#ကြယ်နယ်မြေမူလအား#
Vol. 53 Ch. 750
ဟုန်ရင်ကိုယ်ထဲက နယ်မြေစွမ်းအားက အဆင့်နိမ့်ကြယ်နယ်မြေ၏ စွမ်းအားကို စုဆောင်းပြီးနောက် တိုးတက်လာခဲ့သော်လည်း ထိုနယ်မြေစွမ်းအားများက အတူတကွ မပေါင်းစည်းခဲ့ပေ။
တစ်နည်းအားဖြင့် ဒီစွမ်းအားများက ဟုန်ရင်တစ်ကိုယ်လုံး၌ ပြန့်ကြဲနေသည်။
ရလဒ်အဖြစ် ဒါက အကြီးမားဆုံးသက်ရောက်မှုကို မထုတ်လွှတ်နိုင်ခဲ့ပေ။
လုချန်ရှန်း၊ မိုးမခပင်နှင့် ဟွမ်ချင်းတို့ကို တစ်ချက်တည်းနှင့် ပြောနိုင်သည်။
လျိုကျိယုပင်လျှင် ဟုန်ရင်ကိုယ်ထဲက စွမ်းအားက အတော်လေးပြန့်ကြဲနေတာကို ပြောနိုင်ပေသည်။
သို့စေကာမူ ဒီရက်များအတိုင်း တိုက်ပွဲတွေက ဟုန်ရင်၏ အင်ပါယာချီကို အကြီးအမား တိုးလာစေခဲ့သည်။
လက်ရှိဟုန်ရင်က အရင်နှင့်မတူတော့။ သူမထိုနေရာ၌ရပ်နေသရွေ့ ဧကရီတစ်ပါး၏ အသွင်အပြင်ကို ဖော်ပြနိုင်ပေလိမ့်မည်။
လက်ရှိဟုန်ရင်က ကိုယ်ထဲတွင် အင်ပါယာချီ(ဧကရီချီ)ကို ထိန်းထားပုံပေါ်သည်။
တစ်ချက်ကြည့်ရုံနှင့် ဒါကဘာမှမဖြစ်သော်လည်း အနီးကပ်ကြည့်မည်ဆိုပါက ဟုန်ရင်၏ ထိန်းချုပ်ထားသည့် အင်ပါယာချီကို သူတို့ခံစားမိမည်ဖြစ်ကာ သူမအား ဧကရီတစ်ပါးနှင့် ပို၍ပို၍ပင် တူလာစေသည်။
လုပ်ရပ်တစ်ခုတည်းကပင် ကမ္ဘာကြီးထဲက လူတိုင်းကို ခေါင်းငုံ့စေနိုင်သည့်အသွင်။
သူ့ဆရာ၏စကားလုံးများကို ကြားသောအခါ ဟုန်ရင်အနည်းငယ် ကြက်သေသေသွားပြီး မေးသည်။
"တပည့်ဘယ်လိုသိပ်သည်းအောင် လုပ်ရမလဲ"
ဒီမေးခွန်းက ဟုန်ရင်ကို အချိန်အတော်ကြာ စိတ်ဒုက္ခပေးနေခဲ့သည်။
သို့စေကာမူ သူမတစ်ဦးတည်းကျင့်ကြံပါက သိသာသည့်သက်ရောက်မှုမရှိပေ။
သူမကိုယ်ထဲ၌ ပြန့်ကြဲနေသည့် နယ်မြေစွမ်းအားက သူမ၏အားထုတ်မှုများနှင့်အတူ ပေါင်းစပ်တော့မည့် လက္ခဏာကို ပြနေသော်လည်း ဒါက ရေပုံးထဲက ရေတစ်စက်မျှသာ။
တကယ်တမ်းတွင် နောက်နယ်မြေများ၏ စွမ်းအားကို စုပ်ယူပြီးနောက် ကောင်းကင်ဘုံတာအိုကို ယူဆောင်ပြီးသောအခါ သူမကိုယ်ထဲက နယ်မြေစွမ်းအားက ပို၍ပို၍ပင် ပြန့်ကြဲလာသည်။
သူမဒီအပေါ် ဘာမှလုပ်နိုင်စွမ်းမရှိဟု ဆို၍ရသည်။
မူလက ဟုန်ရင် သူမဆရာကို ဒုက္ခမပေးဘဲ ပို၍ကြိုးစားချင်ခဲ့သည်။
သူမဆရာအပေါ် သူမအမြဲတမ်းအားကိုး၍ မရနိုင်သည့် အရာတစ်ချို့ရှိပါသည်။ မဟုတ်ပါက သူမမှီခိုနေပြီဆိုတာနှင့် ဒါက သူမ၏ ကျင့်ကြံခြင်းလမ်းကြောင်း၌ ဆိုးရွားသည့်သက်ရောက်မှုတစ်ခုကို သေချာပေါက် ဖြစ်လာစေလိမ့်မည်။
မျှော်လင့်မထားစွာပင် လုချန်ရှန်း တစ်ချက်တည်းကို ဒါကိုသတိထားမိသည်။
လုချန်ရှန်းတစ်ခဏမျှတွေးတောပြီးနောက် တွေးတောနေသည့် အမူအရာတစ်ခုကို ပြသနေသည်။
ထို့နောက် သူပါးစပ်ဖွင့်ကာ လက်ခုပ်တီးလိုက်လေသည်။
ဟုန်ရင်အံ့ဩသင့်သွားရသည်။
"ဆရာ၊ ဒါကိုတွေးမိပြီလား"
သူမစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် လုချန်ရှန်း မိုးမခပင်ကိုကြည့်ကာ မေးသည်။
"မိုးမခပင်လေး၊ ဘယ်လိုလုပ်ရမလဲဆိုတာ မင်းသိလား"
ဟုန်ရင် "....."
