#ဆန်းကြယ်သောနတ်အသိ#
Vol. 53 Ch. 754
ဟုန်ရင်၏ ဒန်တျန်ထဲတွင် ကြယ်နယ်မြေနှလုံးသားကို ချိပ်ပိတ်ထားလျှင်ပင် အကြွင်းအကျန် ကြယ်နယ်မြေမူလစွမ်းအားလှည့်ပတ်ခြင်းကို စုပ်ယူရန်ဟူသည် သေချာပေါက်မဖြစ်နိုင်ပေ။
လုချန်ရှန်း၏အကူအညီနှင့် မူလစွမ်းအင်စုပ်ယူခြင်းက ခရီးပေါက်လာသည်။
ဒုတိယလှည့်ပတ်ခြင်းကို ရောက်သောအခါ ဟုန်ရင် နောက်တစ်ကြိမ်ချိုးဖျက်သွားပြီး မြေအင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်သွားသည်။
ဘေးကနေ မု၀မ်အာ မနာလိုစွာပြောသည်။
"ဒီတစ်ကြိမ်တော့ အစ်မဟုန်ရင်ရဲ့နယ်ပယ်က ငါတို့ထက် အများကြီးမြင့်သွားတော့မယ်"
နင်းချန်ရှင်းကလည်းပြုံးသည်။
"ဒီနှစ်တွေထဲမှာ စီနီယာအစ်မရဲ့ကျင့်ကြံခြင်းက နောက်ကျကျန်မနေခဲ့ဘူး၊ အခုသူ လုံလုံလောက်လောက် စုဆောင်းထားနိုင်ပြီဆိုတော့ ဒါကို သူဆန္ဒရှိတဲ့အတိုင်း သတ်မှတ်လို့ရနေပြီ"
ရှီရှန်းကလည်း ရိုးသားစွာခေါင်းကုတ်သည်။
"အချိန်ကျလာတဲ့အခါကျရင် စီနီယာအစ်မနဲ့ လေ့ကျင့်ဖို့သွားတဲ့အခါကျရင် ကျွန်တော် အရမ်းသတိထားနေစရာလိုမှာ မဟုတ်တော့ဘူး"
ဟုန်ရင်ကို မူလစွမ်းအင်ကို စုပ်ယူရန် ကူညီပေးနေသည့် လုချန်ရှန်းမှာ ရှီရှန်းပြောစကားကို ကြားလိုက်ရသဖြင့် သူ့မျက်ခုံးများပင် တုန်ယင်သွားရသည်။
ဒီကောင်တွေ နောက်တစ်ခုထပ်ပြီး လုပ်ကြတော့မလို့လား!
မဟုတ်ဘူး၊ ငါသူတို့ကို ဒီလိုအတွေးမျိုး တွေးခွင့်ပေးလို့မရဘူး!
ဟုန်ရင်၏ကျင့်ကြံခြင်းကို ကူညီပြီးနောက် သူမ၏စွပ်ပြုတ်ကိုသောက်ရင်း တစ်ခဏအနားယူကာ သူတို့ကို သူသင်ခန်းစာတစ်ခု သင်ကြားပေးရပေမည်။
မဟုတ်ဘူး၊ ညနေစာစားတဲ့အချိန်အတွင်း ငါပြောရမယ်!
ယဲ့ချိုးပိုင်လိုမျိုး သူတို့ဒါကိုသေချာပေါက် လုပ်လို့မရဘူး၊ မဟုတ်ဘူးဆိုရင် ပြဿာနာတွေ ရောက်လာလိမ့်မယ်!
အမ်!
ယဲ့ချိုးပိုင်အကြောင်းပြောမှ ဒီကောင်စုတ်လေးက ငါ့ကိုလာမရှာတာ အတော်လေး ကြာသွားပြီပဲ!
