#မေးခွန်းထုတ်ခြင်း၊ ဆုလာဘ်နဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတာလား!#
Vol. 53 Ch. 743
ကြယ်စင်စုကိုယ်တိုင်လား!
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများမှာ ကြက်သေသေသွားကြပြီး ပတ်၀န်းကျင်က ကြယ်စင်စုကို ကြည့်လိုက်မိကြသည်။
ဖန်သားပြင်က ပုဂ္ဂိုလ်က ဒီကြယ်စင်စုက သူတို့၏ ဆုလာဘ်ဟု ပြောခဲ့သည်။
ဒါက သေမင်းဝိဉာဉ်မြို့၏ နောက်ဆုံးဆုလာဘ်ပေတည်း။
မုဖူရှန်းမေ့စေးကို ပွတ်သပ်သည်။
"မကြာသေးခင်က စုပ်ယူခံခဲ့ရတဲ့ ဝိဉာဉ်တွေက ဒီဆုလာဘ်နဲ့ ဆက်စပ်နေတာများလား"
ဒါကိုကြားသောအခါ လူတိုင်းအနည်းငယ် အံ့ဩသင့်သွားကြသည်။
ဖန်သားပြင်က လူကလည်း ဒီစကားလုံးများကို ကြားသောအခါ ခေါင်းညိတ်သည်။
"မှန်တယ်၊ ကြယ်စင်စုကိုယ်တိုင်က သေမင်းဝိဉာဉ်မြို့ရဲ့ တကယ့်ပင်မခန္ဓာပဲ"
"ပြီးတော့ မင်းတို့ရဲ့ဆုလာဘ်က ဒီသိပ်သည်းနေတဲ့ ဝိဉာဉ်ခန္ဓာပဲ၊ ဒါက အစွမ်းမထက်ဘူးဆိုရင်တောင် အလယ်အလတ်အဆင့်ကြယ်နယ်မြေက လူငယ်မျိုးဆက်တွေအတွက် ကြီးမားတယ်လို့ ယူဆလို့ ရပါသေးတယ်"
ထိုလူ၏စကားလုံးများကို ကြားသောအခါ လူတိုင်းအနည်းငယ် မှင်သေနေမိကြသည်။
ကြယ်စင်စုကိုယ်တိုင်က သေမင်းဝိဉာဉ်မြို့ရဲ့ ပင်မခန္ဓာလား!
ယဲ့ချိုးပိုင် တစ်ခဏမျှတွေးလိုက်သည်။
"ဒီလိုဆိုရင် စီနီယာပြောစကားအရ ဒီကြယ်စင်စုက ဝိဉာဉ်တွေကို ဝါးမြိုထားတဲ့ ဓမ္မရတနာတစ်ခုပေါ့"
ထို့နောက် ယဲ့ချိုးပိုင် ရှေ့သို့အနည်းငယ် လျှောက်သွားစဉ် ကြယ်စင်စု၏ ဧရာမဝိဉာဉ်စွမ်းအားကို ခံစားလိုက်ရသည်။ သူ့အမူအရာက အနည်းငယ် လေးနက်သွား၏။
"ဒါ့အပြင် ကြယ်စင်စုက ဝါးမြိုပစ်တဲ့ ဝိဉာဉ်ကိုယ်ထည်တွေကိုလည်း အတော်လေးသန့်ရှင်းစွာ သန့်စင်ထားတယ်"
"သူတို့ရဲ့ ကိုယ်ပိုင်မှတ်ဉာဏ်များနဲ့ အမှတ်အသားတွေအားလုံးက ဖျက်ဆီးခံလိုက်ရတယ်ဆိုပေမယ့် လက်ရှိဝိဉာဉ်က အသန့်စင်ဆုံး ဝိဉာဉ်စွမ်းအားပဲ၊ ဒါကို တိုက်ရိုက်စုပ်ယူလို့ရတယ်"
ဒီလိုဆိုပါက ဒီကြယ်စင်စုက ဘယ်အဆင့်မှော်ပစ္စည်းများပင် ဖြစ်လေသနည်း!
