လျှို့ဝှက်ဧည့်သည်။
Vol. 5 Ch. 50
အဖြူရောင် ကိုယ်ကြပ်အင်္ကျီနှင့် နန်းရင်အသွင်မှာ ဒေါင်းမလေးကဲ့သို့ ပေါ်လွင် နေခဲ့သည်။
အမျိုးသားများအတွက် ဆွဲဆောင်မှု ရှိလွန်းသော အလှတရား ပေပင်။ သို့သော် စုရီ မပါချေ။ လျစ်လျူရှူလျက် လှည့်ထွက်ရန် ပြင်လိုက်သည်။
“ စုရီ ခဏနေပါဦး။ ”
ထိုစဉ် မီးခိုးရောင် ဆံပင်ရှည်များကို သေသပ်စွာ ချည်နှောင်ထားသော အမျိုးသား တစ်ဦးက ဆိပ်ခံတံတားပေါ် လှမ်းတက်လာ တော့သည်။ သူ့ဘေးတွင် လီတျန်းဟန်နှင့် ကျွမ်းကျင်သူအချို့ လိုက်ပါလာ၏။
“ သိုင်းဦးလေး ... ။ ”
စုရီက လက်သီးကို လက်ဖဝါးအုပ်ကိုင်ကာ နှုတ်ဆက်သည်။ ကျောက်ဟိုင်ချွင်းခမျာ စုရီထံ ကြည့်ပြီး သက်ပြင်းချလိုက်၏။
“ မင်းအကြောင်း ငါကြားတယ် ... ကောင်းကောင်း အသက်ရှင်ပါ။ ”
စုရီက ခေါင်းညိတ်ပြသည်။ သို့တိုင် ကျောက်ဟိုင်ချွင်းမှ တစ်စုံတစ်ရာ တွက်ဆဟန် တုန့်ဆိုင်းနေရာမှ၊
“ စုရီ၊ ငါ့မှာ အကြံပေးစရာ ရှိတယ် ... ဝမ်လင်ကျောက် အနားကနေ ... မင်း အမြန်ဆုံး ထွက်သွားဖို့ ကြိုးစားပါ ... မဟာသခင် တပည့် တစ်ယောက်ရဲ့ အလေးချိန်ကို ... မင်း နားလည်တယ် မဟုတ်လား။ ”
-ဟု ဆိုလျက် စုရီပခုံးကို ကြင်နာစွာ ပုတ်လိုက်သည်။
သူ့စကားကြောင့် စုရီတစ်ယောက် နာကျင်သွားမည်ကို စိုးရိမ်နေပုံရ၏။ စုရီက တုန့်ပြန်ခြင်း မပြုချေ။
“ အစ်ကိုစု၊ သိုင်းဦးလေးက နင့်အကျိုးအတွက် ပြောနေတာ ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့ ... အစ်ကိုစုရဲ့ လက်ရှိ ...
... အနေအထားမှာ ဝမ်လင်ကျောက်ကို စွန့်လွှတ်ဖို့ ... ဘယ်လောက် ခက်ခဲနိုင်လဲဆိုတာ ငါတို့လည်း သိပါတယ်။ ”
နန်းရင်မှ ကြင်နာသော မိန်းကလေး တစ်ယောက်ကဲ့သို့ ဝင်ရောက် ပြောကြားလာခဲ့ သည်။
စုရီက သူမကို လျစ်လျူရှုလျက် ကျေက်ဟိုင်ချွင်းထံ လှည့်ကြည့်လိုက်ပြီး၊
“ ဦးလေးကျောက် ... စိတ်မပူပါနဲ့ ငါဒီအိမ်ထောင်ရေးကို ဖျက်သိမ်းဖို့ စဉ်းစားထား ပါတယ် ... ။ ”
-ဟု တုန့်ပြန် ပြောကြားလိုက်သည်။
“ ကြားရတာ ဝမ်းသာစရာပဲ ... အခုတော့ ငါစိတ်အေးသွားပြီ။ ”
ဘေးမှနေ၍ နန်းရင်မှ ပြုံးသည်။ ဝမ်မိသားစု၏ သမက်ဘဝသည် စုရီ၏မာနကို ပျောက်ကွယ်သွားစေပုံရ၏။
