အခန်း (၁၉၈)
Vol. 14 Ch. 198
ထိုအချိန်တွင် ဌာနမှူးရုံးခန်း၌
ရွှမ်ယီက ကူကယ်ရာမဲ့စွာကြည့်လိုက်သည်။ သူ၏ ပထမဆုံးအတန်းမှာ လူ(၃)ယောက်သာရှိ၏။ ထို့အပြင် ထို(၃)ယောက်က အတွေးများနေဟန်ရပြီး ငုတ်တုပ်မေ့နေကြသေးသည်။ သူ့အနေဖြင့် နောက်တစ်ကြိမ် ထပ်သွားရန် ပျင်းလွန်းလှသည်။
သူသာ အမှန်အကန် ရှင်းပြပေးလိုက်ပါက အဆင့်(၅)ဆေးဘုရင်ပင် ချာချာလည်သွားနိုင်ပေသည်။
အဆင့်(၇)မှော်ဆေးပညာရှင်၏ မှတ်ညာဏ်များက ဟာသမဟုတ်ပေ။
အဆင့်(၆) မှော်ဆေးအင်ပါယာပင် သူ့လောက် အသိပညာများရှိမည်မထင်ချေ။
သူ့အတန်းကဖွင့်ထားသော်လည်း ကျောင်းသားများတက်ရောက်လိုစိတ်မရှိကြပေ။ ကျောင်းသားများအား အတင်းအကြပ်လည်း မခိုင်းစေလိုပေ။ ထို့ကြောင့် သူက စာသင်ရန် မသွားချင်တော့ကြောင်း ဌာနမှူးကိုလာပြောခြင်းဖြစ်၏။
“ ဒါက.. ဆရာရွှမ်ရဲ့ အတန်းက ဖွင့်ထားပြီးသားဖြစ်တဲ့အတွက် ပြန်ပိတ်လိုက်ဖို့က အဆင်မပြေဘူး…”
ဌာနမှူးလည်း အလွန်ရှက်ရွံ့သွားခဲ့သည်။ သူက သိုင်းတာအိုနှင့်ပတ်သက်ပြီး ရွှမ်ယီ၏အရည်အချင်းများအား သိရှိပြီးဖြစ်သည်။
ဟိုတလောကမှ ထိုလူငယ်က ရန်မိသားစုအား သွားဖျက်ဆီးခဲ့သေးသည်။ သူ၏ ဆရာဖြစ်သူ လိုက်ပါခဲ့သည်ဆိုသည့်တိုင်အောင် ထိုကဲ့သို့မိသားစုကြီးတစ်ခုအား ဖျက်ဆီးရန်မှာ တော်ရုံသတ္တိနှင့်မရချေ။
ထို့အပြင် ဆရာရွှမ်က အသင်အပြလည်းကောင်းပြီး ထူးချွန်သောကျောင်းသားများ မွေးထုတ်ပေးနိုင်မည်ဟု ဌာနမှူးယုံကြည်ထားခဲ့သည်။
သို့သော် မှော်ဆေးပညာအတွက်မူ……
ရွှမ်ယီ၏ ပထမဆုံးအတန်းသို့ လူ(၅)ယောက်သာရောက်လာပြီး (၂)ယောက်က ချက်ချင်းထွက်ပြေးသွားခဲ့ကြသေး၏။
“ ဒီလိုလုပ်ရအောင်.. နောက်အတန်းတွေကျရင် ကျွန်တော် အားရင်သွားလိုက်မယ် မအားရင်တော့မသွားတော့ဘူး.. ဘာပဲဖြစ်ဖြစ် လာနားထောင်တဲ့ကျောင်းသားမှ သိပ်မရှိတာ… ဘယ်လိုလဲ…”
သူက လုံး၀အတန်းသွားမသင်ဘဲလည်းမနေချင်ပေ။ ဘာမှလုပ်စရာမရှိသောအခါ စာသွားသင်ခြင်းက အနည်းငယ်စိတ်၀င်စားစရာကောင်းသည်။ လူအနည်းငယ်သာလာနားထောင်သည့်တိုင်အောင် စာသင်ရခြင်းက ခံစားချက်မဆိုးချေ။
ဌာနမှူးက တစ်ခဏမျှစဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်၏။
