← Chapters

အခန်း (၂၀၈)

Vol. 14 Ch. 208

အခန်း (၂၀၈)

Vol. 14 Ch. 208

ယောင်ယောင်ကလည်း ရှေ့သို့ပြေးထွက်သွားပြီး ရှေးဦးသားရဲကြီး၏ အမြီးအား ဖမ်းကိုင်လိုက်သည်။ သို့သော် အမြီးက အလွန်ကြီးလွန်သည်ဖြစ်ရာ သူမလက်သေးသေးလေး နှစ်ဖက်ဖြင့် ပွေ့ဖက်လိုက်ရ၏။

ထို့နောက် သူမ၏ မျက်နှာကလေးထက်၌ အပြုံးတစ်ပွင့်ဖြစ်ပေါ်လာခဲ့သည်။

ဘန်း…

မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။

ရှေးဦးသားရဲကြီးအား ကိုင်ရိုက်လိုက်ခြင်းဖြစ်၏။

ခေါင်းဆောင်ဖြစ်သူကို ကိုင်ရိုက်ခြင်းဖြင့် ကျန်သားရဲများ၏ ယုံကြည်ချက်များအား ရိုက်ချိုးလိုက်သည်။

သူမ၏ ခန္ဓာကိုယ်လေးက ရှေးဦးသားရဲကြီးနှင့်ယှဉ်လျှင် သိသိသာသာသေးငယ်လွန်းလှ၏။ ပုရွက်ဆိတ်လေးတစ်ကောင်အလားပင်။

သို့သော် ဧရာမရှေးဦးသားရဲကြီးအား အမှိုက်တစအလား ကိုင်ဆွဲပြီး မြေပြင်နှင့် အကြိမ်ကြိမ် ရိုက်ချလိုက်သည်။

ထိုမြင်ကွင်းက မြင်ရသူတိုင်း၏ မျက်ခမ်းများအား တဆတ်ဆတ် တုန်ခါသွားစေသည်။

ယောင်ယောင်က သားရဲကြီးအား မြေပြင်ထက်သို့ ရိုက်ချလိုက်တိုင်း ငလျင်လှုပ်သွားသကဲ့သို့ ပတ်၀န်းကျင်တစ်ခုလုံး အလွန်အမင်း တုန်ခါနေ၏။

ရှဇီဝေလည်း မြို့တံတိုင်းထက်၌ ရပ်နေခဲ့ပြီး လက်ရှိမြင်ကွင်းက သူမ၏ ဦးရေပြားကို ထုံကျဉ်သွားစေသည်။

ယောင်ယောင်နှင့်ပတ်သက်ပြီး သူမ၏ ခန့်မှန်းချက် နောက်တစ်ကြိမ် မှားသွားပြန်ပြီ။

တောင်ပိုင်းကန္တရာတောအုပ်ထဲ၌ ယောင်ယောင်က တောင်တန်းရွေ့လျားခြင်း အစောပိုင်းအဆင့်သားရဲအား သတ်ခဲ့သည်ကို မြင်ဖူးသော်လည်း သူမ စိတ်ပူနေခဲ့သေးသည်။

ယောင်ယောင်က တောင်တန်းရွေ့လျားခြင်း အစောပိုင်းအဆင့် သားရဲအား အနိုင်ယူနိုင်သော်လည်း အလယ်အလတ်အဆင့်သားရဲကမူ ခြားနား၏။ ၎င်းတို့ကြားမှ ခွန်အားကွာခြားမှုမှာ ကြီးလွန်းလှသည်။

‌၎င်းအား အစောပိုင်း သူမအဖေ၏ ရှုံးနိမ့်မှုမှ မြင်တွေ့နိုင်သည်။

သို့သော် ရှေ့တွင်မြင်နေရသည့် မြင်ကွင်းက သူမအား အလွန်တုန်လှုပ်သွားစေ၏။

“ ဒါက ဘယ်လိုခွန်အားမျိုးလဲ…”

လူတိုင်းထိတ်လန့်နေစဉ် မြင့်မြတ်ခြင်းမင်းဆက်မှ ရောက်လာသည့် လူငယ်များက ပို၍ တုန်လှုပ်နေခဲ့၏။

