← Chapters

အခန်း (၂၀၂)

Vol. 14 Ch. 202

အခန်း (၂၀၂)

Vol. 14 Ch. 202

ရွှမ်ယီကို တွေ့သည်နှင့် ချက်ချင်းဒူးထောက်ချလိုက်ပြီး

“ စီနီယာ… ကျေးဇူးပြုပြီး ကျွန်မအဖေကို ကယ်ပေးပါ….”

“ အိုး…”

ရွှမ်ယီ စိတ်၀င်စားသွားပြီး အနည်းငယ်မျက်ခုံးပင့်လိုက်မိသည်။

ထို ရှဇီဝေဆိုသည့် မိန်းကလေးကား စိတ်၀င်စားစရာပင်။ သူမက ယှဉ်ပြိုင်ရာတွင် ရှုံးနိမ့်ပြီးနောက် ကလေးများထံမှ နှိမ့်ချပြီး ဓားပညာသင်ယူခဲ့သည်။ ယခုတွင်လည်း ဒူးထောက်လျက် သူမအဖေအတွက် အသနားခံနေပြန်၏။

“ ထပြီး ပြောပါ…”

ရှဇီဝေက အကြောင်းစုံ ရှင်းပြလိုက်၏။

ရွှမ်ယီက မြို့သခင်၏ အခြေအနေကိုသိပြီးနောက် ခေါင်းတစ်ချက်ညိတ်လိုက်သည်။

“ သူ့ရောဂါကို ငါကုပေးနိုင်တယ်.. ဒါပေမယ့် ငါဆေးဖော်ဖို့ ဆေးမီးဖိုမရှိဘူး.. ဒီလိုလုပ်ရအောင် အဖိုးအခအနေနဲ့ မင်းတို့က ဆေးမီးဖိုတစ်ခုနဲ့ ငါလိုတဲ့ဆေးပင်တွေရှာပေးပေါ့…”

ရွှမ်ယီက ဤကမ္ဘာကြီး၌ ဆေးမီးဖိုများမရှိမည်ကိုစိုးရိမ်နေခဲ့သည်။ သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ပစ္စည်းများအား ထုတ်မရသလို သူက ပန်းပဲပညာရှင်လည်းမဟုတ်ပေ။

ယောင်ယောင်အတွက် သူသန့်စင်ပေးထားသည့် ဆေးများထဲတွင် တချို့သော ဆေးပင်များက ရှာရခက်သည်။ ထိုရှဇီဝေက အချိန်ကိုက်ရောက်လာခြင်းဖြစ်၏။

ထို့အပြင် လုယောင်ယောင်အနေနှင့် အတွေ့အကြုံအတွက် ချင်ဟီကျေးရွာ အပြင်ဘက်သို့ သွားရန်လိုအပ်သည်။

ရွှမ်ယီ၏ စကားကြောင့် ရှဇီဝေ အလွန်၀မ်းသာသွားသည်။ သူမက ပေးချေရန် အဖိုးအခမတတ်နိုင်မည်ကို စိုးရိမ်နေခဲ့၏။

သူမက အဆိုးဆုံးအား ကြိုတွေးထားခဲ့သည်။

သို့သော် သူမ ဘာကိုကြားလိုက်သနည်း။

နားကြားမှားသွားသလော…?

ဆေးမီးဖိုတစ်ခုနှင့် ဆေးပင်အချို့…

၎င်းက ရှဇီဝေ မျှော်လင့်ထားသည်နှင့် အလွန်ခြားနားနေ၏။

“ ရှင်ဖြစ်စေချင်တဲ့အတိုင်း ကြိုးစားပေးပါ့မယ်…”

