စာတစ်စောင်။
Vol. 5 Ch. 57
စုရီက ထရပ်ပြီး စားပွဲပေါ်ရှိ ဝိုင်ပုလင်းကို ကောက်ယူဖောက်သောက်ကာ ပြတင်းပေါက်မှ ငေးကြည့်နေခဲ့သည်။
ဤနေ့တွင် သူ့မိခင်စွန့်ခွာသွားကာ တစ်ယောက်တည်း အထီးကျန် နှစ်များကို ဖြတ်သန်းခဲ့ရ၏။
ချင်ဝမ်မှ တုံ့ဆိုင်းလျက်၊
“ တာအို သခင် ... မင်းမွေးနေ့ပွဲ မကျင်းပဘူးလား။ ”
စုရီက ခေါင်းယမ်းပြပြီး၊
“ ဒါတွေကို ငါမကြိုက်ဘူး။ ”
-ဟု ပြန်ဖြေ၏။
“ တာအိုသခင် မင်းရဲ့ ဘယ်နှစ်မြောက် မွေးနေ့လဲ။ ”
“ တစ်သိန်း ... ရှစ်ထောင် တစ်ဆယ့်ခုနစ် ... ဟုတ်တယ် ... ငါ့အသက် ဆယ့်ခုနစ်နှစ် ရှိပြီလို့ မင်းမှတ်ထားနိုင်တယ်။ ”
စုရီ အဖြေကြောင့် ချင်းဝမ်က အံ့အားသင့်သွားသော်လည်း နောက်ထပ် မေးခွန်းများ မမေးတော့ဘဲ၊
“ တာအို သခင် ဝမ်အာ ... သီချင်းဆို ပေးရမလား။ ”
-ဟု တုန့်ဆိုင်းစွာ မေးမြန်းလေသည်။
စုရီက ပြုံးရုံသာ ပြုံးပြလာသဖြင့် ချင်းဝမ်တစ်ယောက် အနီရောင်ဂါဝန်အနားစကို ဖြန့်ကိုင်လိုက်ကာ အသက်နပြင်းပြင်း ရှူလျက် သီချင်းစဆိုတော့သည်။
တိတ်ဆိတ်သော တောင်ကြားအတွင်း စိမ့်စမ်းရေများ စီးကျနေသည့်အလား အသံက ချိုသာတိုးညှင်းစွာ ထွက်ပေါ်လာ၏။
စုရီက ဝိုင်သောက်လျက် ပြတင်းပေါက်မှတဆင့် ကောင်းကင်ရှိ ကြယ်များထံ ငေးကြည့်နေခဲ့သည်။
ထိုအချိန်တွင် လီမိသားစု စံအိမ်တော်၌ လီမိုယွင်က ဓားရိုးကို တင်းကြပ်စွာ ဆုပ်ကိုင် ထားလေသည်။
၎င်းကသနှင့် နာကြည်းမှုကို ထိန်းရန် ကြိုးစားနေရသဖြင့် သွားများ ကျိုးလုနီးပါး ဖြစ်နေ၏။
အစီစဉ်တိုင်း ဆိုသော် ယနေ့တွင် စုရီကိုသတ်ကာ ဝမ်လင်ကျောက်ထံ လိုက်ပါ သွားရမည် ဖြစ်သည်။
သူ့ဘေးရှိ အစေခံအိုကြီးက၊
“ သခင်လေး ... မျိုးနွယ်စု ခေါင်းဆောင်ကြီးက မင်းကို ဒီညထွက်သွားဖို့ အမိန့် ရှိပါတယ်။ ”
“ ဟမ့် ... အရှုံးသမားက သူ့ရဲ့ ကျင့်ကြံမှု ပြန်ရပြီး မိုတျန်လင်ကို ... အနိုင်ယူရင်တောင် ဘာဖြစ်သေးလဲ၊ ငါသူ့ကို သတ်နိုင်ပါတယ်။ ”
“ သခင်လေး ... မိသားစုခေါင်းဆောင်က မင်းဒေါသနဲ့ အမှားလုပ်မိမှာကို စိုးရိမ်နေတာပါ စုရီကို သတ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး အချိန် နည်းနည်း ယူပါ ...