သူတို့က ရှေးဦးသားရဲကြီး၏ စွမ်းအားကို ကောင်းစွာနားလည်ထားကြသည်။ သူတို့ အကြီးအကဲများသာ ထိုသို့စွမ်းအားမျိုးရှိ၏။

သို့သော် ယခု မည်သည့်အရာအား မြင်နေရသနည်း။

ရှေးဦးသားရဲများအား တစ်ကောင်လျှင် လက်သီးတစ်ချက်ဖြင့် ထိုးသတ်ခဲ့ပြီး တောင်တန်းရွေ့လျားခြင်း အလယ်အဆင့် ရှေးဦးသားရဲကြီးအား မြေပြင်နှင့် ကိုင်ရိုက်နေသော ကလေးမလေးတစ်ဦး….

သူမက အသက်ဘယ်လောက်ရှိပြီမို့လဲ…?

သူတို့ အကြီးအကဲများနည်းတူ သန်မာနေ၏။

မြင့်မြတ်ခြင်းမင်းဆက်မှ မင်းသားများပင် ထိုသို့စွမ်းအားမရှိချေ။

ဒီမွန်းစတားလေးက ဘယ်ကရောက်လာတာလဲ…?

ဘယ်ချိန်တုံးက ကမ္ဘာကြီး ဒီလောက်တောင် ပြောင်းလဲသွားတာလဲ…?

တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ကူကယ်ရာမဲ့စွာ ပြုံးလိုက်ကြ၏။

သူတို့က ကယ်တင်ခံလိုက်ရပြီဖြစ်သော်လည်း ၀မ်းသာခြင်းအစား မှင်သက်သွားခဲ့ရသည်။ တခဏအတွင်း ကမ္ဘာကြီးက အလွန်ထူးဆန်းသွားသလို ခံစားလိုက်ရ၏။

ဆူရာဘာရာမြို့မှ လူတိုင်း မျက်လုံးများပြူးကျယ်ပြီး ထိတ်လန့်နေကြသည်။

သို့တို့ အောက်ဆင်းသွားပြီး ရှေးဦးသားရဲများအား ယောင်ယောင်နှင့် အတူတိုက်ခိုက်သင့်သလော…?

အကယ်၍ ရှေးဦးသားရဲများအား မသတ်နိုင်ပါဘဲ ယောင်ယောင်အား ‌အနှောက်အယှက်ဖြစ်မည်လည်း စိုးရသည်။

ယောင်ယောင်က ဧရာမရှေးဦးသားရဲ ခေါင်းဆောင်အား အမြီးမှဆွဲပြီး ပတ်၀န်းကျင်သို့ ဝှေ့ယမ်းတိုက်ခိုက်နေသည်။ အနီးအနားတွင် ရှေးဦးသားရဲများ တစ်ကောင်မှမရှိတော့ချေ။ သေသူကသေ ပြေးသူကပြေးဖြစ်၏။ အလွန်မာကြောသော ရှေးဦးသားရဲကြီးက ယောင်ယောင်လက်ထဲ၌ သံတူကြီးတစ်ချောင်းအလားပင်။

လူတိုင်း ယောင်ယောင်ကဲ့သို့ ခွန်အားမရှိချေ။ မြို့သခင်ပင် ယခုအချိန်တွင် တိုက်ပွဲအတွင်း၀င်ရောက်ရန် ယုံကြည်ချက်မရှိပေ။

ရွှမ်ယီက ပြုံးလျက် မြို့တံတိုင်းအထက်သို့ရောက်လာ၏။ သူ့ကိုမြင်သူတိုင်း လေးစားစွာကြည့်လိုက်ကြသည်။ မည်သူမှ မရိုမသေမပြုဝံ့ပေ။

အစောပိုင်း ရွှမ်ယီအပေါ်လေးစားမှုမှာ သူ၏ မှော်ဆေးပညာကြောင့်ဖြစ်၏။ မြင့်မြတ်ခြင်းမင်းဆက်မှ မှော်ဆေးပညာရှင်များပင် ရွှမ်ယီအား မှီမည်မထင်ပေ။

