← Chapters

တစ္ဆေမိခင် တောင်တန်း ဆီသို့။

Vol. 5 Ch. 60

တစ္ဆေမိခင် တောင်တန်း ဆီသို့။

Vol. 5 Ch. 60

“ နင် ... နင်အရမ်းယုတ်မာတယ်။ ”

နန်းရင်က ထိတ်လန့်အံကြိတ်လျက် ကြက်ပေါင်ကို မြေပြင်ပေါ်ပစ်ပေါက်ကာ ခြံထဲမှ ပြေးထွက်သွားတော့၏။

“ ဟား ဟား ဟား ... ။ ”

စုရီက ရယ်မောလျက် ခြံဝင်းထဲ ပြန်ဝင်လာကာ မြေပြင်ပေါ်ရှိ မှိုတက်နေသော ကြက်ခြေထောက်ကို ငုံ့ကြည့်မိသည်။

ထိုစဉ်က ဤမိန်းမကို သူသည် အဘယ့်ကြောင့် စွဲလန်းမိခဲ့မှန်း နားမလည် နိုင်တော့ချေ။ ခေါင်းယမ်းကာ အိမ်ထဲ လှမ်းဝင်လာခဲ့သည်။

ထို့နောက် စားပွဲပေါ်သို့ တစ်သောင်းတန် ငွေစက္ကူ ဆယ့်ရှစ်ရွက်၊ ဝိညာဉ်ဆေးပင် သုံးမျိုး၊ ထိပ်တန်းအဝါရောင် ကိုယ်ခံပညာရပ် တစ်ခု၊ ကျောက်စိမ်းဝါးသုံးပင်နှင့် ဝိညာဉ်ရေး မျှစ်အချို့ကို တင်​လိုက်သည်။

စီရင်စုမြို့တော်တွင် ဝိညာဉ်ရေးရာ ဆေးဝါးများ ဝယ်ယူနိုင်သော်လည်း စျေးကြီး ချေ၏။

သည့်အပြင် ဝယ်ယူရရှိနိုင်သော ဆေးဝါးများသည် သာမန်ဖြစ်ပြီး ဈေးနှုန်းမှာ အလွန်မြင့်မားချေပြီ။

ဥပမာအားဖြင့် သာမာန်အဆင့်နိမ့် ပထမတန်း ဝိညာဉ်ရေး ဆေးလုံးကို ငွေစ သုံးသောင်းဖြင့် ရောင်းချကြ၏။

ဒုတိယတန်း အတွက်မူ ငွေ(၈၀၀၀၀)ခန့် ဖြစ်သည်။ သို့တိုင် ထိုအဆင့်သည် ဝယ်လိုအား ရှိပြီး ရောင်းလိုအား မရှိချေ။

ဝိညာဉ်ကျောက်တုံးနှင့် ဝိညာဉ်ရေး ဆေးဘက်ဝင် အပင်များသာ အလွယ်တကူ ဝယ်ယူ ရရှိနိုင်သည်။

သူ့ရှေ့တွင်ရှိသော ဝိညာဉ်ရေး ဆေးဘက်ဝင်အပင် သုံးမျိုးသည် ပထမအဆင့် ဝိညာဉ်ရေးဆေးပင်များ ဖြစ်၏။

ဆန့်ကျင်ဘက်အနေနှင့် မြို့သခင် ဖူရှန်းပေးသောမျှစ်သည် ဒုတိယတန်းစား အဆင့် ဖြစ်သည်။

“ စီရင်စု မြို့တော်ရောက်ရင် ... ဒီငွေစက္ကူတွေကို ဝိညာဉ်ကျောက်တုံးတွေနဲ့ လဲလှယ်ရမယ်။ ”

ပထမအဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးကို ငွေတစ်သောင်းဖြင့် ဝယ်ယူနိုင်၏။ ဒုတိယတန်း ဝိညာဉ်ကျောက်တုံး တစ်တုံးကို ပထမတန်း ဝိညာဉ်ကျောက်တုံး တစ်ရာဖြင့် လဲလှယ်နိုင်သည်။

ဤနည်းဖြင့်သာ ကျင့်ကြံမှုအတွက် လိုအပ်သော အရင်းအမြစ်များကို လှဲလှယ် ဝယ်ယူနိုင်မည် ဖြစ်၏။

