ပွဲတော်။
Vol. 5 Ch. 49
မိုးပြာမြစ်ရေပြင်ပေါ်တွင် ပေတစ်ရာခန့် ကျယ်သော သစ်သားတံတားလေးတစ်ခု ယာယီ ထွက်ပေါ်လာသည်။
တံတားတစ်ဖက်သည် ကွမ်လင်မြို့ဖြင့် ဆက်သွယ်ထားပြီးနောက် အခြားတစ်ဖက်တွင် တိမ်တံခွန်မြို့ ဖြစ်၏။
၎င်းတို့အလယ်တွင် သံကြိုးများပေါ်၌ ထူထဲသော ကျောက်ပြားများ ခင်းကျင်းလျက် စင်မြင့်တစ်ခုရှိနေသည်။
အမြင့်သုံးမီတာနှင့် အကျယ်အဝန်း ဆယ်မီတာခန့်ရှိ၏။ ယင်းကို နဂါးစင်မြင့်ဟု ခေါ်တွင်သည်။
မြစ်အတွင်း၌ စောလျင်စွာပင် ရောက်ရှိနေသည့် လှေကြီးလှေငယ်များဖြင့် စည်ကားနေသည်။
စုရီက မြစ်ပြင်တစ်လျှောက် မျှော်ကြည့် လိုက်သည်။ နဂါးတံခါးဧည့်ခံပွဲကို ညအချိန်တွင် ကျင်းပပေမည်။
ထိုအချိန်၌ ရေပေါ်တံတား၌ အလှဆင်ထားသော မီးတိုင်များဖြင့် အမှန်ပင် ကြည်နူးဖွယ် ကောင်းနိုင်၏။
“ စုရီ ... မင်းသူငယ်ချင်း ကွမ်လင်မြို့ရဲ့ လူ့ပေါက်ပန်း ပါမလာဘူးလား။ ”
မြို့တံခါးမှ လှမ်းထွက်လာသော ဝမ်ရှောင်ပိုင်က မြစ်ပြင်ထံ ငေးကြည့်နေသည့် စုရီကို င်ပြီး လှောင်ပြုံးဖြင့် မေးမြန်းလိုက်၏။
“ ဟမ့် ... မင်းက ဘယ်သူ့ကိုမေးနေတာလဲ။ ”
စုရီက ပြန်မဖြေခင်မှာပင် တစ်စုံတစ်ယောက် လေကဲ့သို့ လျင်မြန်စွာ ရောက်ရှိလာသည်။
ဟွမ်ချမ့်ကျွယ်ကို မတွေ့သဖြင့် ဝမ်ရှောင်ပိုင်မှ ဤသို့ လှောင်ပြောင်မိခြင်း ဖြစ်၏။
သို့သော် ရုတ်တရက် ဟွမ်ချမ့်ကျွယ် ရောက်ရှိလာကာ သူ့ကော်လာကို ဆွဲကိုင်လိုက် သောကြောင့် မျက်လုံးပြူးသွား၏။
“ ရပ် ... ။ ”
“ ဖြောင်း ... ။ ”
ကျယ်လောင်သော ပါးရိုက်သံနှင့်အတူ ဝမ်ရှောင်ပိုင်တစ်ယောက် နှုတ်ခမ်းထောင့်စွန်းမှ သွေးများ စီးကျလာလေသည်။
“ မင်း ... ။ ”
ရှောင်ပိုင်နှင့်အတူ ခပ်လှမ်းလှမ်းမှ လိုက်ပါလာသော ဝမ်မိသားဝင်များမှာ မျက်နှာ ပျက်ယွင်းကုန်သည်။
အထူးသဖြင့် ဟန့်တားလိုက်သော ဝမ်ကျွယ်ယွမ် ဖြစ်သည်။ အဆုံး၌ ဒေါသတကြီး လှမ်းတက်လိုက်၏။
သို့သော် အဝေးထံမှ အငွေ့အသက် တစ်ခုသည် သူ့ထံဦးတည်နေသဖြင့် ချက်ချင်း ရပ်လိုက်ရသည်။
ဤလူရမ်းသည် ဟွမ်မိသားစု၏ သခင်လေးဖြစ်၏။ လူမြင်ကွင်း၌ ရိုက်နှက်ရန် မသင့်ချေ။ ထိုအတွေးဖြင့် အံကြိတ်ကာ၊
“ ဟွမ်ချမ့်ကျွယ် ... မင်း ဒီည နဂါးတံခါးဧည့်ခံပွဲမှာ မပါဝင်ဖို့ ငါမျှော်ပါတယ်။ ”
-ဟု ပြောကြားလိုက်သည်။
“ ဟမ့် ... ငါက ကြောက်နေရမှာလား။ ”
ဟွမ်ချမ့်ကျွယ်က ဂရုမစိုက်ဘဲ ချက်ချင်းတုန့်ပြန်တော့၏။ သူ့မျက်လုံးထဲတွင် တိုက်ပွဲဝင်ဆန္ဒများ ရုတ်ချည်းပေါ်လာသည်။
