← Chapters

အခန်း (၂၀၀)

Vol. 14 Ch. 200

အခန်း (၂၀၀)

Vol. 14 Ch. 200

သူမက ဓားနည်းစနစ်မျိုးစုံလေ့ကျင့်ခဲ့ဖူးသော်လည်း ဤကဲ့သို့နည်းလမ်းများအား တစ်ခါမှမမြင်ဖူးပေ။ ထို့ကြောင့် အလိုလိုနေရင်း ၎င်းတို့မှားနေသည်ဟု ခံစားနေရ၏။ ဤကဲ့သို့ ဓားပညာအား သင်ပေးခဲ့သူက ရန်းသမ်းသင်ပေးခဲ့ဟန်ရပြီး ဓားအကြောင်း အမှန်တကယ် နားမလည်ပေ။

ဓားအကြောင်း ဘာမှမသိဘူးတဲ့လား…?

မလှမ်းမကမ်းရှိ ရွှမ်ယီက သူမ စကားကြောင့် ပြုံးလိုက်မိသည်။

လက်ရှိ သူက ဓားရည်ရွယ်ချက် အဆင့်(၄)သို့ရောက်ရှိနေပြီး ဟင်းလင်းပြင်ဓားနယ်မြေကိုလည်း ပိုင်ဆိုင်ထားသည်။ ထို့အပြင် ဓားနှင့်ပတ်သက်ပြီး သူ၏ နားလည်ကျွမ်းကျင်မှုများကလည်း တနေ့တခြားတိုးတက်၍ လာနေသည်။

တောင်းပိုင်းတိုက်ကြီးတွင် ဓားနှင့်ပတ်သက်ပြီး သူ့ထက်သာလွန်သူ အနည်းငယ်လေးသာရှိပေလိမ့်မည်။

ဒါတောင် သူက ဓားအကြောင်း နားမလည်ဘူးတဲ့လား…?

ထိုစကားမှာ ဤရက်များအတွင်း ရွှမ်ယီကြားခဲ့သမျှထဲ အရယ်ရဆုံးဟာသဖြစ်သည်။

ဂျွတ်..

ရွှမ်ယီက သစ်ကိုင်းတစ်ချောင်းချိုးပြီး လုယိုထံသို့ပစ်ပေးလိုက်၏။

လုယိုက မသိစိတ်၏ စေ့ဆော်မှုအရ ဖမ်းလိုက်မိပြီး ရွှမ်ယီအား နားမလည်စွာကြည့်လိုက်သည်။

“ ကဲ လုယို.. မင်း အဲ့သစ်ကိုင်းနဲ့ ငါသင်ပေးခဲ့တဲ့ ဓားပညာကိုသုံးပြီး သူမကို အနိုင်ယူလိုက်…”

ရွှမ်ယီက မလှမ်းမကမ်းတွင် လက်နောက်ပစ်ရပ်နေပြီး ပြောလိုက်၏။

“ ဓားအကြောင်း နားလည်လား မလည်ဘူးလားဆိုတာ သူမ ဆုံးဖြတ်ပါစေ…”

သစ်ကိုင်းတစ်ချောင်းလား…?

ပတ်၀န်းကျင်မှလူတိုင်း သစ်ကိုင်းအားကြည့်လိုက်ကြသည်။ ချင်ဟီကျေးရွာမှ လူများပင် ရွှမ်ယီ ယုံကြည်မှုလွန်ကဲနေသည်ဟု မြင်မိကြသည်။ ဓားကိုင်ထားသော လူကြီးတစ်ဦးအား သစ်ကိုင်းဖြင့် ကလေးတစ်ဦးက မည်ကဲ့သို့အနိုင်ယူနိုင်မည်နည်း။

“ ရှင် လာနောက်နေတာလား…”

မြို့သခင်၏ သမီးက မျက်မှောင်ကြုတ်ပြီး ရွှမ်ယီအား ကြည့်လိုက်သည်။

သူမက အနိုင်ယူဖို့ ကျပန်းသစ်ကိုင်းတစ်ဦးအား သုံးစေချင်တာလား…?

