အခန်း (၂၀၉)
Vol. 14 Ch. 209
တောတန်းများအပေါ်၌ ဖြတ်သန်းကာပျံသန်းနေရင်း ရှေးဦးသားရဲလေးတစ်ကောင် သူ့ထံသို့လာနေသည်အား တွေ့လိုက်ရ၏။
ရွှမ်ယီက လက်ဆန့်တန်းလိုက်ပြီး သားရဲလေးအား သူ့ထံသို့လာရန် လှမ်းခေါ်လိုက်သည်။
အနက်ရောင်မျက်လုံးဝိုင်းကြီးများနှင့် သားရဲလေးက အနည်းငယ်ထိတ်လန့်သွားပြီး နားမလည်ဟန်ဖြင့် ငေးကြည့်နေ၏။ ထို့နောက်မှ အတွေးပေါက်သွားဟန်ရပြီး ရွှမ်ယီ လက်ပေါ်သို့ခုန်တက်လိုက်သည်။
ရွှမ်ယီ၏ ခန္ဓာကိုယ်မှထွက်ပေါ်နေသော အရှိန်ဝါက အလွန်နူးညံ့ပြီး ကြင်နာဟန်ရသောကြောင့် သားရဲလေးအနေဖြင့် ထိုလူအား အလွန်တွယ်တာမိသလို ခံစားလိုက်ရ၏။
ရွှမ်ယီက တစ်စုံတစ်ခုအားတွေးတောနေပြီး သားရဲလေးအား ကြည့်လိုက်သည်။
‘ အင်း.. ဒီကောင်လေးက ပါရမီအမှတ်က ဆိုးတော့မဆိုးဘူး.. အမှတ်(၃၀) အတိပဲ.. ပြီးတော့ တခြားသွေးဆာနေတဲ့ သားရဲတွေနဲ့ မတူဘူး.. တခုခုတော့ တခုခုပဲ…’
ရွှမ်ယီက တခဏမျှစဉ်းစားပြီးနောက် မြေပြင်အား ဆောင့်နင်းလိုက်ကာ ကမ္ဘာငယ်လေး၏ ဥပဒေသစွမ်းအားများအား စုစည်းလိုက်သည်။ ထို့နောက် ၎င်းတို့အား ထိန်းချုပ်ပြီး ဆေးမီးဖိုးတစ်ခုပုံစံ ဖန်တီးလိုက်၏။
၎င်းက အလွယ်တကူပြုလုပ်ထားသည့် အဆင့်မ၀င်သော ဆေးမီးဖိုတစ်ခုဖြစ်သော်လည်း ရွှမ်ယီ၏ မှော်ဆေးပညာအဆင့် ၊ အတွေ့အကြုံများနှင့်ဆိုပါက အဆင့်(၅) အောက်မှ ဆေးများကို သန့်စင်နိုင်သည်။
ဘန်း..
