အခန်း (၁၉၉)
Vol. 14 Ch. 199
ရွှမ်ယီက သူ၏အတန်းချိန်များ သင်ကြားပြီး၍ ကမ္ဘာငယ်လေးအတွင်းသို့ ၀င်ရောက်လိုက်သည်။
“ ဆရာ..”
လေဟာနယ် တံခါးပေါက်မှ ရွှမ်ယီထွက်ပေါ်လာသည်ကိုမြင်လျှင် လုယောင်ယောင်က အနားသို့ ချက်ချင်းပြေးလာ၏။
ဤရက်များအတွင်း သူမ လုပ်စရာမရှိသောအချိန်များတွင် လေဟာနယ်တံခါးပေါက်အားစောင့်ကြည့်ရင် ရွှမ်ယီလာမည့်နေ့များကို စောင့်မျှော်နေလေ့ရှိသည်။
ရွှမ်ယီမလာသည်မှာ ရက်အနည်းငယ်ကြာပြီဖြစ်သောကြောင့် မြင်သည်နှင့် ပျော်ရွှင်စွာ အပြေးသွားလိုက်ခြင်းဖြစ်၏။
“ မင်း လေ့ကျင့်တာ ဘယ်လိုအခြေအနေရှိလဲ..”
ရွှမ်ယီက ပြုံးပြီး လုယောင်ယောင်၏ ဦးခေါင်းအား ပွတ်သပ်လိုက်သည်။ သူက အကြည့်တစ်ချက်ဖြင့် ဤအတောတွင်း လုယောင်ယောင် တော်တော်လေးတိုးတက်လာကြောင်းမြင်နိုင်သည်။ သူမက ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၆)သို့ရောက်ရှိနေပြီဖြစ်ပြီး မကြာမီ နိုးထသူနှောင်းပိုင်းအဆင့်သို့ရောက်တော့မည်။
“ ယောင်ယောင်.. မင်းက ကြိုးစားလေ့ကျင့်နေတာပဲ…”
လုယောင်ယောင်က ရွှမ်ယီထံမှ ချီးကျူးမှုအား ပျော်ရွှင်စွာခံယူလိုက်ပြီး ဟိုဟိုဒီဒီအကြောင်းများပြောနေလိုက်သည်။
“ ဆရာ.. ဆရာက အချိန်ကိုက်ရောက်လာတာပဲ… တစ်စုံတစ်ယောက်က ရွာမှာ ခဏတည်းခိုချင်နေတယ်.. သူက အရမ်းလှတဲ့ အစ်မကြီးတစ်ယောက်ပဲ.. အခု ကျေးရွာခေါင်းဆောင်နဲ့ ညှိနှိုင်းနေကြတယ်…”
ရွှမ်ယီမျက်ခုံးပင့်လိုက်မိသည်။
လှပသော အစ်မကြီးတစ်ယောက် ရွာမှာ ခဏတည်းခိုချင်တာလား..?
ရွှမ်ယီအမြင်တွင် လုယောင်ယောင်က တော်တော်လေးလှပသည်။ ရွာရှိလူများနှင့် ၀တ်စားပုံမတူညီသောကြောင့်ဖြစ်နိုင်၏။ အရမ်းလှသည်မဟုတ်သော်လည်း ချင်ဟီကျေးရွာမှ လူများကြားတွင် တောက်ပသည်ဟု ဆိုနိုင်သည်။
ရွှမ်ယီကိုယ်တိုင်လည်း စိတ်လှုပ်ရှားနေမိသည်။ အမှန်ဆိုလျှင် ချင်ဟီကျေးရွာက အလွန်သေးငယ်လှပြီး ရွာမှလူများက ၎င်းတို့တစ်ဘ၀လုံး တောထဲမှ ပြင်ပသို့မထွက်ရဲကြချေ။ တောင်ပိုင်းသဲကန္တာရာက သူတို့အတွက် ကမ္ဘာကြီးဖြစ်၏။
သို့သော် ဤကမ္ဘာငယ်လေးက တောင်ပိုင်းသဲကန္တာရအပြင် အများကြီးကျယ်၀န်းသေးကြောင်း ရွှမ်ယီသိထားသည်။
ယခု ရွာတွင် အပြင်လူများက ခေတ္တတည်းခိုရန် ခွင့်တောင်းနေသည်။ ၎င်းတို့က တောင်ပိုင်းကန္တာရအပြင်ဘက်မှဖြစ်နိုင်သည်။ ထို့ကြောင့် ရွှမ်ယီ စိတ်လှုပ်ရှားလာခြင်းဖြစ်၏။
