← Chapters

ပြောင်းလဲသွားသော အခြေအနေများ

Vol. 013 Ch. 1269

ပြောင်းလဲသွားသော အခြေအနေများ

Vol. 013 Ch. 1269

ရှင်းချိုးက မြေပြင်မှ ထလာပြီး သူ့ပါးစပ်ထောင့်မှ သွေးတို့ကို သုတ်လိုက်ကာ ရှေ့သို့ ဆက်လက်ဖိနှိပ်နေသည့် ယူချင်းကို ကြည့်သည်။ ဝိညာဉ်လက်နက်က သူ့လက်ထဲတွင် မြင်နေရကာ သူ့လက်နှင့် တစ်သားတည်း ပျော်ဝင်၍ တောက်ပသော အလင်းရောင်များကို ထုတ်လွှတ်ပေးနေသည်။

ချက်ချင်းပင် သူ့အနီးဝန်းကျင်၌ အလင်းတန်းများ လွှမ်းခြုံလာသည်။ မဟာလမ်းစဉ်၏ အသိများက ပို၍ပင် များပြားစွာ ကျဆင်းလာသည်။ မွန်းကျပ်ဖွယ်ဖိအားက ရှင်းချိုး၏ ခန္ဓာကိုယ်ကို ဗဟိုပြု၍ နေရာတစ်ခွင်ကို ပျံ့နှံ့သွားသည်။

ယခင်က ယူချင်းထံတွင် ရှုံးနိမ့်ခဲ့ရသော်လည်း တိုက်ပွဲအတွင်းတွင် ဝိညာဉ်လက်နက်ကို လုံးဝ အသုံးမပြုခဲ့ပေ။

သို့ပေမဲ့ ယူချင်းသည် အလွန် ရင်ဆိုင်ရခက်သည်ဟု သူက ယူဆမိပေသည်။ ယူချင်းက သူ့ဆီသို့ လာရသည့်အကြောင်းကို ခန့်မှန်းရလျှင် သူသည် မိမိအား သေစေလိုပုံရလေသည်။

ရှင်းချိုးသည် ရှေးဟောင်းတော်ဝင်မြို့တွင် မွေးဖွားခဲ့သည်။ သွေနဂါးဘုံရှိ လူနည်းစုသာလျှင် သူ့ကို သတ်ရန် ကြံရဲကြပေလိမ့်မည်။

သွေးနဂါးမြို့ အပြင်၌ နံပါတ်တစ် မြို့ဖြစ်သော ရှေးဟောင်းတော်ဝင်မြို့နှင့် ဆန့်ကျင်ဘက်တွင် ရပ်တည်ရဲသူမှာ လက်တစ်ဆုပ်စာသာလျှင် ရှိသည်။

သို့သော်လည်း ရှင်းချိုးသည် ယူချင်းကဲ့သို့ မိုက်ကန်းကန်း လူမျိုးကတော့ ခြွင်းချက်ဖြစ်သည်ဟု ခံစားမိနိုင်သည်။ သူသည် ဒေသနန်းတော်တွင် ကျင့်ကြံနေပြီး ဒေသဘုရင် အဆင့် သတ်မှတ်ချက်တွင် ရှိနေသည်။ ထို့ကြောင့် သူက ထိုသို့ ရူးမိုက်သည့် ကိစ္စမျိုးကို လုပ်ဆောင်နိုင်ပေသည်။

ကန့်သတ်ချက်များကို ဘေးချိတ်၍ သူမြင်သည့်အတိုင်းသာ ဆက်လုပ်တတ်ခြင်းသည် ယူချင်း၏ စရိုက်ပင် ဖြစ်သည်။

ကြီးမားသည့် နတ်ဆိုးစွမ်းအားများက နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ရှင်းချိုးသည် ကြီးမားသည့် နတ်ဆိုးလက်ဝါးရိပ်ကြီးက သူ့ပေါ်သို့ ကျဆင်းလာသည်ကို မြင်လိုက်ရသည်။ သူက ရှေ့သို့ ခြေလှမ်းလိုက်ကာ သူ့လက်နှစ်ဖက်လုံးမှ အလင်းရောင်များ ပေါက်ကွဲထွက်လာပြီး သူ့ထံသို့ လာနေသည့် တိုက်ခိုက်မှုနှင့် ထိပ်တိုက် ရင်ဆိုင်သည်။

ဘုန်း ...

