အခန်း (၂၀၃)
Vol. 14 Ch. 203
အချိန်အနည်းငယ်ကြာသော်
ဝုန်း…
အစိမ်းရောင်ဦးခေါင်းကြီးနှင့် ချွန်ထက်သော အစွယ်များရှိသည့် သားရဲကြီးတစ်ကောင်က တောင်များ သစ်ပင်များကို ဖျက်ဆီးကာ ပြေး၀င်လာသည်။
၎င်း၏ အေးစက်သော မျက်လုံးများနှင့် ထက်မြိသော သွားများက ရှဇီဝေအား အလွန်ထိတ်လန့်သွားစေ၏။
“ ဒါက.. တောင်တန်းရွေ့လျားခြင်းအဆင့် သားရဲကြီးလား…”
ရှဇီဝေအမူအရာ သိသိသာသာပြောင်းလဲသွားခဲ့သည်။
“ ယောင်ယောင်.. ပြေးတော့.. အဲ့တာ တောင်တန်းရွေ့လျားခြင်းအဆင့်သားရဲကြီးပဲ…”
ရှဇီဝေ ထိတ်လန့်တကြားအော်ဟစ်လိုက်၏။ ရှေးဦးသားရဲကြီး၏ အရှိန်အဝါအောက်တွင် သူမ မျက်နှာဖြူဖျော့သွားပြီး ဒူးများပင် ပျော့ခွေသွားခဲ့ရသည်။
သူမက နိုးထခြင်းအလယ်အလတ်အဆင့်သာရှိပြီး တောင်တန်းရွေ့လျားခြင်းအဆင့် သားရဲကြီးထံ၌ တစ်ချက်မျှ ခုခံနိုင်မည်မထင်ပေ။
ရှဇီဝေ မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး သူမ၏ မျက်၀န်းများက စိတ်ပျက်၀မ်းနည်းမှုများ ပြည့်နှက်နေသော်လည်း သူမ၏ ဓားအား ဆွဲထုတ်လိုက်သည်။
ရွှစ်..
ထိုအချိန်တွင် သူမနံဘေးသို့ သေးသွယ်သော ပုံရိပ်လေးတစ်ခုရောက်လာ၏။
ရှဇီဝေ တားဆီးချိန်ပင်မရလိုက်ပဲ ထိုပုံရိပ်လေးထံမှ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီး ရှေးဦးသားရဲကြီးအား လက်သီးသေးသေးလေးဖြင့် ထိုးလိုက်သည်ကို တွေ့လိုက်ရသည်။
ရှေးဦးသားရဲကြီးနှင့် လက်သီးထိတွေ့ရာမှ နားကွဲမတတ် အသံကျယ်ကြီးထွက်ပေါ်လာ၏။
ဘုန်း..
