← Chapters

ကွမ်လင်လူရမ်းကား။လ

Vol. 5 Ch. 51

ကွမ်လင်လူရမ်းကား။လ

Vol. 5 Ch. 51

စင်မြင့်ထက်မှ လူငယ် အမည်မှာ ဖန်းချင်ချိုးဖြစ်သည်။ မျိုးဆက်သစ်လူငယ်များ အတွင်း ထိပ်တန်းအဆင့် အရည်အချင်း ရှိသူဖြစ်၏။

ကျင့်ကြံမှုသည် သွေးသန့်စင်ခြင်း တတိယအဆင့်တွင် ရှိသည်။ ကွမ်လင်မြို့မှ ဝူကျွမ်းဟေးဆိုသော လူငယ်က ချက်ချင်း လှမ်းတက်သွား၏။

“ တိမ်တံခွန်မြို့ ဖန်းချင်ချိုး။”

“ ကွမ်လင်မြို့ ...ဝူကျွမ်းဟေး။ ”

ဤသို့ဖြင့် နဂါးတံခါး ပြိုင်ပွဲတရားဝင် စတင်လာချပြီ။ နှစ်ယောက်သား နှုတ်ဆက် ပြီးနောက် တိုက်ခိုက်တော့သည်။

စုရီကတစ်ချက်ကြည့်သည်။ ထို့နောက် ခေါင်းရမ်းလျက် မြစ်ပြင်ထံ ပြန်လည်ငေးမော လိုက်မိ၏။

ဤအဆင့်တိုက်ပွဲသည် သူ့အတွက် ကြည့်ရန်ပင် မထိုက်တန်မိချေ။ အချိန်များ တရွေ့ရွေ့ ကုန်လွန်လာ၏။

မြို့နှစ်မြို့သည် မြစ်တစ်ဖက်စီတွင် ရှိသော်လည်း အချင်းချင်း လည်ပတ်သွားလာ ကြသဖြင့် ကျော်ကြားသော လူငယ်များမှာ အချင်းချင်း သိနေကြသည်။

စည်းမျဥ်းများမှာ ရိုးရှင်းလှ၏။ နောက်ဆုံးပြိုင်ဘက်မရှိသည်အထိ တိုက်ခြင်း ဖြစ်လေသည်။

ဆယ်ပွဲဆက်တိုက် အနိုင်ရပြီးနောက် အနည်းငယ် အနားယူနိုင်မည်။ မဟုတ်သော် ဆက်လက် တိုက်ခိုက်နိုင်၏။

ဆယ့်ငါးမိနစ်ခန့် ကုန်လွန်ပြီးနောက် နီထန့် စင်ပေါ်တက်လာသည်။ ၎င်းသည် ကွမ်လင်မြို့၌ အရည်အချင်းရှိသော လူငယ်တစ်ဦး ဖြစ်၏။

ထို့ကြောင့် လေထုမှာ အနည်းငယ် ပြောင်းလဲလာချေပြီ။ နီထန့်က လူတိုင်းထက် သာလွန်သော အရည်အချင်းကို ပြသကာ ကိုးပွဲဆက် အနိုင်ရရှိထား၏။

နောက်ထပ်တစ်ကြိမ် အနိုင်ရသော် ခဏမျှ အနားယူ နိုင်ပေမည်။ သို့သော် ကံမကောင်းစွာ ရှုံးနိမ့်သွား၏။

မည်သို့ပင် ဆိုစေကာမူ ကိုးပွဲဆက်တိုက် နိုင်ပွဲများသည် နီထန့်ကို လေးစားလာစေသည်။ မည်သူမျှ ပြက်ရယ်မပြုဝံ့ချေ။

စုရီသာလျှင် နီထန့်၏ ကျင့်ကြံမှု နည်းစနစ်နှင့် ကိုယ်ခံပညာ၌ အားနည်းချက်များ ရှိနေသည်ကို မြင်၏။

ထိုစဉ် ဟွမ်ချမ့်ကျွယ်မှ မောက်မာ လွန်းသောအသွင်ဖြင့် စင်ပေါ် လှမ်းတက်လာ သောကြောင့် စုရီအတွေးများ ပြတ်တောက် သွားရသည်။

“ ကွမ်လင် ဟွမ်ချမ့်ကျွယ် ... ။ ”

၎င်းကပြိုင်ဘက်ကို ပုပ်ပွနေသော သစ်သားကဲ့သို့ အလွယ်တကူ ချိုးဖြတ်ကာ အနိုင်ယူသွားသည်။