ကျယ်လောင်သည့် ဆူညံသံကြီးကို ကြားလိုက်ရပြီး ကြီးမားသည့် လက်ဝါးရိပ်ကြီးက ထိုးဖောက်ခံလိုက်ရသည်။

ယူချင်းသည် သူ၏ နက်မှောင်နေသော မျက်လုံးများဖြင့် ရှင်းချိုးကို တစ်ချက်ကြည့်သည်။ တခြားတစ်ဖက်က တိုက်ခိုက်မှုစွမ်းအားကို တိုးမြှင့်ပေးနိုင်သည့် အစွမ်းထက်သော ဝိညာဉ်လက်နက်အား အသုံးပြုနေသည်ကို သူ သိရှိပေသည်။

သို့သော်လည်း သူသည် တစ်ချက်ကလေးမှ တွေဝေခြင်းမရှိဘဲ ရှေ့သို့ တိုးလာခဲ့သည်။

နတ်ဆိုးစွမ်းအားများက အော်မြည်နေပြီး နေရာတစ်ခွင်လုံးကို ဖုံးလွှမ်းသွားသည်။ သူ့မျက်လုံးများက အခြေမရှိသည့် တွင်းတစ်ခုသဖွယ် နက်မှောင်လာ၏။

ရှင်းချိုးသည် ယူချင်း၏ မျက်လုံးကို မြင်သည့်အခါ နတ်ဆိုးကို ကြည့်နေရသကဲ့သို့ ခံစားလိုက်ရသည်။ ဤသည်က နတ်ဆိုးတို့၏ ကမ္ဘာကြီးဖြစ်ကာ နတ်ဆိုးစစ်သူကြီးကို နတ်ဆိုးစစ်သည်တော်များက ဝန်းရံထားသလို ထင်မှတ်လိုက်ရပေသည်။ သူတို့အားလုံးက မည်သည့် မေးခွန်းမှ မရှိဘဲ နတ်ဆိုးထံ အညံ့ခံလိုက်ကြသည်။

ရှင်းချိုးသည် သူ့ရှေ့မှ နတ်ဆိုးကို ကိုးကွယ်ရာအဖြစ် ဒူးထောက် တောင်းပန်လိုနေသည့် ခံစားချက်များ ဖြစ်ပေါ်လာသည်။ ယူချင်းသည် အစစ်အမှန် နတ်ဆိုးတစ်ကောင်ကဲ့သို့ ထင်မှတ်ရကာ သူ့ကို ဒူးထောက်ကာ အညံ့ခံစေရန် စေခိုင်းနေသလို ထင်မှတ်မိလေသည်။

ထိုခံစားချက်သည် အရှက်ရစရာပင် ဖြစ်သော်လည်း ကြောက်ရွံ့ဖွယ် ခံစားချက်များက လွှမ်းမိုးနေသည်။

ထိုအရာများသည် ပုံရိပ်ယောင် မဟုတ်ပေ။ ရှင်းချိုး၏ ကျင့်ကြံခြင်းအဆင့်အရ လွှမ်းမိုးခံရကာ ယူချင်းကို နတ်ဆိုးတစ်ကောင် အဖြစ် မှတ်ယူလိုက်မိခြင်း ဖြစ်ပေသည်။ ထိုသူသည် လွှမ်းမိုး အုပ်ချုပ်နိုင်စွမ်း ရှိသည့် နတ်ဆိုးအရှင်သခင် ဖြစ်ရမည့် ကံကြမ္မာ ရှိနိုင်သည်။ ထိုသူသည် ကြောက်မက်ဖွယ် နတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံပြီး သူ့ကို ထိုကဲ့သို့သော ခံစားမှုကို ဖြစ်ပေါ်စေခြင်း ဖြစ်သည်။

ရှင်းချိုးကဲ့သို့ ရန်ဟောင်တစ်ပါး၏ မျိုးဆက်ပင်လျှင် မည်သို့မှ မတတ်နိုင်ဘဲ ယူချင်း၏ တိုက်ပွဲအသိနှင့် လွှမ်းမိုးခြင်းကို ခံရလေသည်။

ရှင်းချိုးသည် ယူချင်း၏ မိသားစု နောက်ခံကို သိချင်သွားမိသည်။

ယူချင်းက ရှင်းချိုး၏ စိတ်ထဲမှ အတွေးများကို အနည်းငယ်မျှပင် အရေးမစိုက်ချေ။ သူ၏ ပြင်းထန်သော နတ်ဆိုး အရှိန်အဝါသည် များပြားလှသည့် နတ်ဆိုးလှံရှည်နှင့် ပေါင်းစပ်သွားသည်။ ထို့နောက် သူသည် ဟစ်ကြွေးလိုက်ကာ လှံရှည်များကို ဆောင်ယူကာ လေထဲသို့ ဖြတ်ကာ ဆုတ်ဖြဲလိုက်ပြီး စွမ်းအားများနှင့် လွှမ်းမိုးထားသည်။ လှံရိုက်ချက် တစ်ခုချင်းစီတိုင်းသည် လေဟာနယ်ကို ဖြတ်ကာ ပေါက်ကွဲသံ အတွဲလိုက် ထွက်ပေါ်လာစေသည်။ ၎င်းတို့၏ အဖျက်စွမ်းအားသည် လေထုကို ဖြတ်ကာ ထွက်ပေါ်လာပြီး လူတိုင်းကို ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေသည်။