ရွှမ်ယီ၏ စွမ်းအားများ တစ်ဟုန်ထိုးမြင့်တက်လာပြီး အပြာရောင်မီးတောက်များအဖြစ်ပြောင်းလဲသွား၏။ ဆေးမီးဖိုအား လက်ထဲ၌ ကိုင်ထားရင်း ပတ်၀န်းကျင်ကို အာရုံခံလိုက်သည်။
အသုံး၀င်သော စိတ်ဝိညာဉ်ပစ္စည်းများတွေ့ပါက သိမ်းယူခဲ့၏။ ဥပဒေသစွမ်းအားများအောက်တွင် ပတ်၀န်းကျင် (၁) ကီလိုမီတာအတွင်း အရာအားလုံးကို သူထိန်းချုပ်နိုင်သည်။ သစ်ပစ်ဖြစ်စေ ကျောက်တုံးဖြစ်စေ သူ့လက်သူခြေကဲ့သို့ အသုံးပြုနိုင်၏။
လက်ရှိအချိန်တွင် ရှေးဦးတောင်တန်းတစ်လျှောက် သူ့အား စောင့်ကြည့်နေသူမရှိပေ။ အကယ်၌ သူ့အား တစ်စုံတစ်ယောက်မြင်သွားပါက နတ်ဘုရားအဖြစ်သတ်မှတ်ပြီး ချက်ချင်းဒူးထောက် ကန်တော့မိပေလိမ့်မည်။
သားရဲလေးကမူ ရွှမ်ယီအား နားမလည်စွာနှင့် ငေးကြည့်နေခဲ့သည်။ ရွှမ်ယီက စိတ်ဝိညာဉ်ပစ္စည်းများအား ဆေးမီးဖိုအတွင်းသို့ပစ်ထည့်လိုက်ပြီး လက်ဟန်မျိုးစုံပြုလုပ်လိုက်၏။
တစ်နာရီကြာပြီးနောက် ဆေးမီးဖိုက ပြင်းထန်စွာ တုန်ခါသွားပြီး အလွန်မွှေးကြိုင်သော အနံ့တစ်ခု ပတ်၀န်းကျင်သို့ ပျံ့နှံ့သွားခဲ့သည်။
“ အသွင်ပြောင်းဆေးလုံး သန့်စင်ပြီးပြီ…”
ရွှမ်ယီက တောက်ပသော ဆေးလုံးအား ကိုင်ထားပြီး သူ့အား ကြောင်တက်တက်ဖြင့်ကြည့်နေသော သားရဲလေးအားလှည့်ကြည့်လိုက်သည်။ ထို့နောက် ၎င်းပါးစပ်အတွင်းသို့ ဆေးလုံးထည့်ပေးလိုက်၏။
တောင်ပိုင်းတိုက်ကြီးတွင် ကျင့်ကြံခြင်းအဆင့်တစ်ခုသို့ရောက်သည်နှင့် အသွင်းပြောင်းနိုင်သော သားရဲများရှိသည်။
ထို အသွင်ပြောင်းမှုအား အခြေခံပြီး မှော်ဆေးပညာရှင်များက အသွင်းပြောင်းဆေးလုံးအား တီထွင်ခဲ့ကြ၏။ နတ်ဆိုးသားရဲတစ်ကောင်က ၎င်းအားမြိုချလိုက်သည်နှင့် လူသားအသွင်သို့ပြောင်းသွားမည်ဖြစ်ပြီး ကောင်းစွာ လမ်းလျှောက် ၊ ပြောဆို ဆက်ဆံနိုင်သည်။ ထို့အပြင် ၎င်း၏ ကျင့်ကြံမှု အရှိန်အဟုန်ကလည်း အနည်းငယ်တိုးလာလိမ့်မည်။
ယခု စမ်းသပ်ကြည့်လိုက်တော့ ထိုဆေးလုံးက ရှေးဦးသားရဲများအတွက်လည်း အသုံး၀င်ကြောင်းတွေ့လိုက်ရသည်။
ရွှမ်ယီက သားရဲလေးအား တိတ်တဆိတ်စောင့်ကြည့်နေ၏။ ဆေးသောက်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တောက်ပလာခဲ့သည်။ အသက်ရှုကြိမ် အနည်းငယ်ကြာပြီးနောက် တဖြည်းဖြည်း လူပုံစံသို့ပြောင်းလာ၏။
ခမ်းနားသော နှင်းဖြူရောင်ဆံပင်နှင့် (၅)နှစ် (၆)နှစ်အရွယ် ကောင်လေးတစ်ယောက်အသွင်ဖြစ်ပေါ်လာခဲ့သည်။ ကျောင်းစိမ်းတုံးမှ ထွင်းထုထားသကဲ့သို့ပင်။