၎င်းက တကယ်ပင် ဒီလိုအရာမျိုးကို လုပ်နိုင်သည်။
အကယ်၍ သန့်စင်ထားသည့် ဝိဉာဉ်ချီတစ်ခုတည်းသာဆိုပါက ဒါကိုရှားပါးသည်ဟုသာ ယူဆ၍ရပြီး လူတိုင်းကို ဒီလောက်ထိ အံ့ဩသင့်စေမည်မဟုတ်။
သို့စေကာမူ ဝိဉာဉ်ကိုသန့်စင်ခြင်းက ဝိဉာဉ်ချီကို သန့်စင်ခြင်းထက် အများကြီးပိုခက်ခဲသည်။
ဒီနှစ်ခုက အဆင့်တူမဟုတ်ပါ။
လူတစ်ယောက်၏ဝိဉာဉ်၌ အညစ်အကြေးများစွာရှိသည်။
တစ်နည်းအားဖြင့် ဒါက သူတို့အရင်က ကျင့်ကြံခဲ့သည့် မှတ်ဉာဏ်များ၊ အမှတ်အသားများနှင့် ဝိဉာဉ်ကျင့်ကြံခြင်းကျင့်စဉ်တို့ပင် ဖြစ်ကြသည်။
အကယ်၍ လူတစ်ယောက်က ဝိဉာဉ်များကို ဝါးမြိုရုံသာဆိုပါက ဒီမှတ်ဉာဏ်များနှင့် အမှတ်အသားများက သူ့၏ အသိစိတ်ပင်လယ်ကို ကျူးကျော်လာပေလိမ့်မည်။
ရလဒ်အဖြစ် သူ့၏အသိစိတ်ပင်လယ်က ပြိုကွဲကာ သူကိုယ်တိုင်ပင်လျှင် ပိုင်ဆိုင်ခံရသွားနိုင်သည်။
ဝိဉာဉ်ထဲက အညစ်အကြေးအားလုံးကို သန့်စင်ရန်ဟူသည် နှစ်ဘက်စလုံးက ခွန်အားကွာခြားချက်က အရမ်းမကြီးမားသရွေ့ သာမန်လူတစ်ယောက် လုပ်နိုင်သည့် အရာတစ်ခုမဟုတ်ပါ။
အမှတ်အသားကို ဖျက်ဆီးရန်အတွက် ဝိဉာဉ်စွမ်းအားကို အတင်းသုံးရပေလိမ့်မည်။
သို့စေကာမူ သေမင်းဝိဉာဉ်မြို့၌ ဖိနှိပ်ခံထားရသည့် ဝိဉာဉ်များက ဘယ်လိုလုပ် ရိုးရှင်းနိုင်မည်နည်း။
မြို့ပြင်ဘက်က ဝိဉာဉ်ကိုယ်ထည်များအကြောင်းကို မပြောနဲ့ဦး၊ သေမင်းဝိဉာဉ်မြို့၏ အလယ်ဗဟိုရှိ အမွေအနှစ်မြေက ဝိဉာဉ်များပင်လျှင် အတော်လေးအစွမ်းထက်သည်။ သူတို့ကို အလယ်အလတ်အဆင့် ကြယ်နယ်မြေ၌ အားအကောင်းဆုံး တည်ရှိမှုများဟုပင် မှတ်ယူ၍ရသည်။
အရင်က ရှောင်ဟိုင်နှင့် ကျန်သောသူများက အလယ်အလတ်တန်းစား အမွေအနှစ်မြေက ဝိဉာဉ်များက အနည်းဆုံးတော့ အဆင့်မြင့်ကြယ်နယ်မြေက လူများဟု သံသယဖြစ်ခဲ့ကြသည်။
ထို့နောက် ယခုလိုအခြေအနေတွင်သာ မုဖူရှန်း၊ ရှောင်ဟိုင်၊ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက တစ်ဘက်လူ၏ ဝိဉာဉ်ကို တိုက်ရိုက်ဝါးမြိုပါက သူတို့ဝိဉာဉ်တစ်ခု ဝါးမြိုနိုင်ခဲ့လျှင်ပင် သူတို့အသိစိတ်ပင်လယ်က ပြိုကွဲသွားမည်ဖြစ်သလို အပိုင်စီးခြင်းလည်း ခံရပေလိမ့်မည်။
သို့စေကာမူ ဖန်သားပြင်က လူက ယဲ့ချိုးပိုင်၏ ခန့်မှန်းချက်ကို အတည်ပြုသည်။