ရှင်းချိုးသည်လည်း ဟစ်ကြွေးလိုက်ကာ သူ၏ တိုက်ပွဲသဏ္ဌာန်သို့ ပြောင်းလဲလိုက်ကာ ရှေ့သို့ ခြေလှမ်းလိုက်ပြီး တိုက်ခိုက်မှုများကို ထုတ်ဖော်သည်။ သူသည် ဝိညာဉ်လက်နက်ကို ထုတ်ကာ ဝှေ့ယမ်း တိုက်ခိုက်လိုက်ပြီ ဖြစ်သဖြင့် နောက်ဆုတ်ရန် မဖြစ်နိုင်တော့ပေ။ ထို့ပြင် သူသည်လည်း နောက်ဆုတ်ရန် အကြောင်း မရှိချေ။

လူနှစ်ယောက်သည် ရက်စက်ကြမ်းတမ်းစွာ တိုက်ခိုက်နေကြသည်။ မရေတွက်နိုင်သည့် မျက်လုံးအစုံများသည် သူတို့နှစ်ယောက် တိုက်ခိုက်နေသည့် တိုက်ပွဲကွင်းပြင်သို့ ကြည့်နေသည်။ ယူချင်းနှင့် ရှင်းချိုးတို့ ကြားမှ တိုက်ပွဲသည် ကောင်းကင်တွင် တိုက်ခိုက်နေကြဆဲ ဖြစ်သည့် ကြယ်ဆွတ်လက်ရှန့်ထိုနှင့် ကိုင်ရှန့်ထိုဘုရင်တို့ တိုက်ခိုက်မှုကဲ့သို့ ထိတ်လန့်အံ့သြဖွယ်ကို မပေးစွမ်းနိုင်သော်လည်း ထိုသည်မှာ သူတို့ကြားမှ အဆင့်များက ကွာခြားနေသောကြောင့် ဖြစ်ပေသည်။ သို့သော်လည်း ယူချင်းနှင့် ရှင်းချိုး နှစ်ဦးလုံးသည် မျိုးဆက်သစ်များထဲတွင် အလွန်ကျော်ကြားသော သူများ ဖြစ်သည်။

သူတို့သည် နောင်အနာဂတ်တွင် ကိုင်ရှန့်ထိုဘုရင်နှင့် ကြယ်ဆွတ်လက် ရှန့်ထိုတို့ကဲ့သို့ ပုဂ္ဂိုလ်များ ဖြစ်လာနိုင်ကြပေသည်။

ယူချင်း၏ စွမ်းအားများသည် နောက်ပိုင်းတွင် သူတို့ထက်ပင် ပို၍ သန်မာလာနိုင်ပေသေး၏။

အဆုံးမှာတော့ သူက ဒေသဘုရင် အဆင့် သတ်မှတ်ချက်တွင် အဆင့်ဝင်နေခဲ့ပြီး ဖြစ်သည် မဟုတ်ပါလား။ ဒေသဘုရင် အဆင့် သတ်မှတ်ချက်တွင် ဝင်ရောက်သည့် သူ့အဆင့်မှ မည်သူမဆို ပြိုင်ဘက်ကင်းဟုပင် သတ်မှတ်၍ ရနိုင်ပေသည်။

ကြယ်ဆွတ်လက် ရှန့်ထိုနှင့် ကိုင်ရှန့်ထိုဘုရင်တို့ကဲ့သို့ ပုဂ္ဂိုလ်များပင်လျှင် ဒေသဘုရင် အဆင့် သတ်မှတ်ချက်တွင် ဝင်ဖူးခဲ့ခြင်း မရှိချေ။ ဒေသဘုရင်အဆင့် သတ်မှတ်ချက်တွင် ဝင်ရန်အတွက် စမ်းသပ်ချက်မှာ အလွန်ခက်ခဲလှပေသည်။

လက်ရှိတွင် ယူချင်းအပါအဝင် ဒေသဘုရင်အဆင့် သတ်မှတ်ချက်တွင် ရှန့်ထို ဆယ့်ရှစ်ယောက်သာလျှင် ရှိသည်။