“ ငါ့ကို ဆရာလို့ခေါ်…”
ရွှမ်ယီက သူ့အား ထိတ်လန့်စွာကြည့်နေသော ကောင်လေးအား ပြုံးပြလိုက်သည်။
“ ဆ.. ဆရာ…”
ကောင်လေးက ယခုမှ ပုံပြောင်းပြီးကာစမို့ ချောမွေ့စွာ မပြောနိုင်သေးပေ။
ရွှမ်ယီက ထိုကောင်လေးအား နာမည်ပေးရန် စဉ်းစားလိုက်၏။
“ မင်းမှာ ဆံပင်ဖြူတွေရှိတယ်ဆိုတော့.. မင်းကို လုဘိုင်လို့ခေါ်မယ်…”
လုဘိုင်က ရှေးဦးကမ္ဘာကြီးတွင် ပထမဆုံး လူသားအသွင်ပြောင်းနိုင်ခဲ့သည့် ရှေးဦးသားရဲဖြစ်ပြီး ရွှမ်ယီ၏ ဒုတိယတပည့်လည်းဖြစ်ပေသည်။
“ ဒင်..! တာ၀န်ပြီးဆုံးသွားပါပြီ.. ဆုလာဘ်ထုတ်ပေးလိုက်ပါပြီ…”
(၃)ရက်ကြာပြီးရွှမ်ယီက ဆူရာဘာရာမြို့သို့ လုဘိုင်နှင့်အတူ ပြန်ရောက်လာခဲ့သည်။
“ ဆရာ…”
ယောင်ယောင်က ပြေးလာပြီး ရွှမ်ယီအားလှမ်းခေါ်လိုက်၏။ ရွှမ်ယီ ဘေးမှပါလာသော ကလေးငယ်အားကြည့်ပြီး အနည်းငယ်အံ့အားသင့်သွားသည်။
သူမ၏ အမူအရာအားမြင်လိုက်လျှင်
“ ယောင်ယောင်.. ဒါက မင်းရဲ့ ဂျူနီယာမောင်လေးပဲ.. လုဘိုင်လို့ခေါ်တယ်.. မင်းက စီနီယာအစ်မဆိုတော့ သူ့ကို ဂရုစိုက်ပေးရမယ်နော်…”
ယောင်ယောင်က စီနီယာအစ်မဟူသော အသုံးအနှုန်းအား မရင်းနှီးပေ။ သို့သော် ရွှမ်ယီ၏ အမူအရာအားကြည့်ပြီး ယောင်ဝါးဝါးခန့်မှန်းမိလိုက်၏။
ရွှမ်ယီက သူ့အား မျက်လုံးဝိုင်းကြီးများနှင့်ကြည့်နေသော ယောင်ယောင်၏ ခေါင်းလေးအား ပွတ်သပ်လိုက်သည်။
ထို့နောက် ကျောက်စိမ်းတုံးလေးတစ်တုံး ထုတ်ယူလိုက်သည်။ ဤကျောက်စိမ်းက ယောင်ယောင် အန္တရာယ်တစ်ခုခုနှင့်ကြုံတွေ့ပါက သူ ချက်ချင်းသိနိုင်လိမ့်မည်။
“ ရှေးဦးကမ္ဘာထဲမှာ မင်းရဲ့ ဂျူနီယာမောင်လေးနဲ့ အမြဲအတူနေရမယ်နော်…”
“ ငါက မင်းတို့ဆရာဖြစ်ပေမယ့်လည်း ခဏတော့ ထွက်သွားရမယ်…”
ကျောက်စိမ်းတုံးအား ယောင်ယောင်ထံသို့ပေးလိုက်ပြီးသည်နှင့် ရွှမ်ယီ၏ ပုံရိပ်က မှုန်ဝါးပြီး ပျောက်ကွယ်သွားလေသည်။ ယောင်ယောင်တို့နှစ်ဦး နား၌ ပဲ့တင်ထပ်နေသော စကားသံတချို့ရစ်ဝဲကျန်ခဲ့၏။
“ ဘယ်လိုပြသနာပဲရှိရှိ မင်းတို့ဆရာက ဖြေရှင်းပေးနိုင်တယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့…”
ရှေးဦးကမ္ဘာကြီး၌ ရွှမ်ယီအား တားဆီးနိုင်သူ မည်သူမှမရှိချေ။
ယခုအချိန်က သူ၏ တပည့်များအား ရှေးဦးကမ္ဘာအတွင်း သူ့တို့ဖာသာ တိုးတက်ကြီးပြင်းလာစေရန် ထားခဲ့ရမည့်အချိန်ဖြစ်သည်။
သူတို့လုံး၀ မခုခံနိုင်သော ရန်သူနှင့် ရင်ဆိုင်ရပါက ရွှမ်ယီ ချက်ချင်းထွက်ပေါ်လာပေလိမ့်မည်။
……..