"ဒါကိုသန့်စင်လို့ရတယ်၊ မင်းတို့အကန့်အသတ်အတွင်း ကြိုက်သလို စုပ်ယူလို့ရတယ်"
ထိုလူထံမှ အတည်ပြုချက်ကို ကြားရပြီးနောက် လင်းကျိနန်နှင့် စုမုယောင်တို့က ပျော်သွားကြသည်။
ဒီလိုဆိုပါက သူတို့ဝိဉာဉ်စွမ်းအားက မကြုံစဖူး အဆင့်တစ်ခုအထိ တိုးလာပေလိမ့်မည်။
သူတို့အတွက်မူ ဝိဉာဉ်စွမ်းအားက အမြဲလိုလို အားနည်းချက်ဖြစ်ခဲ့ရသည်။
ကျင့်ကြံသူတိုင်းနီးပါးက ဝိဉာဉ်ချီကျင့်ကြံခြင်းကို ပထမဆုံးဦးစားပေးကြသည်ဟု ဆိုနိုင်သည်။
သူတို့ဝိဉာဉ်က လိုအပ်လာသောအခါမှသာ အနည်းငယ် တိုးတက်လာတတ်သည်။
ပြောရပါက လုံလောက်နေသရွေ့ အဆင်ပြေသည်။
မုဖူရှန်းအနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင်နှင့် ရှောင်ဟိုင်တို့ အနားတိုးသွားကြသည်။
သုံးယောက်စလုံးက အသံပို့ရန်အတွက် သူတို့ဆရာပေးခဲ့သည့် အသံပို့ကျောက်စိမ်းဆွဲသီးများကို သုံးလိုက်ကြ၏။
သူတို့သာ အသံပို့လွှင်ရန်အတွက် ဝိဉာဉ်ချီကို သုံးမည်ဆိုပါက တစ်ဘက်လူက မှန်းဆသွားနိုင်လောက်သည်။
သို့စေကာမူ သူတို့က လုချန်ရှန်းကို ယုံကြည်မှုရှိသည်။
တစ်ဘက်လူက သူတို့အသံထုတ်လွှင့်မှု၏ အကြောင်းအရာများကို လုံး၀သိမည်မဟုတ်။
ယဲ့ချိုးပိုင် အသံပို့ကာမေးသည်။
"ဘာဖြစ်လို့လဲ၊ တစ်ခုခုမှားနေလို့လား"
မုဖူရှန်းခေါင်းညိတ်ကာ ပြန်ပြောသည်။
"မူမမှန်တဲ့အရာတွေ အများကြီးရှိတယ်"
"ပထမဆုံးအနေနဲ့ တစ်ဘက်လူရဲ့ပန်းတိုင်ကဘာလဲ၊ သူတို့ဘာလို့ သေမင်းဝိဉာဉ်မြို့ကို တည်ဆောက်ပြီး ကျွမ်းကျင်သူများစွာရဲ့ ဝိဉာဉ်တွေကို ဖိနှိပ်ထားရတာလဲ၊ အဆုံးသတ်မှာ ဒီအဆင့်ကို ဖြတ်ကျော်ဖို့ လိုတဲ့သူတွေက ဒီဝိဉာဉ်တွေကို စုပ်ယူမှာပဲလေ"
အဘယ်ကြောင့်ဆိုသော် အလင်းဖန်သားပြင်ထဲက လူက မသေသေးတာ ရှင်းနေခြင်းပင်။
ဒါ့အပြင် တစ်ဘက်လူက ဒီနယ်ပယ်နှင့် မသက်ဆိုင်ဘဲ အဆင့်မြင့်ကြယ်နယ်မြေက အင်အားစုတစ်ခုနှင့် သက်ဆိုင်တာ ရှင်းလင်းနေသည်။
မဟုတ်ပါက ဒီလိုလုပ်ရန် မဖြစ်နိုင်ပေ။
ယခုလိုမြင့်မားသည့်အဆင့်တစ်ခုတွင် ရပ်နေသည့် ကျွမ်းကျင်သူတစ်ယောက်က မသေခင်မှာ သေမင်းဝိဉာဉ်မြို့ကို တည်ဆောက်ခဲ့ရလေသနည်း။
ဘာလို့ ဒီဆုလာဘ်ယန္တရားတစ်ခုကို သူဖန်တီးခဲ့ရသနည်း။
ဒါက သူ့အရဿာက ဆိုးရွားနေလို့လား!