နောက်ဆုံးတွင် ဤကမ္ဘာက သူပိုင်သော ကမ္ဘာဖြစ်ပြီး လူသားယဉ်ကျေးမှုများ ဖွံ့ဖြိုးလာသည်မှာ မကြာသေးပေ။ ရွှမ်ယီက ကမ္ဘာငယ်လေးမှ တခြားနေရာများအကြောင်း သိချင်နေ၏။
“ သွားကြစို့.. ငါ့ကို သူတို့ဆီခေါ်သွားပေးဦး…”
ထိုအချိန် ရွာအ၀င်၀တွင်…
ကြည်လင်သန့်ရှင်းကာတောက်ပသော ၀တ်စုံဖြင့် အမျိုးသမီးတစ်ဦးက ဓားတစ်ချောင်းကိုင်ဆောင်ထားပြီး ရပ်နေခဲ့သည်။ သူမနောက်တွင် သံချပ်ကာ၀တ်ထားသော အစောင့်တပ်သား(၅)ယောက်ရှိနေခဲ့ပြီး ထိုအထဲမှ တစ်ယောက်၏ မျက်နှာက ဖြူဖျော့နေပြီး ခါးနှင့်ရင်ဘတ်တွင် ပတ်တီးစီးထားကာ ထိုနေရာမှ သွေးများစိမ့်ထွက်နေ၏။ ဒဏ်ရာပြင်းထန်စွာရထားဟန်တူသည်။
“ ကျေးရွာခေါင်းဆောင်.. ကျွန်မတို့က ဆူရာဘာရာမြို့ကလာကြတာပါ.. အရေးကြီးကိစ္စတစ်ခုကြောင့် တောင်ပိုင်းကန္တာရကိုဖြတ်ရင်း ဒဏ်ရာရသွားလို့.. မကြာသေးခင်က သားရဲ အဓိကရုဏ်းတွေဖြစ်နေမှန်းသိပေမယ့် ဒီလောက်အခြေအနေဆိုးနေမယ်လို့ မထင်ခဲ့ဘူး…”
အမျိုးသမီးက ဒဏ်ရာရထားသော တပ်သားအားငဲ့ကြည့်လိုက်ကြီး လက်ယှက်ကာ
“ ကျွန်မရဲ့အစောင့်တပ်သားက ဒဏ်ဂာအပြင်းအထန်ရထားလို့ တောထဲမှာနေဖို့အဆင်မပြေဘူး.. ဒါကြောင့် ဒီရွာမှာ ရက်နည်းနည်းလောက် တည်းခိုချင်ပါတယ်…”
ကျေးရွာခေါင်းဆောင်က အစောင့်တပ်သားအားကြည့်လိုက်သည်။ ၎င်း၏ပုံစံက အမှန်တကယ်ဒဏ်ရာပြင်းထန်စွာရထားခြင်းဖြစ်ဟန်ရပြီး ဟန်ဆောင်နေခြင်းမဟုတ်နိုင်ပေ။
ထို့အပြင် မကြာသေးမီကဖြစ်ပွားခဲ့သော သားရဲအဓိကရုဏ်းကတော်တော်လေးပြင်းထန်ပြီး အန္တရာယ်များလှသည်။ တောထဲတွင် ဒဏ်ရာမှ သွေးနံ့များပျံ့သွားပါက ဤလူစုဒုက္ခရောက်ပေလိမ့်မည်။
ကျေးရွာခေါင်းဆောင်က အမျိုးသမီးနှင့် အစောင့်တပ်သားများအားကြည့်လိုက်ပြီး တစ်ခဏမျှစဉ်းစားလိုက်သည်။
ထိုလူများက အင်အားစုကြီးတစ်ခုမှလာခြင်းဖြစ်ဟန်တူသည်။
ချင်ဟီကျေးရွာက အလွန်နုံချာလှပြီး မည်သည့်အဖိုးတန်ပစ္စည်းမှမရှိပေ။ တစ်ရွာလုံး၌ တန်ဖိုးအရှိဆုံးအရာမှာ ယောင်ယောင်ယူလာသော အသားများသာရှိ၏။
ရှေးဦးသားရဲ အသားများအတွက် သူတို့အား ဓားပြတိုက်မည်မထင်ပေ။
ကျောင်းရွာခေါင်းဆောင်က ခေါင်းတစ်ချက်ညိတ်လိုက်ပြီး လက်ယမ်းပြကာ ရွာတံခါးအား ဖွင့်ခိုင်းလိုက်၏။
ရက်နည်းနည်းပဲတည်းမှာမဟုတ်လာ..?