သူ့အမြင်တွင် သိုင်းတာအိုတွင် ရွှမ်ယီက အလွန်သန်မာအားကောင်းသည့်အတွက် ကျင့်ကြံခြင်း၌ အချိန်အများကြီးပေးခဲ့ရမည်ဖြစ်ရာ မှော်ဆေးတာအို၌ သိပ်ကောင်းမည်မထင်ပေ။ ယခု မှော်ဆေးပညာဌာန၌ ရွှမ်ယီ၏ အချိန်ဇယားနည်းပါးသွားတော့မည်ဖြစ်ရာ သိုင်းတာအိုဌာန၌ အချိန်ပိုပေးနိုင်ပေလိမ့်မည်။ သိုင်းတာအို၌ ရွှမ်ယီထံမှသင်ယူသောလူများ တိုးတက်လာနေသ၍ အရာအားလုံး အဆင်ပြေနေမည်ဖြစ်သည်။
ရွှမ်ယီက ထိုနေရာမှ ကျေနပ်စွာပြန်ထွက်လာခဲ့၏။
နောက်တစ်ပါတ် ရွှမ်ယီထံမှ သင်ခန်းစာများအားနားထောင်ရန် ယခင်အပါတ်တုံးက (၃)ယောက် ပြန်ရောက်လာခဲ့သည်။
သူတို့(၃)ယောက်လုံး၏ ဆေးပညာအဆင့်များ ရုတ်တရက်တိုးတက်လာခြင်းအား တခြားလူများ သတိပြုမိလာကြ၏။
အဆင့်(၃) ဆေးလုံးအား ကံကောင်းမှဖော်စပ်နိုင်သူပင်လျှင် အဆင့်(၃)ဆေးလုံးအား အခက်အခဲမရှိ သန့်စင်နိုင်လာသည်။ ပုံမှန်ဆိုလျှင် ထိုသို့တိုးတက်ရန် ပါရမီရှင်များပင် အနည်းဆုံးနှစ်၀က်လောက်ကြာနိုင်၏။
နဂိုက သူတို့နှင့် သိပ်ခြားနားမှုမရှိသော(၃)ယောက်က အဘယ်ကြောင့် ဤမျှလျင်မြန်စွာ တိုးတက်လာခဲ့ကြသနည်း။
သူတို့အား သိသူတိုင်း အလွန်အံ့ဩသွားကြသည်။ ရက်အနည်းငယ်အတွင်း သူတို့က အဘယ်ကြောင့် ဤမျှတိုးတက်လာကြသနည်း။
သူတို့ မသိသော အခွင့်အလမ်းကောင်းများ ထို(၃)ယောက်ပိုင်ဆိုင်ထားခြင်းဖြစ်ရမည်။
လက်ရှိအခြေအနေများအား နားလည်လာပြီးနောက် ရွှမ်ယီအတန်းအားလာတက်သော (၃)ယောက်အဖွဲ့ ခေါင်းချင်းဆိုင်တိုင်ပင်လိုက်ကြ၏။ ဆွေးနွေးမှုအဆုံး၌ တိတ်တဆိတ်လျှို့ဝှက်ထားရန် ဆုံးဖြတ်ချက်ချလိုက်ကြသည်။ ဆရာရွှမ်ယီ၏ အတန်း၌ လူနည်းလေကောင်းလေဖြစ်သည်။
ယခင်တုံးက သူတို့အမြင်တွင် ဆရာရန်၏ အတန်းက အလွန်ကောင်းလွန်းခဲ့သည်။ သို့သော် သူ့အတန်းက အမြဲလူပြည့်နေ၏။
သို့သော် သူတို့(၃)ယောက် ရွှမ်ယီ၏ သင်ခန်းစာများနားထောင်ပြီးနောက် ခုန်ပေါက်တိုးတက်လာခဲ့သည်။
ဤသည်ကိုကြည့်လျှင် ဆရာရွှမ်က ဆရာရန်ထက် သာလွန်သည်မှာ ရှင်းပေသည်။
လူတိုင်း ဤအချက်အားသိသွားလျှင် ဆရာရွှမ်၏ အတန်းက အလွန်ပြည့်ကျပ်သွားပေလိမ့်မည်။
သူတို့(၃)ယောက် နေရာပင်ပျောက်သွားနိုင်၏။