သူမ လက်သီးအား တင်းကြပ်စွာဆုပ်လိုက်မိသည်။

ရွှမ်ယီ၏ တောင်းဆိုမှုက ရှဇီဝေ၏ မျှော်လင့်ချက်ထက် အများကြီးကျော်လွန်နေခဲ့သည်။

ရှေးဦးကမ္ဘာတွင် မှော်ဆေးပညာရှင်တစ်ဦးထံမှ အကူအညီရယူရန် ဈေးနှုန်းမည်မျှမြင့်မားကြောင်း လူတိုင်းအသိပင်။ အကယ်၍ အဆင့်မြင့် မှော်ဆေးပညာရှင်ဆိုပါက ပျံသန်းခြင်းအဆင့်နိုးထသူထံမှ အကူအညီတောင်းခံခြင်းထက် ပိုဈေးကြီး၏။

ယောင်ယောင်၏ ဆေးလုံးမှတဆင့် ရွှမ်ယီက ထိပ်တန်းအဆင့် မှော်ဆေးပညာရှင်တစ်ဦးဖြစ်ကြောင်း ရှဇီဝေနားလည်ထားသည်။

ထိုကဲ့သို့ လျှို့ဝှက်ပညာရှင်ထံမှ အကူအညီတောင်းခံရန် ကုန်ကျစရိတ်အား ရှဇီဝေ တွေးပင်မတွေးဝံ့ချေ။

သူမအဖေက မကြာခင်သေဆုံးတော့မည်။ ထို့ကြောင့် အရဲစွန့်ကာ မေးကြည့်လိုက်ခြင်းဖြစ်၏။

သို့သော် ရွှမ်ယီက ရှဇီဝေအား အလွန်အံ့အားသင့်သွားစေခဲ့သည်။

သူမ အိမ်မက်မက်နေသလိုပင် ခံစားနေရ၏။

သို့သော် ထိုတောင်းဆိုမှုကြောင့် ရှဇီဝေစိတ်ထဲ မသိုးမသန့်ဖြစ်သွားခဲ့သည်။

သူမက အရဲစွန့်လိုက်ပြီး

“ ကျွန်မ.. တစ်ခုခုပေးဆပ်ရမှာလား…”

ရွှမ်ယီက အနည်းငယ်ပြုံးလိုက်သည်။

ထိုကောင်မလေးက အတွေးလွန်နေဟန်ရ၏။

“ မလိုပါဘူး.. ဒီတိုင်း ငါပြောတဲ့အတိုင်းပဲလုပ်ပါ…”

ထို့နောက် ရွှမ်ယီက ယောင်ယောင်အား ခေါ်လိုက်သည်။

“ ယောင်ယောင်.. သိမ်းစရာရှိတာတွေသိမ်းတော့.. ငါတို့ ရွာက ထွက်ကြစို့.. ကျယ်ပြန့်တဲ့ကမ္ဘာကြီးကိုကြည့်ဖို့ မင်းကို ငါခေါ်သွားပေးမယ်…”

ရွှမ်ယီက ပြုံးပြီး ယောင်ယောင်၏ ခေါင်းလေးအား ပွတ်သပ်လိုက်သည်။

ထိုစကားအားကြားလျှင် ယောင်ယောင်၏ မျက်၀န်းများတောက်ပသွားသော်လည်း ချက်ချင်း မျက်မှောင်ကြုတ်သွားပြန်၏။

“ ဆရာ.. ကျွန်မ ရွာကထွက်သွားရင် ရွာသားတွေ အရင်လို ငတ်သွားမယ်ထင်တယ်…”

“ သမီး မသွားခင် သူတို့အ‌တွက် အသားတွေ အများကြီး ထားပေးခဲ့ချင်တယ်…”

သူမ၏ နုနယ်သောမျက်နှာလေးထက်၌ စိုးရိမ်မှုများပြည့်နေ၏။

ယခင်က ရွှမ်ယီ ရောက်မလာခင် သူမတို့ရွာလေးက အမြဲတစေ ငတ်ပြတ်နေခဲ့ရသည်။ သူမ၏ မှတ်ဉာဏ်များထဲတွင် ဆာလောင်ခြင်းက အလွန်ကြီးမားသော ကပ်ဘေးကြီးဖြစ်၏။