“ ဒါဆို ... ဒီညတွေ့မယ်။ ”
ဝမ်ကျွယ်ယွမ်က အဝေးမှ စောင့်ကြည့်နေသော ဟွမ်ယွင်ချုံးထံ တစ်ချက် လှမ်းကြည့်ကာ ထွက်ခွာသွားတော့၏။
ဝမ်ရှောင်ပိုင်နှင့် ဝမ်မိသားစုဝင် လူငယ်များအားလုံး နောက်ပါးမှ လိုက်ပါသွား လေသည်။ သူတို့ ဦးတည်ရာသည် နဂါးတံတားထံ ဖြစ်၏။
“ အစ်ကိုစု အဆင်ပြေလား။ ”
ဟွမ်ချမ့်ကျွယ်က ၎င်းတို့အား လျစ်လျူရှုလျက် စုရီကို လှည့်ကြည့်ကာ မေးသည်။
“ ငါ့ကို စိတ်ပူနေမယ့်အစား ... မင်းဒီည ဝမ်ကျွယ်ယွမ်ကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ စဉ်းစားနေသင့်တယ်။ ”
ဤနေရာတွင် ခဏမျှ ရပ်ကြည့်ရုံဖြင့် ရန်ပွဲတစ်ပွဲ ဖြစ်ပေါ်လာလိမ့်မည်ဟု စုရီမှ မမျှော်လင့်ထားချေ။
ထို့ကြောင့် မြို့တံခါးသို့ လှည့်ဝင် လိုက်တော့သည်။ ဟွမ်ချမ့်ကျွယ်က စိတ်ပျက် လက်ပျက်ဖြင့် သူ့အဖေထံ လျှောက်လှမ်း သွား၏။
“ ငါ့သား၊ ဒီည ဝမ်ကျွယ်ယွမ်နဲ့တွေ့ရင် ရမ်းကားတဲ့ လုပ်ရပ်မျိုးမလုပ်နဲ့ ရှုံးနိမ့်တာကို ဝန်ခံတာ ရှက်စရာမဟုတ်ဘူး။ ”
“ ဟမ့် ... အဖေ၊ ငါက ကျရှုံးမှာကို မကြောက်ပါဘူး။ ”
“ ငါရထားတဲ့ သတင်းအရဆိုရင် ... လီမိုယွင်က ဒီညပွဲကို မတက်ဘူး ဒါကြောင့် ချန်ပီယံဆုက ဝမ်ကျွယ်ယွမ် လက်ထဲရောက်ဖို့ သေချာနေပြီ ...
... မင်းက သူ့ပြိုင်ဘက် မဟုတ်ရင်တောင် စိတ်ဓာတ်မကျနဲ့ .. ဆရာစုအကူအညီနဲ့ တစ်နေ့ ကျော်တက်ဖို့ အခွင့်အရေးရှိတယ်။ ”
သည့်နောက် သားအဖ နှစ်ယောက် ပြုံးရယ်လျက် ဆိပ်ခံတံတားထံ ဦးတည်လိုက် တော့သည်။
ညနေဆည်းဆာအချိန်၌ စုရီက ဝိညာဉ်ကျောက်တုံးများ သန့်စင်ပြီးနောက် ဧည့်ခံပွဲသွားရန် ထွက်လာခဲ့သည်။
“ ဆရာစု ... နဂါးတံခါးပွဲသွားမို့လား။ ”
ဟူချွမ်နှင့် လမ်းတွင်ဆုံ၏။ စုရီမှ ခေါင်းညိတ် ပြလိုက်သည်။
“ အရမ်းကောင်းတယ် ... အတူတူ သွားရအောင် ... ငါလှေငှားထားတယ် လမ်းမှာ ဝိုင်နဲ့အမြည်းအချို့ ဝယ်သွားမယ် ... ဒီည မြစ်ထဲမှာ လှေစီးပြီး ရှုခင်းကို ခံစားနိုင်ပြီ။ ”
“ ဘာအတွက် လှေငှားထားတာလဲ။ ”
စုရီက ဟူချွမ့်စကားကို နားမလည်ခဲ့ချေ။
“ ဖိတ်စာမရှိရင် ငါတို့ နဂါးတံတားပေါ် တက်ခွင့်မရှိဘူး ... မြစ်ထဲကနေပဲ လှေစီးပြီး အဝေးက ကြည့်ရမှာ ဆရာစု။ ”
ထိုအဖြေကြောင့် စုရီက ရွှေရောင်ဖိတ်စာကို ထုတ်ပြပြီး၊
“ ဒီလိုဖိတ်စာမျိုးလား။ ”
-ဟု မေးလိုက်သည်။
“ ဟမ့် ... ဆရာစု ဒါ ... ဒါက အထူးဧည့်သည်တော်အတွက် ဖိတ်စာပဲ မင်း ဘယ်ကရလာတာလဲ။ ”
“ ဒီဖိတ်စာနဲ့ လူပိုခေါ်လို့ရလား။ ”
“ ဝိုး ... ရတာပေါ့။ ”