နင်းချန်ရှင်း "......"
ရှီရှန်း "....."
မု၀မ်အာ "....."
ဟွမ်ချင်းနဲ့ လျိုကျိယု "....."
မိုးမခပင်လျှင် အချိန်အတော်ကြာ ဆွံအနေခဲ့သည်။
မင်းရဲ့အမူအရာကနေ အဖြေတစ်ခုရလာပြီလို့ ငါထင်နေတာ!
လုချန်ရှန်းခေါင်းကုတ်ရင်း ကိုးရိုးကားရားပြုံးသည်။
"ငါမသိတာက ပုံမှန်ပဲမလား"
ပုံမှမဟုတ်ဘူးလား!
ဒါကဘယ်လိုပုံမှန်လဲ!
မိုးမခပင်ရယ်မောသည်။
"တကယ်တော့ ဒါကအရမ်းကြီး မခက်ခဲပါဘူး၊ ငါတို့နယ်မြေနှလုံးသားအနှစ်သာရကို နားလည်သဘောပေါက်နိုင်သရွေ့ အဆင်ပြေတယ်"
နယ်မြေနှလုံးသားအနှစ်သာရ!
ဒါကိုမြင်သောအခါ မိုးမခပင် ဆက်လက်ရှင်းပြသည်။
"နယ်မြေနှလုံးသားက နယ်မြေရဲ့မူလအစကို ကိုယ်စားပြုတယ်"
"တကယ်လို့ ဒီမူလစွမ်းအားတွေကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ချင်ရင် ဒါက ဒီနယ်မြေတွေရဲ့စွမ်းအားကို ကြယ်နယ်မြေနှလုံးသားအဖြစ် ပြောင်းလဲနိုင်တယ်လို့ ဆိုလိုတာပဲ"
ကြယ်နယ်မြေနှလုံးသား!
လျိုကျိယုနှင့် ဟွမ်ချင်းတို့ ဒါကိုကြားသောအခါ အနည်းငယ် ထိတ်လန့်သွားခဲ့ကြ၏။
ဟုန်ရင်နှင့်ကျန်သောသူများမသိတာက ပုံမှန်သာ။
သို့စေကာမူ အမှောင်ပိုင်နက်၏ ကြယ်ငါးပွင့်သင်းအုပ်ဆရာနှင့် ဖီးနစ်ကလန်က ဟွမ်ချင်းတို့က ကြယ်နယ်မြေနှလုံးသား ဘာကို ကိုယ်စားပြုသလဲဆိုတာ ဘယ်လိုလုပ် မသိဘဲနေမည်နည်း။
မိုးမခပင်ကပြောသည်။
"ကြယ်နယ်မြေတိုင်းမှာ ကိုယ်ပိုင်နှလုံးသားရှိပြီး ဒါက နယ်မြေစွမ်းအားလိုမျိုး မူလစွမ်းအားပဲ"
"ကြယ်နယ်မြေရဲ့ မူလစွမ်းအားကနေ ဖြန့်ဖြူးထားတဲ့ နယ်မြေမူလစွမ်းအားကိုလည်း မင်းနားလည်နိုင်တယ်"
"နယ်မြေနှလုံးသားက ပျံ့နှံ့မှုဖြစ်ပြီး ကြယ်နယ်မြေနှလုံးသားက ပေါင်းစည်းမှုပဲ"
ထိုအချိန်တွင် လျိုကျိယု လေးနက်သည့် အမူအရာဖြင့်ပြောသည်။
"ဒါပေမယ့် ကြယ်နယ်မြေနှလုံးသား တည်ရှိတယ်ဆိုရင်တောင် ဘယ်သူမှ ဒါကို မမြင်ဖူးကြဘူးလေ"
"ဒါ့အပြင် ကြယ်နယ်မြေရဲ့ မူလစွမ်းအားကို ရဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ကမ္ဘာအနှံ့ကစွမ်းအားကို ရယူခြင်းနည်းလမ်းကပင် အတော်လေးခက်ခဲနေလေပြီ။ ပထမအချက်က ဒေသတစ်ခုအဖြစ် ပေါင်းစည်းရမည်။
ဒါ့အပြင် နယ်မြေစွမ်းအားအားလုံးကို ကြယ်နယ်မြေစွမ်းအားအဖြစ်လည်း ပေါင်းစပ်ရဦးမည်လား!