သူမရှေ့ရှိ အဖြူ၀တ်လူငယ်က အလွန်ခန့်ညားချောမောသော်လည်း သူ၏ ခေါင်းက တစ်ခုခုမှားနေဟန်ရသည်။

သစ်ကိုင်းက ဓားဖြင့်တစ်ချက်ခုတ်မိရုံနှင့် ပျက်စီးသွားနိုင်သည်။

“ ဒီလိုကိစ္စမျိုးနဲ့ပတ်သက်ပြီး ငါတစ်ခါမှ မနောက်ပြောင်ဖူးဘူး…”

ရွှမ်ယီက သာမန်အတိုင်းပြောလိုက်၏။

“ ကျွန်မက ရှဇီဝေပါ.. နိုးထသူ အလယ်အလတ်အဆင့်ပဲ.. ပြီးတော့ ဓားချင်းယှဉ်ရင် တစ်ခါမှမရှုံးဖူးဘူး…”

ရှဇီဝေက ရှုပ်ထွေးနေဟန်ဖြင့် ရွှမ်ယီအားကြည့်လိုက်ပြီး ငြင်းရန်ပြင်လိုက်သည်။ သို့သော် လုယို၏ စိတ်အားထက်သန်နေသောအမူအရာကြောင့် စကားများအား ပြန်မြိုချလိုက်၏။

ယနေ့ ထိုကလေးများအား အမှန်တရားကိုပြသကာ ပြုပြင်ပေးရမည်။ သို့မဟုတ်ပါက ထိုလူလိမ်ထံတွင် လှည့်စားခံရပြီး အနာဂါတ်တွင် တိုးတက်မှု နှောင့်နှေးသွားနိုင်သည်။

၎င်းတို့အား အရင်ဆုံးအနိုင်ယူကာ စိတ်၀င်စားအောင်လုပ်ပြီးနောက် ဓားသိုင်းပညာစာအုပ်တစ်အုပ် လက်ဆောင်ပေးရမည်။

ကလန်..

ရှဇီဝေက သူမ၏ ဓားကိုဆွဲထုတ်လိုက်သည်။ ခဏမျှစဉ်းစားပြီးနောက် ‌ဓားကို ဓားအိမ်အတွင်းပြန်ထည့်လိုက်၏။

သူမမျက်နှာက တည်ငြိမ်နေပြီး ယုံကြည်မှုအပြည့်နှင့်ဖြစ်သည်။ သူမမျက်၀န်းများ အနည်းငယ်ကျဉ်းမြောင်းသွားပြီး လုယိုအား ကြည့်လိုက်၏။

သူမ၏ ရန်သူက မည်သူဖြစ်စေ ဓားနှင့်ပတ်သက်လျှင် သူမက အမြဲအလေးအနက်ထားခဲ့သည်။

“ လာခဲ့…”

ရွှီး…

လုယိုက သစ်ကိုင်းအား ဆုပ်ကိုင်ပြီး အားနှင့် လွှဲခုတ်လိုက်သည်။

လုယို၏ ပုံစံအနေအထားအားကြည့်ကာ ရှဇီဝေရယ်ချင်သွား၏။ ထိုတိုက်ခိုက်မှုက အရှိန်အဟုန်ကောင်းပြီး ပြိုင်ဘက်ထံသို့ လျင်မြန်စွာရောက်ရှိသွားနိုင်သည်။

သို့သော် လူတိုင်းသိရှိလက်ခံထားသော ပြိုင်ဘက်ထံသို့ အမြန်ဆုံးရောက်ရှိမည့် မျဉ်းဖြောင့်အတိုင်း ထိုးသွင်းခြင်းဖြစ်၏။

သို့သော် ထိုကလေးက မှားယွင်းသော နည်းလမ်းများအား သင်ယူထားရသည်။ တိုက်ပွဲစသည်နှင့် ဘေးဘက်မှ ဝိုက်ပြီး ပြင်းထန်စွာ ခုတ်ချလိုက်၏။

ရှဇီဝေက ခေါင်းအနည်းငယ်ယမ်းလိုက်ပြီး သူမလက်ထဲမှ ဓားအိမ်အားမြှောက်ကာ သူမထံသို့၀င်လာသော သစ်ကိုင်းအား တားဆီးရန်ကြိုးစားလိုက်၏။

ဖတ်..