ထို့နောက် ပစ္စည်းများသိမ်းဆည်းလျက် ဆီးပင်အောက်၌ ကျောက်စိမ်းဝါးကို ဓားအိမ် အဖြစ် ဖန်တီးနေမိသည်။

များမကြာမီတွင် လုံးပတ်သည် ကလေးငယ်တစ်ယောက်၏ လက်မောင်းနီးပါး ရှိသော သုံးပေခန့် ဝါးဓားအိမ်တစ်ခု ရရှိလာ၏။

မရဏအစွယ်ကို ငါးမန်းအရေခွံ ဓားအိမ်အတွင်းမှ ထုတ်ယူကာ ထိုဝါးဓားထဲ ထည့်သွင်းသိမ်းဆည်းလိုက်သည်။

သို့သော် လက်ကိုင်ကြောင့် စိတ်အနှောက်အယှက် ဖြစ်ရသဖြင့် ဝါးရိုးကိုပင် ခုတ်လျက် မရဏအစွယ်၏ လက်ကိုင်အဖြစ် တပ်ဆင်လိုက်သည်။

ထို့နောက် ကြိုးယက်လုပ်ကာ ဝါးဓားအိမ်တွင် ခိုင်မြဲစွာ ချည်နှောင်လိုက်သည်။ အဝေးမှ ကြည့်ပါက ဝါးတုတ်တစ်ချောင်းအဖြစ် ထင်မှားစေမည်။

နေရောင်အောက်တွင် စိမ်းစိုသော ကျောက်စိမ်းနှင့်တူပြီး ကြည်လင် တောက်ပ၏။ ဓားမထုတ်လိုပါက လက်ကိုင်တုတ်အဖြစ် အသုံးပြုနိုင်မည်။

သည့်အပြင် ကျောက်စိမ်းဝါး၏ ဝိညာဉ်စွမ်းအင်သည်လည်း မရဏအစွယ်ထံ စီးဝင်ကာ ပို၍ ထက်ရှပေမည်။

ကျန်ရှိသော ဝါးများကို ခုနစ်လက်မ အရှည်ရှိသော ဓားပုံသဏ္ဍာန် ဝါးမြှောင်များ ခုတ်ထစ်လိုက်သည်။ စုစုပေါင်း သုံးဆယ့်ခြောက်ခု ဖြစ်၏။

ဝိညာဉ်အဆင့် ပစ္စည်းများအပေါ်တွင် အခြေခံအဆောင်များ၊ သတ်ဖြတ်ခြင်း အစီရင်၊ ကာကွယ်ရေး အစီရင်၊ တစ္ဆေနှင်အဆောင်များ၊ ကံကြမ္မာအစီရင်များ စသည်တို့ကို ရေးထွင်းနိုင်သည်။

သို့သော် စုရီက ထိုအရာများအတွင်းမှ တစ်ခုမှ မပြုလုပ်ခဲ့ချေ။ ယင်းအစား အပေါ်ယံ အစိမ်းရောင်လွှာထုတ်ပစ်ကာ အတွင်းသားဖြင့် ဝါးဆံညှပ်တစ်ခု ပြုလုပ်လိုက်ခြင်း ဖြစ်၏။

အစိမ်းရောင် ဆံညှပ်များကို အသုံးပြုခြင်းသည် မကောင်းသော ကံကြမ္မာကို ဆွဲခေါ်ရာ ရောက်ပေသည်။

ထို့နောက် မှန်ရှေ့ ပြန်သွားကာ ဆံပင်ရှည်များကို အဖြူရောင်ဝါးဆံညှပ်ဖြင့် သိမ်းဆည်းလိုက်၏။

မှန်ထဲ၌ အဖြူရောင် ဝါးဆံညှပ်ဖြင့် ‌ကျောက်စိမ်းဝါးရင်းတုတ်ရှည်ကို ခါးတွင်ချိတ်ဆွဲ ကြည့်မိသည်။

စုရွှမ်ကြွယ်ဘဝ အတွေ့အကြုံနှင့် စိတ်နေစိတ်ထားမျိုး ဝင်လာပြီး သေမျိုးများနှင့် မသက်ဆိုင်သော ခံစားချက်မျိုး ပေးစွမ်းလာ၏။

