အခန်း (၁၉၇)
Vol. 14 Ch. 197
“ ကောင်းရော…”
ငါးယောက်လုံး အနည်းငယ်နောင်တရသွားခဲ့သည်။
သူတို့အချိန်ကြာမြင့်စွာ စောင့်ခဲ့ကြသော်လည်း သူတို့ငါးယောက်၀င်လာပြီးနောက် မည်သူမှထပ်မလာတော့ပေ။
အတန်းတစ်ခုလုံးစုစုပေါင်း လူ(၆)ယောက်…!
ပုံမှတ် တံခါးဖွင့်အတန်းများနှင့် ခြားနားနေသည်။
ယခု ရွှမ်ယီ စတိတ်စင်ပေါ်သို့ တက်သွားသည်အားမြင်လျှင် သူတို့ပိုအံ့ဩသွားကြ၏။
“ မင်းက နည်းပြဆရာလား…”
လူငယ်တစ်ယောက်က မယုံကြည်နိုင်စွာဖြင့် အော်ဟစ်မိလိုက်သည်။
ရွှမ်ယီက ခေါင်းညိတ်ပြလိုက်၏။
ငါးယောက်သားတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
နောက်ဖေးပေါက်၀င်လာသော ကျောင်းသားသစ်ဟုထင်ခဲ့သော်လည်း ထိုလူက နောက်ဖေးပေါက်က ၀င်လာသည့် ဆရာအသစ်ဖြစ်နေ၏။
ထိုဆရာက အရည်အချင်းပြည့်၀မည်မထင်ပေ။ သူက ငယ်လွန်းလှ၏။
အသက်(၂၅)နှစ်အရွယ်တွင် အဆင့်(၃) ဆေးပညာရှင်ဖြစ်လာပါက ကောင်းမွန်သည်ဟု ယူဆ၍ရပြီး အဆင့်(၄)သို့ရောက်နိုင်ပါက ပါရမီရှင်ဖြစ်ပေသည်။ သို့သော် ထိုအသက်အရွယ်နှင့် အဆင့်(၅) ဆေးဘုရင်အဆင့်က ကြီးကျယ်ခမ်းနားလွန်းလှသည်။ မဖြစ်နိုင်လုနီးပါးပင်။
သိုင်းတာအို၌ ဖြစ်ပါက ပါရမီရှင်ဟု သတ်မှတ်ခံရပြီး လူတိုင်းက မနာလိုအားကျဖြစ်နိုင်ပေသည်။ သို့သော် ဆေးတာအိုက ထိုကဲ့သို့မဟုတ်ပေ ပါရမီအပြင် အတွေ့အကြုံများစွာလည်း လိုအပ်၏။
အလွယ်တကူ ရောက်နိုင်သော အတင့်မဟုတ်ပေ။
အသက်(၂၅)နှစ် အရွယ် ဆေးဘုရင်..
ဒါက လုံး၀မဖြစ်နိုင်ဘူးမဟုတ်လား…?
“ ငါတို့ဒီမှာသင်လို့ ဘာမှရမယ်မထင်ဘူး…”
“ ဒါကြီးက နည်းနည်းအဓိပ္ပါယ်မဲ့တယ် မထင်ဘူးလား….”
(၅)ယောက်တွင် နှစ်ယောက်က ချက်ချင်းထပြီး လှည့်ထွက်သွားကြသည်။
မြက်မှိုကျောင်း၌ သက်တောင့်သက်သာနေကာ အချိန်ဖြုန်းသည်ထက် ဆရာရန်၏ အတန်းသို့သွားပြီး ဒုက္ခခံကာ သင်ကြာသည်က ပိုအကျိုးရှိမည်ဟု ယူဆမိကြ၏။
ရွှမ်ယီက ၎င်းတို့အား မတားဘဲ လက်ကျန်(၃)ယောက်အား ကြည့်လိုက်သည်။
သူ အတန်းပြရန်မလာခင်ကတည်းက မျှော်လင့်ထားပြီးသားဖြစ်၏။ ဆရာအသစ်တစ်ယောက်ဖြစ်သည့်အတွက် သူ့အတန်း၌ လူများစွာရှိမည်မထင်ပေ။ ရလဒ်က သူမှန်းထားသည်ထက် အခြေအနေဆိုးနေခဲ့သည်။ လူ(၅)ယောက်လာပြီး ထိုအထဲမှ (၂)ယောက်က ပြန်ထွက်သွား၏။