***

ရှန့်ထိုအရှင် ကျိုယန်သည် အခြား တိုက်ပွဲကွင်းပြင်သို့ တစ်ချက်ကြည့်သည်။

သူ မြင်နေရသည့် မြင်ကွင်းကို ကြည့်ကာ ရှုံ့မဲ့နေမိသည်။

သူသည် ဖြစ်ရပ်များက ထိုကဲ့သို့ ပြောင်းလဲသွားလိမ့်မည်ဟု ဘယ်သောအခါမှ မျှော်လင့်မထားခဲ့ပေ။

သူတွေးခဲ့သည်မှာ အင်ပါယာခွာ၏ အမွေအနှစ်နှင့် ရတနာအတွက် လူအများမှ ပါဝင်တိုက်ခိုက်ကြကာ ရှုပ်ထွေးသည့် အခြေအနေများ ဖြစ်ပေါ်လိမ့်မည် ဟူ၍ ဖြစ်သည်။ ချန်ယဲ့မြို့သည် နှိုင်းယှဉ်ရန်ပင် ထိုက်တန်ခြင်း မရှိလှပေ။ ရီဖူရှင်းသည် သူရခဲ့သည့် ရတနာကို ထိန်းသိမ်းထားနိုင်ရန် နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။ သွေနဂါးဘုံမှ အခြားသော တန်ခိုးရှင်များ တိုက်ပွဲတွင် ပါဝင်လာသည်ကို မဆိုထားနှင့် မျိုးနွယ်စုကိုးခုမှ အဖွဲ့ဝင်များပင်လျှင် ရီဖူရှင်းကို လွယ်ကူစွာ ကိုင်တွယ်နိုင်မည် ဖြစ်သည်။

တိုက်ပွဲအတွင်းသို့ အင်ပါယာရှားဘုံမှ အင်အားစုများ ဝင်ရောက်လာခဲ့လျှင်ပင် သူတို့သည် ဘုံတစ်ခုလုံးမှ အင်အားစုများကို ကူညီရန် စေလွှတ်ပေးနိုင်မည် မဟုတ်သောကြောင့် ထိုရတနာအား သူတို့စိတ်ကြိုက် ထိန်းသိမ်းထားနိုင်ရန် နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။ ထိုသည်က ဆက်လက်ထိန်းသိမ်းထားရန် ဖြစ်နိုင်လိမ့်မည် မဟုတ်သော အရာပင် ဖြစ်၏။

မည်သူကမှ သူတို့၏ မျက်စိရှေ့၌ ဖြစ်သော အရာရာက ထိုသို့ ပြောင်းလဲသွားလိမ့်မည်ဟု မမျှော်မှန်း ခဲ့မိကြပေ။

ကြယ်ဆွတ်လက် ရှန့်ထိုပင်လျှင် လှုပ်ရှားလာခဲ့ပြီး ကိုင်ရှန့်ထိုဘုရင်နှင့် တိုက်ခိုက်ခဲ့သည်။

ထို့နောက်တွင် မည်သည့် ရလဒ် ထွက်ပေါ်လာလိမ့်မည်ကို သူ ကြိုတင်ခန့်မှန်း ကြည့်နိုင်စွမ်း မရှိတော့ချေ။

တိုက်ပွဲ၏ ရလဒ်သည် သေချာခြင်း မရှိပေ။ မည်သည့်အရာများ ပြောင်းလဲ သွားမည်လည်း မည်သူမှ မသိရှိကြချေ။

သူသည် ဤထိပ်တိုက် ရင်ဆိုင်သည့် တိုက်ပွဲတွင် ရီဖူရှင်း သေဆုံးခြင်းဖြင့် အဆုံးသတ်လိမ့်မည်ဟု တစ်ခါက တွေးဖူးသည်။ သူက ရတနာကို မယူဆောင်နိုင်လျှင်ပင် ပြဿနာ မရှိလှပေ။ ဤသည်က ရတနာကို လုယူနိုင်မည့် အခွင့်အရေး တစ်ခုပင် ဖြစ်သည်။ သူက မအောင်မြင်ဘဲ ကျရှုံးသွားခဲ့လျှင်ပင် အကျိုးယုတ်စရာ မရှိပေ။

သို့သော်လည်း ကိစ္စရပ်များသည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူက ဆက်လက်၍ တိုက်ခိုက်လျှင် ရီဖူရှင်းဘက်က အနိုင်ရနိုင်ချေရှိပြီး ရီဖူရှင်း၏ စွမ်းအားအရဆိုလျှင် သူတို့ကို ဖိနှိပ်နိုင်စွမ်းရှိမည် ဖြစ်ကာ အကျိုးဆက်က သေချာလှပေသည်။