တောတန်းတစ်ခုလုံး တုန်ခါသွားသကဲ့သို့ပင်။
ရှဇီဝေ၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် တောင်ငယ်လေးတစ်ခုအလားဖြစ်နေသော ကြောက်မက်ဖွယ်သားရဲကြီး တုံးခနဲလဲကျသွား၏။
ရှဇီဝေ၏ တုန်လှုပ်မှုများက မယုံကြည်နိုင်မှုများအဖြစ်ပြောင်းလဲသွားလေသည်။
ဒဏ်ရာရထားသော (၈)နှစ်၀န်းကျင် ကလေးမလေး လုယောင်ယောင်က ထိုမျှသန်မာသည်လော…
တောင်ငယ်လေးအလားဖြစ်နေသော သားရဲကြီးလဲကျသွားရာ ပတ်၀န်းကျင်တစ်ခုလုံး တုန်ခါသွားခဲ့သည်။
ရှဇီဝေက အခြေအနေအား စစ်ဆေးရန်ရှေ့တိုးသွားလိုက်၏။ မြင်လိုက်ရသော မြင်ကွင်းကြောင့် သူမ ကြက်သေသေသွားခဲ့သည်။
ရှေးဦးသားရဲကြီး၏ မျက်လုံး ၊ နား ၊ နှာခေါင်းတို့မှ သွေးများစီးကျနေပြီး အသက်မရှိတော့ချေ။
သူမနံဘေးတွင် ဖြူစင်သော အပြုံးနှင့် ရပ်နေသည့် ကလေးမလေးအား မယုံကြည်နိုင်သော မျက်၀န်းများဖြင့် ကြည့်လိုက်မိသည်။
ပျံသန်းခြင်းအဆင့်အောက်မှ ရှေးဦးသားရဲများမှာ အရွယ်အစားကြီးမားလေ ပိုသန်မာလေဖြစ်သည်။
သူမရှေ့မှ သားရဲကြီးက ကြောက်မက်ဖွယ် အရှိန်ဝါများထွက်ပေါ်နေပြီး တောင်ငယ်လေးများကိုပင် အလွယ်တကူဖျက်ဆီးနိုင်၏။ ထိုသားရဲကြီးပြေး၀င်လာစဉ်က မြေပြင်ပင် တုန်ခါနေခဲ့ပြီး အလွန်ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုဖြစ်သည်။
ထိုသားရဲကြီးက သူမအား ရိုက်ချက်တစ်ခုတည်းဖြင့် သွေးမှုန်များအဖြစ် ပြောင်းသွားစေနိုင်စွမ်းရှိသည်။
ထိုအချိန်တွင် သူမ သေတော့မည်ဟု တွေးလိုက်မိ၏။
သို့သော် လုယောင်ယောင်ရောက်လာပြီး လက်သီးတစ်ချက်နှင့် အဆုံးသတ်ပေးခဲ့သည်။
အစောပိုင်းနိုးထသူအဆင့် လုယိုက သူမအား သစ်ကိုင်းတစ်ချောင်းဖြင့် အနိုင်ယူခဲ့စဉ်က သူမ လုံလောက်အောင် အံ့ဩခဲ့ရပြီးချေပြီ။
ဆူရာဘာရာမြို့၌ပင် ထိုသို့အရည်အချင်းရှိသူမရှိချေ။ ဤကဲ့သို့ ရွာငယ်လေး၌ ထိုသို့တစ်ယောက်ရှိနေသည်မှာ အလွန်ထူးခြားသော ကိစ္စပင်။
ရှဇီဝေက သူမအား အနိုင်ယူခဲ့သည့် လုယိုအား ချင်ဟီကျေးရွာတွင် ရွှမ်ယီပြီးလျှင် အစွမ်းထက်ဆုံးဟု ထင်မိခဲ့သည်။
သို့သော် ယခုပြသခဲ့သည့် လုယောင်ယောင်၏ စွမ်းအားက သူမ ခံယူချက်များထက် ကျော်လွန်သွားချေပြီ။
“ နင့်မှာ အရင်က ရထားတဲ့ ဒဏ်ရာရှိပြီး မကောင်းသေးဘူးဆို…”
ရှဇီဝေက ကျယ်လောင်စွာ လှမ်းမေးလိုက်မိသည်။
“ ဟုတ်တယ်လေ…”
လုယောင်ယောင်က အသာအယာခေါင်းညိတ်ပြလိုက်၏။
ထို့နောက် သူမက အလွန်ကြီးမားသော ရှေးဦးသားရဲကြီးအား သယ်ဆောင်ရန်ပြင်လိုက်သည်။ သူမခန္ဓာကိုယ်သေးသေးလေးနှင့် အလွန်ကြီးမားသော သားရဲကြီးအား အလွယ်တကူ မယူလိုက်၏။
အဝေးမှ လှမ်းကြည့်လျှင် လုယောင်ယောင်အား တွေ့ရမည်မဟုတ်ပေ။ ရှေးဦးသားရဲကြီး လမ်းမလျှောက်ဘဲ လေထဲ၌ မျောလွင့်လာသကဲ့သို့ပင်။
ရှဇီဝေက နံဘေးတွင် ရှုပ်ထွေးသော အမူအရာဖြင့်ရှိနေခဲ့သည်။
‘ ဒဏ်ရာရနေတာတောင်မှ သူမက ဒီလောင် အစွမ်းထက်တာလား..’