ဤမြင်ကွင်းက လူတိုင်းကို မှင်တတ်သွားစေ၏။ ကွမ်လင် လူရမ်းကားမှာ အမှန်ပင် ရက်စက်ကြမ်းကြုတ်ချေပြီ။

အထူးသဖြင့် နီထန့်ကို အနိုင်ယူထားသော ပြိုင်ဘက်အပေါ် အလွယ်တကူ ဖြုတ်ချပစ်သည့် မြင်ကွင်းမှာ လေးစားစရာ ပေပင်။

ယင်းက နီထန့်ကို အံကြိတ်မိစေ၏။ လူအုပ်ကြီး၏ အာမေဋိတ်သံများမှာ ဆက်တိုက် ထွက်ပေါ်လာသည်။

ဟွမ်ချမ့်ကျွယ်က တိုက်ပွဲဝင် ဆန္ဒများ ပေါက်ကွဲလာပြီး လူအုပ်အတွင်း ဝေ့ကြည့်ကာ၊

“ ဝမ်ကျွယ်ယွမ် ... မင်း ငါ့ကို တိုက်ရဲလား။ ”

-ဟု စိန်ခေါ်လိုက်တော့သည်။

ဆူညံသံများ ချက်ချင်း တိတ်ဆိတ် ကုန်သည်။ လူတိုင်းက မယုံကြည်နိုင်စွာဖြင့် မျက်ခုံးပင့် ကုန်ကြ၏။

“ အစ်ကိုဟွမ် ... အံ့သြစရာပဲ ... မင်းရဲ့သားက တကယ် ရဲရင့်ပါပေတယ်။ ”

ဝမ်ကျွယ်ယွမ်သည် ယနေ့ပွဲတွင် ချန်ပီယံအဖြစ် ထင်ကြေးပေးခံထားရသူဖြစ်၏။ တိမ်တံခွန်မြို့မှ လူငယ်များပင် သတိထား ဆက်ဆံရသည်။

“ ဟား ဟား ဟား ... အစ်ကိုဟွမ် မင်းရဲ့သားက ဘယ်တုန်းက ဒီလောက်ရဲရင့် လာတာလဲ။ ”

လီတျန်းဟန်မှ လှောင်ပြောင် ရယ်မောလိုက်သည်။ သို့တိုင် ဟွမ်ယွင်ချုံးက ဂရုစိုက်ခြင်း မရှိဘဲ၊

“ သူက လူငယ်တစ်ယောက်ပဲ ... သွေးပူနေသင့်ပါတယ်။ ”

-ဟု တုန့်ပြန်လိုက်၏။

“ ဟား ဟား ဟား ... ။ ”

မြို့သခင် ဖူရှန်းက ရယ်မောလျက်၊

“ လူငယ်ဆိုတာ ... သွေးဆူလွယ်ပြီး ရဲရင့်ရတယ် ... သူရှုံးရင်တောင် သိမ်ငယ်စရာ မရှိပါဘူး။ ”

-ဟု ချီးကျူးလိုက်၏။

“ ဒါတော့ အမှန်ပဲ ... တကယ် ရဲရင့်တဲ့ လူငယ်လေး။”

‌ကျောက်ဟိုင်ချွယ်မှ ခေါင်းညိတ်ကာ မှတ်ချက်ပေးလိုက်သည်။ ထိုချီးကျူးသံများက ဟွမ်ယွင်ချုံးကို ရွှင်မြူးလာစေ၏။

“ ဒီလောက်လည်း မဟုတ်သေးပါဘူး ... ဒီကောင်လေးက ခေါင်းမာတတ်တဲ့ ကွမ်လင် လူရမ်းကားလေးပါ။ ”

ဟွမ်ယွင်ချုံးမှ သူ့သား အမည်ပြောင်ကို ထုတ်ဖော်ရှုံ့ချ လိုက်သော်လည်း ကျေနပ်မှုများ အထင်းသား ပေါ်လွင်နေခဲ့၏။

နောက်ဆုံးတွင် မြစ်ပြာဓားစံအိမ်၏ အကြီးအကဲ တစ်ဦးထံမှ မှတ်ချက် ဖြစ်သည်။ မည်သူက ဂုဏ်မယူဘဲ နေဝံ့မည်နည်း။

ဝမ်မိသားစုအတွက်မူ ဝမ်ချောင်ချင်းသည် သူ့သားကို ဆုံးရှုံးထားသဖြင့် ပြိုင်ပွဲကို စိတ်ဝင် စားခြင်း မရှိတော့ချေ။