ယခုဆိုလျှင် ဆရာရွှမ်၏ ကိုယ်ပိုင်တပည့်များအလား အနီးကပ်သင်ကြားခွင့်ရနေခဲ့သည်။ ဆရာရွှမ်က ငယ်ရွယ်သည့်အပြင် သင်ခန်းစာများက ရိုးရှင်းပြီးနားလည်လွယ်၏။ နားမလည်လျှင်လည်း အေးဆေးပြန်မေးနိုင်သည်။
နောက်တစ်ပါတ် အတန်းဖွင့်ချိန်တွင် ရွှမ်ယီ အနည်းငယ်စဉ်းစားလိုက်ပြီး စာသင်ရန် မသွားခဲ့ချေ။
ပင်တိုင်စံ ကျောင်းသား(၃)ယောက် အပြေးရောက်လာခဲ့ကြသော်လည်း စိတ်ပျက်စွာပြန်လည်ထွက်ခွာလာခဲ့ရ၏။
သို့သော် ဤတစ်ပါတ်အတွင်း သူတို့၏ တိုးတက်မှုအား ထိန်းထားနိုင်ခဲ့သည်။
နောက်တစ်ပါတ် ရွှမ်ယီ အတန်းသို့ရောက်လာ၏။
ရွှမ်ယီ၏ ပို့ချချက်များက ကျောင်းသား(၃)ဦး၏ မျက်၀န်းများအား တောက်ပသွားစေပြီး (၃)ယောက်လုံး ဂရုတစိုက် လိုက်လံမှတ်သားနေကြသည်။ သူတို့အာရုံများ ပစ္စုပ္ပန်သို့ပြန်ရောက်ချိန်တွင် ရွှမ်ယီက မရှိတော့ချေ။
“ ဆေးသန့်စင်ခန်းကိုသွားကြမလား..”
“ သွားကြစို့…”
(၃)ယောက်သား ချက်ချင်းပြေးထွက်လာကြ၏။
နာရီအနည်းငယ်အကြာတွင် ဆေးနံ့ကပတ်၀န်းကျင်သို့ လွင့်ပျံသွားပြီး အနီးအနားမှ ကျောင်းသားများအားဆွဲဆောင်လိုက်သည်။
ဆေးမီးဖိုးထဲမှ ထုတ်လိုက်ရာ ဆေးလုံး ပျော့ပျောင်းပြီး လှပသော အလင်းတန်းများထွက်ပေါ်နေကာ ယခင်သန့်စင်ထားသော ဆေးလုံးများထက် သိသိသာသာပိုကောင်းနေ၏။
ဒီ(၃)ယောက် ထပ်ပြီးတိုးတက်လာပြန်ပြီ…!
ယခင် သုံးလေးပါတ်လောက်တွင် ထို(၃)ယောက်က သူတို့နှင့် သူမသာကိုယ်မသာများဖြစ်ကြသည်။ သို့သော် ရုတ်တရက် ဤမျှတိုးတက်သွားသည်က ဆန်းကျယ်လွန်းလှ၏။
ဒီ(၃)ယောက်.. တစ်ခုခုဖုံးကွယ်ထားတာပဲဖြစ်ရမယ်…!
မှော်ဆေးပညာဌာနတစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
သူတို့အားလုံး မှော်ဆေးပညာနှင့်ပတ်သက်ပြီး လောဘကြီးသော ကျောင်းသားများဖြစ်၏။ ယခုတွင် ထို(၃)ယောက်က အလျင်အမြန်တိုးတက်လာရာ ၎င်းတို့၏ လျှို့ဝှက်ချက်က သူတို့မျက်၀န်းများအား နီရဲသွားစေသည်။
“ ချစ်ညီမလေး.. ဘာတွေဖြစ်နေတာလဲ.. ငါ့ကိုလည်းပြောပါဦး…”
သုံးယောက်ထဲမှ တစ်ဦးတည်းသော မိန်းကလေးမှာ ယခုတွင် သူမသူငယ်ချင်း၏ အတင်းအကြပ်မေးခြင်းခံနေရသည်။ သူမက (၃)ရက်တိုင်အောင် အနားတွင် တကျီကျီလုပ်နေခဲ့၏။
အကယ်၍ သူမဆက်ငြင်းနေပါက ထိုသူငယ်ချင်းက သူမအားစောင့်ကြည့်ရန်အတွက် အိပ်ယာများပါသယ်လျက် သူမထံပြောင်းလာတော့မည်။