သူမ အမြင်တွင် ရွာ၌ သူမက အစွမ်းထက်ဆုံးသူဖြစ်နေသောကြောင့် တတ်၌သမျှ ရွာအပေါ် ကြည့်ရှုစောင့်ရှောက်လိုသည်။

ဤသို့နှင့် မသွားခင် တောထဲသို့၀င်ကာ ရှေးဦးသားရဲများအား အမဲလိုက်ရန် ဆုံးဖြတ်လိုက်၏။

ရွှမ်ယီက ယောင်ယောင်၏ စဉ်းစားတတ်ပုံအားကြည့်ကာ ပြုံးလိုက်မိသည်။

ဓားပညာကို သင်ကြားပေးခဲ့ပြီးနောက် ရွာမှလူများ စုပေါင်းကာ တောထဲ၌ အမဲလိုက်နိုင်ခဲ့ကြသည်။ ယောင်ယောင်၏မောင် လုယိုကလည်း နိုးထသူဖြစ်နေချေပြီ။

လက်ရှိချင်ဟီရွာက ယခင်တုံးက ချင်ဟီရွာမဟုတ်တော့ပေ။

ရွာမှလူများကိုယ်တိုင် ရှေးဦးသားရဲများအား အမဲလိုက်နိုင်နေပြီဖြစ်သည်။

သို့သော် ယောင်ယောင်၏ ဆန္ဒအား ရွှမ်ယီ လိုက်လျောပေးလိုက်သည်။ သူလည်း ဆူရာဘာရာမြို့သို့သွားရန် အလျင်မလိုပေ။ ဤအတောအတွင်း ‌ဆေးလုံးများနှင့် ယောင်ယောင်၏ လေ့ကျင့်မှုများကြောင့် သူမက နိုးထသူ အလယ်အဆင့်သို့ရောက်ရှိနေပြီဖြစ်၏။

သူမ စိတ်ကြိုက်ကြိုးစားခွင့်ရှိသည်။

ရွှမ်ယီက ခေါင်းညိတ်ပြီး ယောင်ယောင်အား သွားခွင့်ပြုလိုက်၏။

မည်သို့ပင်ဆိုစေကာမူ ဤကမ္ဘာငယ်လေးက သူ့အပိုင်ဖြစ်သည်။ ထို့အပြင် သူတို့နေထိုင်ရာနေရာကလည်း တောင်းပိုင်းကန္တာရ အစွန်းမှ တောရိုင်းလေးတစ်ခုသာ။ ယောင်ယောင် အန္တရာယ်ကြုံသည်နှင့် သူက ထိုနေရာသို့ ချက်ချင်းသွားနိုင်ပေသည်။

ယောင်ယောင်က ပျော်ရွှင်စွာ ထွက်ခွာသွား၏။

ကျေးရွာခေါင်းဆောင် ၊ သူမ အမေနှင့် မောင်ဖြစ်သူတို့အား နှုတ်ဆက်ပြီးသည်နှင့် တောရိုင်းထဲသို့သွားရန် ရွာတံခါးသို့ ဦးတည်လိုက်သည်။

ရှဇီဝေ နံဘေးမှ ဖြတ်သွားချိန်၌ သူမက မေးလိုက်၏။

“ ယောင်ယောင်.. နင် ဘယ်သွားမလို့လဲ…”

‘ ရွာအပြင်ထွက်မလို့လုပ်နေတာလား.. အခုချိန် ရှေးဦးသားရဲတွေ အရမ်းအန္တရာယ်များနေတာလေ.. ရွာက ထွက်တာနဲ့ ဘယ်လောက်တောင် အန္တရာယ်များလိုက်လဲ…’

[ မှတ်ချက် ။ စိတ်ထဲမှ ပြောတာကို ‘…..’ အထဲတွင် ရေးသည်။ ]

ယောင်ယောင်က ရွာတံခါးအားဖွင့်နေစဉ် စကားသံကြား၍ လှည့်လိုက်လျှင် လှပသော အစ်မကြီးဖြစ်ကြောင်းတွေ့လိုက်ရ၏။

