← Chapters

ကောင်းကင်နှင့် ‌မြေကြီး လှောင်အိမ်။

Vol. 5 Ch. 54

ကောင်းကင်နှင့် ‌မြေကြီး လှောင်အိမ်။

Vol. 5 Ch. 54

“ မင်းက ငါ့ဓားနဲ့ ထိုက်တန်ရဲ့လား ငါကြည့်မယ်။ ”

မိုတျန်လင်ထံမှ အရိုးအက်ကွဲသံများ ကြားလာရသည်။ သွေးသားစွမ်းအင်များက ထိုအသံနှင့်အတူ ဒီရေကဲ့သို့ တိုးပွားလာ၏။

တစ်လှမ်း လှမ်းတက်လိုက်သည်နှင့် စင်မြင့်တစ်ခုလုံး တုန်ခါသွား၏။ သွေးသား စွမ်းအင်များ မည်မျှ ပေါကြွယ်ဝသည်ကို မြင်သာစေသည်။

“ ဟိတ် ... ။ ”

ထို့နောက် တောင်ကြီးတစ်လုံးကဲ့သို့ လေးလံသောလက်သီးကို စုရီထံ ဦးတည်လိုက် တော့သည်။

ဤသည်မှာ မိုးကြိုးမိစ္ဆာလက်သီး ဖြစ်၏။ ရိုင်းစိုင်းကြီးစိုးကာ ပြီးပြည့်စုံသော ကျွမ်းကျင်မှု ရရှိထားသည်။

တိမ်မင်းသား၏ ကျော်ကြားသော ကိုယ်ခံပညာတစ်ရပ်ဖြစ်ပြီး ပေါက်ကွဲစွမ်းအား အပေါ်မူတည်ချေပြီ။

တစ်စုံတစ်ဦးသည် သန်မာနေသရွေ့ ပေါက်ကွဲစွမ်းအားမျာ ကြောက်စရာ ကောင်း၏။ မိုတျန်လင်ကဲ့သို့ လူရမ်းကား လက်၌ အတိုင်းအဆ မရှိချေ။

“ တိမ်မင်းသားရဲ့ မိုးကြိုးမိစ္ဆာလက်သီး။ ”

အော်ဟစ်သံများ ထွက်ပေါ်လာပြီး ကွမ်လင်ရှိကျွမ်းကျင်သူများက မျက်နှာများ ပြောင်းလဲသွားသည်။

“ ဂျိန်း ...။ ”

ပြီးပြည့်စုံသော ​ကျွမ်းကျင်မှုသို့ ရောက်သောအခါ ကောင်းကင်၌ မိုးကြိုးများ စုရုံးလျက် မည်းမှောင်လာစေ၏။

“ ဝှစ် ... ။ ”

ထိုဖြစ်စဉ်အောက်တွင် မိုတျန်လင်က လျှပ်စီးကဲ့သို့ ရွေ့လျားသွားသည်။ သို့တိုင် စုရီမှ ထိတ်လန့်ခြင်းမရှိပဲ ထိုလက်သီးကို လက်ဖဝါးဖြင့် ဖမ်းယူသည်။

ဤလှုပ်ရှားမှုသည် ကမ္ဘာတစ်ခုလုံးကို ပိတ်လှောင် ပစ်လိုက်သကဲ့သို့ တည်ငြိမ်လွန်းပြီး အထီးကျန်သော ခံစားချက်များ ရုတ်ချည်း ဖြစ်ပေါ်လာစေ၏။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

မိုတျန်လင်ခမျာ သူ့လက်သီးကို အဖမ်းခံဝံ့ခြင်းမရှိဘဲ ဆယ်ပေအကွာသို့ ချက်ချင်း ဆုတ်သွားသည်။

“ မင်းငါ့ကို စိန်ခေါ်ဝံ့တာ အံ့သြစရာ မရှိတော့ပါဘူး ... မင်းရဲ့ ကျင့်ကြံမှု ပြန်ရလာ ပြီပဲ။ ”

မိုတျန်လင်က ခေါင်းညိတ်လိုက်သည်။ သူ့စကားကြောင့် လူအုပ်ကြီးကို ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သည်။

“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ။ ”

နန်းရင်မှ စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။ ဤမြင်ကွင်းသည် သူမ၏ ခံစားချက်များကို ဟန်ချက်ပျက်စေ၏။

“ တကယ်ကို မထင်မှတ်ထားဘူး ... ။ ”

နီဟောင်သည်လည်း ချွင်းချက် မရှိချေ။ ဝမ်မိသားစုခမျာ တစ္ဆေတစ်ကောင် မြင်လိုက်ရ သကဲ့သို့ ငြိမ်သက်ကုန်ကြ၏။