... မိသားစုခေါင်းဆောင်ရဲ့ အမြင်မှာ စုရီရဲ့နောက်ခံက မရိုးရှင်းပါဘူး၊ မြို့သခင်ဖူနဲ့ ဟွမ်ယွင်ချုံးတို့က သူ့ကို အရမ်းလေးစား နေလို့ပါ၊ ငါတို့ သတိထားရပါမယ်။ ”
ဤတစ်ကြိမ်တွင် လီမိုယွင်က စကားမဆိုတော့ချေ။ ခဏအကြာတွင် အသက် ပြင်းပြင်းရှူလျက်၊
“ နားလည်ပြီ၊ ငါ ... အခုပဲ သွားလိုက်မယ်။ ”
-ဟုဆိုကာ လှည့်ထွက်သွား၏။
“ သခင်လေးကို စောင့်ရှောက်ပါ ... လမ်းတစ်လျှောက် နှောင့်နှေးမှု မရှိပါစေနဲ့ နားလည်လား။ ”
အစေခံအိုကြီးက ခန်းမအပြင်တွင် စောင့်နေသော အစောင့်တပ်သားများကို အမိန့်ပေးလိုက်၏။
“ နားလည်ပါပြီ။ ”
အစောင့်တပ်သားများက ကျယ်လောင်စွာဖြင့် တုံ့ပြန်လိုက်လေသည်။ ဤအခင်းအကျင်းကို မြင်တွေ့လိုက်သောအခါ လီမိုယွင် တစ်ယောက် ခေါင်းရမ်းမိ၏။
သူ့အဖေသည် သူ မြို့ထဲ ခိုးဝင်မည်ကို စိုးရိမ်နေပုံရ၏။ မြို့တံခါးသို့ ရောက်သည်နှင့် ကွမ်လင်မြို့ထံ လည်ပြန် လှည့်ကြည့်ပြီး၊
“ စုရီ ငါတို့ ပြန်တွေ့ကြမယ်။ ”
-ဟု ကြိမ်းဝါးကာ မြင်းကို အသော့နှင် ပျောက်ကွယ်သွားတော့သည်။
***
ကောင်းကင် မူလ အကယ်ဒမီ၏ စိမ်းလန်းသော တောင်တန်းတစ်ခုပေါ်တွင် မဏ္ဍပ်တစ်လုံးရှိ၏။ ထိုမဏ္ဍပ် ရှေ့တွင် သဘာဝ ရေပူစမ်း ရေကန်ငယ်တစ်ကန်ရှိသည်။
ညအချိန်အခါ ဖြစ်သဖြင့် ကောင်းကင်၌ မည်မှောင်လျက် ကြယ်ပွင့်များ ပြန့်ကျဲနေ၏။ အမျိုးသမီးငယ်နှစ်ဦးက ကြယ်ရောင်များ အောက်၌ ရေပူစမ်းထဲ ဝင်စိမ်နေသည်။
အပူရှိန်ကြောင့် ရေမျက်နှာပြင်သည် မြူများဖုံးလွှမ်းနေပြီး လှိုင်းအချို့ အနည်းငယ် ပုတ်ခတ်သွား၏။
ဝမ်လင်ရွယ်က ရေကန်အတွင်းရှိ ကျောက်ဆောင်တစ်ခုပေါ် တက်ထိုင်ကာ ခြေဖျားကို ရေပူစမ်းထဲ စိမ်ထားသည်။
“ အစ်မ၊ အစ်ကိုစု စာထဲမှာ ... ဘာတွေ ရေးထားလဲ။ ”
ဝမ်လင်ရွယ်က နဖူးပေါ်ရှိ ရေစက်များကို သုတ်ကာ သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။
“ ဘာလို့ ဒီလူအကြောင်း မေးနေရတာလဲ။ ”
ဝမ်လင်ကျောက်က စိတ်ရှုပ်ထွေးဟန်ဖြင့် တုန့်ပြန်၏။ ဤရက်များအတွင်း စုရီ၏ စာသည် သူမကို စိတ်အနှောက်အယှက် ဖြစ်စေသည်။
စာထဲရှိ ‘ငါတို့ အိမ်ထောင်ရေးကို ဖျက်သိမ်းရအောင်’-ဟူသော ဝါကျတိုလေးက မကျေနပ်စရာ ပေပင်။
အိမ်ထောင်ရေးကို ဖျက်သိမ်းရန် ဆန္ဒရှိသည်မှန်သော်လည်း တစ်ဖက်လူထံမှ ဤသို့ ဦးစွာ ကမ်းလှမ်းမှုမျိုး မဟုတ်ချေ။
“ လင်ရွယ် ... အမေတို့ ပြန်ရင် ပြန်လိုက်သွားစရာ မလိုတော့ဘူး ... မြစ်ပြာ ဓားစံအိမ်ကို တိုက်ရိုက်သွားပါ၊ ...
