ကမ္ဘာကြီးက ပျင်းစရာကောင်းတယ်။
Vol. 5 Ch. 55
“ မကောင်းတော့ဘူး ... ။ ”
မိုတျန်လင် တစ်ယောက် ထိတ်လန့်လာသည်။ ဆိုးရွားပြင်းထန်သော ခံစားချက်များ တဟုန်ထိုး ဝင်ရောက်လာ၏။
သွေးလွှမ်းသော စစ်မြေပြင်တွင် တစ်နှစ်ကျော် ဖြတ်သန်းခဲ့ရသော်လည်း ဤမျှ ထိတ်လန့်ဖွယ် ကောင်းသည့် ခံစားချက်များ မရရှိဖူးချေ။
ပစ်ပယ်ခြင်း။ သူရဲကောင်း တစ်ယောက်သည်ပင် ကမ္ဘာကြီး၏ ပစ်ပယ်ခြင်း ခံရပါက ရှုံးနိမ့်နိုင်မည်။
၎င်းတို့သည် ဘဝနှင့်သေခြင်းကို မကြောက်သော်လည်း ကမ္ဘာကြီးမှ ပစ်ပယ်ခြင်း ခံရမည့်အပေါ် ကြောက်ရွံ့ကြ၏။
ဤနည်းဖြင့် တိုက်ပွဲဝင် ဆန္ဒများ ပြိုလဲသွားကာ မျှော်လင့်ချက်ကင်းမဲ့သွားသည်။ လက်ရှိအချိန်၌ လီတျန်လင်သည် ထိုခံစားချက်မျိုး ရရှိနေ၏။
ကမ္ဘာကြီးသည် သူ့အပေါ် ငြင်းဆန် နေချေပြီ။ ယင်းသို့ဆိုသော် အဘယ့်ကြောင့် သူသည် တိုက်ပွဲဝင်နေရမည်နည်း။
ခုခံမည်လော။ ရုန်းကန်မည်လော။ အတွေးများ လွင့်ပါးသွားကာ ခံစားချက်များ ဗလာကျင်းသွား၏။
ပွဲကြည့် ပရိတ်သတ်များ၏ အမြင်တွင် မိုတျန်းလင်သည် ရုတ်တရက် ဝိညာဉ်ဆုံးရှုံးသွား သကဲ့သို့ ရပ်တန့်သွားသည်။
“ ဝှီး ... ။ ”
သူ့လက်သီးက လေထဲရပ်တန့်သွားစဉ် စုရီလက်ဖဝါးက ဖြည်းညှင်းစွာ ပြိုကျလာပြီး ကျောက်သားစင်မြင့်တစ်ခုလုံး တုန်ခါလျက် မိုတျန်လင်ဆံပင်များကို လွင့်ပျံစေသည်။
“ ဒါက ဘယ်လို သိုင်းပညာမျိုးလဲ။ ”
မြို့နှစ်မြို့ရှိ အထက်တန်းစား ကျွမ်းကျင်သူများ အားလုံး မောဟိုက်စွာဖြင့် ညည်းတွားလိုက်ကြသည်။
မိုးကြိုးမိစ္ဆာ လက်များသည် တိမ်မင်းသားအတွက် ကျော်ကြားစေခဲ့သော ပထမတန်းစား သတ်ဖြတ်ခြင်း နည်းစနစ် ဖြစ်၏။
သို့သော် စုရီလက်ဖဝါးအောက်တွင် ရော်ရွက်ဝါများအလား ရယ်စရာကောင်းနေ ခဲ့သည်။
“ ဘာလို့ ဒီလို ဖြစ်ရတာလဲ ... ။ ”
နန်းရင်က လက်မခံနိုင်ဟန်ဖြင့် အာမေဋိတ်သံ ပြုလိုက်မိသည်။ လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ စုရီထံ ပြန်ကြည့်မိ၏။
တစ်ဖက်လူသည်သာ ကျင့်ကြံမှု ပြန်ရလာပါက အစ်ကိုနီထက် သာလွန်သော အနာဂါတ်မျိုး ရှိနိုင်မည်ဟူသော ခံစားချက် ဝင်ရောက်လာသည်။
“ မင်းကို ဓားဆွဲဖို့ အခွင့်အရေးပေးမယ်။ ”
ရုတ်တရက် စုရီက လက်ဖဝါးကို ပြန်ရုတ်ကာ နောက်ဆုတ်၏။ ထိုအပြုအမူက မိုတျန်လင်ကို မျက်နှာက ဖြူဖျော့လျက် ဖိအားများ လျော့ပါးသွားစေသည်။
“ ရွှပ် ... ။ ”
ချက်ချင်းပင် ဆေဘာဓားကို ဆွဲထုတ်လိုက်ကာ၊
