ဆရာစု။
Vol. 5 Ch. 53
ကျောက်ဟိုင်ချွင်း ရင်ထဲ ဒေါသများ လှိုင်းထလာသည်။ စွန့်ပစ်လိုက်သော တပည့် တစ်ဦးသည် ၎င်း၏စွမ်းအားကို ထုတ်ပြပြီး ဤသို့ လှောင်ပြောင်လိမ့်မည်ဟု မထင်ထားမိချေ။
“ ဟား ဟား ဟား ... လူမိုက် မရိုင်းနဲ့ ... အစ်ကိုကျောက် .. တျန်လင်က သွေးဆူတတ်တဲ့ အရွယ်မို့ ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ”
မြို့သခင် လီကျန့်ယွီက ကျယ်လောင်စွာ ရယ်မောလျက် လေထုကို ဖြေလျော့ပေးလိုက် တော့သည်။
“ တကယ်တော့ ချီလင်တပ်ထဲကို ဝင်ရောက်ပြီးတည်းက တျန်လင်မှာ တိုက်ပွဲတွေ အများကြီး ကြုံခဲ့ရတယ် ... ဒါကြောင့် သူ့ကို တိမ်မင်းသားကတောင် အလေးအနက် ထားခဲ့ပါတယ်။ ”
မဟာကျိုးတွင် နှစ်ပေါင်း(၁၀၀)အတွင်း အခြားသော မျိုးရိုးအမည်ခံ ဘုရင် (၉)ပါးနှင့် မင်းသား (၁၈)ပါးတို့ ခန့်အပ်ထားသည်။
၎င်းတို့အားလုံးသည် ကိုယ်ပိုင် စစ်တပ်နှင့် နယ်မြေများကို အုပ်စိုးခွင့်ရကြ၏။ တိမ်မင်းသား ရှန်းကျိုးစုန့်နှင့် သူ့စစ်တပ်သည် ကွမ်ကျိုး လက်အောက်ခံ အင်အားစု ဖြစ်သည်။
ကျင့်ကြံမှုအရ မဟာသခင် နယ်ပယ် ကျင့်ကြံမှုရှိ၏။ သူ့ကွပ်ကဲမှုအောက်တွင် ချီလင် သံချပ်ကာတပ်သားရှစ်ထောင်ခန့် ပိုင်ဆိုင်သည်။
၎င်းနှင့် နှိုင်းယှဉ်ကြည့်သော် မြစ်ပြာဓားစံအိမ်ဟူသည် တိမ်မြစ်စီရင်စုရှိ အင်အားစုငယ် တစ်ခုမျှသာ ဖြစ်၏။
ထို့ကြောင့် တိမ်မင်းသား၏ အလေးပေးခံရသော မိုတျန်းလင် အဆင့်အတန်း ဟူသည် မြစ်ပြာဓားစံအိမ်ကို ဂရုစိုက်စရာ မလိုခဲ့ချေ။
ကျောက်ဟိုင်ချွင်းပင်လျှင် ဤအရာကို သိရှိထားသဖြင့် လေးနက်သော အသွင်မျိုးဖြင့် နှုတ်ဆိတ်နေခဲ့ရသည်။
“ ငါ ရှုံးပြီ။ ”
ဝမ်ကျွယ်ယွမ်က အရှုံးကို ဝန်ခံကာ ချက်ချင်းထွက်ခွာ သွားလေသည်။ မိုတျန်လင်မှ လူအုပ်ထံ ဝေ့ကြည့်ပြီး၊
“ ဘယ်သူ ငါနဲ့ ကစားချင်လဲ။ ”
-ဟု ပျင်းရိစွာ ဖိတ်ခေါ်၏။
“ ဟား ဟား ဟား ... ။ ”
အချိန်အတော်ကြာသည်အထိ မည်သူမျှထွက်ပေါ်လာခြင်း မရှိသောကြောင့် လီကျန့်ယွီက ရယ်မောလျက် ၊
“ အစ်ကိုဖူ ... ကြည့်ရတာ မင်းရဲ့ကလေးတွေ ထွက်လာ မရဲတော့ဘူး ထင်တယ် ... ဒါဆို ငါတို့ အခုပဲ ချန်ပီယံကို ကြေငြာလိုက်ရအောင်။ ”
-ဟု ပြောကြားလိုက်တော့သည်။
“ ဘာလို့ အလျင်လိုနေရတာလဲ ... ။ ”
ဖူရှန်းမှ လက်ပြကာ ထရပ်လိုက်ပြီး လူအုပ်ကို ကျော်ကြည့်လိုက်သည်။ လူတိုင်းက သူ့နည်းတူ လိုက်ကြည့်တော့၏။
ထိုအကြည့်ကို မခံနိုင်သော အကြည့် လမ်းကြောင်းပေါ်ရှိ လူငယ်အချို့က ဘေးသို့ ရှဲကုန်ကြလေသည်။
“ ဆရာစု ... ကျေးဇူးပြုပြီး။ ”