သို့သော် သူမ၏ ကာကွယ်မှု လမ်းခုလတ်တွင် လုယို၏ သစ်ကိုင်းက သူမလက်အား ထိမှန်သွားလေသည်။ သူမ၏ မြင့်မားသော ကျင့်ကြံမှုကြောင့်မဟုတ်ပါက သူမလက်အား ဘယ်တော့မှ ထပ်မံအသုံးပြုနိုင်တော့မည်မဟုတ်ပေ။

“ ဘာဖြစ်တာလဲ…”

ရှဇီဝေ၏ မျက်၀န်းများ ပြူးကျယ်သွားခဲ့ရသည်။

အကယ်၍ သူမ၏ ပြိုင်ဘက်က သူမနှင့်တူညီသော ကျင့်ကြံဆင့်၌ ရှိနေပြီး ထိုကဲ့သို့ တူညီစွာတိုက်ခိုက်လိုက်ပါက သူမ လက်ပြတ်သွားမည်မှာ သေချာသည်။

ဘာကြောင့်လဲ…?

“ အစ်မ.. အာရုံစိုက်ပြီး အကောင်းဆုံးတိုက်ခိုက်ပါ.. ကျွန်တော်လည်း နိုးထသူတစ်ယောက်ဖြစ်နေပြီ…”

တစ်ဖက်လူအား သစ်ကိုင်းဖြင့်အနိုင်ရခဲ့သောကြောင့် လုယို၏ မျက်၀န်းများတောက်ပလာခဲ့သည်။ တဖြည်းဖြည်း သူ့ကိုယ်သူ ပို၍ ယုံကြည်မှုရှိလာ၏။ သူက ပင်ကိုယ်ပါရမီသိပ်မကောင်းလှသော်လည်း စိတ်ဝိညာဉ်ဆေးလုံးများ၏ အကူအညီနှင့် နိုးထသူအစောပိုင်း ၊ ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်သို့ ရောက်ရှိနေချေပြီ။

ဟမ်..

ရှဇီဝေက လုယိုအားကြည့်လိုက်လျှင် သူ့လက်ထဲမှ သစ်ကိုင်းက လွန်ခဲ့သော မိနစ်အနည်းငယ်ခန့်ကနှင့်မတူပဲ သန့်စင်သော ရောင်ဝါများဖုံးအုပ်နေသည်ကို တွေ့လိုက်ရသည်။

ဒီကလေးက တကယ်တော့ နိုးထသူအစောပိုင်းအဆင့်မှာ ရှိနေတာပဲ…!

ရှဇီဝေ မျက်လုံးမှိတ်လိုက်ပြီး သူမ၏ဓားအား ဓားအိမ်အတွင်းမှ ဆွဲထုတ်လိုက်သည်။ ရှုံးနိမ့်လုနီးပါးဖြစ်ခဲ့ပြီးနောက် မပေါ့ဆဝံ့တော့ပေ။

သူမ၏ ဓားအားဆွဲထုတ်ပြီးသည်နှင့် လေကိုခွင်းပြီး ပြင်းထန်စွာ ခုတ်ချလိုက်သည်။

ဤတစ်ကြိမ်တွင် သူမ စတိုက်လိုက်၏။

သို့သော် ‌ဓားချက်ထုတ်လိုက်ပြီးနောက် ရှဇီဝေ၏ မျက်၀န်းများ တစ်ဖန်ပြူးကျယ်လာပြန်သည်။

သူမ နားမလည်နိုင်သော မြင်ကွင်းတစ်ခုအား မြင်လိုက်ရသောကြောင့်ဖြစ်၏။

လုယို၏ သစ်ကိုင်းက သူမဓားအထက်မှနေ၍ အလွန်ထူးဆန်းသော အနေအထားဖြင့် မနှေးမမြန်ရွေ့လျားလာခဲ့သည်။

ကလန်..