ငါ့ရဲ့သင်ကြားမှုအောက်မှာ နောက်ဆုံးတော့ သူပြောင်းလဲသွားခဲ့ပြီလား!
လုချန်ရှန်းကျေနပ်စွာ ခေါင်းညိတ်သည်။
ဒီလိုသာဆိုရင်တော့ သူတကယ်ကြီးထွားလာခဲ့ပြီပဲ!
ကြယ်နယ်မြေမူလစွမ်းအားကို အဆက်မပြတ်စုပ်ယူမှုအောက်တွင် ဒါက ဟုန်ရင်ကိုယ်ထဲတွင် တတိယအကြိမ် လှည့်ပတ်လာသည်။
စတုတ္ထအကြိမ်လှည့်ပတ်ခြင်း!
အဆုံးသတ်တွင် အကြွင်းအကျန်မူလစွမ်းအင်အားလုံးကို အပြည့်အ၀ စုပ်ယူနိုင်ခဲ့သည်။
ဟုန်ရင်ကလည်း မြေအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ကို အောင်မြင်စွာရောက်သွားခဲ့သည်။
ဒီနေရာတွင် လုချန်ရှန်း သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။
"မင်းကျင့်ကြံဖို့အတွက် မူလစွမ်းအားကို စည်းတံဆိပ်ကနေ ဖြည်းဖြည်းချင်း ထုတ်ယူလို့ရတယ်"
"ငါမင်းရဲ့ကိုယ်ထဲမှာ ရှေးဦးမူလစွမ်းအားနည်းနည်း ချန်ထားပေးခဲ့မယ်၊ ဒီလှည့်ပတ်ခြင်းလမ်းကြောင်းအတိုင်းသာ လိုက်ပြီး ကျင့်ကြံပါ"
လုချန်ရှန်း ဒီတပည့်အားလုံးကို သူ့ကျင့်ကြံခြင်းနည်းစနစ်အား သင်ကြားပေးချင်သည်။
သို့စေကာမူ သူတို့အားလုံးတွင် ကိုယ်ပိုင်လမ်းကြောင်းအသီးသီး ရှိကြသည်။
ဒီနေကခွဲထွက်ပြီး ရှေးဦးမူလနည်းစနစ်ကို ကျင့်ကြံခြင်းက သူတို့အတွက် အသင့်တော်ဆုံးနည်းလမ်းမဟုတ်ပါ။
ဒါကိုတွေးမိသောအခါ လုချန်ရှန်း ဒီအကြံဉာဏ်ကို လက်လျှော့လိုက်ရသည်။
အကယ်၍ သူ့တွင် နောက်တပည့်တစ်ယောက် လက်ခံရန် အခွင့်အရေးရှိလာသောအခါမှသာ ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရပေမည်။
ဟုန်ရင်ခေါင်းညိတ်သည်။
ထို့နောက် သူမ လုချန်ရှန်းရှေ့တွင် ဒူးထောက်ကာ လေးစားစွာပြောသည်။
"ကျေးဇူးပါဆရာ"
လုချန်ရှန်းလက်ဝှေ့ယမ်းရင်း စိတ်မရှည်စွာပြောသည်။
"ငါ့ကိုဒီလိုမလုပ်ဖို့ မင်းတို့ကို ပြောထားတယ်မလား၊ မင်းမှာဒူးထောက်ဖို့ အချိန်ရှိနေတယ်ဆိုရင် ဘာလို့မြန်မြန်သွားပြီး ငါ့အတွက် ငါးသွားမဖမ်းရတာလဲ"
ဟုန်ရင်ပါးစပ်လေးကိုပိတ်ကာ ရယ်မောသည်။ ထို့နောက် ခေါင်းညိတ်ကာ လုချန်ရှန်း တည်ဆောက်ထားသည့် ငါးရေကန်လေးရှိရာသို့ လျှောက်သွားသည်။
လုချန်ရှန်း၏အကြည့်အောက်တွင် နင်းချန်ရှင်းနှင့် မု၀မ်အာတို့ကလည်း အလျင်အမြန် ကူညီရန် ထွက်သွားကြ၏။
ရှီရှန်းကလည်း လက်ဦးမှုရယူကာပြောလာသည်။
"ကျွန်တော်လည်းသွားလိုက်မယ်"
ကျောက်တုံးလေးက နှုတ်ခမ်းများကို လျက်ကာ သူတို့နောက်မှ လိုက်သွားချင်သော်လည်း လုချန်ရှန်း၏ဆွဲယူကာ ပစ်ပေါက်ခြင်းကို ခံရသည်။
"မင်းထပ်ပြီးအဲဒါကို ခိုးချင်နေတာလား"
လက်ဆောင်ကိုခိုးတာ!
