သစ်ပင်အိုကြီး
Vol. 138 Ch. 4.1576
လုရွှမ် နောက်တစ်ကြိမ် ဆင်းသက်ကာ မြေပြင်ပေါ်သို့ လှမ်းနင်းလိုက်သော် သူ့ခန္ဓာကိုယ်မှ ဖိအားတစ်ခု အလိုလို ထွက်ပေါ်လာသည်။ မူလက ပုန်းနေခဲ့သော သားရဲများအားလုံး လုရွှမ်ရဲ့ ယခင်လုပ်ရပ်များကို သေသေချာချာ မြင်လိုက်ရတာမို့ အလွန်ထိတ်လန့်သွားကြသည်။
အရပ်ရှည်ရှည်နဲ့ မသန်မာဘူးလို့ ထင်ရသော အသွင်အပြင်သည် ယခုအချိန်တွင် နတ်ဘုရားနှင့်တူလာ၏။ အုံ့ဆိုင်းနေသော အဖြူရောင် အမှုန်အမွှားများနှင့်အတူ ထိုလူသားရဲ့စွမ်းအားက တခဏအတွင်း လွန်ကဲလာခဲ့သည်။
လုရွှမ် သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ ယခင်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူ့စိတ်ထဲတွင် ပြန်သတိရလာသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ရောင်ဝါများက ချက်ချင်းဆိုသလို တိတ်တဆိတ် ပျောက်ကွယ်သွားလေ၏။
"သတ္တမမြောက်ဓား.. ဆင်းသက်လာခြင်း!"
သူ့ရဲ့ ယခင်ဓားနာမည်ကို ပြန်အမှတ်ရနေသည်။ လုရွှမ် စိတ်ရှုပ်ထွေးနေခဲ့သည်။ ဓားထက်မြက်သော ရည်ရွယ်ချက်နှင့် ထားခဲ့သော ဓားသွားလမ်းစကို သူ့စိတ်ထဲတွင် ချန်ထားခဲ့သော်လည်း ဒီတစ်ခဏမှာတော့ အဲဒီဓားကို ပြန်မပြနိုင်တော့ပေ။
သက်ပြင်းချရင်း ထိတ်လန့်စွာ ထထိုင်နေသော ရန်ဖေးကို ကြည့်လိုက်သည်။ သူမက နားမလည်နိုင်သော အကြည့်များဖြင့် ပြန်ကြည့်နေ၏။
"အချိန်မဖြုန်းနဲ့... မင်းရဲ့ နတ်မိုးကြိုး အရည်တွေကိ မြန်မြန်စုပ်ယူပြီး မင်းခန္ဓာကိုယ်စွမ်းအင်ကို ပြန်ယူလိုက်တော့... အနာဂတ်မှာ မင်းရင်ဆိုင်ရမယ့် အခက်အခဲတွေက အခု ဘေးဒုက္ခအန္တရာယ်တွေထက် ထက်ဝက်လောက် နည်းသွားလိမ့်မယ်"
လုရွှမ်ဟာ မိုးကြိုးဘေးဒုက္ခ အကွာအဝေးထဲကနေ ပျံထွက်သွား၏။ မိုးကြိုးဘေးဒုက္ခနဲ့ ကောင်းကင်နဲ့မြေကြီးကြားမှာ ရန်ဖေးကိုပဲ ချန်ထားခဲ့လိုက်သည်။
ရန်ဖေး နှုတ်ခမ်းကို ကိုက်လိုက်ပြီး တစ်ခုခုပြောချင်သော်လည်း ပြောမထွက်ခဲ့။
သို့သော် လုရွှမ်ဟာ အချိန်အတော်ကြာအောင် မစောင့်ဆိုင်းခိုင်းပေ။ နောက်ဆုံးတွင်တော့ ကောင်းကင်နှင့်မြေကြီးရဲ့ နတ်မိုးကြိုး အတိဒုက္ခအရည်များကို စုပ်ယူနိုင်ခဲ့သည်။