“ တာအိုသခင် မင်းက ... အရမ်း ကျက်သရေ ရှိတာပဲ။ ”

ချင်းဝမ်က မနေနိုင်တော့ဘဲ ဘူးသီးခြောက်ထဲမှ ရုတ်တရက်ထွက်ပြီး စုရီကို ချီးကျူးလိုက်သည်။

“ ငါ့အရင်ဘဝရဲ့ ... ကျက်သရေရှိမှုကို နည်းနည်းလေးပဲ မီပါသေးတယ် ... မင်း အသင့် ဖြစ်ပြီလား ... ငါတို့ တစ္ဆေမိခင်တောင်ကြား သွားရမယ်။ ”

စုရီမှ ပြောကြားလိုက်တော့သည်။ ထိုညနေတွင် ဟူချွမ့်သည် ကူပိုင် အမည်ရှိသော ဆေးကျွန်ကို ခေါ်ဆောင်လာ၏။

၎င်းကူပိုင်သည် ဆံပင်ကျဲကျဲနှင့် အရပ်ရှည်ပြီး ပိန်ပိန်ပါးပါး အသွင်အပြင်မျိုး ပေပင်။

အသက်အရွယ်ထက် ၎င်းရုပ်ရည်မှာ ပို၍အိုမင်းနေပြီး မျက်နှာတစ်ခြမ်းနီရဲလျက် ကျန်တစ်ခြမ်း ပုံပျက်နေခဲ့၏။

“ ဆရာစု ... ဒီအဘိုးကြီးကူက ငါတို့ ကွမ်လင်မှာ အတွေ့အကြုံအရှိဆုံး ဆေးကျွန်ပဲ သူက တစ္ဆေမိခင်တောင်တန်းရဲ့ မြေနေရာ ဒေသကို ကျွမ်းကျင်ပါတယ်။ ”

“ ဘဏ္ဍာစိုးဟူ ... မင်းရဲ့ ချီးကျူးမှုကို ကျေးဇူးတင်ပါတယ် ... ဒါပေမယ် ငါဒဏ်ရာရပြီး ကတည်းက တစ္ဆေမိခင်တောင်တန်းကို မရောက်ဖြစ်တာ ဆယ်နှစ်ရှိပါပြီ။ ”

ကူပိုင်က ရှက်ရွံ့စွာ ငြင်းဆန်သည်။ စုရီမှ ထိုအဖိုးကြီးကူပိုင်ကို စစ်ဆေးကြည့် ပြီးနောက်၊

“ အဲဒီတုန်းက မင်းတွေ့ခဲ့တာ ငရဲဝိညာဉ်တစ်ကောင် မဟုတ်လား။ ”

-ဟု မေးမြန်းလိုက်သည်။

ကူပိုင်က ပြန်မဖြေနိုင်ချေ။ ​​သူသည် သာမာန်လူတစ်ယောက် ဖြစ်သဖြင့် နတ်ဆိုးများ အဆင့်ကို မသိသည်မှာ သဘာဝပေပင်။

“ ငရဲဝိညာဉ် ဆိုတာ ... အဆင့်နိမ့် တစ္ဆေတစ်ကောင်ပဲ ... သူတို့ကို သင်္ချိုင်းတွေရဲ့ အညစ်အကြေးတွေကနေ မွေးဖွားလာတယ်၊ ...

... အဲဒီတစ္ဆေတွေက အဆင့်နိမ့်ပေမယ့် သူတို့‌ရောင်ဝါကို ထိရုံနဲ့ ကျောက်စိမ်းမီးလျှံယင် အဆိပ် ဝင်ရောက်လာတတ်တယ် ...

... ဒီလိုနည်းနဲ့ ယင်ယန် သဟဇာတပျက်စီးပြီး အခုလို တစ္ဆေမျက်နှာမျိုး ပေါ်လာလိမ့်မယ် ... အရမ်းပြင်းထန်တဲ့ အဆိပ်မျိုးမိလာရင် ...