နောက်ဆုံးတွင် ကျင့်ကြံသူတစ်ဦးနှင့် သာမန်လူများသည် မတူညီသောကမ္ဘာနှစ်ခုတွင် နေထိုင်ကြသူများ ဖြစ်သည်။
ဤလူများသည် မဟာသခင် တပည့်ရာထူးသည် သူ့ကို လေးပင်စေသည်ကို ရှင်းပြရန် စုရီမှ ပျင်းရိသွားလေသည်။
“ ကောင်းပြီ ... ၊ စုရီ မင်းကို သူတို့တားနေတာ မဟုတ်လား ... ဒါဆို ငါတို့နဲ့ လိုက်ခဲ့လို့ရတယ်။ ”
ကျောက်ဟိုင်ချွင်းမှ သူရှေ့သို့ လျှောက်သွားကာ အစောင့်များထံ ခေါင်းညိတ် ပြလိုက်၏။
မြို့စောင့်တပ်သားများက စုရီကို လှမ်းကြည့်လေသည်။ စုရီမှ လျစ်လျူရှုလျက် လိုက်ပါသွားတော့၏။
ဟူချွမ့်မှ မနေနိုင်တော့ဘဲ၊
“ ဆရာစု ... ဆရာစုမှာ ရွှေအဆင့်ဖိတ်စာရှိတယ်လေ မြို့သခင်တောင် သူ့အနားမှာထိုင်ဖို့ စီစဉ်ပေးထားတယ် မဟုတ်လား။ ”
-ဟု ပြောကြားလာသည်။
“ ဟား ဟား ဟား ... ဘာတွေ အလုပ်ရှုပ်ခံနေတာလဲ ... လာ မြစ်ပြင်က အရမ်း လှတယ် သွားကြည့်ရအောင်။ ”
စုရီက ရယ်မောလျက် လက်နှစ်ဖက်ကို နောက်ပို့ကာ ဆိပ်ခံတံတားအတိုင်း ပေါ့ပါးစွာ လျှောက်လှမ်းသွားလေသည်။
ဆေးခန်းငယ် တစ်ခု၏ ဘဏ္ဍာစိုး တစ်ဦးမျှသာဖြစ်သော ဟူချွင့်မှ စုရီ နောက်ပါး၌ ကပ်လိုက်သွားရတော့၏။
အလယ်ဗဟိုတွင် မီတာတစ်ရာခန့် ကျယ်သော ရေပေါ် ရင်ပြင်ကြီးတစ်ခု ရှိသည်။ ရင်ပြင်ပတ်ပတ်လည်တွင် စားပွဲများနှင့် ကုလားထိုင်များ ခင်းကျင်းထား၏။
မီးရှူးမီးတိုင်များက ထိုဧရိယာတစ်ခုလုံးကို ဝိုင်းရံလင်းထိန်စေခဲ့သည်။ တိမ်တံခွန်မြို့တော်မှ မြို့သခင်နှင့် အဖွဲ့သည်လည်း ဆိပ်ခံတံတားမှ နေ၍ လျှောက်လှမ်းလာပြီး နေရာယူကြ၏။
ကွမ်လင်မြို့ဘက်တွင် မြို့တော်သခင်ဖူရှန်း၊ အစောင့်တပ်မှူး နီပိုင်ဟွာနှင့် ဟွမ်ယွင်ချုံးတို့က အတူထိုင်နေသည်။
ဝမ်မိသားစုအတွက်မူ ဝမ်ချောင်ကျင်းမှာ ကောင်းကင်မူလ အကယ်ဒမီထံမှ ပြန်မရောက် သေးသဖြင့် ဒုတိယအကြီးအကဲသာ တက်ရောက်နိုင်၏။
လီမိသားစုနှင့် ကျောက်ဟိုင်ချွင်းမှာ ပွဲကြည့်ပရိတ်အဖြစ် တက်ရောက်လာခြင်းသာ ဖြစ်သည်။
တိမ်တံခွန်မြို့တွင် မြို့သခင်လီကျန့်ယွီနှင့် မိုဟောင်လုံမှာ ထင်ရှားသော ကျွမ်းကျင်သူများ ဖြစ်သည်။
အခြားသော အထက်တန်းစာ မိသားစုများပါဝင်လာသော်လည်း မိုမိသားစု ကဲ့သို့ အရေးပါခြင်း မရှိချေ။
“ ဟိုမှာကြည့် ... အဲဒါ တောင်ပြာဓား အကြီးအကဲ ကျောက်ဟိုင်ချွင်းပဲ ... သူလည်း ဒီပွဲကို တက်ရောက်လာတယ်။ ”