ယခု ဖြစ်ပေါ်လာသော လေးစားမှုမှာ ရွှမ်ယီ၏ တပည့်ကြောင့်ဖြစ်၏။(၈) နှစ် (၉) နှစ်အရွယ်ကလေးမလေးက ကမ္ဘာတုန်လုမတတ်တိုက်ပွဲအား ဆင်နွှဲနေခဲ့သည်။ ဆရာဖြစ်သူအား မလားမစားပြုမိပါက လာရောက် ထိုးနှက်လျှင် မည်သို့လုပ်မည်နည်း။

ဤကမ္ဘာကြီးက သန်မာသူအား လေးစားသောကမ္ဘာကြီးဖြစ်ပြီး တစ်ဖက်က ကလေးတစ်ယောက်ဖြစ်နေလျှင်တောင် ကိစ္စမရှိချေ။

ထို့အပြင် ထို့သို့သော တပည့်အားလေ့ကျင့်ပေးခဲ့သော ဆရာဖြစ်သူက အဘယ်မှာလျှင် ပျော့ညံ့လိမ့်မည်နည်း။

ထိုလူက လျှို့ဝှက်ကျင့်ကြံနေသည့် ထိန်းတန်းပညာရှင်ဖြစ်ရပေမည်။

ယောင်ယောင်အားကြည့်ရင်း ရွှမ်ယီ၏ မျက်၀န်းများတောက်ပနေခဲ့သည်။ ထိုကလေးမလေးက ရှေးဉီးကမ္ဘာ၌ သူပထမဆုံး လက်ခံခဲ့သည့် တပည့်ဖြစ်၏။ တွေ့ဆုံစဉ် သူမက သေလုမျောပါးဖြစ်နေသောလည်း သူပေးသော ဆေးများကြောင့် ပြန်ကောင်းနေပြီးဖြစ်သည့်အပြင် မကြာခင် မြင့်မြတ်အရိုးပြန်လည်ဖြစ်ပေါ်လာတော့မည်။ ထိုအခါ သူမ၏ ခွန်အားလည်း လိုက်ပါမြင့်တက်လာမည်ဖြစ်၏။

သူမက မိမိကိုယ်ကိုယ်ကာကွယ်နိုင်စွမ်းရှိနေချေပြီ။

“ အင်း.. ငါဒီက ပြန်ထွက်ခွာဖို့ အချိန်တန်ပြီ…”

လင်းယုန်ငှက်ငယ်လေးက လေနှင့် မိုးဒဏ်တို့ကို ကျော်ဖြတ်ပြီးမှ အမှန်တကယ် ပျံသန်းနိုင်လိမ့်မည်။

လုယောင်‌ယောင်၏ အနာဂါတ်က ရှေးဦးကမ္ဘာ၌ အလွန်တောက်ပနေမည်ဖြစ်သည်။ ရွှမ်ယီအနေဖြင့်လည်း တပည့်ဖြစ်သူ အဆင်ပြေနေသည်ကိုသာ မြင်ချင်၏။

“ ဒင်..! အရံတာ၀န် တစ်ခုလက်ခံရရှိပါတယ် - ရှေးဦးကမ္ဘာမှာ ပါရမီအမှတ်(၃၀) ကျော်သော တပည့်တစ်ဦးရှာဖွေ လက်ခံပါ… ဆုလာ်အနေနှင့် ဓားရည်ရွယ်ချက် အဆင့်သေးတစ်ဆင့် တိုးသွားမည်…”

ရုတ်တရက်မို့ ရွှမ်ယီ အနည်းငယ်တုန်လှုပ်သွားပြီး နှလုံးသားထဲ၌ စိတ်၀င်စားမှုအနည်းငယ်ဖြစ်ပေါ်လာခဲ့သည်။

ပါရမီပမှတ်(၃၀) ကျော်တဲ့ တပည့်တစ်ယောက် လက်ခံရမှာလား…?

ဤကိစ္စက တောင်ပိုင်းတိုက်ကြီးမှာဆိုလျှင် အလွန်လွယ်ကူလှသော်လည်း လက်ရှိရောက်နေသောနေရာက လူသားယဉ်ကျေးမှုများ ဖွံ့ဖြိုးလာကာစဖြစ်သည့် ရှေးဦးကမ္ဘာဖြစ်သည်။

ဤကမ္ဘာကြီး၏ သမီးတော်အဖြစ်မွေးဖွားလာခဲ့သည့် နတ်ဘုရားအရိုးရှိသော လုယောင်ယောင်ပင် (၃၅)မှတ်သာရှိ၏။