“ ကျွန်မ ရိက္ခာစုဆောင်းဖို့ ‌တောထဲသွားမလို့…”

ထိုစကားအားကြားလျှင် ရှဇီဝေ အံ့ဩသွားသည်။

‘ ဒီကလေးမလေး.. တောထဲ တစ်ယောက်ထဲ ရိက္ခာသွားရှာမလို့တဲ့လား.. ရွာမှာ စားစရာမရှိတော့လို့လား…’

‘ ကြည့်ရတာ သူမက (၈)နှစ် (၉)နှစ် ၀န်းကျင်ပဲ ရှိဦးမယ်.. ရွာထဲကလူတွေက တောထဲမှာ ဘယ်လောက်အန္တရာယ်များကြောင်း မပြောထားလားမသိဘူး… တောထဲက အန္တရာယ်တွေကို မသိဘူးနဲ့တူတယ်.. ဟင်း….’

ရှဇီဝေက ရှေ့တိုးသွားလိုက်သည်။

“ ညီမလေးရယ် မသွားပါနဲ့… ဒီမှာ စားစရာတွေရှိပါသေးတယ်…”

သူမက ညင်သာစွာစကားဆိုလိုက်ပြီး ယောင်ယောင်အား ဆွဲဆောင်ရန် ကြိုးစားလိုက်၏။ သို့သော် ယောင်ယောင်က ခေါင်းယမ်းပြီး ငြင်းဆန်လိုက်သည်။

‘ အစ်မလှလှလေးမှာ စားစရာဘယ်လောက်များရှိလို့လဲ.. အဲ့တာက ရွာအတွက် လုံလောက်မှာမို့လား…’

ယောင်ယောင်၏ ငြင်းဆိုမှုကြောင့် ရှဇီဝေ ကူကယ်ရာမဲ့သလိုခံစားလိုက်ရပြီး သူမ စိတ်ကူးအားပြောင်းလဲလိုက်သည်။

ထို ကျောက်စိမ်းကဲ့သို့ ကလေးမလေးအား တစ်ယောက်ထဲ တောစပ်မဟုတ်ဘဲ တောနက်ထဲသို့ ဘယ်လို ၀င်သွားခိုင်းရက်မည်နည်း။

‘ ပြီးတော့ စောနက ပြောပုံအရဆို သူမမှာ အရှင်းမပျောက်သေးတဲ့ဒဏ်ရာရှိသေးတယ်.. အဲ့တာကြောင့် နေ့တိုင်း ဆေးလုံးတွေစားနေရတာဖြစ်မယ်…’

‘ ပြီးတော့ ယောင်ယောင်ရဲ့ ခွန်အား.. အဲ့တာက နိမ့်ကျနေမှာ စိုးမိတယ်…’

ရှဇီဝေစိတ်ထဲတွင် ယခင်ရက်များ၌ ယောင်ယောင်က တခြားကလေးများနည်းတူ ဓားသိုင်းလေ့ကျင့်သည်ကို မတွေ့မိသောကြောင့် ယောင်ယောင်က သိပ်ပြီး မသန်မာဟု တွေးထင်နေခဲ့သည်။

သူမ အမြင်တွင် လုယိုကဲ့သို့ ပါရမီကောင်းသော ကလေးတစ်ယောက် ရှိနေသည်ကပင် ဤရွာကလေးအတွက် ကန့်သတ်ချက်ဖြစ်နေချေပြီ။

ယောင်ယောင်၏ ဆရာကလည်း ဆူရာဘာရာမြို့သို့ သူမနှင့်အတူ လိုက်ရန် ကတိ‌ပေးထားသေး၏။

ရှဇီဝေ အံတင်းတင်းကြိတ်လိုက်မိသည်။ နဂိုက ရွှမ်ယီ၏ ကျေးဇူးအား မည်သို့ ဆပ်ရမည်ကို တွေးတောနေခဲ့မိသည်။ ယခု သူ၏ တပည့်ဖြစ်သူ တောထဲသို့ တစ်ယောက်တည်းသွားတော့မည်ဖြစ်ရာ သူမ အဖော်လိုက်သွားပေးရန် ဆုံးဖြတ်လိုက်၏။