အဆုံးတွင် ပြိုင်ပွဲစင်မြင့်ကြီးထံ ကျောပေးလျက် အနေအထားဖြင့် မြစ်ပြင်ပေါ် ငေးမောနေသော လူငယ်တစ်ယောက်၏ ကျောပြင်ကို မြင်လိုက်ရသည်။
လက်နှစ်ဖက်ကို နောက်ပို့လျက် သူ့ဝန်းကျင်တစ်ခုလုံး ဆိတ်ငြိမ်သော ကမ္ဘာငယ် တစ်ခုအလား ထင်မှားစေ၏။
ဤသည်မှာ ဖူရှန်း၏ ဝှက်ဖဲပေပင်။ မြို့သခင်ဟူသော ရာထူးဖြင့်ပင် ရိုသေလေးစား နေရ၏။
“ ဆရာစု ... ။ ”
လူပေါင်းများစွာ၏ အကြည့်ကြောင့် ဟူချွမ့်တစ်ယောက် ထိတ်လန့်တကြားဖြင့် စုရီအနား တိုးကပ်သွားသည်။
“ ဟမ့် ... ဆရာစုဆိုတာ ဒီအမှိုက်လား။ ”
သူတို့အနားရှိ ဝမ်ရှောင်ပိုင်က အံ့သြတကြီးဖြစ်သွားသည်။
“ ငါ့ကို ... ဒီမှာပဲစောင့်။ ”
စုရီက ဟူချွမ့်ကို မှာကြားကာ ပြိုင်ပွဲထံ လှည့်ကြည့်လိုက်ပြီး ကျောက်စိမ်းရောင် ဝတ်ရုံ တဖျပ်ဖျပ်ခတ်လျက် ဖြည်းညှင်းစွာ လျှောက်လှမ်း သွားမိသည်။
စုရီ ဖြတ်သန်းလာစဉ် သူ့လမ်းကြောင်းရှိ လူအုပ်သည် ဒီရေတောအလား ဘေးဘက်သို့ ရွေ့သွားကြ၏။ ”
“ စုရီ ... ။ ”
တိမ်တံခွန်မြို့သခင်နှင့် အဖွဲ့မှာ မျက်မှောင်ကြုတ်လိုက်ကြသည်။ ဤလူငယ် အမည်ကို သူတို့ မကြားဖူးချေ။
မိုတျန်လင် သာလျှင် စုရီကို မှတ်မိသွားပြီး၊
“ စုရီ ... မင်းရဲ့ ကျင့်ကြံမှု ဆုံးရှုံးသွားလို့ မြစ်ပြာဓားစံအိမ်ကနေ မောင်းထုတ်လိုက်တယ် မဟုတ်လား၊ ဒါက ငါ့အဖြစ်နဲ့ မခြားပါဘူး ... ။”
-ဟု ပြောကြားလိုက်၏။
စုရီ၏ အတိတ်သည် သူ့ထက်ပင် ပို၍ ကြေကွဲဖွယ် ကောင်း၏။ သို့သော် တိမ်တံခွန် မြို့သခင်အတွက်မူ ရယ်မောစရာ ဖြစ်လာ တော့သည်။
“ အစ်ကိုဖူ ... ဆရာစုဆိုတာ သူလား ... မင်းရဲ့မျှော်လင့်ချက်က ... ဒီလို အသုံးမကျတဲ့ ဝမ်မိသားစုသမက်တဲ့လား ဟားဟား ဟား။ ”
“ ဟမ့် ... ရိုင်းလိုက်တာ ... မင်းထပ်ပြီး ဆရာစုအပေါ် ရိုင်းစိုင်းတဲ့ စကားတွေ ပြောဝံ့ရင် ငါ့ကိုအပြစ်မတင်နဲ့။ ”
ဖူရှန်း၏ လေသံတွင် ဒေါသများ ပါရှိသွားသည်။ ထို့ကြောင့် မြို့စောင့်တပ်များက လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြ၏။
“ ကောင်းပြီ ... မင်းရဲ့ဆရာစု ဘယ်လောက် အရည်အချင်းရှိလဲ ငါကြည့်မယ်။ ”
လျီကန့်ယွီက ဆက်၍ ငြင်းခုန်ခြင်း မပြုတော့ချေ။ တစ်ဖက်လူသည် ဤစုရီအပေါ် ယုံကြည်မှု အပြည့်ရှိနေပုံရ၏။ အနည်းငယ် ထူးဆန်းချေပြီ။
“ ကောင်းပြီ ... လာ ငါသွေးမပူသေးဘူး။ ”
မိုတျန်လင်းက စုရီကို လှောင်ပြုံးဖြင့် ဖိတ်ခေါ်လိုက်သည်။၊ တစ်ဆက်တည်းမှာပင် လူသတ်ရောင်ဝါများ ထုတ်ဖော်လျက် စုရီကို ခြိမ်းခြောက်၏။
သို့သော် စုရီက ကြောက်လန့်ခြင်း မရှိဘဲ၊
“ မင်းရဲ့ဓားကိုဆွဲဖို့ အကြံပေးချင်တယ်။ ”
-ဟု ပြန်လည် ပြောကြားလိုက်သည်။
***