ဟမ်!
ဘာလို့ဒီစကားလုံးတွေက နည်းနည်း လွဲနေသလိုခံစားရတာလဲ၊ ဒီကောင်က ခိုးရုံတင်မကဘူး၊ စားပါစားတာလေ!
မေ့လိုက်တော့၊ ငါဒါကိုထပ်မစဉ်းစားတော့ဘူး!
ထိုအချိန်တွင် ဘေးကမိုးမခပင်မေးသည်။
"ဟုန်ရင်က မြေအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်နေပြီ၊ သူ့ကို အင်မော်တယ်နယ်မြေကို ခေါ်သွားသင့်တယ်မလား"
ဒါကိုကြားသောအခါ လုချန်ရှန်းတစ်ခဏမျှ တွေးတောရင်း ခေါင်းခါယမ်းသည်။
"အမြန်လိုစရာမလိုဘူး၊ ဒီကောင်စုတ်လေးတွေအကုန်လုံး မြေအင်မော်တယ်နယ်ပယ်ကို ချိုးဖျက်တဲ့အထိ စောင့်ကြည့်ကြတာပေါ့"
"တစ်ယောက်ချင်းစီ ယူဆောင်သွားရမယ်ဆိုရင် ငါခနခနသွားနေရဦးမယ်"
"ဒါကငါပျင်းလို့မဟုတ်ဘူး၊ ငါသွားတဲ့အကြိမ်တိုင်း ကံတရားတစ်ခုခုမှာ ပါ၀င်မိဖို့အတွက် ဖြစ်နိုင်ချေရှိနေလို့ပဲ"
ဘေးက လျိုကျိယုမှာ တိုးညင်သောအသံဖြင့် ညည်းညူသည်။
"ဒါပေမယ့် ပျင်းရိမှုက အဓိကအချက်ပဲလေ"
သို့သော် လုချန်ရှန်း၏အဆင့်တွင် သူ့အသံကမည်မျှပင် တိုးညင်းစေကာမူ ပါးစပ်ပိတ်မနေသေးသရွေ့ သူသေချာပေါက် ကြားမည်သာ။
ချက်ချင်းဆိုသလို အသံတစ်သံက လျိုကျိယုကို တုန်ယင်သွားစေပြီး သူ့အပေါ် ခုန်အုပ်လာတော့မည့်အလားပင် ထင်လိုက်ရသည်။
"ရှောင်လျို၊ အခုစားဖို့ အချိန်ကျပြီ၊ ညနေစာမစားခင် လေ့ကျင့်ရမယ်၊ အချိန်ကျလာတဲ့အခါကျရင် မင်းပိုပြီး မြိန်ရေရှက်ရေစားနိုင်မှာပါ"
အာ၊ မဟုတ်ဘူးးး!