‘ ငါတောင်မှ ဒီအကောင်ကြီးကို မယူနိုင်မယ်မထင်ဘူး…’
သို့သော် ယောင်ယောင်က ဟာကျူလီ ၀င်စီးထားသကဲ့သို့ပင်။
[ ဟာကျူလီ- အလွန်ကြီးမားသော ခွန်အားဖြင့် ကျော်ကြားသည့် ဂရိနတ်ဘုရား : မှားသွားရင်ခွင့်လွှတ်ပါ ကျနော်လည်းGoogleက ရှာပြီး အကျဉ်းလေးရေးပေးတာပါ ]
ယောင်ယောင်၏ ခန္ဓာကိုယ်အတွင်း နဂိုက နတ်ဘုရားအရိုးတည်ရှိရာနေရာက လက်ရှိတွင် နေရာလွတ်ဖြစ်နေသည်။ သို့သော် တောက်ပသောသွေးများက ထိုနေရာ၌ စီးဆင်းလှည့်ပတ်နေပြီး တစ်စုံတစ်ခုအား တည်ဆောက်ပေးနေသကဲ့သို့ ရုန်းများလည်းရောယှက်ဖြစ်ပေါ်နေ၏။ တစ်ချိန်တည်းပင် ထိုနေရာမှတစ်ဆင့် ယောင်ယောင်၏ ခြေ ၊ လက် ၊ အရိုးများသို့ အလွန်ကြီးမားသော စွမ်းအားတစ်ခု ပေးပို့နေလေသည်။
‘ သူမက အရမ်းခွန်အားကြီးတာပဲ…’
ရှဇီဝေက သူမ၏ဓားအား ကိုင်ပြီး ယောင်ယောင်နောက်မှ လိုက်ပါလာခဲ့သည်။
ဤမတိုင်မီ ယောင်ယောင်ကို သူမပြောခဲ့သည့် စကားများအား ပြန်တွေးမိပြီး မျက်နှာတစ်ခုလုံး ထူပူကာနီရဲသွား၏။
တောပိုင်းတောရိုင်းထဲသို့ ၀င်ရာတွင် သူမ ဦးဆောင်သင့်သည်ဟု တွေးတောခဲ့ပြီး တောထဲ၌ မည်သို့လှုပ်ရှားသင့်ကြောင်း ယောင်ယောင်အား အဆက်မပြတ်ပြောနေမိခဲ့သည်။
သူမက ယောင်ယောင်အား နှိမ့်ချ ဆက်ဆံလိုခြင်းမဟုတ်ပေ။ အတွေ့အကြုံများသော စီနီယာတစ်ဦးအနေနှင့် အန္တရာယ်ကင်းစေရန်အတွက် သင်ပြပေးချင်ရုံသာ။
သူမ၏ ခွန်အားက ယောင်ယောင်ထက်သာလွန်နေပါက ကိစ္စမရှိချေ။
သို့သော် ယခုလေးတင် ယောင်ယောင်ထံမှ ထွက်ပေါ်လာသည့် စွမ်းအား အတက်အကျများအရ သူမထက်သာလွန်ကြောင်း ရှဇီဝေ သိလိုက်ရသည်။
သူမက အသက် (၁၉)၀န်းကျင်ခန့်သာရှိသေးပြီး နိုးထသူ အလယ်အလတ်အဆင့်၌ဖြစ်၏။
သို့သော် ထို အသက်(၈) နှစ် (၉) နှစ် ၀န်းကျင် ကလေးမလေးက အမှန်တကယ်ကို နိုးထသူနှောင်းပိုင်းအဆင့်သို့ရောက်နေခဲ့သည်။
