင်းငုံ့ထားသည့်လူများအကြားတွင် ဝိညာဉ်နတ်ဘုရားမျိုးနွယ်နှင့် စစ်ပွဲ တွင် ရွပ်ရွပ်ကျွံကျွံတိုက်ခိုက်ခဲ့သည့် လူငယ်တစ်ယောက်သည် ရှေ့သို့ သတ္တိရှိရှိ တိုးလာလေသည်။ ယန်ယဲ့သည် သူ၏သတ္တိကို သဘောကျသဖြင့် ချက်ချင်းပင် နန်းတော်အစောင့်တမန်တော်အဖြစ် ရာထူးတိုးပေးခဲ့သည်။ သူသည် အနည်းငယ် နားမလည်နိုင်ဖြစ်သွားကာ ခေါင်းမော့ပြီးမေးခဲ့သည် “အရှင် အိမ်ရှေ့စံမင်းသားလေးက ဧကရီရဲ့ဗိုက်ထဲမှာမဟုတ်ဘူးလား”
သခင်မ မင်းသားလေးအား သန္ဓေတည်ရန် ဧကရာဇ်နှင့် ဧကရီတို့သည် မည်သို့ဆက်ဆံရေးရှိသနည်း။
မည်သူမှ ယန်ယဲ့အား မေးခွန်းမထုတ်ရဲပေ။ နန်းတော်အစောင့်တမန် တော်သည် ထိုမေးခွန်းမေးသည်နှင့် အားလုံးသည် ထိုလူငယ်အား “လူငယ်တွေ က ရဲတင်ပြီး သတ္တိရှိတယ်” ဆိုသည့်အကြည့်ဖြင့် ကြည့်ကြလေသည်။
ခရမ်းရောင်မျက်လုံးများသည် မှေးမှိန်သွားကာ နန်းတော်အစောင့်အား ကြည့်လေသည်။ ဒီကောင်လေးက တိုက်ခိုက်တာမှာ မဆိုးပေမဲ့ ဘယ်လိုလုပ် ဒီလိုစကားတွေပြောရဲရတာလဲ။
“နန်းတော်အစောင့်က အားကောင်းပါတယ် ဒါပေမဲ့ မင်းမှာ ဇနီးသည်ရှိ လား” ယန်ယဲ့သည် သဲ့သဲ့ပြုံးထားသည်။ သူ့နောက်သို့ လိုက်ကြသော ဘယ်ယာတမန်တော်များသည် နန်းတော်အစောင့်အား သနားစဖွယ်ကြည့်ကာ လျင်မြန်စွာပင် ခေါင်းငုံ့သွားကြလေသည်။
များစွာမြင်ဖူးထား၏။ ဤကံဆိုးမှုသည် သူတို့ဆီရောက်လာတော့မည်။
နန်းတော်အစောင့်တမန်တော်သည် နားမလည်ပေ။ ထို့ကြောင့် အရှင် သည် သူ့အား စိုးရိမ်၍ပြောသည်ဟု တွေးပြီး လျင်မြန်စွာပင် ရှေ့တိုးလေသည် “အရှင့်ကို တင်ပြပါတယ် အခု ကျွန်တော့်မှာ ဇနီးမရှိပါဘူး”
“ကောင်းတယ်” ယန်ယဲ့သည် ကျို့ရှီအားကြည့်လေသည် “ကျိုးရှန့် နန်းတော်အစောင့်ကို မိသားစုတည်ဆောက်ဖို့ ဇနီးရှာပေးဖို့ မင်းကိုပဲ ဒုက္ခပေးရ တော့မယ်၊ လက်ထပ်ပေးဖို့ ရက်ရွေးပြီး သူတို့ကို စောင့်ကြည့်နေလိုက်၊ မင်္ဂလာ အထမမြောက်စေဘဲ မင်းရဲ့ဇနီးကို ကလေးမွေးခိုင်းလိုက်”
“ဟင်” နန်းတော်အစောင့်သည် မှင်တက်သွားလေသည်။
ဘာမှမမေးရသေးခင်မှာပင် နတ်မိစ္ဆာဧကရာဇ်သည် ပုလ္လင်ပေါ်မှ ပျောက် ကွယ်သွားပြီဖြစ်သည်။
“အရှင်ကျို့ရှန့် နတ်မိစ္ဆာဧကရာဇ်အရှင်က ဘာအဓိပ္ပာယ်လဲ၊ မင်္ဂလာ အထမမြောက်ရင် ကျွန်တော့်မိန်းမက ဘယ်လိုလုပ် ကလေးမွေးနိုင်မှာလဲ၊ နတ်မိစ္ဆာဧကရာဇ်က ကျွန်တော့်ကို ကြာခိုခိုင်းတလာား” နန်းတော်အစောင့် သည် ငယ်ရွယ်သေးကာ ငိုကြွေးတော့သည်။