“ ကောင်းပြီ ... ဒါဆို မင်းငါနဲ့လိုက်ခဲ့။ ”
စကားဆုံးသည်နှင့် စုရီက လှည့်ထွက်သွား၏။ ဟူချွမ့်မှ အံ့အားသင့်သွားပြီး လျင်မြန်စွာ ချက်ချင်း ပြေးလိုက်လာခဲ့သည်။
“ သခင်လေး ... သူ နဂါးတံခါးကို သွားနေတယ်။ ”
မက်မွန်ဆေးခန်း ရှေ့ရှိ တည်ခိုခန်းတစ်ခုအတွင်း လူတစ်စု ရှိနေ၏။ ၎င်းတို့မှာ ကွမ်လင်မြို့မှ အထွက်ပြထားသော မိုယွင်နှင့် အဖွဲ့ဖြစ်သည်။ သူတို့က မြို့အတွင်း ပုန်းခိုနေခဲ့ကြခြင်းဖြစ်၏။
သန်မာ ထွားကြိုင်းသော အစောင့် တစ်ယောက်က မိုယွင်ကို သတင်းစကား ပြောကြားလိုက်သည်။
“ ကောင်းပြီ ... ငါတို့ အဝါရောင် စံအိမ်ထဲဝင်ပြီး ... သူ ပြန်လာတဲ့အထိ စောင့်ရအောင်။ ”
“ ဟုတ်ကဲ့ ။ ”
လူထွားကြီးက ချက်ချင်းပင် ပြင်ဆင်မှုများ ပြုလုပ်တော့၏။
“ လင်ကျောက် ... ဒီအမှိုက်ကောင်ကို ရှင်းပြီးရင် ကောင်းကင်မူလ အကယ်ဒမီဆီ ငါ လိုက်လာမယ်။ ”
လီမိုယွင် မျက်ဝန်း၌ လူသတ်လိုသော အငွေ့အသက်များ သိပ်သည်းစွာ ရစ်သိုင်းလာ လေသည်။
ကောင်းကင်ကြီး တဖြည်းဖြည်း မှောင်လာပြီး မြစ်ကြောင်းအတွင်း လှေငယ် များစွာဖြင့် ပြည့်ကျပ်နေ၏။
အဝေးမှကြည့်သော် မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသော နဂါးငွေတန်းတစ်ခုအလား ထင်မှားစေသည်။
မြစ်ပြင်တစ်လျှောက် ဖြတ်တိုက်လာသော လေထုသည် လူထုကို လန်းဆန်းလတ်ဆတ်ပြီး ကြည်နူးစေ၏။
“ ဒီမြင်ကွင်းကို ငါ့ဘဝမှာ အကြိမ်ပေါင်းများစွာ မြင်ဖူးပေမယ့် မြင်တိုင်း စိတ်လှုပ်ရှားမိပါတယ်။ ”
ဟူချွမ့်မှ ညည်းတွား လိုက်လေသည်။ ဤသည်မှာ မြို့နှစ်မြို့ကြား တစ်နှစ်တာကာလ အာဏာ ခွဲဝေယူသည့် ပွဲဖြစ်၏။
ဆိပ်ခံတံတား တစ်ဖက်တစ်ချပ်စီ၌ မြို့စောင့်တပ်များက ဖိတ်စာ ရရှိသူများကိုသာ တံတားပေါ် တက်ခွင့်ပြုခဲ့သည်။
စုရီကို မြင်သည်နှင့် အစောင့်တစ်ယောက်မှ ဦးညွှတ်ကာ၊
“ ဆရာစု ... ကျေးဇူးပြုပြီး မြို့တော်သခင်ဘေးက ဂုဏ်ထူးဆောင် ထိုင်ခုံကို ကြွပါ။ ”
-ဟု လမ်းညွှန်ပေးလေသည်။
“ ကျေးဇူး တင်ပါတယ်။ ”
စုရီက ဖိတ်စာ ထုတ်ပြစရာမလိုသဖြင့် ကျေးဇူးတင်ခြင်းဖြစ်လေသည်။ ထိုအချိန်တွင် လူတစ်စု ထပ်မံ ရောက်ရှိလာသောကြောင့် မြို့စောင့်တပ်များ အလုပ်ရှုပ်သွား၏။
“ အစ်ကိုစု၊ ... ဧည့်ခံပွဲလာတာလား။ ”
ရုတ်တရက် အမျိုးသမီးတစ်ယောက် အသံကြောင့် စုရီမှ ခေါင်းလှည့် ကြည့်မိသည်။ ဖွင့်ထွားသော ကောက်ကြောင်းကို အထင်းသား ဖော်ပြလျက် နန်းရင်က နဂါးတံတားပေါ်သို့ လှမ်းတက်လာခြင်းဖြစ်ချေ၏။
***