ရှဇီဝေ၏ နှလုံးသား အနည်းငယ်တုန်လှုပ်သွား၏။ သူမ မတုံ့ပြန်နိုင်သေးမီ လုယိုက သူမအနီးသို့ ရောက်နေခဲ့ပြီး သစ်ကိုင်းအား လျှပ်စီးအလား လျှင်မြန်စွာ သူမလည်ပင်းထံသို့ အောက်မှပင့်ခုတ်ကာ ထောက်ထားလိုက်သည်။

ဟူး..

ညင်သာတိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာပြီး သူမဓားအား လွှတ်ချမိလိုက်၏။

တိုက်ပွဲအစမှ အဆုံးထိ သူမက လုယု၏ ခန္ဓာကိုယ်ကိုလည်း မထိနိုင်ခဲ့သလို သစ်ကိုင်းကိုပင် မထိနိုင်ခဲ့ချေ။

သူမ အလွန်ဂုဏ်ယူရသော ‌ဓားနည်းစနစ်များက လုယိုရှေ့၌ ဟာကွက်အပြည့်နှင့် ပိုက်ကွန်တစ်ခုအလားပင်။

နံဘေးမှ အစောင့်(၅)ယောက်လည်း တုန်လှုက်သွားကြ၏။ သူတို့ သခင်မလေးက နိုးထသူအလယ်အလတ်အဆင့်၌ဖြစ်သည်။ သို့သော် ကလေးတစ်ယောက်ကိုပင် အနိုင်မရခဲ့ပါ။

“ ဘာလို့လဲ.. နင့်မှာ သေချာတဲ့ နည်းစနစ်တွေမရှိဘူးဆိုတာ အရှင်းကြီးလေ…”

ရှဇီဝေ၏ မျက်၀န်းများက ထိတ်လန့်မှုများနှင့်ပြည့်နေပြီး နောက်သို့ နှစ်လှမ်းဆုတ်လိုက်မိသည်။ ထို့နောက် ပဟေဠိများပြည့်နေသော မျက်၀န်းများဖြင့် ရွှမ်ယီအား လှည့်ကြည့်လိုက်၏။

သူမက ငယ်စဉ်ကတည်းက ပါရမီရှင်တစ်ဦးဖြစ်သည်။ ဆူရာဘာရာမြို့၌ အဆင့်တူတွင် သူမအား ယှဉ်နိုင်သူမရှိပေ။ သို့သော် ဤကဲ့သို့ ချောင်ကျကာ ခေါင်းပါးလှသည့်ရွာလေးမှ သစ်ကိုင်းနှင့် ကလေးငယ်အား ရှုံးသွားခဲ့သည်။

နိုထသူ အလယ်အလတ်အဆင့်ဖြစ်ပြီး ဓားအစစ်ကိုင်ဆောင်ထားသည့်တိုင် သစ်ကိုင်းနှင့် အစောပိုင်းအဆင့်ကဘေးငယ်အား မယှဉ်နိုင်ခဲ့ပေ။

ရှဇီဝေ၏ မျက်နှာက ဖြူဖျော့နေပြီး ရလဒ်ကို လက်မခံနိုင်ဖြစ်နေခဲ့သည်။

လုယို၏ ဓားပညာရှေ့တွက် သူမ (၁၀)နှစ်ကျော် လေ့လာခဲ့သော ဓားပညာရပ်များက ဟာသတစ်ခုအလားပင်။

ရွှမ်ယီက ခေါင်းယမ်းပြီး အနည်းငယ်ပြုံးလိုက်သည်။

သူသင်ပေးခဲ့သော အခြေခံဓားနည်းစနစ်များမှာ တောင်ပိုင်းတိုက်ကြီးတွင် နှစ်ထောင်ပေါင်းများစွာ တစ်ဆင့်ပြီးတစ်ဆင့် ပြုပြင်မွမ်းမံလာခဲ့ခြင်းဖြစ်သည်။ ထိုသို့ နှစ်ပေါင်းများစွာ အသေးစိတ်ပြုပြင်ခဲ့သည့် ဓားနည်းစနစ်မှာ အဘယ်ကြောင့် သာမန်ဖြစ်နိုင်မည်နည်း။