“ ဒီနှစ် နဂါးတံခါးက စိတ်ဝင်စားစရာ ကောင်းလာပြီ၊ တောင်ပြာဓားအကြီးအကဲကို ဆွဲဆောင်နိုင်တဲ့ ဘယ်သူမဆို မြစ်ပြာဓား စံအိမ်ကို ဝင်ခွင့်ရလိမ်မယ်။ ”
“ အဲဒီအမျိုးသမီးက ဘယ်သူလဲ ... အရမ်းလှတာပဲ။ ”
“ အဲဒါ အတွင်းတပည့် နန်းရင်ပဲ ... သူမအလှက စီရင်စုတစ်ခုလုံးကို ဖြတ်ကျော်လု နီးပါးပဲ။ ”
ရွက်လှေများသည် ပွဲကြည့်စင်နှင့် အနီးဆုံးကို ရယူထားသဖြင့် ဆွေးနွေးသံများ ဆူညံလာ၏။
လူတိုင်းသက်ဆိုင်ရာ ထိုင်ခုံများတွင် နေရာယူပြီးချိန်ထိ ဖူရှန်းဘေးမှ ခုံသည် အလွတ် ဖြစ်နေခဲ့သည်။ ယင်းက လီတျန်းဟန်ကို စိတ်ဝင်စား သွားစေသည်။
“ အစ်ကိုဖူ၊ အားလုံးနီးပါး ဒီမှာရှိပါတယ်၊ ဒါပေမယ့် မင်းဘေးမှာ ထိုင်ခုံအလွတ် တစ်လုံး ဘာအတွက် ရှိနေသေးတာလဲ တစ်ယောက် ယောက်ကို မင်းစောင့်နေတာလား။ ”
“ ဟား ဟား ဟား ... ဒီအတွက် စိတ်ထဲ မထားပါနဲ့ ... ။ ”
ထိုမေးခွန်းက လူတိုင်းကို စိတ်ဝင်စားလာစေ၏။ သို့သော် ဖူရှန်းမှ လျှို့ဝှက်ထားချေပြီ။
ထိုစကားကြောင့် လီတျန်းဟန်က မျက်ဝန်းများ မှေးစင်းသွား၏။ ဧည့်သည်သည် တောင်ပြာဓား ကျောက်ဟိုင်ချွင်းထက် အရေးပါသည်လော။
ဟွမ်ယွင်ချုံးနှင့် နီပိုင်ဟွာက လီတျန်းဟန် အတွေးကို မြင်ပြီး တစ်ယောက်ကို တစ်ယောက် ကြည့်ကာ တိတ်ဆိတ်သွားသည်။
ဤသည်မှာ ထိုင်ခုံတစ်လုံးမျှသာ ဖြစ်သော်လည်း နေရာအနေအထားအရ မည်မျှ အရေးပါသည်ကို လူတိုင်းမြင်နိုင်၏။
မြို့တော်သခင်မှ လျှို့ဝှက်ထားလိုပါက ထုတ်ဖော်ပြောပြနေစရာ အကြောင်းမရှိချေ။ အများစုမှာ ထိုင်ခုံမရကြသဖြင့် မတ်တပ်ရပ်ကာ နေရာယူကြ၏။
“ ဟမ့် ... စုရီ၊ မင်းဘာလာလုပ်တာလဲ။ ”
ရုတ်တရက် အသံကြောင့် လူတိုင်းက လှည့်ကြည့်လာသည်။ ဝမ်ရှောင်ပိုင်မှ မြစ်ပြင်ထံ ငေးကြည့်နေသော စုရီကို မေးမြန်းလာခြင်း ဖြစ်၏။
အတွေးများပျက်သွားပြီး စုရီက လှည့်ကြည့်သည်။ ဤရှောင်ပိုင်သည် အမှန်ပင် မျက်နှာမြင် ရိုက်ချင်စိတ်ပေါ်စေ၏။
၎င်းသည် သူ၏ မွေးရာပါ အရည်အချင်း တစ်ခုဖြစ်ပေမည်။ ဤပွဲမလာခင် အချိန်ကပင် ဟွမ်ချမ့်ကျွယ်မှ ပါးရိုက်ထား၏။
လူများစွာထံမှ အကြည့်ကို လက်ခံလိုက်ရသဖြင့် စုရီက သက်ပြင်းချကာ ခေါင်းရမ်းမိသည်။