ထိုအခိုက် ကျင့်ကြံသူတွေ တစ်ယောက်ပြီး တစ်ယောက် ပျံဝဲလာကြသည်။ ဒီနေရာကို လာစောင့်နေတဲ့ အကြောင်းရင်းက နတ်မိုးကြိုးပစ်ခတ်တဲ့ ဘေးအန္တရာယ်ကို မြင်နေရတာကြောင့် နတ်မိုးကြိုး အရည်များကို စုပ်ယူချင်လို့ပါပဲ။
အတိဒုက္ခကို ကျော်လွှားပြီးနောက် မိုးကြိုးဘေးဒုက္ခအရည်ကို ခိုးယူကာ ဖြစ်နိုင်လျှင်ပင် အတိဒုက္ခကို ကျော်ဖြတ်သူကိုပါ ဝါးမြိုပစ်လိုက်လို့ ရသည်။ မိုးကြိုးဒဏ်ကို ကြုံတွေ့ခဲ့ရသော ကျင့်ကြံသူများရဲ့ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က သိသိသာသာ အားကောင်းပေ၏။
ဓားဆွဲ၍ ချဉ်းကပ်လာသော ကျင့်ကြံသူများနှင့် မျက်နှာချင်းဆိုင် ခပ်လှမ်းလှမ်းတွင် ရပ်နေသော လုရွှမ်ရဲ့ နောက်ကျောကို ငုံ့ကြည့်လိုက်ရာ ရန်ဖေးမှာ သူမ ပို၍ လုံခြုံသွားသည်ဟု ခံစားလာရသည်။
ထိန်းမထားတော့ဘဲ မိုးကြိုးအရည်ကို ခွန်အားအကြွင်းမဲ့ မျိုချပစ်လိုက်သည်။ ခွန်အားပြန်လည် ရရှိတာနဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ စည်းချက်ကို နားလည်လာသည်။ အတိဒုက္ခကို ကျော်ဖြတ်ပြီးနောက် ဝိညာဉ်နယ်ပယ်ကို တည်ငြိမ်စေခဲ့သည်။
"ရှေ့ကို မလာနဲ့... မင်းတို့ရှေ့ကို တစ်လှမ်း တိုးလိုက်တာနဲ့ သတ်!"
လုရွှမ် အေးဆေးတည်ငြိမ်စွာ ပြော၏။ သူ့အသံက အကျယ်ကြီး မဟုတ်ပေမယ့် သားရဲတွေအားလုံးရဲ့ နားထဲမှာတော့ တဝွီဝွီ မြည်နေသည်။
"သတ်!" ဟူသော စကားလုံးသည် လက်တွေ့အဖြစ်သို့ ပြောင်းလဲသွားပုံရပြီး ဓားစွမ်းအင်က သံကြိုးတစ်ချောင်း မြစ်ကို ဖြတ်သန်းလာသလိုမျိုး ပြေးလာသော သားရဲများစွာကို ထိတ်လန့်သွားစေသည်။
"မကြောက်နဲ့... ဒီလူသားက ဘယ်လောက်ပဲ သန်မာနေပါစေ သူအစောက ကပ်ဆိုးကြီးကို ကြံ့ကြံ့ခံပြီးပြီ... သူ့မှာ ယွမ်စွမ်းအင်တွေ အများကြီး ကျန်နေတော့မှာ မဟုတ်ဘူး"
အော်ကြီးဟစ်ကျယ် ပြောနေတဲ့ အကောင်က ခေါင်းသုံးလုံးပါသော ကျားတစ်ကောင်ပဲ ဖြစ်သည်။ အနည်းဆုံး လူသုံးယောက် အရပ်လောက်ကို ကြီးကာ လုရွှမ်ကို စိုက်ကြည့်နေသည်။
လုရွှမ်ရဲ့ မျက်လုံးများ မှေးမှိန်သွားသည်။
"မင်းက အရင်ထွက်လာတဲ့ သူပဲ ဆိုပါတော့ ထွက်သွားဖို့ မစဥ်းစားတော့နဲ့.. သေမင်းကို ရှာဖို့ တွေးပြီဆိုရင် ဒီနေရာမှာ သေဖို့ပဲ စောင့်နေလိုက်တော့!"