“ ငါရှုံးနိမ့်တာကို ဝန်ခံရဲတယ် ... ဒါပေမယ့် ဒီလိုစော်ကားတာမျိုး ... ဘယ်တော့မှ သည်းခံ နေမှာ မဟုတ်ဘူး။ ”
-ဟု တုန့်ပြန်လိုက်တော့၏။
ဆေဘာဓားကိုယ်ထည်သည် နက်မှောင်လျက် ဓားသွား၌ ခရမ်းသွေးရောင် တောက်ပနေသည်။
“ ခရမ်းသွေး ဆေဘာ ... ။ ”
ဤသည်မှာ တိမ်မင်းသား ကိုယ်တိုင် ပေးအပ်ခဲ့သည့် သေမျိုးအထွတ်အထိပ် ရတနာ ဖြစ်သည်။
စစ်မြေပြင်ရှိ ရန်သူများစွာ၏ သွေးကို သောက်ဖူးချေ၏။ ဓားကို ကိုင်လိုက်သည်နှင့် မိုတျန်လင်၏ အငွေ့အသက်သည် မီးလျှံကဲ့သို့ တောက်လောင် ကြီးစိုးလာတော့သည်။
“ သူ ဓားဆွဲပြီ။ ”
လူတိုင်းက ခရမ်းသွေးဆေဘာကို စိုက်ကြည့်လိုက်ကြ၏။ ဆေဘာသည် လေထဲ ဝဲပျံသွားပြီး စူးရှသော လေခွင်းသံများ ဖြစ်ပေါ် လာစေသည်။
ဤဓားရေးသည် မဟာသခင်တစ်ပါး ဖြစ်သော တိမ်မင်းသား၏ သွေးသောက်ဓားပုံစံ ဖြစ်သည်။
မိုတျန်လင် လက်၌ မဟာသခင်၏ စွမ်းအားမျိုး မပါရှိသော်လည်း အနှစ်သာရကို ပြသနိုင်ဆဲ ဖြစ်သည်။
“ ရွှပ် ... ။ ”
သို့သော် စုရီအမြင်တွင် စိတ်ပျက်စရာ ကောင်းနေသည်။ နောက်တစ်လှမ်း ဆုတ်ကာ ရေကန်ကို ဖြတ်ပျံနေသော ငန်းတစ်ကောင် ကဲ့သို့ ချက်ချင်းပင် ရွေ့လျားလိုက်၏။
“ စွပ် ... ။ ”
ညာလက်ညှိုးက ပြိုကျလာသော သွေးသောက်ဓားရိပ်များအတွင်း တိုးဝင်သွားပြီး ခရမ်းသွေးဆေဘာအပေါ် ထိမှန်လေသည်။
“ ထန် ... ။ ”
ခရမ်းသွေးဆေဘာခမျာ တုန့်ခနဲ ရပ်တန့်သွား၏။ ဓားကိုင်လက် တစ်ဖက်လုံး ပြင်းစွာတုန်ခါလျက် လွတ်ကျသွားသည်။
“ ကလန် ... ။ ”
အဆုံးတွင် ရင်ပြင်တစ်ခုလုံး တိတ်ဆိတ် သွားလေသည်။ မြစ်ပြင် လှိုင်းပုတ်သံမှတပါး အခြား မရှိတော့ချေ။
ရလာဒ်ကို လက်ညှိုး တစ်ချက်တည်းဖြင့် ဆုံးဖြတ်သွားချေပြီ။ စုရီက နောက်ပြန်ဆုတ်ကာ လက်နှစ်ဖက်ကို နောက်ပို့လျက်၊
“ ဓားရေးရဲ့ အနှစ်သာရထက် ... အရှိန်အဟုန်ကို အလေးပေးပြီး သမားရိုးကျ မဟုတ်တဲ့ ... ချဉ်းကပ်မှုတစ်ခုကို လုပ်နေတာပဲ မင်းရဲ့လမ်းက ဆုံးနေပြီ။ ”
-ဟု မှတ်ချက်ပေးသည်။
ဓားတစ်လက်ကို ပိုးလွယ်ထားပြီး ပြတ်သားသော ဇာတ်ကောင် စရိုက်မျိုးကြောင့် ဤလူသည် ဓားတာအို၌ အောင်မြင်မှုအချို့ ရရှိထားသင့်သည်ဟု ယူဆမိခဲ့၏။
သူ့အမြင် မှားယွင်းသွားခဲ့ချေပြီ။ မိုတျန်လင်သည် ဓားကိုင်သူ တစ်ယောက်သာ ဖြစ်ချေ၏။ ဓားသမား မဟုတ်ချေ။
“ မင်းသုံးတာ ဘာနည်းစနစ်လဲ။ ”
မိုတျန်လင်က စုရီ၏ ညွှန်ပြမှုကို ခါးသည်းစွာခံယူလျက် မေးမြန်းသည်။ အလွန် ရှက်စရာ ကောင်းပေသည်။ ပြိုင်ဘက် မည်မျှ သန်မာသည်ကိုပင် သူ တိုင်းတာနိုင်ခြင်း မရှိခဲ့ချေ။
“ ဒီအတိုင်းပဲ ... ။ ”