ထို့အပြင် ရွှမ်ယီ၏ တပည့်ဖြစ်သည့်အားလျော်စွာ သူမထံတွင် တခြားသော ဝှက်ဖဲများရှိနေနိုင်သေးသည်။ ထို့ကြောင့် သူမ၏ အစစ်အမှန်တိုက်ခိုက်နိုင်စွမ်းက ပို၍အားကောင်းနေပေလိမ့်မည်။
ဤ တောင်တန်းရွေ့လျားခြင်းအဆင့် ရှေးဦးသားရဲကြီးက သက်သေပင်။
ယောင်ယောင်၏ စွမ်းအားအစစ်အမှန်ကို မသိခဲ့ရသောကြောင့် ရှဇီဝေက အတွေ့အကြုံများသည့် စီနီယာတစ်ဦးဖြစ်သည့်အားလျော်စွာ အကြံညာဏ်များပေးခဲ့ခြင်းဖြစ်၏။
သို့သော် အလကားဖြစ်သွားခဲ့သည်။
ရှဇီဝေရှက်ရွံ့သွားပြီး ခေါင်းငုံ့ထားလိုက်မိ၏။
ယောင်ယောင်က အကြွင်းမဲ့ခွန်အားရှေ့မှောက်၌ မည်သည့် နည်းဗျူဟာမှ မလိုကြောင်း သူမအား ပြသခဲ့သည်။
အစောပိုင်း တောင်တန်းရွေ့လျားခြင်းအဆင့်သားရဲကြီးပင် လက်သီးတစ်ချက်အား မခုခံနိုင်ချေ။
တနည်းအားဖြင့်ဆိုလျှင် ယောင်ယောင်ထံ၌ ရွှမ်ယီ၏ အငွေ့အသက်တချို့ ကိန်းအောင်းနေချေပြီ။
ဤသို့နှင့် သူတို့နှစ်ယောက် ရွာသို့ ပြန်လာခဲ့ကြ၏။
ဧရာမ ရှေးဦးသားရဲကြီး၏ အသားများက ရွာမှလူများ အချိန်အတန်ကြာစားသောက်ရန် လုံလောက်သည်။ ရှေးဦးသားရဲကြီး၏ သွေးများက ရွာတွင် နောက်ထပ် နိုးထသူများ ထွက်ပေါ်လာပေလိမ့်မည်။
ယောင်ယောင်က သူမအမေနှင့် မောင်ဖြစ်သူတို့အား နှုတ်ဆက်ပြီး ရွှမ်ယီနှင့်အတူ ရှဇီဝေတို့နောက်လိုက်ကာ ရွာမှ ထွက်ခွာလာခဲ့ကြ၏။
ထိုအချိန် ရှေးဦးကမ္ဘာ ၊ ဆူရာဘာရာမြို့…
မြို့သခင်က ပြင်းထန်စွာ နေမကောင်းဖြစ်နေခဲ့သည်။ သူ၏ မျက်နှာက အလွန်ဖျော့တော့နေပြီး မျက်လုံးအား တင်းကြပ်စွာ ပိတ်ထားလျက် အိပ်ရာထက်၌ လဲလျောင်းနေပေသည်။ သူက အသက်မျှင်းမျှင်းသာ ရှုနိုင်တော့၏။
ဆူရာဘာရာမြို့သခင်က မြို့၌ အစွမ်းထက်ဆုံးသူဖြစ်ပြီး မြို့နေလူများအား အမြဲကာကွယ်ပေးခဲ့သည်။
သူသာလဲပြိုသွားပါက မြို့၏ အသန်မာဆုံးလူကို ဆုံးရှုံးလိုက်ရမည်ဖြစ်ပြီး ဆူရာဘာရာမြို့အား ရှေးဦးသားရဲများတိုက်ခိုက်လာပါက ခုခံနိုင်တော့မည်မဟုတ်ပေ။