ကောင်းကင်ဒေသ ၊ မြောက်ပိုင်းနယ်မြေ ၊ ကိုင်မိသားစု
အနီရောင်၀တ်စုံရှည်ကြီးနှင့် ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် လှပသော ကိုင်လင်းအာက မျက်မှောက်ကြုတ်ပြီး အပြင်မှပြန်ရောက်လာခဲ့သည်။
သူမက ယခင်တုံးက မြောက်ပိုင်းနယ်မြေ၏ နံပါတ်(၁) မှော်ဆေးပညာပါရမီရှင်အဖြစ်ကျော်ကြားပြီး သိုင်းပါရမီကလည်း မနိမ့်ကျသည်ဖြစ်ရာ ကိုင်မိသားစုထဲတွင် ကိုင်လျန်ရီပြီးပါက ဒုတိယဖြစ်၏။
ယခင်တုံးက သူမကိုယ်တိုင်ကလည်း ၎င်းတို့အား လက်ခံယုံကြည်ထားခဲ့သည်။
သို့သော် များမကြာမီအချိန်တုံးက ရွှမ်ယီနှင့် ဆုံတွေ့ခဲ့၏။
တစ်ရက်ဟူသော တိုတောင်းသည့်အချိန်ကာလအတွင်း ရွှမ်ယီက အဆင့်(၅)ဆေးဘုရင်အဖြစ်သို့ တစ်ဟုန်ထိုးရောက်သွားခဲ့သည်။ ရွှမ်ယီ၏ ဆေးလုံးသန့်စင်သည့်အရည်အချင်းက သူမ၏ ဆရာကိုပင် ရှက်ရွံ့သွားစေသည်။
ရွှမ်ယီက အသက်(၂၀)စွန်းရုံသာရှိသေးသော်လည်း အဆင့်(၅)ဆေးဘုရင်တစ်ဦးဖြစ်နေချေပြီ။
ထိုလူက သူမ၏ ဆေးမီးဖိုအားသုံးကာ အဆင့်(၅)ဆေးလုံးအားသန့်စင်ခဲ့သည်။
မှော်ဆေးပညာတွင် မှော်ဆေးပညာရှင်တစ်ဦးအနေနှင့် ဆေးသန့်စင်ရာ၌ ဆေးမီးဖိုအား တည်ငြိမ်စွာထိန်းချုပ်နိုင်ရန် အဆင့်မြင့်ဆေးမီးဖိုတစ်ခုရှိရမည်။
အဆင့်(၁) ၊ အဆင့်(၂) ဆေးလုံးများအား သာမန်မီးဖိုများနှင့်သန့်စင်နိုင်သော်လည်း အဆင့်(၃) ၊ အဆင့်(၄) ဆေးလုံးများသန့်စင်ရန်အတွက် အနည်းဆုံး အဆင့်(၁) ဆေးမီးဖိုရှိရန်လိုအပ်သည်။
သို့သော် ရွှမ်ယီက အဆင့်(၄) ဆေးလုံးသန့်စင်ရန်အတွက် အလုပ်သင်များအသုံးပြုသည့် သာမန်ဆေးမီးဖိုအား အသုံးပြုခဲ့သည်။ ထို့နောက် သူမ၏ ဆေးမီးဖိုအားအသုံးပြုကာ အဆင့်(၅) ဆေးလုံးကို သန့်စင်ခဲ့၏။
‘ သူရဲ့ မှော်ဆေးပညာက အရမ်းအံ့ဩဖို့ကောင်းတဲ့ အဆင့်ရောက်နေပြီ…’
ထိုအချိန်မှ စ၍ ကိုင်လင်းအား အပြင်းအထန်ကြိုးစားလေ့ကျင့်ခဲ့ပြီး မှော်ဆေးပညာတွင်သာမက သိုင်းပညာတွင်လည်း တပြိုင်နက်တိုးတက်လာခဲ့သည်။