“ ဟမ့် ... အမှိုက်က ပြန်လာချင်တာလား။ ”

လီတျန်းဟန်က နှာခေါင်းရှုံ့သည်။ သည့်အတွက် စိတ်ပူခြင်းမရှိချေ။ ကျင့်ကြံမှု ပြန်ရလျှင်ပင် ဤညပြီးနောက် ကမ္ဘာကြီးမှ ပျောက်ကွယ်သွားပေလိမ့်မည်။

ကျောက်ဟိုင်ချွင်းသည်သာ အံ့အားသင့် ဝမ်းသာသွားပြီး ချက်ချင်း နောင်တရသွား၏။

“ ဒါဆို ဆရာစုက သူရဲကောင်းပဲ။ ”

ဟူချွမ့်က လက်သီးကို တင်းတင်းဆုပ်ပြီး အံကြိတ် ရေရွတ်လေသည်။ ဖူရှန်း၊ နီပိုင်ဟွာနှင့် ဟွမ်ယွင်ချုံးသည်သာ တည်ငြိမ်နေ၏။

ဆရာစုသည် မည်မျှ ကြီးမြတ်သည်ကို သူတို့သာ သိသည်။ ဆိုလိုသည်မှာ ကျင့်ကြံမှု ပြန်ရလာခြင်းဟူသည်ထက် လေးနက်သော လျှို့ဝှက်ချက်များ ဆရာစုတွင် ရှိသည်။

“ ငါမင်းကို အနိုင်ယူဖို့အတွက် စိတ်ဝင်စားလာပြီ မဟုတ်ရင် သူတွေက ငါ့ကို အနိုင်ကျင့်တယ်လို့ မြင်ကြလိမ့်မယ်။ ”

မိုတျန်လင်မှ နှုတ်ခမ်းကို လျှာဖြင့် သပ်ကာ ပြောကြားလိုက်သည်။ စုရီက လျစ်လျူရှုလျက် နီထန့်ထံ လှည့်ကြည့်ကာ၊

“ သေချာကြည့်ထား ... ။ ”

-ဟု ပြောကြားလိုက်တော့သည်။

ယင်းက နီထန့်ကို မျက်ခုံးပင့်မိစေသည်။ ဆက်မတွေးနိုင်ခင်မှာပင် မိုတျန်လင်မှ လှုပ်ရှား လိုက်ပြီ ဖြစ်၏။

“ ဂျိန်း ... ။ ”

မိုးခြိမ်းသံနှင့် လျှပ်စီးများ ရောထွေး လာပြီးနောက် လူသတ်လိုသော ဆန္ဒတစ်ခုက စုရီထံလွှမ်းခြုံသွားသည်။

ဤလက်သီးဖြင့် သူ့အပေါ် ထိမှန်ပါက မသေသော် ဒဏ်ရာပြင်းထန်စွာ ရနိုင်ကြောင်း ဝမ်ကျွယ်ယွမ်သိ၏။

ဆိုလိုသည်မှာ မိုးကြိုးမိစ္ဆာလက်သီး၏ စစ်မှန်သော လူသတ်စွမ်းအားပေပင်။ သို့သော် စုရီက မမှုချေ။

“ ဝှစ် ... ။ ”

လက်များကို လေထဲဆန့်ထုတ်ကာ ကမ္ဘာ့ဆွဲငင်အား သက်ရောက်ခြင်း မရှိသူကဲ့သို့ လေထဲ ရွေ့လျားတော့သည်။

ထို့ကြောင့် မိုတျန်လင်၏ ပြင်းထန်သော လက်သီးသည် တိမ်စိုင်အတွင်း ပျောက်ကွယ် သွားသည်။

“ ဟမ့် ... အနိမ့်ဆုံး နည်းစနစ် တစ်ခုနဲ့ မိုးကြိုးမိစ္ဆာလက်သီးကို ဟန့်တားချင်တာလား။ ”

မိုတျန်လင် မျက်နှာ အနည်းငယ် ပြောင်းသွားသည်။ လက်ရှိ စုရီအသုံးပြုနေသော လက်ဟန်သည် အပြစ်ကင်းစင်ကာ ပြီးပြည့်စုံ၏။

“ ဝှစ် ... ။ ”

သို့သော် အဆင့်နိမ့် နည်းစနစ်မျှသာ ဖြစ်သည်။ မိုးကြိုးမိစ္ဆာလက်သီးနည်းစနစ်သည် ချီလင်စစ်တပ်၌ တစ်နှစ်ကြာသတ်ဖြတ်ပြီး နားလည်မှု ရယူထားသော ပညာရပ်ဖြစ်၏။