... မင်းရဲ့ အသက်စွမ်းအင်ကို နေ့ညမပြတ်တိုက်စားပြီး သုံးရက်အတွင်း အရိုးပဲ ကျန်မှာ သေချာတယ်။ ”

ထိုစကားကို ကြားပြီးနောက် ဟူချွမ်ခမျာ အံ့သြသွားသည်။ ကူပိုင်သာလျှင် ရုတ်တရက် စိတ်လှုပ်ရှားလာပြီး၊

“ ဆရာ ... မင်းမှာ ဒီလိုဝေသနာမျိုးကို ကုသဖို့ နည်းလမ်းရှိလား။ ”

-ဟု မေးမြန်းတော့၏။

“ မင်းအဆိပ်သင့်နေတာ ဆယ်နှစ်ရှိပြီမို့ ... ကျောက်စိမ်းမီးလျှံယင်အဆိပ်က အတွင်းအင်္ဂါ တွေဆီ သက်ရောက်နေပြီ။ ”

ကူပိုင်တစ်ယောက် ချက်ချင်း ဒူးထောက်ချလိုက်ပြီး၊

“ ဆရာ ... ငါ့ကို ကယ်ပါ၊ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ငါသေလောက်အောင် နှိပ်စက် ခံခဲ့ရပါတယ် ...

... ငါ့မိန်းမနဲ့ သားသမီးတွေကိုသာ စောင့်ရှောက်ရမဲ့ တာဝန်မရှိရင် ... ငါကိုယ်ငါ သတ်သေခဲ့တာ ကြာပါပြီ။ ”

“ ကောင်းပြီ ... မင်းကို ငါကုပေးရင် ... မင်းငါ့ကို တစ္ဆေမိခင်တောင်တန်းဆီ ကိုယ်တိုင် လိုက်ပို့ပေးရမယ်။ ”

“ ဆရာ ... ငါလုပ်မယ်၊ ငါလုပ်မယ်။ ”

“ ဘဏ္ဍာစိုးဟူ ... သူ့အတွက် ဆေးတစ်ခွက်စာပဲ ... အရင် ကြိုပေးလိုက်ပါ၊ ငါတို့ပြန်လာမှ ဆေးစာ ရေးပေးလိုက်မယ် ... သူ့ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ရှင်းဖို့ နှစ်ဝက်လောက် အချိန်ယူရလိမ့်မယ်။ ”

“ ကျေးဇူးတင်ပါတယ် ... ကျေးဇူးတင်ပါတယ် ... ။ ”

ကူပိုင်က စိတ်လှုပ်ရှားစွာဖြင့် ကျေးဇူးတင်ကြောင်း ထပ်တလဲလဲ ပြောကြား လာလေသည်။

“ အဘိုးကြီးကူ ... သမားတော်ဝူတောင် ငါတို့သမက်ရဲ ဆေးပညာအစွမ်းကို ... အရမ်း ချီးကျူးရတာမို့ ... မင်းရောဂါ သေချာပေါက် ပျောက်ကင်းပါလိမ့်မယ် ... ။ ”

“ ငါနားလည်ပါတယ် ... ကျေးဇူးတင်ပါတယ်။ ”

ကူပိုင်မှ ထပ်ခါတလဲလဲ ခေါင်းညိတ်ပြလိုက်ပြီး၊

“ ဆရာ ... မင်းတစ္ဆေမိခင်တောင်တန်းကို တကယ်သွားမှာလား။ ”

-ဟု အတည်ပြုလိုက်သည်။

“ ဟုတ်တယ် ... ။ ”

စုရီက ခေါင်းညိတ်၏။

“ ကောင်းပြီ ငါလိုက်ပို့ပေးမယ်။ ”

“ ဒါဆို ... မနက်ဖြန်မနက် မက်မွန်ဆေးခန်းကိုလာပြီး ငါ့ကိုစောင့်နေပါ ... စိတ်မပူပါနဲ့ ... မင်းကိုဘေးကင်းစွာ ပြန်ခေါ်လာပေးမယ်။ ”

အထက်ပါကိစ္စကို အပြီးသတ်ပြီးနောက် ထိုညတွင် စုရီက မကောင်းဆိုးရွားများ တားဆီး နိုင်သည့် အဆောင်အချို့ ပြင်ဆင်နေခဲ့သည်။