ကျန်း(၃)ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ သူတို့ယခုမှထွက်သွားလျှင်လည်း ဆရာရန်အတန်း၌ အနည်းငယ်မှပင် နေရာရတော့မည်မဟုတ်ပေ။ ထို့အပြင် သူတို့ထွက်သွားပါက ဤအတန်း၌ ကျောင်းသားတစ်ဦးမျှရှိတော့မည်မဟုတ်ချေ။ ဆရာမျက်နှာပျက်သွားနိုင်၏။ သူတို့ထွက်သွားလျှင် အပြစ်တင်ခံရမည်လည်း ကြောက်ရသည်။
“ ဒီတစ်ကြိမ်ပဲ သည်းခံလိုက်ပါမယ်.. နောက်တစ်ကြိမ် ဒါမျိုးရှိလာတော့မှာမဟုတ်ဘူး…”
(၃)ယောက်သား အံ့ကြိတ်ပြီး ဆက်ထိုင်နေလိုက်ကြ၏။
သူတို့က မလာခင် ဤနေရာ၌ ဖုံးကွယ်နေသော ရတနာတစ်ခုတွေ့ရန် မျှော်လင့်ခဲ့ကြသည်။ သို့သော် မြင်ကတည်းက ဤဆရာက အားကိုးမရနိုင်ကြောင်း နားလည်သွားကြ၏။
ဗဟိုသူတော်စင်အကယ်ဒမီ၏ ဌာနကြီးနှစ်ခုအနက် မှော်ဆေးပညာဌာနက ကျယ်ပြန့်သောလွှမ်းမိုးမှုရှိသည်။ ဤကဲ့သို့ ငယ်ရွယ်သည့်ဆရာအား အဘယ်ကြောင့် ဖိတ်ခေါ် ခန့်အပ်ထားသနည်း။
(၃)ယောက်လုံး နောက်တစ်ကြိမ်ဘယ်တော့မှပြန်မလာဟု စိတ်ထဲကြိတ်ကာဆုံးဖြတ်လိုက်ကြသည်။
ရွှမ်ယီက ခေါင်းညိတ်လိုက်ပြီး
“ ကဲ ငါတို့ စကြတာပေါ့…”
ရွှမ်ယီက အခြေခံသဘောတရားများနှင့် အဆင့်(၁) ဆေးလုံး သန့်စင်ခြင်းဆိုင်ရာ အထွေထွေဗဟုသုတများမှ စတင်သင်ကြားလိုက်သည်။
သူ့စကားများထွက်လာသည်နှင့် ကျောင်းသား(၃)ယောက် ပိုလို့ပင် နောင်တရလာကြ၏။
အဆင့်(၁)ဆေးလုံး..
သူက တကယ်ကြီး အဆင့်(၁)ဆေးလုံးအကြောင်းရှင်းပြပေးနေတာလား…?
သူတို့ရောက်နေသောနေရာက ဗဟိုသူတော်စင်အကယ်ဒမီဖြစ်သည်။
ထို့အပြင် သူတို့အားလုံး ကျောင်းသားဟောင်းများချည်းသာ။ ဗဟိုသူတော်စင်အကယ်ဒမီ မှော်ဆေးပညာဌာနမှ ကျောင်းသားဟောင်းများအားလုံး အဆင့်(၂) သို့မဟုတ် အဆင့်(၃)သို့ရောက်နေကြသူများဖြစ်ကြသည်။ သူတို့က မှော်ဆေးပညာ၌ အလုပ်သင်အဆင့်များမဟုတ်ပေ။ အဆင့်(၁) ဆေးလုံးသန့်စင်ခြင်းနှင့်ပတ်သက်သည့် ကိစ္စများက သူတို့အတွက် စိတ်၀င်စားစရာမရှိချေ။
သူတို့နှလုံးသားထဲတွင် အတွေးမျိုးစုံပြည့်နှက်နေသော်လည်း ရွှမ်ယီက ဂရုမစိုက်ဘဲ ဆက်လက်သင်ကြားနေခဲ့၏။
သူက အဆင့်(၇)မှော်ဆေးပညာရှင် ဒန်ချင်ဇီ၏ ဗဟုသူတများ အတွေ့အကြုံများအားလုံး အမွေဆက်ခံရရှိထားသည်။ သူ၏ လက်ရှိအဆင့်ကအဆင့်(၅)သာဖြစ်သော်လည်း ဗဟုသုတများကမူ အဆင့်(၇)အောက်၌ ပြိုင်ဘက်ကင်းသည်ဟုပြောလျှင် လွန်မည်မဟုတ်ပေ။
အဆင့်(၁) ဆေးလုံးသန့်စင်ခြင်းနှင့်ပတ်သက်သည့် ဗဟုသုတများ အသိပညာများက မှော်ဆေးပညာတွင် အပေါ်ယံသာဖြစ်သည်ဟုဆိုနိုင်သော်လည်း အခြေခံဟုဆိုလျှင်မမှားချေ။ အခြေခံအုတ်မြစ်ခိုင်ခန့်မှသာ အနာဂါတ်တွင် ပိုမိုတိုးတက်နိုင်ပေလိမ့်မည်။
“ ဟမျ.. ဘာလဲဟ..”