သို့သော် မှော်ဆေးပညာဆိုသည်က ကြိုးစားပမ်းစားလေ့ကျင့်နေရုံနှင့် အများကြီးအောင်မြင်သွားနိုင်သော နယ်ပယ်မဟုတ်ပေ။
သူမက အဆင့်(၄) မှော်ဆေးပညာရှင်ဖြစ်နေဆဲပင်။
သူမ၏ ဆရာ မှော်ဆေးပညာအစည်းအရုံး ခေါင်းဆောင်အား သွားမေးသောအခါ သူမအား အလျင်မလိုဘဲ အနားယူဖို့ အကြံပေးခဲ့သည်။
ရွှမ်ယီနှင့် ဆုံပြီးကတည်းက ကိုင်းလင်းအာ အနားယူလိုစိတ်မရှိတော့ပေ။ ယခုတွင်လည်း သူမက မှော်ဆေးပညာမျှော်စင်၌ လေ့ကျင့်ပြီး ပြန်လာခြင်းဖြစ်သည်။ သူမ ပုံစံက နွမ်းနယ်နေ၏။
ရွှမ်ယီက ထိပ်သီး အင်အားစုကြီးနှစ်အား ဖျက်ဆီးပြီး ကောင်းကင်ဒေသမှ ထွက်ခွာသွားခဲ့သည်။
‘ ငါ ကြားမိသလောက်ဆိုရင် သူက သူတော်စင်ဒေသကိုသွားတာပဲ…’
ကိုင်လင်းအာ တွေးလိုက်မိသည်။ မှော်ဆေးပညာရှင်အစည်းအရုံးခေါင်းဆောင်က ကိုင်မိသားစုနှင့် အလွန်ရင်းနှီးပြီး သူမဆရာလည်းဖြစ်၏။ သူမ ထင်တာမမှားလျှင် ရွှမ်ယီက သူတော်စင်ဒေသရှိ အကယ်ဒမီတစ်ခုသို့သွားခြင်းဖြစ်ရမည်။ ထိုနေရာတွင် မှော်ဆေးပညာ နည်းပြဆရာအဖြစ် လုပ်ကိုင်နေရန် ဖြစ်နိုင်ခြေများ၏။
တခြားသူများအမြင်တွင် ရွှမ်ယီက ငယ်ရွယ်လွန်းပြီး နောက်ဖေးပေါက်မှ ၀င်လာသည်ဟု ထင်ကောင်းထင်နိုင်သည်။
သို့သော် ထိုသို့မဟုတ်ကြောင်း သူမ ကောင်းစွာ နားလည်ထား၏။
ရွှမ်ယီက မှော်ဆေးပညာအရည်အချင်းက သူမဆရာထက်ပင် သာလွန်နေသည်။ ရွှမ်ယီထံတွင် ထူးခြားသောနည်းလမ်းများရှိ၏။
ထိုထူးခြားသော နည်းလမ်းများက ပုံမှန် နည်းစနစ်များနှင့် ကွဲပြားနေပြီး ၎င်းအားလေ့လာနိုင်ပါက သန့်စင်ခြင်း အောင်မြင်မှုနှုန်း ၊ စိတ်ဝိညာဉ်ပစ္စည်းများအား အသုံးချပုံ နှစ်ခုလုံး၌ တိုးတက်လာနိုင်သည်။
ကိုင်လင်းအား မျက်လုံးမှတ်ပြီး စဉ်းစားလိုက်၏။
ရွှမ်ယီနောက်လိုက်ပြီး မှော်ဆေးပညာအား သင်ယူနိုင်ခဲ့လျှင်….