စုရီက ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။ ဤသည်မှာ အမှန်ပင် သိုင်းပညာရပ်တစ်ခု မဟုတ်ချေ။ အားနည်းချက်ထံ ညွှန်ပြသော လက်ညှိုးတစ်ချောင်းမျှသာ ဖြစ်သည်။
“ ဒီအတိုင်းပဲလား ... ။ ”
ထိုအဖြေက မိုတျန်လင်ကို မှင်တတ်သွားစေသည်။ အနည်းငယ် နစ်မျော သွားပြီးနောက်၊
“ ငါ ရှုံးတယ် ... ။ ”
-ဟု ဆိုကာ စင်ပေါ်မှ ခုန်ဆင်းသွားသည်။
သူ့မျက်လုံးများက ဗလာကျင်းလျက် နီရဲနေသော အသွင်ဖြင့် လာရောက်စဉ်အတိုင်း ရေပြင်ကိုဖြတ်ကာ ထွက်ခွာသွားသည်။
ကွာခြားသွားသည်မှာ ဤတစ်ကြိမ်၌ ကြီးစိုးသော အသွင်မျိုး ရှိမနေတော့ချေ။ စုရီက စင်မြင့်ပေါ်တွင် ရပ်လျက်၊
“ ဘယ်သူ ရှိသေးလဲ။ ”
-ဟု တည်ငြိမ်စွာ မေးမြန်းလိုက်သည်။
လူတိုင်းက သူ့အကြည့်ကို ရှောင်၏။ အထူးသဖြင့် ဝမ်မိသားစု ဖြစ်သည်။ သူတို့သည် ဝမ်ကျွယ်ယွမ်ကို ချန်ပီယံဖြစ်ရန် မျှော်လင့်ခဲ့ ကြသည်။ ထို့ကြောင့် စုရီအကြည့်ကို ကြောက်သည်မှာ သဘာဝပေပင်။
“ ဒီလူယုတ်မာက ငါတို့ဝမ်မိသားစုကို တစ်ချိန်လုံး လှည့်စားနေတာပဲ။ ”
ဝမ်ချောင်ချင်း၏ မျက်နှာမှာ မည်းမှောင်သွားသည်။ သူတို့သည် စုရီရှေ့၌ လူပြက်များကဲ့သို့ ပြုမူခဲ့ကြကြောင်း နားလည်လိုက်၏။
အတည်ငြိမ်ဆုံးလူသည် လီတျန်းဟန် ဖြစ်သည်။ သူ့သား မိုယွင်နှင့် စုရီကို နှိုင်းယှဉ် နေမိ၏။
“ ကောင်းတယ် ... ။ ”
ကျောက်ဟိုင်ချွင်းတစ်ယောက် အံကြိတ်လျက် ရေရွတ်လိုက်သည်။ ဂိုဏ်းမှ ပြစ်ပယ်ခဲ့သော တပည့်နှစ်ဦးသည် ယနေ့ပွဲကို ကြီးစိုးသွားချေပြီ။
စိတ်လှုပ်ရှားမိသော်လည်း ချက်ချင်းပင် ဝမ်းနည်းသွား၏။ စုရီသည် မြစ်ပြာဓားစံအိမ်၏ တပည့် မဟုတ်တော့ချေ။
နန်းရင်သည်လည်း နောင်တများဖြင့် ငေးမောသွားသည်။ ဤအချင်းအရာအပေါ် မှုန်ကုပ်ကုပ်နှင့် နီဟောင်က စိုက်ကြည့် နေခဲ့သည်။
“ ဟား ဟား ဟား ... လီကျန့်ယွီ မင်းမှာ ဆန္ဒမရှိတော့ဘူးဆိုရင် ကျောက်စိမ်းကျွန်းကို ဆယ်နှစ် ငါအုပ်ချုပ်မယ်။ ”
ဖူရှန်းက တိတ်ဆိတ်မှုကို ဖြိုခွင်း လိုက်တော့သည်။ ထိုအသံက လီကျန့်ယွီနားထဲ မိုးကြိုးတစ်စင်းလို ဝင်ရောက်သွား၏။
စုရီက ဆက်မမေးတော့ဘဲ စင်မြင့်ပေါ်မှာ ဆင်းသက်လာခဲ့သည်။ အခြားသူများအတွက် မိုတျန်လင်ကို အနိုင်ယူခြင်းသည် အံ့သြဖွယ် ကောင်းသော အောင်မြင်မှု ဖြစ်၏။
သူ့အတွက်မူ သွေးသန့်စင်ခြင်းမှ တစ်စုံတစ်ဦးမျှသာ ဖြစ်သည်။ ဖူရှန်းကြောင့်သာ မဟုတ်သော် ဤပွဲသို့ တက်ရောက်မိမည် မဟုတ်ချေ။ ကမ္ဘာကြီးသည် ပျင်းစရာ ကောင်းလှပေသည်။
***