ရှုံးသည့်ဘက်က ပြင်းထန်သော အကျိုးဆက်ကို ခံစားရပေလိမ့်မည်။

ရှန့်ထိုအရှင် ကျိုယန်ကဲ့သို့ အစွမ်းထက်သည့် ပြန်လည်မွေးဖွားခြင်း အဆင့် တစ်ဦးတစ်ယောက် ချင်းစီတိုင်းသည် ထိုအချိန်၌ တုန်လှုပ်မှုကို ခံစားနေကြရသည်။ သူတို့ အားလုံး တွေဝေနေကြသည်။ သူတို့သည် ရှေ့ဆက်တိုးသင့်လား၊ နောက်ဆုတ်သင့်လား ဝေခွဲမရ ဖြစ်နေကြ၏။

အကယ်၍ သူတို့ နောက်ဆုတ်လိုက်ပြီး ရီဖူရှင်းကို ကြီးထွား ခွင့်ပြုလိုက်လျှင် နောက်ပိုင်း၌ သူတို့နှင့် စာရင်းလာရှင်းမည်ကို စိုးရိမ်နေရလိမ့်မည် ဖြစ်သည်။

“အဖေ၊ ပြန်ဆုတ်ကြရအောင်” ရှီချန်က အဝေးမှ ရှန့်ထိုအရှင် ကျိုယန်ကို စိတ်ချင်းဆက်သွယ်ကာ ပြောသည်။ ဖြစ်ရပ်က ဤကဲ့သို့ ပြောင်းလဲသွားခဲ့သည့် အတွက် သူတို့ ဆက်လက်တိုက်ခိုက်နေရန် မလိုအပ်တော့ပေ။

ရှန့်ထိုအရှင် ကျိုယန်သည် ဆက်လက်၍ တွေဝေနေပေသည်။ သူ့ရှေ့၌ ပုံရိပ်တစ်ခုက ရပ်နေသည်။ ထိုသူမှာ ရန်ယွင်ပင် ဖြစ်၏။

သူသည် ရှန့်ထိုအရှင် ကျိုယန်၏ ရှေ့၌ ရပ်ကာ စောင့်ကြည့်နေသည်။

ထိုအချိန်၌ မီးလျှံ စစ်နတ်ဘုရားအသွင် ယူထားသည့် ရီဖူရှင်းသည် ပြန်လှည့်လိုက်ကာ သူ့ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့သော ပြန်လည်မွေးဖွားခြင်း ရှန့်ထိုကို ကြည့်သည်။

ရှန်းမြို့မှ ထိုပြန်လည်မွေးဖွားခြင်း အဆင့်သည် ရှန်းနန်နှင့်အတူ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သူသည် အင်ပါယာရှန်းဘုံမှ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

သူက သိသာစွာပင် သူ့ကိုသူ ဖော်ပြခြင်းမပြုဘဲ တိုက်ပွဲတွင် ပါဝင်ကာ ရီဖူရှင်းကို သတ်၍ အင်ပါယာခွာ၏ ရတနာကို သူ့အတွက် ယူဆောင်ရန် ကြိုးစားခဲ့သည်။

ထိုကြီးမားသည့် မီးလျှံစစ်နတ်ဘုရားသည် အင်ပါယာရှန်းဘုံမှ ပြန်လည်မွေးဖွားခြင်း အဆင့် ရှန့်ထိုကို လှည့်ကြည့်လိုက်လျှင် သူ့ကို မျက်မှောင်ကြုတ် သွားစေပြီး သူ့အပေါ်တွင် ခြိမ်းခြောက်နိုင်စွမ်း ရှိသည့် စွမ်းအားများ လွှမ်းမိုးလာသည်ကို ခံစားမိသည်။

အမှန်တွင်တော့ ထိုပြန်လည်မွေးဖွားခြင်း အဆင့်က မတိုက်ခိုက်နိုင်ခင်မှာပင် ရီဖူရှင်းက အင်ပါယာခွာ သဏ္ဌာန်သို့ ပြောင်းလဲ၍ အင်ပါယာခွာ၏ အသိစိတ်ကို ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်။ ထို ပြန်လည်မွေးဖွားခြင်း အဆင့်သည် အလွန်ပင် စိတ်ဓာတ်ကျသွားသည်။ သူသာ ရှေ့ရေးကို ကြိုမြင်နိုင်စွမ်း ရှိခဲ့လျှင် တိုက်ပွဲတွင် ပါဝင်ရန် ဆုံးဖြတ်ခဲ့မိလိမ့်မည် မဟုတ်ပေ။

ထိုပုံရိပ်ကြီး၏ မျက်လုံး အကြည့်များမှတစ်ဆင့် ထိုပြန်လည်မွေးဖွားခြင်း အဆင့်သည် ပစ်မှတ်ထားခံရပြီ ဆိုသည်မှာ ရှင်းလင်းသွားပြီ ဖြစ်၏။