အကယ်၍ သူသာအမွေအနှစ်အတွက်ဆိုပါက ဘာကြောင့် သူတို့ထက် ပါရမီနှင့် ခွန်အားပိုအားကောင်းသည့် အဆင့်မြင့်ကြယ်နယ်မြေက အမွေခံကို မရှာရလေသနည်း။
မုဖူရှန်း ဆက်လက်အသံပို့သည်။
"ဆိုရိုးစကားရှိတယ်လေ၊ ဘာမှမလုပ်ဘဲနဲ့တော့ ဆုလာဘ်မရဘူး၊ ဒါနဲ့ပတ်သက်ပြီး ဘာမှမှားမနေဘူးဆိုရင် ကျွန်တော်တကယ် မယုံနိုင်ဘူး၊ အကြီးဆုံးမေးခွန်းကဒါပဲ၊ တကယ်လို့ တစ်ဘက်လူမှာ တောင်းဆိုချက်တစ်ခုရှိရင်တော့ အဆင်ပေုတယ်"
ယဲ့ချိုးပိုင်ခေါင်းညိတ်ရင်း လေးနက်စွာပြောသည်။
"မှန်တယ်၊ ဒါဆိုဒုတိယအချက်ကဘာလဲ"
မုဖူရှန်းဆက်သည်။
"ဒုတိယအချက်ကလည်း ပထမအချက်ကို အခြေခံထားတယ်"
"တကယ်လို့ တစ်ဘက်လူက ဆုလာဘ်တစ်ခုဖန်တီးချင်ရင် အမျိုးအစားများစွာ သေချာပေါက် ဖန်တီးနိုင်တယ်၊ ဒါပေမယ့် ဆုလာဘ်ကို ဝိဉာဉ်စွမ်းအားကို ဝါးမြိုဖို့ပဲ ဖန်တီးခဲ့တယ်"
"လူတစ်ယောက်ရဲ့ဝိဉာဉ်က ကာကွယ်ဖို့ အခက်ခဲဆုံးနေရာပဲ၊ တစ်ခြားဘက်က တစ်ခုခုလုပ်လိုက်တာနဲ့ ပုန်းကွယ်နေတဲ့ အချက်ကို ရှာဖွေဖို့ ဒီလောက်အစွမ်းရှိတဲ့ သူအတွက်တောင် ခက်ခဲနေလိမ့်မယ်"
မုဖူရှန်း၏စကားလုံးများက သူက အရမ်းသတိကြီးသဖြင့် သွေးလှန့်နေပုံရသည်။
သို့စေကာမူ ဒီအကြောင်းကို ဂရုတစိုက် တွေးတောကြည့်သောအခါ မုဖူရှန်း၏ အကြောင်းရင်းနှစ်ခုက ကိုက်ညီတာကို သူတို့ သဘောပေါက်သွားကြသည်။
ရှောင်ဟိုင်ခေါင်းကိုင်ရင်း အဆိုတစ်ခု အကြံပြုလာသည်။
"ဒီဝိဉာဉ်တွေထဲက တစ်ခုခုက ပြုပြင်မွမ်းမံခံထားရသလဲဆိုတာ ဘာလို့ မစမ်းကြည့်ရတာလဲ"
မုဖူရှန်းခါးသီးစွာပြုံးသည်။
"မရဘူး၊ ကျွန်တော့်ရဲ့မိုးကြိုးနည်းစနစ်က ဝိဉာဉ်ကို သန့်စင်နိုင်ပေမယ့် လက်ရှိစွမ်းအားနဲ့ ကျွန်တော်မလုပ်နိုင်ဘူး"
မုဖူရှန်း၏စကားလုံးများကို ကြားသောအခါ ယဲ့ချိုးပိုင်ပြုံးသည်။
"ငါတို့ တိမ်ပြာဓားကိုပါ ပေါင်းထည့်လိုက်မယ် ဆိုရင်ရော"
တိမ်ပြာဓား!
မုဖူရှန်းနှင့် ရှောင်ဟိုင်တို့က ရုတ်တရက် ယဲ့ချိုးပိုင်ကို ကြည့်လိုက်ကြ၏။
မှန်ပေသည်။
ဓားတာအိုတွင် စိတ်လှည့်စားမှုအားလုံးကို မြင်နိုင်စွမ်းရှိသည်။
ယဲ့ချိုးပိုင်၏ လက်ရှိဓားတာအိုအဆင့်သာဆိုပါက ဒီနေရာက ဝိဉာဉ်ကိုယ်ထည်များကို သူမြင်နိုင်မည်မဟုတ်။
သို့စေကာမူ အကယ်၍ သူသာ တိမ်ပြာဓားကို သုံးပါက အရာတိုင်းက ကွဲပြားသွားပေလိမ့်မည်။
ဒါ့အပြင် သေမင်းဝိဉာဉ်မြို့က ဖိနှိပ်စွမ်းအားကလည်း ပျောက်ကွယ်သွားလေပြီ။
ကျင့်ကြံခြင်းနယ်ပယ်နှင့် လက်နက်နှင့် ကျင့်ကြံခြင်းကျင့်စဉ်အဆင့်များအပေါ် ကန့်သတ်ချက်များကလည်း ပျောက်ကွယ်သွားခဲ့သည်။
သူတို့မသိတာက တိမ်ပြာဓား၏အဆင့်က သေမင်းဝိဉာဉ်မြို့ ဖိနှိပ်နိုင်သည့် အရာတစ်ခု မဟုတ်တော့တာကိုပင်။
အပိုင်း(744) coming။