“ ဟုတ်ပြီ.. ဟုတ်ပြီ.. ငါနင့်ကို ပြောပြလိုက်မယ်.. ဒါပေမယ့် ဘယ်သူ့ကိုမှ ပြန်မပြောနဲ့နော်…”
သူမက ရွှမ်ယီအတန်းတွင် လူပြည့်ပြီး အခုလို အေးဆေးမသင်ရတော့မည်ကိုစိတ်ပူနေသော်လည်း အချစ်ဆုံးသူငယ်ချင်းအား ဆက်မငြင်းနိုင်တော့ပေ။
“ လာ ဒီနားတိုးခဲ့…”
သူမက အနားသို့လှမ်းခေါ်လိုက်၏။
ထိုသူငယ်ချင်းက တောက်ပနေသောမျက်၀န်းများဖြင့် အနားတိုးလာသည်။
“ နောက်(၃)ရက်ကြာရင် မြက်မှိုကျောင်းကိုသွား.. အဲ့ခါကျရင် အဖြေကိုသိရလိမ့်မယ်…”
ထိုသူငယ်ချင်းက ခေါင်းထပ်ခါတလဲလဲညိတ်လိုက်ရင်း တစ်စုံတစ်ခုအားစဉ်းစားမိပြီး စိတ်ရှုပ်သွားခဲ့သည်။ သူမ မှတ်မိသလောက်ဆိုလျှင် မြက်မှိုကျောင်းက တစ်ခါမှမဖွင့်ပေ။
အဆောင်သို့ပြန်ရောက်ပြီးနောက် အချိန်ဇယားအားထုတ်ကြည့်လိုက်လျှင် နောက်(၃)ရက်နေလျှက် မြက်မှိုကျောင်း၌ တံခါးဖွင့်အတန်းရှိကြောင်း တွေ့လိုက်ရ၏။
မှန်ပေသည်။ မြက်မှိုကျောင်းက အတန်းဖွင့်နေချေပြီ။
အတန်းနောက်ဘက်မှ နည်းပြဆရာနာမည်အား ဖတ်ကြည့်လိုက်လျှင်
“ ရွှမ်ယီ…”
သူမ အံ့ဩသှား၏။
သူမက မှော်ဆေးပညာဌာနမှာ တခြားသူများနှင့်မတူပေ။ သူမတွင် သိုင်းတာအိုဌာန၌လည်း သူငယ်ချင်းများရှိ၏။
မကြာသေးမီက သိုင်းတာအိုဌာနအတွက်ကျင်းပခဲ့သော တပည့်အသစ်လက်ခံခြင်း၌ အလွန်ငယ်ရွယ်သော ဓားတာအိုနည်းပြဆရာအသစ်တစ်ဦးပေါ်လာခဲ့ကြောင်း သိခဲ့ရသည်။ ထိုဆရာထံတွင် ကိုယ်ပိုင်ကျောင်းသားလည်း အနည်းငယ်သာရှိ၏။
သိုင်းတာအိုဌာနမှ ကျောင်းသားများက ရွှမ်ယီ၏ ပထမဆုံး အတန်း၌ ကျောင်းသားမည်မျှရှိမည်ကို လောင်းကြေးပင်ဖွင့်ထားကြသည်။
“ ဒါက…”
“ သိုင်းတာအိုဌာနက ဆရာရွှမ်ယီက မှော်ဆေးပညာကိုသင်ပေးနေတာလား…? ပြီးတော့ သူ့ဆီသင်တဲ့လူတွေက ခုန်ပျံပြီးတိုးတက်သွားတယ်ပေါ့… ဒါဖြစ်နိုင်လို့လား…”
“ မဟုတ်သေးပါဘူး.. အကယ်ဒမီတစ်ခုတည်းမှာ ရွှမ်ယီဆိုတဲ့ ဆရာနှစ်ယောက်တော့ မရှိနိုင်ဘူးမို့လား…”
သူမ အလွန်ထိတ်လန့်သွားလေသည်။
ဗဟိုသူတော်စင်အကယ်ဒမီရဲ့ ဌာနနှစ်ခုလုံးက ဆရာလား…?
ထိုအရာသာ အမှန်ဆိုလျှင် ထိုရွှမ်ယီက လူတိုင်းကို အံ့အားသင့်စေနိုင်မည်မဟုတ်ပါလား…!
သူက ဘယ်လောက်တောင် ထူးချွန်နေတာလဲ…?