ရွှမ်ယီက စနစ်ကစစ်ဆေးခြင်းအကွက်အားဖွင့်ပြီး စစ်ဆေးကြည့်လိုက်သည်။

ဆူရာဘာရာမြို့မှလူများ၏ အရည်အချင်းများမှာ အလွန်နည်းပါးလွန်းလှသည်။ ရှဇီဝေက အမြင့်ဆုံးဖြစ်ပြီး အမှတ်(၂၀)သာရှိ၏။

မြင့်မြတ်ခြင်းမင်းဆက်မှ ရောက်လာသော လူငယ်များလည်း သိပ်မထူးခြားချေ။ (၂၀)၀န်းကျင်သာရှိကြပြီး ထိုမျှနှင့် ကြီးကျယ်သော အောင်မြင်မှုများ ရနိုင်မည်မဟုတ်ပေ။

“ အင်း.. ဒီကိစ္စက လွယ်တော့မလွယ်ဘူး…”

ရွှမ်ယီက ခေါင်းယမ်းပြီး အနည်းငယ်လှုပ်ရှားလိုက်ရာ မြို့တံတိုင်းအောက်၌ ပြန်ပေါ်လာ၏။ ထို့နောက် မည်သူမှ သတိမထားမိခင် ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။

လူတိုင်းသတိထားမိသွားချိန်တွင် ရွှမ်ယီက မြို့တံတိုင်းအထက်၌ မရှိတော့ချေ။ ရုတ်တရက် အလွန်လေးစားသော ချီးကျူးသံများထွက်ပေါ်လာ၏။

“ ဆရာရွှမ်က တကယ်ကို စဉ်းစားလို့မမှီနိုင်လောက်တဲ့ ပညာရှင်ပဲ…”

ထိုလူများ သတိထားမိသွားချိန်တွင် ရွှမ်ယီက ရှေးဦးတောင်းတန်းများဆီသို့ ရောက်နေချေပြီ။

ရှေးဦးတောင်တန်းကြီးမှအား တောင်ပိုင်းကန္တာရက အပြင်ဘက်မှကာဆီးထားသည်။ ထိုနယ်မြေထဲတွင် မပါ၀င်သည့် မြေပြန့်ဒေသများက လူသားတို့၏ ပိုင်နက်ဖြစ်ပေသည်။

လူသားများက ရှေးဦးသားရဲတို့၏ နယ်မြေများအား သိမ်းပိုက်ရင်း တဖြည်းဖြည်းနယ်မြေချဲ့ထွင်လာကြ၏။

ထိုလွင်ပြင်ဒေသများအပြင် အဓိက မင်းဆက်ကြီး(၃)ခုရှိပေသည်။ လူသားများ စိတ်ဝိညာဉ်စွမ်းအင်အပေါ် နားလည်လာပြီးနောက် ရှေးဦးသားရဲများထံမှ နယ်မြေများသိမ်းယူပြီး မင်းဆက်ကြီး(၃)ခု တည်ထောင်ခဲ့ခြင်းဖြစ်၏။

ထိုမင်းဆက်များတွင် အလွန်အစွမ်းထက်သူများရှိသောကြောင့် လူများစွာတို့က ၎င်းတို့ထံ ခိုလှုံခဲ့ကြသည်။ ရှေးဦးကမ္ဘာတွင် ပါရမီအမှတ်(၃၀)ကျော်သူ အနည်းငယ်သာရှိနိုင်ပြီး ထိုမင်းဆက်များတည်ရှိရာနေရာတွင် အနည်းငယ်တွေ့နိုင်၏။ သို့သော် ရွှမ်ယီက ထိုနေရာသို့သွားရန် ပျင်းလှသည်။

သူက တာ၀န်အရတပည့်လက်ခံသော်လည်း ဖြစ်ကတတ်ဆန်း လက်မခံလိုပဲ စိတ်တိုင်းကျဖြစ်မှ လက်ခံတတ်သည်။

လုယောင်ယောင်ဆိုလျှင် သေဆုံးကာနီး ရွှမ်ယီနှင့် တွေ့ဆုံခဲ့ပြီး ၎င်းတို့အား ကံကြမ္မာက ပေါင်းစည်းစေခဲ့ခြင်းဖြစ်၏။

All Chapters