မြို့သခင် ဘာမှမဖြစ်သ၍ ဆူရာဘာရာမြို့က လုံခြုံနေမည်ဖြစ်ပြီး
သူသေလျှင် ဆူရာဘာရာမြို့လည်း အန္တရာယ်တွင်းထဲ ကျသွားပေလိမ့်မည်။
ရှေးဦးသားရဲများက အလွန်သောင်းကျန်းပြီး သန်မာသူများသာရှင်သန်နိုင်သည့် ဤကမ္ဘာကြီးတွင် မြို့သခင်၏ ရှင်သန်မှုက အလွန်အရေးကြီးကြောင်း လူတိုင်းနားလည်ထားကြသည်။
“ အစီအရင်ခံပါတယ်.. မဟာဒူကီ ပြန်လာပါပြီ…”
ချပ်၀တ်တန်ဆာ၀တ်ဆင်ထားသော အစောင့်တစ်ဦးက ပြောလိုက်ပြီးနောက် လူအုပ်ကြီး တံခါးဆီသို့ မျှော်လင့်တကြီးကြည့်လိုက်ကြသည်။
သို့သော် သံချပ်ကာ၀တ် လူငယ်တစ်ဦး စိတ်ပျက်နေဟန်ဖြင့် ၀င်ရောက်လာသည်ကို တွေ့လိုက်ရ၏။
“ အခြေအနေဘယ်လိုဘဲ…”
လူငယ်၏ အမူအရာကိုမြင်ပြီးနောက် လူအများစု မျှော်လင့်ချက်မဲ့သွားသော်လည်း လူတစ်ချို့က မျှော်လင့်ချက်ဆက်ထားပြီး မေးလိုက်ကြသည်။
“ အဆင်မပြေခဲ့ဘူး.. နတ်ဘုရားမင်းဆက်ရဲ့ မှော်ဆေးပညာရှင်တွေက အရမ်းအစွမ်းထက်တာမှန်တယ်.. ဒါပေမယ့် သူတို့က နတ်ဘုရားမင်းဆက်အတွက် အဖိုးအတန်ဆုံးလူတွေပဲ.. သူတို့ကို ပြင်ပကိုဖိတ်ခေါ်လို့မရဘူး.. ပြီးတော့ တခြားမြို့ကြီးတွေက သာမန်မှော်ဆေးပညာရှင်တွေကလည်း မစွန့်စားချင်ကြဘူး.. ဟင်း.. ဘယ်သူ့ကိုမှ ဖိတ်ခေါ်လို့မရခဲ့ဘူး…”
လူငယ်က စိတ်ပျက်လက်ပျက်နှင့် ခေါင်းယမ်းကာပြောလိုက်သည်။
“ အာ..”
လူအုပ်ကြီးက ထိုရလဒ်အား မျှော်လင့်ထားပြီးသားပင်။
မဟာဒူကီက နတ်ဘုရားမင်းဆက်သို့သွားပြီး မှော်ဆေးပညာရှင်အား သွားရောက်ဖိတ်ခေါ်ပင့်ဆောင်ခြင်းဖြစ်သည်။ ၎င်းတို့က အလွန်အစွမ်းထက်သူများဖြစ်ပြီး အလွယ်တကူ ပြင်ပသို့ ထွက်ခွာခွင့်မရှိချေ။
ထို့အပြင် သူတို့ကဲ့သို့ မြို့ငယ်လေးတစ်မြို့က ထိုအဆင့် မှော်ဆေးပညာရှင်တစ်ဦးအား ဖိတ်ခေါ်ရန်မှာ အိမ်မက်တစ်ခုအလားပင်။
လူအုပ်ကြီး တခဏမျှ တိတ်ဆိတ်သွားခဲ့သည်။