လျိုကျိယုဒါကိုကြားသောအခါ အဖြေပေးရန်အတွက် ခေါင်းလှည့်ရန်ကို သူတွေးပင်မတွေးဘဲ ထွက်ပြေးလွတ်မြောက်ချင်စိတ်သာ ရှိတော့သည်။
သို့စေကာမူ ဒီနေရာက ထာ၀ရသက်တမ်းကမ္ဘာပင်။ တခြားအရာများကိုမဆိုထားနဲ့၊ ဒါက လုချန်ရှန်းကိုယ်တိုင် တည်ဆောက်ခဲ့သည့် ကမ္ဘာဖြစ်သည်။
ဒီနေရာတွင် လုချန်ရှန်းက အကြွင်းမဲ့ဘုရင်ဖြစ်သည်။
လျိုကျိယု ဘယ်လိုလုပ် လွတ်မြောက်နိုင်မည်နည်း။
သူချက်ချင်းပင် ဖမ်းခံရပြီး အရိုက်ခံရသည်။
ဟွမ်ချင်း ကျောက်တုံးလေးကိုဆွဲကာ မျက်လုံးလေးတွေကို ဖုံးထားသည်။
"နင်ကငယ်သေးတယ်၊ ဒီလိုသွေးသံတရဲရဲ မြင်ကွင်းတွေကို မကြည့်နဲ့"
ညနေစာစားပြီးနောက် လုချန်ရှန်း အခင်းအကျင်းအစီအရင်ကို ချထားခဲ့သည့်နေရာသို့ သွားလိုက်သည်။
မကြာသေးခင်က နတ်အသိများစွာကို စူးစမ်း၀င်ရောက်လာတာကို သူခံစားမိခဲ့သည်။
ဒီနတ်အသိတွေက အခင်းအကျင်းဗဟိုချက်ကို ရှာတွေ့သွားသလားဆိုတာ သူစစ်ဆေးရမည်ဖြစ်ကာ ဒီနတ်အသိကို ဘယ်သူပိုင်ဆိုင်သလဲဆိုတာကိုလည်း သူရှာဖွေရပေမည်။
သူ အခင်းအကျင်းအစီအရင်ရှိရာသို့ ရောက်လာသောအခါ လုချန်ရှန်းချက်ချင်းမ၀င်ဘဲ ယင်းအစား ပတ်ပတ်လည် အကြိမ်ရေအနည်းငယ်ခန့် လျှောက်သွားသည်။
မည်သူမှ ချိုခုံတိုက်ခိုက်ရန် ရှိမနေတာကို အတည်ပြုပြီးနောက် သူအထဲသို့ အလွယ်တကူ ၀င်လိုက်၏။
အရင်က သူဒီအခင်းအကျင်းအစီအရင်ကို ချခဲ့စဉ်က တစ်ဘက်လူ၏ နတ်အသိအမျှင်တန်းတစ်ခုကို ထိန်းသိမ်းထားနိုင်သည့် အခင်းအကျင်း အစီအရင်တစ်ခုကိုလည်း လုချန်ရှန်းပေါင်းထည့်ခဲ့သည်။
အစီအရင်ထဲတွင် လုချန်ရှန်းအနည်းငယ် ကြက်သေသေသွားသည်။
ထို့ထဲတွင် အသိစွမ်းအားရှစ်ခုကျန်ရှိနေသည်။
နတ်အသိခြောက်ခုက အချင်းချင်းမသိသော်လည်း သူတို့ နတ်ဝိဉာဉ်ကနေ ထုတ်လွှတ်သည့် အသိစွမ်းအားအရ လုချန်ရှန်း သူတို့ကို အာရုံခံနိုင်သည်။
သူတို့ခွန်အားကလည်း အတော်လေးအားကောင်းပုံရသည်။
ခုနှစ်ခုမြောက်ကမူ လုချန်ရှန်းရင်းနှီးနေတာကို တွေ့လိုက်ရသည်။
ဒါက အင်မော်တယ်နယ်မြေ၏အော်ရာပင်။
ဒါ့အပြင် ဒါက အင်မော်တယ်နယ်မြေ၌ လုချန်ရှန်းတွေ့ကြုံခဲ့ရသည့် မျက်လုံးကြီး၏ အော်ရာပေတည်း။
သူကလည်း ပုံမမှန်တာကို သတိထားမိတာလား!