သူတို့သည် နောက်ဆုံးပွဲစဉ်မှ စာရင်းကို ရှင်းရန် ရှိနေပေသေးသည်။

အင်ပါယာရှားဘုံနှင့် အင်ပါယာလီဘုံကြားမှ တိုက်ပွဲတွင် ရှန်းနန်သည် ချန်ယဲ့မြို့သို့ လူများ ခေါ်ဆောင်လာခဲ့ကာ ရီဖူရှင်းကို ခြိမ်းခြောက်ရန် ကြိုးပမ်းခဲ့သည်။

ထိုစဉ်က အကြွေးဟောင်းနှင့် ကြွေးသစ်ကို ယခု ရှင်းရန် လိုအပ်ပေသည်။

အဝေးမှ ရှန်းနန်သည် ရီဖူရှင်း ဘာလုပ်လိုသည်ကို သတိပြုမိကာ မျက်မှောင်ကြုတ်သည်။

ထိုအချိန်တွင် ရီဖူရှင်းသည် ရီဖူရှင်း မဟုတ်တော့ပေ။ သူသည် အင်ပါယာခွာကို ဆင့်ခေါ်ထားပြီး ကြီးမားသော ခြိမ်းခြောက်မှုကို ပေးစွမ်းနေသည်။

ထိုအခိုက်တွင် အင်ပါယာခွာ သဏ္ဌာန်ထဲမှ ရီဖူရှင်းသည် နေမင်း၏ နတ်မျက်လုံးများကဲ့သို့ ပြောင်းလဲသွားကာ အကြည့်တစ်ချက်ကပင် ရှန်းမြို့မှ ပြန်လည်မွေးဖွားခြင်း အဆင့် ရှန့်ထိုကို တောက်ပသော နေမင်းအတွင်း ဝါးမျို ခံနေရသကဲ့သို့ ခံစားမိစေသည်။ လမ်းစဉ်မီးတောက်များ ကဲ့သို့ နေမင်း ရောင်စဉ်တန်းများသည် မိုးသီးမိုးပေါက်များသဖွယ် ကျဆင်းလာပြီး သူ့ကို ဘာမှ မကျန်တော့အောင် လောင်ကျွမ်းနေသည်။

ဘုန်း  ...

မိုးကြိုးပစ်သံ ကဲ့သို့သော ကျယ်လောင်သည့် အသံကြီးကို ကြားလိုက်ရသည်။ သူ့ခန္ဓာကိုယ်က လျှပ်စီးကဲ့သို့ အလင်းတန်းများနှင့် ပိတ်ဆို့ခံထားရသည်။

ရီဖူရှင်း တစ်ယောက်သည်သာ သူ ဘာကို လုပ်နေသလဲ သိရှိသည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ သူ ဆင့်ခေါ်ခဲသည့် အင်ပါယာခွာ ကဲ့သို့သော ဖြစ်တည်မှု၏ ဖိအားက သူ၏ ကျင့်ကြံခြင်း အဆင့်လေးနှင့် တောင့်ခံနိုင်ရန် အလွန်ပင် ခက်ခဲလှသည်။ ပို၍ အစွမ်းထက်သော စွမ်းအားများကို ထုတ်ဖော်လေလေ၊ သူ့အပေါ်တွင် ထိခိုက်မှု ကြီးမားလေဖြစ်သည်။ ထိုသည်က လူအများ ကြိုတင်ခန့်မှန်း ထားခဲ့သလိုပင် သာမန် အမှားအယွင်းလေးကပင် စွမ်းအားတန်ပြန် သက်ရောက်မှုကြောင့် သူ့ကို အကြီးအကျယ် ဖျက်ဆီး ပစ်နိုင်လေသည်။

ထို့ကြောင့်ပင် သူက ကျူးချွယ့်မျိုးနွယ်နှင့် နန်လိမျိုးနွယ်ကို သူ့ဘက်တွင် ရပ်တည်လာရန် စည်းရုံးခဲ့ခြင်း ဖြစ်သည်။

သူက သူ့ရှေ့တွင် ရှိသမျှ အားလုံးကို တွေဝေခြင်းမရှိ သတ်ဖြတ်ခဲ့လျှင် သူသည်လည်း ထိုသို့ ပျက်စီးခြင်းဒုက္ခကို ခံစားရပေလိမ့်မည်။

သို့သော်လည်း အင်ပါယာခွာကို ဆင့်ခေါ်ခြင်းက သူ့ကို မယုံနိုင်စရာ စွမ်းအားကို ပေးခဲ့ပြီး သည်နေ့ အဆုံးသတ်တွင်တော့ သူက ထိုစွမ်းအားများကို ဆက်လက် ထိန်းသိမ်းနိုင်စွမ်း ရှိလိမ့်မည် မဟုတ်သည်ကို သူ သိသည်။