ပြသနာမရှိလောက်ပါဘူး….!
“ ကျေးဇူးတင်ပါတယ် ကျေးရွာခေါင်းဆောင်…”
အမျိုးသမီးက ၀မ်းသာအားရ ဦးညွှတ်လိုက်ပြီး အစောင့်များအား ဦးဆောင်လျက် ရွာထဲ၀င်လာခဲ့သည်။
ရွာထဲရောက်သည်နှင့် သူမခေါင်းထဲ၀င်လာသော အတွေးမှာ ဤရွာကား အလွန်ဆင်းရဲနုံချာလွန်းလှ၏။
ထို့အပြင် ရွာထဲ၌ နိုးထသူများ၏ အငွေ့အသက်ကိုလည်းမခံစားမိပေ။ ဤအတိုင်းဆိုလျှင် တောင်ပိုင်းကန္တာရာ တောအုပ်ထဲ၌ ရေရှည်နေထိုင်ရန် ခက်ခဲပေလိမ့်မည်။
‘ ငါပြန်တဲ့အခါ သူတို့အတွက် သိုင်းပညာတချို့ပေးခဲ့ရမယ်.. အဲ့တာမှ ရေရှည်အသက်ရှင်ရပ်တည်နိုင်လိမ့်မယ်…’
ရှေးဦးကမ္ဘာကြီး၌ ကြီးကျယ်ခမ်းနားသော မင်းဆက်တိုင်းပြည်(၃)ခုရှိသည်။
ထိုမင်းဆက်(၃)ခုတွင် ပျံသန်းခြင်းအဆင့်ကျွမ်းကျင်သူများရှိ၏။ မင်းဆက်များအောက်တွင် မြို့ကြီးများ ၊ မြို့ကြီးများအောက်တွင် မြို့ငယ်များ ၊ မြို့ငယ်များအောက်တွင် ကျေးရွာများ စသည်ဖြင့်အဆင့်ဆင့်ရှိ၏။
သူမက တောင်ပိုင်းကန္တာရာအပြင်ဘက်ရှိ ဆူရာဘာရာမြို့မှလာခြင်းဖြစ်ပြီး မြို့သခင်၏ သမီးလည်းဖြစ်သည်။
သိုင်းကျင့်စဉ်များမှာ တခြားလူများအတွက် အလွန်အဖိုးတန်သည်ဖြစ်သော်လည်း သူမဆန္ဒရှိလျှင် မျှဝေပေးနိုင်၏။
အမျိုသမီးက တွေးတောရင်းလမ်းလျှောက်နေစဉ် ရုတ်တရက် ကြုံးဝါးသံများကြားလိုက်ရသည်။
အသံလာရာဘက်သို့လှမ်းကြည့်လိုက်လျှင် လုယိုဦးသော လူငယ်တစ်စု အပင်ကြီးတစ်ပင်အောက် မြေကွက်လပ်တွင် ဓားသိုင်းလေ့ကျင့်နေသည်ကို တွေ့လိုက်ရ၏။
ရွှမ်ယီ ပထမဆုံးအကြိမ်ရောက်တုံးက သင်ပေခဲ့သော ဓားသိုင်းဖြစ်သည်။ ၎င်းက တောင်ပိုင်းတိုက်ကြီးရှိ ဓားပညာအပေါ် နှစ်ထောင်ပေါင်းများစွာ မွမ်းမံပြုပြင်ခဲ့သည့် အခြေခံဓားနည်းစနစ်များဖြစ်၏။ ထိုး ၊ ခုတ် ၊ ပင့် ၊ ဆွဲ များသာဖြစ်သော်လည်း ရှေးဦးကမ္ဘာ၌ အလွန်အဖိုးတန်သည်။
အမျိုးသမီးက ကလေးများလေ့ကျင့်နေသော ဓားနည်းစနစ်များအား တောက်ပသောမျက်၀န်းများဖြင့်ကြည့်နေခဲ့၏။ သို့သော် တစ်ခဏကြာပြီးနောက် သူမ မျက်၀န်းထဲတွင် သံသယများဖြစ်ပေါ်လာ၏။