သူ့ရှေ့က အင်မော်တယ်နယ်မြေ၏ မျက်လုံးက သေမျိုးနယ်မြေကို စောင့်ကြည့်နေပုံရသည်။
သို့သော် ရှစ်ခုမြောက်အော်ရာကို ရောက်လာသောအခါ လုချန်ရှန်းအနည်းငယ် ကြက်သေသေသွားရသည်။
သူ့မျက်လုံးများ၌ ရှားပါးသော အံ့ဩသင့်နေသည့် အရိပ်အယောင်တစ်ခုရှိသည်။
ဒီအသိစွမ်းအားအမျှင်တန်းကို နတ်ဝိဉာဉ်ကနေ ထုတ်လွှတ်ခြင်းဖြစ်သော်လည်း ဒီအသိအမျှင်က အင်မော်တယ်အသိခြောက်ခုနှင့် မျက်လုံးကြီးက ထုတ်လွှတ်သည့် အသိထက်ပင် ပို၍အားကောင်းသည်။
ဒါ့အပြင် ဒီနတ်အသိ၏စွမ်းအားနှင့် ဆိုပါက သူသာစွမ်းအားအပြည့်သုံးပြီး အချိန်အနည်းငယ် သုံးလိုက်ပါက လုချန်ရှန်း၏ ပုံရိပ်ယောင် အခင်းအကျင်း အစီအရင်ကို ချိုးဖျက်နိုင်ပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် မည်သည့်ခြေရာမှမကျန်ဘဲ နောက်ဆုတ်သွားနိုင်ပေသည်။
သို့စေကာမူ ဒီအော်ရာ၏ မူလပိုင်ရှင်က လုချန်ရှန်းသတိထားမိရန်အတွက် တမင်သက်သက် ချန်ထားခဲ့ပုံရသည်။
လုချန်ရှန်းမျက်မှောင်ကြုတ်သည်။
"ဒါဘယ်သူလဲ"
မျှော်လင့်မထားစွာပင် လုချန်ရှန်းခေါင်းခါယမ်းသည်။
"မဟုတ်ဘူး၊ ငါဒီအခင်းအကျင်းအစီအရင်တွေကို အမြန်ပြန်လုပ်ရမယ်၊ ဒါတွေကို အရင် ပြီးပြည့်စုံအောင်လုပ်ပြီး အားဖြည့်ကြတာပေါ့"
ထို့နောက် သူအခင်းအကျင်းဗဟိုချက်ကို စိုက်ကြည့်ရင်း တစ်ခဏမျှစဉ်းစားကာ အော်ရာအားလုံးကို ဖျက်ဆီးပစ်ပြီး အခင်းအကျင်းဗဟိုချက်၏ ဗဟိုချက်တည်နေရာကိုလည်း ပြောင်းပစ်သည်။
အနာဂတ်တွင် သူပိုပြီးဂရုစိုက်ရပေမည်။ သူပို၍အားကောင်းလာသည်နှင့်အမျှ သူနှင့် ထိတွေ့ဆက်သွယ်လာသည့် လူများနှင့် အင်အားစုများကလည်း အားကောင်းသထက် ပိုအားကောင်းလာကြ၏။
ဒါက ဒီလိုအခြေအနေမျိုး ပထမဆုံးအကြိမ် ဖြစ်ပျက်လာခြင်းပင်။
လုချန်ရှန်းနိုးကြားသွားရသည်။ ယခုလိုအရာမျိုးကသာ မကြာခဏဖြစ်ပျက်နေပါက သူ့ထိန်းချုပ်မှုထဲကနေ အလွယ်တကူ လွတ်မြောက်သွားပေလိမ့်မည်။
အပိုင်း(755) coming။