ထို့အပြင် လုယိုက လုယောင်ယောင်၏ မောင်ဖြစ်ရာ ရွှမ်ယီက အခြားလူများထက် ပိုပိုသာသာသင်ကြားပေးခဲ့သည်။ ထို့ကြောင့် ယခုမှ ဖွံ့ဖြိုးစ ကမ္ဘာငယ်လေးမှ မိန်းကလေးက သူ၏ နည်းစနစ်များကို မယှဉ်နိုင်သည်မှာ သာမန်သာဖြစ်သည်။

“ ဓားအကြောင်း နားမလည်ဘူးတဲ့လား…”

ရွှမ်ယီက ပြုံးလိုက်ပြီး လုယို၏ ခေါင်းအားပွတ်ကာ သူအား ထိတ်လန့်စွာကြည့်နေသည့် လူတိုင်းအား နောက်ချန်ထားလျက် လှည့်ထွက်လာခဲ့သည်။

ချင်ဟီကျေးရွာမှလူများက ရှဇီဝေတို့အဖွဲ့အား တည်းခိုရန်နေရာများ သန့်ရှင်း ပြင်ဆင်ပေးလိုက်၏။

တစ်ညကုန်လွန်သွားပြီးနောက် ရှဇီဝေ၏ စိတ်များလည်း ပြန်လည်တည်ငြိမ်သွားချေပြီ။

သူမက တစ်နေ့လုံး ဘာမှမလုပ်ဘဲ သစ်ပင်ကြီးအောက်၌ထိုင်ကာ ဓားသိုင်းလေ့ကျင့်နေသော ကလေးများအား ကြည့်နေခဲ့၏။

သူတို့က ဓားသိုင်း လေ့ကျင့်နေခဲ့ပြီး သူမက တစ်ချိန်လုံး ထိုင်ကြည့်နေသည်။

မည်သို့ပင်ဖြစ်စေ သူမက ဓားပညာရပ်များအား (၁၀)နှစ်ကျော်လေ့လာခဲ့သူတစ်ဦးဖြစ်၏။ ထို့ကြောင့် ကလေးများ၏ လှုပ်ရှားမှု နောက်ကွယ်မှ အဓိပ္ပါယ်များကို နားလည်နိုင်ပြီး တဖြည်းဖြည်း လေးစားလာခဲ့သည်။

ကြည့်ရင်းကြည့်ရင်း မနေနိုင်တော့ဘဲ ရှက်ရွံ့မှုကြောင့် နီးရဲနေသော မျက်နှာနှင့်အတူ သစ်သားချောင်းတစ်ချောင်းကိုင်ပြီး ကလေးများနည်းတူ လိုက်လံလေ့ကျင့်လိုက်သည်။ သူမ ပို၍ လေ့ကျင့်လေ ပို၍ တုန်လှုပ်လေဖြစ်၏။

သူမ ၀န်မခံလိုသော်လည်း ရွှမ်ယီသင်ပေးခဲ့သော ဓားပညာက သူမယခင်က သင်ယူခဲ့သော ဓားပညာများထက် သာလွန်နေကြောင်း လက်ခံလိုက်ရသည်။

သူမအား ဓားပညာသင်ကြားပေးသော ဆရာပင်လျှင် ရွှမ်ယီအား မမှီပေ။

ရွာငယ်လေးတစ်ခုမှာ ဒီလိုအံ့ဩဖို့ကောင်းတဲ့ တည်ရှိမှုတစ်ခု ရှိနေတာလား…?

ဓားအကြောင်း အမှန်တကယ် နားမလည်ခဲ့သူက သူမသာဖြစ်ကြောင်း လက်ခံလိုက်ရသည်။

All Chapters