သူမက နိုးထသူ အလယ်အလတ်အဆင့်ဖြစ်ရာ ထိုကောင်မလေးအား ကာကွယ်ရန် လုံလောက်ပေသည်။

“ ငါလည်း နင်နဲ့အတူလိုက်ခဲ့မယ်…”

ရှဇီဝေ၏အသံက ခိုင်မာနေခဲ့သည်။

ယောင်ယောင်က မည်သည့်စကားမှ ပြန်မဆိုခဲ့ချေ။ သို့သော် စိတ်ထဲ တွေးမိလိုက်၏။ ဤ ခရီးစဉ်၌ ထို လှပသောအစ်မကြီးအား မလိုအပ်ချေ။ သူမ တစ်ယောက်တည်းနှင့် လုံလောက်၏။

သို့သော် လှပသော အစ်မကြီးကိုယ်တိုင် ဆန္ဒရှိနေသည်ဖြစ်ရာ ယောင်ယောင်လည်း မတားဆီးလိုတော့ချေ။

ဤသို့နှင့် သူတို့နှစ်ဦး အန္တရာယ်များကြားမှ တောထဲသို့ ၀င်ခဲ့ကြလေသည်။

ထိုအချိန် တောထဲတွင်

ယောင်ယောင်က သိုးအုပ်ထဲ၀င်လာသော ကျားတစ်ကောင်အလားပြုမူနေ၏။ ထိုမြင်ကွင်းက ရှဇီဝေ၏ မျက်ခွံများ တစ်ဆတ်ဆတ်လှုပ်သွားစေသည်။

‘ တောင်ပိုင်းတောရိုင်းထဲမှာ ဘယ်သူက ဒီလို သွားလို့လဲ… ဒါက သေဖို့တောင်းဆိုနေတာနဲ့ အတူတူပဲမဟုတ်လား…’

“ ယောင်ယောင်.. ငါတို့ အခုရောက်နေတဲ့နေရာက အန္တရာယ်များတယ်.. အခုလို ဇွတ်လုပ်နေလို့အဆင်မပြေဘူး.. အရင်ဆုံး ပုန်းပြီး အခြေအနေကိုလေ့လာရမယ်…”

ရှဇီဝေ ခါးသက်သက်ခံစားနေရသည်။ ထိုကလေးမက ရွှမ်ယီ၏ တပည့်ဖြစ်ပေသည်။ သူမအနေနှင့် ၀င်မပြောလိုသော်လည်း အန္တရာယ်ဖြစ်မည်စိုးသောကြောင့် အသိပေးလိုက်၏။

တခဏမျှ စဉ်းစားပြီးနောက် ဆက်ပြောလိုက်သည်။

“ တောထဲမှာ မကြာသေးခင်ကမှ သားရဲအဓိကရုန်းတွေဖြစ်ထားတော့ အခုချိန် အရမ်းအန္တရာယ်များနေတယ်…”

“ တောနက်ထဲထိလည်း မသွားရအောင် နော်.. အဲ့တာက အန္တရာယ်များတယ်.. တောစပ်မှာပဲ ရှေးဦးသားရဲတွေ လိုက်ရှာရအောင်လေ…”

“ မပြေးနဲ့.. ဖြည်းဖြည်း… သတိထား… ငါ့မြင်ကွင်းထဲက ပျောက်သွားရင် အန္တရာယ်များတယ်…”

ယောင်ယောင်က ရှဇီဝေ၏ စကားများအား လျစ်လျူရှုပြီး သူမအား နောက်ချန်ထားခဲ့လိုက်သည်။

ပုံရိပ်လေးတစ်ခုက ဟိုဟိုဒီဒီခုန်ပေါက်လျက် ရှေးဦးသားရဲရှိနိုင်သော နေရာတိုင်းသို့ ပြေးသွားနေ၏။

All Chapters