အဆင့်နိမ့်ကြယ်နယ်မြေက အားနည်းသော်လည်း သီအိုရီအရ ဒါကမဖြစ်နိုင်ပေ။
သို့စေကာမူ မိုးမခပင်ပြောသည်။
"သာမန်အခြေအနေတွေမှာ ဒါကမဖြစ်နိုင်ဘူး၊ ငါသာဆိုရင် အဖြေတွေအများကြီး ငါတွေးနိုင်မှာမဟုတ်ဘူး၊ ဒါ့အပြင် မင်းတို့ထဲကတစ်ယောက်မှ လက်ရှိအဆင့်မှာ ဒီလိုဖြေရှင်းနည်းတွေကို မလုပ်နိုင်ဘူး"
လုချန်ရှန်းဆွံအသွားသည်။
"ကောင်းပြီ၊ ကောင်းပြီ၊ အဓိကကို ပြောကြရအောင်၊ မင်းပြောပြီဆိုမှတော့ မင်းမှာ လုပ်ဖို့နည်းလမ်းတစ်ခု ရှိရမယ်"
မိုးမခပင်ရယ်မောသည်။
"စိတ်မပူပါနဲ့၊ ဒီနည်းလမ်းက မင်းအပေါ် မူတည်တယ်"
"ငါ့အပေါ်လား"
လုချန်ရှန်းသူ့ကိုယ်သူလက်ညိုးထိုးရင်း ပြောသည်။
"ဘာလုပ်ရမှန်းတောင် ငါမသိဘူး"
မိုးမခပင်က သိမ်မွေ့သည့်အသံဖြင့် ပြောသည်။
"ရှေးဦးမူလ"
ဒီစကားလုံးကိုပြောသောအခါ လုချန်ရှန်းအတွေးနက်ထဲ ကျသွားရသည်။
မိုးမခပင်ဆက်ပြောသည်။
"စွမ်းအားမျိုးစုံကို ထည့်သွင်းဖို့အတွက် မင်းရှေးဦးမူလကျင့်ကြံခြင်းကျင့်စဉ်ကို ဖန်တီးခဲ့တာပဲမလား"
"ဒါရဲ့အသုံးပြုမှုက ကန့်သတ်ထားတယ်ဆိုပေမယ့် ဒီရိုးရှင်းတဲ့နည်းစနစ်က ဟုန်ရင်အတွက် သင့်တော်တယ်"
လျိုကျိယု ထိတ်လန့်နေသည့် အမူအရာဖြင့် ပြောလာသည်။
"စီနီယာလုရဲ့ကျင့်ကြံခြင်းကျင့်စဉ်က ကြယ်နယ်မြေနဲ့ နယ်နိမိတ်စွမ်းအားကိုတောင် ပေါင်းစပ်နိုင်တာလား"
မိုးမခပင်က အတည်ပြုသည့်အသံကို ထုတ်လွှတ်သညိ။
မိုးမခပင်၏ သတိပေးချက်အပြီးတွင် လုချန်ရှန်း တစ်ခဏမျှတွေးပြီးနောက် ဒါက ဖြစ်နိုင်ချေရှိတယ်ဆိုတာကို သိလိုက်သည်။
ထို့ကြောင့် သူဟုန်ရင်ရှိရာသို့ လျှောက်သွားသည်။
ဟုန်ရင်ဘေးသို့ ရောက်လာစဉ် သူ့လက်ကို သူမ၏ဒန်တျန်ပေါ် တင်လိုက်၏။
"မလှုပ်ရှားနဲ့၊ စိတ်လျှော့ထား"
သူမဆရာ၏ လေးနက်သောအမူအရာကို မြင်သောအခါ ဟုန်ရင်ခေါင်းညိတ်သည်။
သူမကိုယ်ခန္ဓာကို တဖြည်းဖြည်း ဖြေလျှော့ပေးသည်။
လုချန်ရှန်းအတွက်မူ သူ ဟုန်ရင်၏ နယ်မြေစွမ်းအားတစ်ချို့ကို သူ့ကိုယ်ထဲသို့ စုပ်ယူရန်အတွက် သူ့ကိုယ်ပိုင်စွမ်းအားကို ချက်ချင်းသုံးလိုက်၏။