မနက်လင်းသည်နှင့် ခါးတွင် ဘူးသီးခြောက်ချိတ်ဆွဲကာ ဝါးရင်းတုတ်ကို ကိုင်လျက် မက်မွန်ဆေးခန်းထဲ ဝင်လာခဲ့၏။

ဆေးခန်းအတွင်း၌ ဝါးဦးထုပ် ဆောင်းထားသော အဖိုးကြီးကူပိုင်က ထိုင်စောင့် နေပြီ ဖြစ်သည်။ နှစ်ယောက်သား စကားမဆို တော့ဘဲ ထွက်ခွာလာမိ၏။

“ ကူပင် ... နောက်ဆုံးတော့ မင်းကိုငါတွေ့ပြီ။ ”

သို့သော် မြို့တံခါးသို့ မရောက်မီ လူတစ်ယောက် သူတို့လမ်းကို ပိတ်ဆို့လာခဲ့ လေသည်။

ဤသည်မှာ ဝမ်ကျွယ်ယွမ်ဖြစ်၏။ ကူပိုင်ဘေးရှိ စုရီကို မြင်ပြီးနောက် အနည်းငယ် တွန့်ဆုတ်သွားသည်။

ကူပိုင်က ရိုသေစွာ ဦးညွှတ်လျက်၊

“ သခင်လေး ... မင်းက ငါ့ဆီက ဘာလို့ တွေ့ချင်နေတာလဲ။ ”

-ဟု ပြန်လည်မေးမြန်းလိုက်၏။

“ ဧည့်သည် တစ်ယောက်က တစ္ဆေမိခင်တောင်တန်းကို သွားချင်နေလို့ လမ်းပြရှာနေတယ် ... ဒါကြောင့် မင်းကို ငါလာခေါ်တာ။ ”

ဝမ်ကျွယ်ယွမ်အဖြေကြောင့် ကူပိုင်ခမျာ အံ့ဩသွားပြီး အနားရှိ စုရီထံ လှည့်ကြည့်လိုက် လေသည်။ ထိုအမူအရာကြောင့် ဝမ်ကျွယ်ယွမ်မှ မျက်မှောင်ကြုတ်သွား၏။

“ ကူပိုင် ... ဒါက မင်းအတွက် ... သေချာပေါက် အကျိုးရှိမှာပါ။ ”

“ သခင်လေး ... မင်းနားလည်မှု လွဲနေပြီ ငါမနေ့က သမက်စုကို တစ္ဆေမိခင်တောင်တန်း လိုက်ပို့ပေးဖို့ ကတိပေးခဲ့တယ်။ ”

“ ဘာ ... ။ ”

ဝမ်ကျွယ်ယွမ်က အံ့အားသင့်စွာဖြင့် စုရီထံလှည့်ကြည့်လေသည်။ စုရီကလည်း သူ့ထံ စိုက်ကြည့်နေသောကြောင့်၊

“ မင်း ... ဘာသွားလုပ်မလို့လဲ။ ”

-ဟု ပုံမှန်လေသံဖြင့် မေးမြန်းလိုက်၏။

“ မင်းနဲ့ ဘာဆိုင်လဲ။ ”

“ စုရီ၊ မင်းရဲ့ကျင့်ကြံမှု ပြန်ကောင်း လာပြီးတဲ့နောက် မင်းသာမန် မဟုတ်ဘူးဆိုတာ ငါဝန်ခံတယ် ... ဒါပေမယ့် မမေ့ပါနဲ့ ... မင်းက ငါတို့ ဝမ်မိသားစုရဲ့ သားမက်ပဲ။ ”

စုရီ၏ ထိုတုန့်ပြန်မှုက ဝမ်ကျွယ်ယွမ်ကို ဒေါသထွက်စေ၏။ သို့သော် အံကြိတ်လျက် ဝမ်မိသားစုသမက်ဟူသော အသုံးအနှုန်းဖြင့် သတိပေးလိုက်သည်။

ဆိုလိုသည်မှာ ဝမ်လင်ကျောက်သည် မဟာသခင်၏ တပည့်ဖြစ်လာပါက စုရီရာထူးကို ပြန်လည် စဉ်းစားမည် ဖြစ်ကြောင်း ပြောလိုခြင်း ဖြစ်ချေပြီ။

***

Book-5

All Chapters