သူတို့(၃)ယောက် အစပိုင်းတွင် သိပ်ဂရုမစိုက်သော်လည်း နားထောင်ရင်း ပို၍ထူးဆန်းလာသလိုခံစားလိုက်ရ၏။ ရွှမ်ယီရှင်းပြနေသော အသိပညာများက အဆင့်(၂) ၊ အဆင့်(၃) ဆေးလုံးသန့်စင်ရာ၌ပင် အသုံး၀င်နေသည်။
အကန့်အသတ်ရှိသောအကန့်အသတ်ရှိသော အဆင့်(၁)ဆေးလုံးများအား ဤကဲ့သို့လည်း သန့်စင်နိုင်သည်လော…?
“ သူက ရှုပ်ထွေးမှုကို ရိုးရှင်းမှုအဖြစ်ပြောင်းဖို့ စီစဉ်ထားတာလား…”
“ ဒါက အလုပ်ကောဖြစ်ပါ့မလား… လိမ်ဆင်ကြီးမဟုတ်လား…”
သူတို့ နှလုံးသားထဲ၌ မယုံကြည်မှုများ ပြည့်နှက်နေသော်လည်း နားကမူ အာရုံစိုက်နားထောင်နေကြ၏။ သူတို့သတိပြန်၀င်လာချိန်တွင် ရွှမ်ယီ ထွက်သွားချေပြီ။
“ သူ ဘာတွေပြောသွားတာလဲ.. အမှန်ဆို အဆင့်(၃) က အဆင့်(၁)နဲ့ မတူသလို အဆင့်(၁)ကလည်း အဆင့်(၃)နဲ့မတူဘူးလေ.. ဒီလို မှော်ဆေးပညာမျိုး တစ်ခါမှမကြားဖူးဘူး…”
“ ငါလည်းမပြောတတ်ဘူး… ဒါပေမယ့် ထူးတော့ထူးဆန်းတယ်.. သူပြောတဲ့အတိုင်းသာ အလုပ်ဖြစ်မယ်ဆိုရင် သူက ဆရာရန်ထက်တောင် ပိုတော်နေမှာ စိုးမိတယ်.. ဒါပေမယ့် ဆရာရန်ထက် ပိုပြီးတော်နေဖို့က နည်းနည်း……”
(၃)ယောက်လုံး ခေါင်းယမ်းလိုက်ကြ၏။ ဆရာရန်က အကယ်ဒမီတွင် ဝါရင့်နည်းပြဆရာတစ်ဦးဖြစ်ပြီး သူ့အတန်းတိုင်း အမြဲ လူများပြည့်ကြပ်နေလေ့ရှိသည်။
ဆရာ ရွှမ်ယီက ဆရာရန်ထက် ဘယ်လိုလုပ်ပြီး တော်နိုင်မှာလဲ..?
ဘာတွေ ဘယ်လိုဖြစ်ကုန်ပါလိမ့်…?
သူတို့(၃)ယောက် ကိုယ့်လမ်းကိုယ်ပြန်လာခဲ့ကြပြီး ဆေးလုံးသန့်စင်ခြင်းအား လေ့ကျင့်နေချိန် ရုတ်တရက် ရွှမ်ယီသင်ကြားပေးလိုက်များအား သတိရသွားပြီး လက်တွေ့စမ်းကြည့်ရန် စိတ်ကူးမိလိုက်၏။
နာရီအနည်းငယ်ကြာပြီးနောက်
ဆေးလုံးသန့်စင်ရာ နေရာ၌..