ထိုအခိုက်အတန့်တွင် လုချန်ရှန်းလက်ကို ရုပ်သိမ်းကာ မြေပေါ်၌ တင်ပလ္လင်ခွေထိုင်ပြီး နယ်မြေအမျိုးမျိုး၏ စွမ်းအားကို ပေါင်းစပ်ရန်အတွက် ရှေးဦးမူလကို အသုံးပြုရင်း ကြိုးစားသည်။
မိုးမခပင် ဒီနည်းလမ်းကို ပြောခဲ့သော်လည်း လုချန်ရှန်း ၎င်း၏ဖြစ်နိုင်ချေကို အတည်ပြုရန် လိုအပ်ပါသေးသည်။
ရှေးဦးမူလကို ဖန်တီးထားတာ မကြာသေးပါ။
သူစွမ်းအားများစွာကို ပေါင်းစည်းနိုင်မလားဆိုတာ လုချန်ရှန်းပင်မသိပေ။
ဥပမာအားဖြင့် ဒီနယ်မြေ၏စွမ်းအားဖြစ်သည်။
ထိုကြောင့် သေချာစေရန်အတွက် သူအနည်းငယ် အရင်ထုတ်ပြီး စမ်းသပ်ကြည့်ရပေမည်။
မဟုတ်ပါက ဟုန်ရင်၏ကိုယ်ထဲတွင် တစ်ခုခုဖြစ်ပျက်သွားပါက ကျရှုံးသွားလျှင် နယ်မြေများစွာ၏စွမ်းအားက တန်ပြန်သက်ရောက်ပေလိမ့်မည်။
ထို့နောက် ဘာဖြစ်ပျက်လာမလဲဆိုတာ ဘယ်သူမှမသိပါ။
သို့စေကာမူ ဟုန်ရင်ကတော့ မထိခိုက်ဘဲ လွတ်မြောက်မည်မဟုတ်။
အမွေးတိုင်တစ်တိုင်စာအချိန် ကုန်ဆုံးသွား၏။
ဒီကာလအတွင်း လူတိုင်း၏အကြည့်က လုချန်ရှန်းပေါ် ကျရောက်နေသည်။ ထိုစဉ် လုချန်ရှန်းပျော်ရွှင်စွာ မျက်လုံးဖွင့်ပြီး သူ့လက်ကို ဆန့်ထုတ်လိုက်၏။
သူ့လက်ဖဝါးပေါ်၌ အလွန်အမင်းဆန်းကြယ်သည့်မူလစွမ်းအားတစ်ခုက မြှင့်တက်လာခဲ့သည်။
လူတိုင်းအနည်းငယ်စိတ်ပြေလျော့သွားရသည်။
ဒီမူလစွမ်းအားက နယ်မြေနှလုံးသားရှိ မူလစွမ်းအားနှင့် ကွဲပြားသည်။ ၎င်း၏ အနှစ်သာရက ပို၍အဆင့်မြင့်ပြီး ဆန်းကြယ်ပုံရသလို ပိုအားကောင်းသည်။
လုချန်ရှန်းပြုံးသည်။
"ကောင်းပြီ၊ ဒါပေမယ့် မင်းပြင်ဆင်မှုတစ်ချို့ လုပ်ဖို့လိုသေးတယ်"
"ဘာပြင်ဆင်မှုလဲ"
လုချန်ရှန်း အဂ္ဂိရတ်ခန်းမထဲ ၀င်သွားတာကို မြင်သောအခါ ဟုန်ရင်မေးလိုက်သည်။
မိုးမခပင် လုချန်ရှန်းကိုယ်စား အဖြေပေးလိုက်သည်။
"မင်းဆရာက မင်းအတွက် ဆေးလုံးတွေ သန့်စင်ဖို့သွားတာ၊ မဟုတ်ဘူးဆိုရင် မင်းရဲ့လက်ရှိခန္ဓာနဲ့ ဒီလောက်များပြားတဲ့ မူလစွမ်းအားတွေရဲ့ပေါင်းစပ်မှုကို မင်းခံနိုင်မှာမဟုတ်ဘူး"
အပိုင်း(751) coming။