“ ဟား ဟား ဟား ... ဟွမ်ချမ့်ကျွယ် မင်းရူးနေပြီ။ ”

အော်ဟစ် လှောင်ပြောင်သံနှင့်အတူ ဝမ်ကျွယ်ယွမ်မှ စင်မြင့်ပေါ် လှမ်းတက်လာခဲ့၏။ အဖြူရောင်ဝတ်ရုံက တဖျပ်ဖျပ် ခတ်နေပြီး ဓားရှည်တစ်လက် ခါး၌ ချိတ်ဆွဲထားသည်။

အသွင်အပြင်တစ်ခုတည်းကပင် ကွမ်လင်လူရမ်းကားကို နှိမ်နင်းတော့မည့် သူရဲကောင်း အဖြစ် ထင်မြင်စေ၏။

“ စကားအရမ်းများတယ် ... ။ ”

ဟွမ်ချမ့်ကျွယ်မှ သဟာဇတခြောက်ပါး လက်သီးထုတ်ဖော်ကာ အဖွင့်ကို ခပ်ကြမ်းကြမ်း စတင်လိုက်သည်။

“ ဝှစ် ... ။ ”

လက်သီးချက်တိုင်းသည် ကြီးမားသော တောင်တစ်လုံးကဲ့သို့ လှုပ်ရှားသွားပြီး အနှိုင်းမဲ့ ကြီးစိုးနေ၏။ ရိုင်းစိုင်းသော သားရဲကြီး တစ်ကောင်လို ပေပင်။

လက်သီး၊ တံတောင်၊ ခါး၊ တင်ပါးနှင့် ပခုံးတို့ကို ပေါက်ကွဲစွမ်းအားများနှင့် ပြည့်နှက် လာစေတော့သည်။

“ ဟိတ် ... ။ ”

အသက်ရှူလိုက်တိုင်း ရေပေါ်စင်မြင့်ကြီး တစ်ခုလုံး လှုပ်ခါနေ၏။ တိုက်ပွဲဝင်ဆန္ဒများ ပေါင်းထည့်ပြီးနောက် သူ့လက်သီးသည် ထူးကဲပြီး အန္တရာယ်ပေးလာနိုင်သည်။

“ ဒီလူရမ်းကား ... ။ ”

လီတျန်းဟန်မှ မျက်ခုံးပင့် လိုက်မိ၏။ ယုံနိုင်ဖွယ် မရှိချေ။ ဟွမ်ကျွယ်ယွမ်ကို လက်သီး လှိုင်းများဖြင့် ဟန့်တားပိတ်ဆို့ထားချေပြီ။

များမကြာမီ ဟွမ်ကျွယ်ယွမ် တစ်ယောက် ခံစစ်အနေအထား ကျရောက်သွား၏။ ၎င်းက ခါးသီးသော အမူအရာဖြင့် တန်ပြန်တိုက်စစ် အတွက် အခွင့်အရေး ရှာနေခဲ့သည်။

ဤမြင်ကွင်းက စုရီကို မျက်မှောင်ကြုတ် မိ၏။ ဟွမ်ချမ့်ကျွယ်သည် ဝမ်ကျွယ်ယွမ်အပေါ် ဖိအားပေး ပိတ်ဆို့ထားသော်လည်း အဝတ်စပင် မထိနိုင်သေးချေ။

ဤအတိုင်း ဆက်သွားသော် ရလာဒ် မကောင်းနိုင်။ ဆိုလိုသည်မှာ ဟွမ်ချမ့်ကျွယ် သည် ပြိုင်ဘက်ထက် တစ်ဆင့် နိမ့်နေသေး၏။

“ ဘုန်း ... ။ ”

မျှော်လင့်ထားသလိုပင် အချိန် အနည်းငယ်ကြာပြီးနောက် ဝမ်ကျွယ်ယွမ်၏ လက်ဖဝါးက ဟွမ်ချမ့်ကျွယ် ရင်ဘတ်ပေါ် ကျရောက်သွားလေသည်။

ဟွမ်ချမ့်ကျွယ်ခမျာ ခြေလှမ်းများစွာ ဆုတ်ခွာလျက် လဲကျသွား၏။ ရင်ဘတ်ပေါ်၌ ရောင်ကိုင်းနေသော လက်ငါးချောင်းရာကြီး ထွက်ပေါ်လာတော့သည်။

***

All Chapters