အနည်းဆုံးတော့ သူသည် အင်ပါယာခွာ၏ အမွေအနှစ်ကို မျက်စိကျနေသူများ ရန်မှ တားဆီးရန် သူ့နောက်တွင် ပြန်လည်မွေးဖွားခြင်း အဆင့်များ ကျန်ရှိနေခဲ့ရန် လိုအပ်နေ၏။

ထိုအချိန်တွင် သူ့ကို ဝန်းရံထားသည့် စွမ်းအားများသည် ကသောင်းကနင်း ဖြစ်နေသည်။ ကောင်းကင်နှင့် မြေကြီးသည် လောင်ကျွမ်းကာ ရဲရဲနီလာသည်။ သူ့ခန္ဓာကိုယ်တွင်းမှ မီးဝိညာဉ်လုံးသည် တောက်ပသည့် အလင်းများ ထုတ်လွှတ်နေသည်။ သူ၏ အနီးဝန်းကျင်ရှိ မီးတောက်များမှာ အော်မြည်နေပြီး နေမင်းကဲ့သို့ ကျွမ်းလောင်နေသည်။

မရေတွက်နိုင်သည့် လူများသည် ရီဖူရှင်းကို ကြည့်နေပြီး အူထဲအသည်းထဲမှ တုန်လှုပ်နေကြသည်။ ထိုစွမ်းအားသည် အနည်းငယ်မျှ ကြောက်မက်ဖွယ် ကောင်းခြင်းသာ မဟုတ်ပေ။

“ထွက်သွားကြတော့” ရှန်းမြို့မှ ပြန်လည်မွေးဖွားခြင်း အဆင့် တန်ခိုးရှင်တစ်ဦးသည် ထိုစွမ်းအားက မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို ခံစားမိသည်။ ထို့နောက် သူသည် ရှန်းနန်နှင့် အခြားလူများကို အော်လိုက်၏။

“အရှင်မင်းသား၊ သွားကြရအောင်” အချို့သော တန်ခိုးရှင်များ ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်ပြီး ရှန်းနန်ကို အဝေးသို့ ခေါ်ဆောင်သွားကြသည်။

ရှန်းနန်၏ အမူအရာက ပြောင်းလဲသွားပြီး သူ့ကို ကြည့်ရသည်မှာ အလွန်ပင် သုန်မှုန်နေသည်။ သူက ထိုကဲ့သို့ ထွက်ပြေးရလိမ့်မည်ဟု မယုံကြည်နိုင်ပေ။

သူက ပြန်လှည့်ကာ တိုက်ပွဲကွင်းပြင်သို့ ကြည့်လိုက်လျှင် ကြီးမားလှသည့် မျက်နှာကြီးတစ်ခုက ကောင်းကင်ထက်တွင် ပေါ်လာသည်ကို မြင်လိုက်ရသည်။ ဤသည်က အင်ပါယာခွာ၏ မျက်နှာ ဖြစ်လေသည်။

အထက်မှ လက်ကြီးတစ်ဖက် ကျဆင်းလာသည်။ အဆုံးမရှိ ကြီးမားလှသော လက်မောင်းကြီးသည် လမ်းစဉ်မီးတောက်များနှင့် ဖွဲ့စည်းထားသကဲ့သို့ ထင်မှတ်ရသည်။ ၎င်းသည် ကောင်းကင်ကိုပင် ပိတ်ကွယ်ထားပြီး ပြန်လည်မွေးခြင်းအဆင့် ရှန့်ထိုကို ပြင်းထန်စွာ ရိုက်နှက်သည်။

ထိုတန်ခိုးရှင်က ဟစ်ကြွေးသည်။ သူ၏ တစ်ကိုယ်လုံးသည် တောက်ပသော အလင်းများ လွှမ်းခြုံနေပြီး လျှပ်စီးကဲ့သို့ လျင်မြန်စွာဖြင့် ရွေ့လျားသည်။ သို့ရာတွင် ထိုအဖျက်စွမ်းအားက သူ့အနီးသို့ နီးကပ်လာနေသေး၏။

ဘုန်း ...