... ငါ မဟာသခင်တပည့် တရားဝင် ဖြစ်ပြီးရင် ကောင်ကင်မူလအကယ်ဒမီကို ခေါ်ဖို့ နည်းလမ်းရှာမယ်။”
“ အစ်မ၊ ငါငြင်းချင်တယ်။ ”
ဤသည်မှာ အခွင့်အရေး ဖြစ်သော်လည်း ဝမ်လင်ရွယ်တစ်ယောက် မျက်ရည်များ ရစ်ဝိုင်း လာ၏။ တစ်စုံတစ်ဦး၏ ထိန်းချုပ်မှုအတွင်း သူမ မနေလိုချေ။
“ ငြင်းခွင့် မရှိဘူး။ ”
ဝမ်လင်ကျောက်က ပြတ်သားစွာ တုန့်ပြန်သည်။ ထို့နောက် ကောင်းကင်ပေါ် မော့ကြည့်ပြီး၊
“ အဲဒီတုန်းက ငါဝမ်လင်ကျောက်ဟာ ကံဆိုးစွာနဲ့ ... သူစိမ်းတစ်ယောက်နဲ့ ငြင်းခွင့် မရှိဘဲ လက်ထပ်ခဲ့ရတယ် ... ဝမ်အာအလှည့်မှာ ဒါမျိုး ထပ်ဖြစ်မခံနိုင်ဘူး ... နင်မြန်မြန် သန်မာရင် အကောင်းဆုံးပဲ။ ”
-ဟု အေးစက် နာကြည်းစွာ ပြောကြား လိုက်တော့သည်။
***
လပြက္ခဒိန်၊ ဒုတိယလ၊ တတိယမြောက်နေ့။
စုရီသည် ပုံမှန်လုပ်ငန်းစဉ်များ အတိုင်း ပိုးစာပင်၌ ကျင့်ကြံမှုပြီးဆုံးသည်နှင့် အဝါရောင် စံအိမ်သို့ ပြန်လာခဲ့သည်။
ဖူရှန်းနှင့် အစောင့် တပ်သားတစ်စုက အဝါရောင်စံအိမ်၌ သူ့ကိုစောင့်နေ၏။ ဖူရှန်းက သူ့ကို မြင်ချိန်၌ ပြုံးပြုံးရွှင်ရွှင်ဖြင့်၊
“ ဆရာစု ... မင်းရဲ့ ဆုကြေးတွေပေးဖို့ ငါရောက်လာတာ။ ”
-ဟု နှုတ်ဆက်လေသည်။
ထို့နောက် လက်ဝှေ့ယမ်းပြီး အစောင့် သုံးယောက်ကို ချဉ်းကပ်လာစေ၏။ ၎င်းတို့က ကျောက်စိမ်းသေတ္တာ တစ်လုံးစီ ကိုင်လျက်၊
“ ဒါတွေက နဂါးတံခါးပြိုင်ပွဲမှာ အနိုင်ရသူအတွက် ဆုလာဘ်ပါ ... စုစုပေါင်း၊ ရွှေစတစ်ထောင်၊ ပုလဲဆယ်လုံး၊ ဝိညာဉ်ရေး ဆေးပင်သုံးပင်နဲ့ အဝါရောင်အဆင့် လျှို့ဝှက်သိုင်းပညာ တစ်ခု။ ”
-ဟု ပြောကြားလိုက်တော့သည်။
ပထမစောင့်တပ်သားက သေတ္တာကို ဖွင့်ပြစဉ်၊
“ ရွှေစတွေကို ဆရာစု သယ်ဆောင်ရ ... သုံးရလွယ်အောင် ငွေစက္ကူအဖြစ် ပြောင်းလဲ ထားပါတယ်။ ”
-ဟု ရှင်းပြလာ၏။
ဒုတိယ အစောင့်တပ်သားမှလည်း သူ့ကျောက်စိမ်းသေတ္တာကို ဖွင့်ပြပြီး၊
“ ကျောက်စိမ်းသစ်ကပ်မှို၊ သွေးဂျင်ဆင်းနဲ့ အပြာရောင်နှင်းခဲမြက်။ ”
-ဟု သတင်း ပေးပို့လာ၏။
တတိယမြောက် အစောင့်တပ်သားကမူ ကျောက်စိမ်း သေတ္တာကို ကမ်းပေးလျက် ပြုံးပြ သည်။ မိတ်ဆက်ခြင်း မပြုချေ။
သေတ္တာကို ချိပ်ပိတ်ထားချေ၏။ ကိုယ်တိုင် ဖွင့်စေရန် ရည်ရွယ်ပုံရသည်။ စုရီက သေတ္တာကို ဖွင့်လှစ်ကာ စာအုပ်ကို ကောက်ကိုင်မိ၏။
စာအုပ်ပေါ်တွင် အဝါရောင် အထွတ်အထိပ်အဆင့် လျှို့ဝှက် နည်းစနစ်ဟု ရေးသားထား၏။
၎င်းအောက်တွင် လက်ဖဝါး နှစ်ထပ် ပန်းကောက်လက် -ဟု ပါရှိချေပြီ။
“ မတ်တပ်ရပ်၍ လက်နှစ်ဖက်ကို စက်ဝိုင်းပုံသဏ္ဍာန် ရွေ့ပါ။ တိမ်များ ထိကိုင်ရ သကဲ့သို့ ခံစားပါ။ ”
စုရီက အကြောင်းအရာ မိတ်ဆက်ကို ဖတ်ကြည့်ပြီးနောက် ပြန်ချကာ၊
“ ဒါက အမျိုးသမီးတွေ အတွက်ပဲ။ ”
-ဟု မကျေမနပ်ဖြင့် ပြောကြား လိုက်လေသည်။
***