“ အဆင့်(၃).. အဆင့်(၃) ဆေးလုံး…”
ရေညှိရောင်၀တ်ထားသော လူငယ်လေးတစ်ဦး လက်ထဲမှဆေးလုံးအား
မယုံကြည်နိုင်စွာကြည့်နေခဲ့သည်။
ဆေးလုံးသန့်စင်ရာ၌ သူ့အဆင့်မည်မျှရှိကြောင်း သူကောင်းစွာနားလည်ထားသည်။
သူက အဆင့်(၂)ဆေးလုံးများအား သန့်စင်နိုင်သော်လည်း အဆင့်(၃)ဆေးလုံးအား အောင်မြင်စွာသန့်စင်နိုင်ရန်အတွက်မူ ကံအပေါ်မူတည်နေ၏။
သူက အဆင့်(၃)သို့ရောက်ရုံအဆင့်သာရှိသေးသည်။ သူ၏ ကျွမ်းကျင်မှုအား မြင့်တင်နိုင်ရန်အတွက် မည်မျှကြိုးစားရဦးမည်မှန်း သူပင်မသိချေ။
သို့သော် ရွှမ်ယီ၏ သင်ခန်းစာကြောင့် သူ့ရှေ့တွင် အဆင့်(၃)ဆေးတစ်ဖိုရှိနေချေပြီ။
သူ အလွန်တုန်လှုပ်သွားခဲ့၏။
…………
သူတို့(၃)ယောက် မြက်မှိုကျောင်းမှပြန်လာစဉ် ဘယ်တော့မှ ထိုနေရာသို့ ပြန်မသွားတော့ဟု ဆုံးဖြတ်ချက်ချခဲ့ကြသည်။
ရွှမ်ယီ၏ သင်ကြားမှုက တခြားဆရာများနှင့်မတူသည့်အပြင် သူ၏ အသက်ကလည်း ငယ်ရွယ်လွန်းလှ၏။
ရွှမ်ယီ၏ သင်ခန်းစာအားအဆုံးအထိနားထောင်ခဲ့သည်မှာ သူတို့စိတ်ရှည်မှာ အကန့်အသတ်ရောက်နေချေပြီ။
အမှန်တွင် ရွှမ်ယီသင်ကြားပေးခဲ့သည်များမှာ အဆင့်(၇)မှော်ဆေးပညာရှင်တစ်ဦး၏ အတွေ့အကြုံဗဟုသုတများဖြစ်သည်။
၎င်းတို့(၃)ဦးလုံး အဆင့်(၃)ဆေးပညာရှင်များဖြစ်ကြသော်ကြောင့် အဆင့်(၁) နှင့်ပတ်သက်ပြီးသင်ကြားပေးလျှင်တောင် ၎င်းတို့အတွက် အခြေခိုင်ပြီး အဆင်ပြေစေမည့်အတွက် ထိုသို့သင်ကြားပေးခဲ့ခြင်းဖြစ်၏။
သူတို့အားလုံး ပြန်ရောက်ပြီး လေ့ကျင့်ရာတွင် ရွှမ်ယီသင်ပေးလိုက်သည့် သဘောတရားများအတိုင်းအသုံးချကြည့်ရာ နဂိုထက် တော်တော်လေးတိုးတက်သွားခဲ့ကြသည်။
(၃)ယောက်လုံး အလွန်အံ့ဩသွားကြ၏။
“ မင်းတို့ မကြာသေးခင်က ဆေးသန့်စင်ကြည့်ခဲ့ကြသေးလား…”
(၃)ယောက်အနက် တစ်ယောက်က သံသယများဖြင့်မေးလိုက်သည်။ သူ၏ ဆေးပညာအဆင့်က ရုတ်တရက် တိုးတက်လာနိုင်ချေမရှိကြောင်း နားလည်ထားသည်။
ရေညှိရောင်၀တ်ထားသောကောင်လေး၏ အမူအရာပြောင်းလဲသွားပြီး မေးလိုက်သူအား အပေါ်အောက်စုံဆန်ကြည့်လိုက်၏။
“ မင်းရော မင်းရဲ့ ဆေးပညာအဆင့်သိသိသာသာတိုးတက်လာတာ ခံစားမိခဲ့တာလား…”
သူ့နံဘေးရှိ လှပသော မိန်းကလေးကလည်း
“ နင်ဂောာ တိုးတက်လာပြီလား…”
စကားဆုံးသည်နှင့် (၃)ယောက်လုံး အခြေအနေအားနားလည်သွားပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
သူတို့၏ ဆေးပညာအဆင့်များတိုးတက်လာရခြင်းမှာ အတန်းအသစ်ကြောင့်သာဖြစ်ရပေမည်။
နည်းပြဆရာအသစ် ရွှမ်ယီက သူတို့ထင်သလိုမဟုတ်ဘဲ အမှန်တကယ် အရည်အချင်းရှိသူဖြစ်ရမည်။
သူတို့ အလွန်ကံကောင်းသွားခဲ့၏။
နောက်တစ်ကြိမ်ဘယ်တော့မှထပ်မသွားတော့ဘူးတဲ့လား…?
မဟုတ်ဘူး…!
နောက်ထပ် နောက်ထပ် အမြဲသွားချင်တယ်…!
…………………….