မြစ်ပြင်၌ လှိုင်းပုတ်ခြင်းကြောင့် လှေကြီးလှေငယ်များ လှုပ်ခါကုန်ကာ ၎င်းတို့၌ ထွန်းညှိထားသော မီးအိမ်များသည်လည်း လိုက်ပါလှုပ်ခါနေ၏။
“ တုံ ... တုံ ... တုံ ... ။ ”
တိုက်ပွဲဝင် ဗုံသံများ ထွက်လာပြီး ပြိုင်ပွဲစတင်တော့မည့် အရိပ်အယောင်များ ပြသလာ၏။ မြစ်ပြင်အတွင်း ပျံ့ကျဲနေသော လူထုမှာ စိတ်လှုပ်ရှားကုန်သည်။
ဖူရှန်းနှင့် လီကျန့်ယွီက စင်မြင့်ပေါ် အတူလှမ်းတက်လာ၏။ လီကျန့်ယွီသည် ငွေနဂါးပုံကို ရေးချယ်ထားသော ဝတ်ရုံရှည်ဖြင့် ကြီးစိုးသော အသွင် ရှိသည်။
ဖူရှန်းမှာမူ ရိုးရိုးပိုးဖဲဝတ်ရုံကို ဆင်မြန်းကာ ပေါ့ပါးပါးပါး အသွင်ရှိ၏။ လောကကြီးတစ်ခုလုံး သူ့လက်ထဲ ရှိနေသလိုပေပင်။
ဗုံသံများကို ရပ်တန့်ရန် လက်ပြလိုက်ပြီး ၎င်းအကြည့်က လူအုပ်ထံ ဝေ့ဝဲသွားတော့၏။
“ဒီညနဂါးတံခါးပြိုင်ပွဲက အရင်နှစ်တွေနဲ့ မတူဘူး ... ငါတို့မြို့သခင်နှစ်ယောက် ဆွေးနွေး ခဲ့ပြီးပြီ၊ အနိုင်ရသူက ဝိညာဉ်ဝါးတောကို ဆယ်နှစ် ထိန်းချုပ်ခွင့် ရလိမ့်မယ်။ ”
လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်၏။ ဤသတင်းသည် ပြိုင်ဆိုင်မှု မည်မျှ ပြင်းထန် မည်ကို ပြောနေသည်။ လီကျန့်ယွီက ပြုံးပြီး ခေါင်းညိတ်၏။
“ ပြီးတော့ ... ဒီနှစ် မြစ်ပြာဓားစံအိမ်ရဲ့ တောင်ပြာဓားအကြီးအကဲ ကျောက်ဟိုင်ချွင်း ကိုယ်တိုင် တက်ရောက်လာတာဆိုတော့ ငါတို့အတွက် ဂုဏ်ယူစရာပါပဲ။ ”
“ ဒီလို တက်ရောက်ခွင့် ရတာလည်း ငါ့အတွက်လည်း ဂုဏ်ယူစရာပါပဲ။ ”
ထိုစကားကြောင့် ကျောက်ဟိုင်ချွင်းမှ ထိုင်ခုံမှ ထရပ်ကာ ပြန်လည် နှုတ်ဆက်လိုက်ရ လေသည်။
“ ကောင်းလိုက်တာ ... ဒါဆို ငါတို့ အခုပဲ စလိုက်ရအောင်။ ”
လီကျန့်ယွီမှ လက်ဝှေ့ရမ်းလျက် ပြိုင်ပွဲစတင်ရန် ကြေငြာလိုက်၏။ ထို့နောက် နှစ်ယောက်လုံး စင်ပေါ်မှ ထွက်ခွာသွား ကြတော့သည်။
ချက်ချင်းပင် တိမ်တံခွန်မြို့မှ လူငယ်တစ်ယောက် စင်မြင့်ပေါ် တက်ရောက် လာလေသည်။
“ ဘယ်သူက ငါနဲ့တိုက်ဝံ့လဲ။ ”
ထိုလူငယ်သည် ငွေရောင် အင်္ကျီကို ဝတ်ဆင်ကာ ခါးတွင် ဓားရှည်တစ်လက် ချိတ်ဆွဲ ထား၏။
ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ရစ်သိုင်းလျက် ကွမ်လင်မြို့မှ လူငယ်များထံ စိုက်ကြည့်လာတော့သည်။
***