သူမကိုယ်တိုင်က ဓားပညာအပေါ် အလွန်နှစ်သက်သူဖြစ်ပြီး ဓားတစ်ချောင်းအား အမြဲ ကိုင်ဆောင်ထားသည်ကိုကြည့်လျှင် သိနိုင်သည်။
သူမ မြင်မြင်ချင်းတွင် ထိုကလေးများလေ့ကျင့်သော ဓားပညာက မဆိုးဟုခံစားမိခဲ့၏။
သို့သော် သေချာကြည့်လိုက်ပြီးနောက် ထူးဆန်းလာခဲ့သည်။
ဤကဲ့သို့ ဓားပညာက သူမ တစ်ခါမှမမြင်ဖူးပေ။ ထို့အပြင် ဓားသွားရာလမ်းကြောင်းများကလည်း သူမလေ့ကျင့်ခဲ့သော နည်းစနစ်များနှင့်မတူဘဲ အလွန်ကွာခြားနေ၏။
ဓားဖြင့် ထိုးရုံ ၊ ခုတ်ရုံ ၊ ပင့်ရုံ မျှသာမဟုတ်လော…?
သို့သော် သူရှေ့မှ လူများ လေ့ကျင့်နေသည်က အလွန်ထူးဆန်းလှသည်။ ဓားပညာလေ့ကျင့်နေခြင်းမှ ဟုတ်သလော…?
“ ကလေးတို့… မင်းတို့ကို ဘယ်သူ ဓားပညာသင်ပေးခဲ့တာလဲ…”
သူမ မနေနိုင်ဘဲ မေးလိုက်မိ၏။ ထိုကလေးများအား ဓားပညာသင်ပေးခဲ့သူမှာ အလွန်မိုက်မဲလှသည်။
ဤချင်ဟီကျေးရွာမှ ခေါင်းဆောင်က သူတို့အား ကြင်နာစွာ နေထိုင်ခွင့်ပေးခဲ့သည်။ ထို့ကြောင့် ဤကလေးများ၏ လေ့ကျင့်ပုံများကို ပြုပြင်ပေးပြီး ကျေးဇူးဆပ်ရန် ဆုံးဖြတ်လိုက်၏။
ကလေးအရွယ်ဆိုသည်မှာ စတင်ပြီးအုတ်မြစ်ချရန်အကောင်းဆုံးအချိန်ဖြစ်သည်။ သို့သော် ၎င်းတို့က လမ်းမှားကိုလေ့ကျင့်နေကြ၏။
ဒါက သူတို့ အလားအလာကို နှောင့်နှေးသွားစေနိုင်တယ်…!
“ ကလေးတို့ ရပ်လိုက်တော့.. ဓားကို အဲ့လိုအသုံးပြုရတာမဟုတ်ဘူး.. မင်းတို့ နည်းလမ်းက မှားနေတယ်…”
လုယိုက မူလက သူမစကားအား လျစ်လျူရှုထားပြီး လေ့ကျင့်မှုအပေါ် အာရုံစိုက်ထားခဲ့သည်။ သို့သော် အကြိမ်ကြိမ်နှောင့်ယှက်ခံလိုက်ရရာ အလွန်ကျွဲမြီးတိုသွား၏။
“ ဘယ်နားမှားနေတာလဲ..”
မကြည်မလင်နှင့် ပြန်မေးလိုက်သည်။
သူ့အမြင်တွင် ဆရာရွှမ်က အလွန်အစွမ်းထက်ပြီး သူသင်ပေးခဲ့သော ဓားပညာကလည်း အလွန်အကျိုးရှိသည်ဟု ခံစားမိခဲ့သည်။
ဘယ်ကြောင့် မှားနေရတာလဲ…?
ဆူရာဘာရာမြို့သခင်သမီးက လုယိုအား ငုံ့ကြည့်ပြီးထပ်ပြောလိုက်၏။ သူမ၏ လေသံက နူညံ့သော်လည်း ခိုင်မာမှုအပြည့်ရှိသည်။
“ မင်းတို့ကို ဓားပညာသင်ပေးခဲ့တဲ့လူက ဓားအကြောင်း လုံး၀နားမလည်ဘူး…”