“ ဟိတ် ... ။ ”

၎င်း၏ အားသာချက်မှာ လက်သီးအဟုန် ဖြစ်သည်။ ထို့ကြောင့် အရပ်မျက်နှာ အသီးသီးမှ နေ၍ မုန်တိုင်းတစ်စင်းလို လက်သီးများ ပစ်ထည့်လိုက်သည်။

ဤနည်းဖြင့် စုရီသည် တုန်လှုပ်ကာ စိတ်ဓာတ်ကျပေလိမ့်မည်။ မိုတျန်လင်ပေါင်း များစွာ စင်မြင့်ပေါ်၌ ပြည့်နှက်သွား၏။

ထိုမြင်ကွင်းသည် ကျွမ်းကျင်သူများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ အထူးသဖြင့် နီပိုင်ဟွာနှင့် နီထန့် ပေပင်။

စုရီအသုံးပြုနေသည်မှာ နီမိသားစု၏ အမွေဖြစ်သည်။ စာငှက်ဖမ်းမည့်လက်များ- ဟု ခေါ်တွင်၏။

လက်ငါးချောင်းကို လှောင်အိမ်သဖွယ် အသုံးပြုရခြင်း ပေပင်။ နီပိုင်ဟွာမှ စာငှက် တစ်ရာခန့်ကို လက်တစ်ဖက်တည်းဖြင့် ဖမ်းဆီးနိုင်သည်။

သို့သော် စုရီလက်ထဲတွင် ဤပညာရပ်သည် စိတ်ကူးမယဉ်နိုင်သော စွမ်းအားကို ထုတ်လွှတ် ပေးနေသည်။

သူ့လက်အတွင်း သက်ရှိတိုင်းကို ဆုပ်ကိုင်ထားပြီး ကောင်းကင်ကြီးသည်ပင် ပိတ်မိနေ၏။

အံ့အားသင့် တုန်လှုပ်ဖွယ်ရာ ပေပင်၊။ နှစ်ပေါင်းများစွာ နီမိသားစု အမွေဆက်ခံခဲ့သော ကိုယ်ခံပညာသည် ဤသို့မယုံနိုင်ဖွယ် စွမ်းအား ရှိနေလိမ့်မည်ဟု မထင်ထားမိချေ။

“ နောက်ဆုံးတော့ နီမိသားစုက ဆရာစုရဲ့ မျက်နှာသာပေးတာကို ရသွားပြီ။ ”

ဖူရှန်းနှင့် ဟွမ်ယွင်ချုံးက သက်ပြင်းချ လိုက်ကြသည်။ ဆရာစုသည် နီထန့်အတွက် ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးနေ၏။

ထိုအချိန်တွင် မိုတျန်လင်မှာ ဆိုးရွားသော အခြေအနေတွင် ရှိနေခဲ့သည်။

“ ချိုးဖြတ်စမ်း ... ။ ”

လှောင်အိမ်အတွင်း ပိတ်မိနေသော သားရဲတစ်ကောင်နှင့် တူ၏။ ပိုက်ကွန်သဖွယ် အုပ်မိုးလာသော လက်များထံ မော့ကြည့်ကာ အင်အားရှိသမျှကို ညာလက်သီးထဲ သွန်းလောင်းကာ ထိုးနှက်ပစ်သည်။

ဤလက်သီးသည် လျှပ်စီးကဲ့သို့ မြန်ပြီး၊ မိုးခြိမ်းသံကဲ့သို့ မြည်ဟည်းကာ သွေးသန့်စင်ခြင်း အထွတ်အထိပ် တစ်ဦး၏ ခွန်အား အပြည့် ပါဝင်သည်။

“ မင်းကို ကိုယ်ခံပညာဆိုတာ ဘာလဲ ... ငါပြမယ်။ ”

စုရီ အချိန်မဖြုန်းလိုတော့ဘဲ သူ့လက်ချောင်းများကို လေထဲညင်သာစွာ ပုတ်ပစ်လိုက်သည်။

သက်ရောက်မှု အနေဖြင့် လေထဲ ပျံနှံ့နေသော လက်များအားလုံး လှောင်အိမ်ကြီး သဖွယ် ပေါင်းစည်းသွား၏။

မိုတျန်လင်တစ်ယောက် လက်သီးကို ထိုးနှက်နေရာမှ စိတ်မသက်မသာ ဖြစ်လာခဲ့ လေသည်။

ကောင်းကင်နှင့် မြေကြီးက သူ့ကို ပိတ်လှောင်လာလိုက်သကဲ့သို့ စွမ်းအားမဲ့သွား တော့သည်။

***

All Chapters