ကောင်းကင်အတွင်း ကြီးမားသည့် လျှပ်စီး အလင်းတန်းသည် အရာရာကို ဖျက်ဆီးပစ်တော့မလို ထင်မှတ်ရသည်။

အလွန်ကြီးမားသည့် မီးတောက်လက်ကြီးသည် အထက်မှနေ၍ ကျဆင်းလာပြီး ရိုက်နှက်လိုက်ကာ နေရာအနှံ့ကို ဆူညံသည့် အသံများ ထွက်ပေါ်လာစေသည်။ အလင်းတန်းသည် ကောင်းကင်သို့ ထိုးတက်သွားကာ မီးတောက်များနှင့် ထိခတ်သွားသည်။ အလင်းတန်းသည် အမှန်တကယ်ပင် အထက်မှ ကျဆင်းလာသည့် လက်ကြီးကို ဆုတ်ဖြဲပစ်နိုင်ကာ တိုက်ခိုက်လာသည့် လက်ကို အပိုင်းပိုင်း ဖြိုခွဲပစ်ရန် ရည်ရွယ်နေသည်။

မီးတောက်လက်ကြီးသည် ဆက်လက်၍ အစိုင်အခဲအဖြစ် ဖွဲ့တည်နေပြီး ချော်ရည်မီးတောက်များ ကဲ့သို့ ကောင်းကင်ကို နီရဲပူပြင်းလာသည် အထိ လောင်ကျွမ်းပစ်နေသည်။ ၎င်းသည် အောက်သို့ ဆက်လက် ကျဆင်းလာနေပြီး ပြင်းထန်သည့် ဖိအားဖြင့် လျှပ်စီးတန်းများကို လွှမ်းခြုံသွားသည်။

“သွားစမ်း” ပြန်လည်မွေးဖွားခြင်း ရှန့်ထိုသည် အော်ဟစ်လိုက်၏။ သူ့ခန္ဓာကိုယ်မှ တောက်ပနေသော ရောင်စဉ်ကိုးခု ထွက်ပေါ်လာကာ သူ့ကို ဖိနှိပ်နေသည့် စွမ်းအားကို တိုက်ဖျက်သည်။

ထိုမြင်ကွင်းမှာ အလွန်ကြောက်မက်ဖွယ်ရာပင် ဖြစ်၏။

ရီဖူရှင်း၏ ကိုယ်တွင်းမှ မီးဝိညာဉ်လုံးသည် အလွန်ပြင်းထန်သည့် စွမ်းအားများ ပေါက်ကွဲထွက်လာပြီး အင်ပါယာခွာ၏ ခန္ဓာကို သူ့အနီးဝန်းကျင်နှင့် တစ်သားတည်း ဖြစ်သွားစေသည်။ ပြင်းထန်သည့် မီးတောက်များက မိုးခြိမ်းသံကဲ့သို့ အော်မြည်နေပြီး ရှေ့သို့ ဆက်လက် တိုးလာနေသည်။ လျှပ်စီးရောင်စဉ် ကိုးခုသည် လျှပ်စီးမီးလျှံများ အဖြစ်သို့ ပြောင်းလဲသွားကာ လောင်ကျွမ်းနေသည့် မီးတောက်များနှင့် ပေါင်းစည်းသွားလေသည်။

ပြင်းထန်သည့် မီးတောက်များက ခဏချင်းအတွင်းတွင် ကောင်းကင်ကို လောင်မြိုက်နေသည်။ ရှန်းမြို့မှ ပြန်လည်မွေးဖွားခြင်း ရှန့်ထိုသည် ပျောက်ကွယ်တော့မလို ဖြစ်လာပြီး သူက အော်ဟစ်သည်။

“သက်ညှာပေးပါ မြို့စားရီ”

ဘုန်း  ...

ကြောက်မက်ဖွယ် စွမ်းအားများက နေရာတစ်ခွင်လုံးကို လွှမ်းခြုံသွားသည်။ ပြန်လည်မွေးဖွားခြင်း အဆင့် ရှန့်ထို၏ စူးစူးဝါးဝါး အော်ဟစ်သံကို ကြားလိုက်ရပြီး သူက ဖျက်ဆီးခြင်းအလင်းများ အောက်၌ နစ်မြုပ်သွားသည်ကို မြင်လိုက်ကြရသည်။

“မလုပ်နဲ့ ...” ထွက်ပြေးသွားသည့် ရှန်းနန်သည် သူ ပြန်လှည့်ကြည့်လိုက်သည့် အချိန်တွင် ထိုကြောက်မက်ဖွယ် မြင်ကွင်းကို မြင်လိုက်ရပြီး သူ့မျက်နှာက ဖြူရော်သွားသည်။

ဤသည်က မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။

အင်ပါယာရှန်းဘုံမှ သူနှင့်အတူ လိုက်လာခဲ့သည့် ပြန်လည်မွေးဖွားခြင်း အဆင့် ရှန့်ထိုတစ်ပါးသည် ချန်ယဲ့မြို့တွင် သေဆုံးခဲ့ရပြီ ဖြစ်သည်။

***

All Chapters