လုရွှမ် နေဖြိုခွင်းနတ်လေးကို ထုတ်ယူလိုက်စဥ် ဝိညာဉ်မြှားခေါင်းက ခေါင်းသုံးလုံးပါသော ကျားကို အလိုအလျောက် စုစည်းကာ ချိန်ရွယ်ပြီးသား ဖြစ်သည်။
အချိန်အတိုင်းအတာ တစ်ခုအထိ သားရဲအားလုံးနီးပါးသည် ခေါင်းသုံးလုံးကျားရဲ့ တုံ့ပြန်မှုကို စောင့်မျှော်နေသလိုမျိုး ခေါင်းသုံးလုံးကျားကို စိုက်ကြည့်နေကြသည်။
ဦးခေါင်းသုံးလုံး ကျားကြီးသည် အောက်ရှိ ခြေသည်းကြီးများကို နင်းလိုက်ရာ အနီရောင်မြေဆီလွှာများ လူးလိမ့်ကုန်သည်။ ဒီသွေးများနဲ့ရောနှောနေသော မြေဆီလွှာတွေကတော့ မတိုင်ခင်က လုရွှမ် ချန်ထားခဲ့သော လက်ရာတစ်ခု ဖြစ်လေသည်။
လူသားလက်ထဲတွင် ရှိသော ဤနတ်လေးသည် သားရဲများစွာ သေဆုံးမှုအတွက် တာဝန်ရှိခဲ့သည်။ မြန်မြန်ဆန်ဆန် ထွက်မပြေးနိုင်ရင်တော့ သူသေမှာ သေချာ၏။
ထိုစဥ် လုရွှမ်က ဝိညာဉ်မြှားလေးကို ပစ်လိုက်လေပြီ။
လုရွှမ်ရဲ့ ဓားစွမ်းအင်၊ ကောင်းကင်နဂါးပုလဲနှင့် ရွှေဦးချိုတို့ စွမ်းအားများက ပေါင်းစည်းထားသည်။ ယခင်ကနှင့် နှိုင်းယှဉ်ပါက ယခုမြှားတစ်စင်းရဲ့ အရှိန်သည် လျင်မြန်စွာ နှေးကွေးသွားသော်လည်း ခွန်အားကတော့ ယခင်ကထက် များစွာ အားကောင်းလာသည်။
ယွမ်ယန်ဓားကိုးစင်းရဲ့ သတ္တမမြောက်ဓားကို ယခု မသုံးနိုင်သော်လည်း ထိုဓား၏ ကျက်သရေကို သူခံစားခဲ့ရပြီးပြီ။
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ခေါင်းသုံးလုံး ကျားတစ်ကောင်ရဲ့ ခန္ဓာကိုယ် ပေါက်ကွဲသွားသည်။
ခေါင်းသုံးလုံး ကျားခေါင်းမှ ရွှေရောင်မြှားတစ်စင်းသည် ရှေ့မှ တိုက်ရိုက်ပစ်ခတ်ကာ ခန္ဓာကိုယ်ထဲသို့ ပြေးဝင်လာကြောင်းသာ သိလိုက်သည်။ ပြီးတာနဲ့ သူ့ခန္ဓာကိုယ်က အပိုင်းပိုင်း ကွဲသွားခဲ့သည်။ နေရာတိုင်းမှာ သွေးများ စီးကျလာပြီး အသားအပိုင်းအစများ လွင့်ပျံသွား၏။ ပတ်ဝန်းကျင်ရှိ သားရဲများကို ကြောက်လန့်စေသည့် လေလှိုင်းတစ်ခုကိုတောင် ဖန်တီးပြီးသား ဖြစ်သွားသေးသည်။
"အရမ်းမိုက်လွန်းတယ်"
စွမ်းအားလုံးဝ မရှိသော်လည်း လုရွှမ်ရဲ့ လျစ်လျူရှုသော မျက်လုံးများကို ကြည့်ရုံဖြင့် မမြင်နိုင်သော ရောင်ဝါတစ်ခုက တုန်ခါသွားသည်။
"လူငယ်တွေက တကယ့်ကို မာနကြီးတတ်တဲ့ လက်နှစ်ချောင်း ရှိတာပဲ... ဒါကြောင့် ကြီးစိုးပြီး ဘယ်လိုထိန်းရမှန်း မသိကြဘူး... ဟားဟားဟား ပါရမီရှင်တွေ အများကြီး ပြုတ်ကျဖူးတာကို ငါ မြင်ဖူးတယ်... အကြောင်းပြချက်က ရှင်းရှင်းလေးပဲ... သူတို့ကိုယ်သူတို့ ဘယ်လိုထိန်းရမလဲ မသိကြလို့"
ကြောက်စရာကောင်းတဲ့ အသက်ရှုသံက အနောက်ကနေ ရုတ်တရက် ထွက်လာသည်။
လုရွှမ် ထိတ်လန့်စွာ ပြန်လှည့်ကြည့်လိုက်သည်။ သူသည် ဒီလောက် ပြင်းထန်လွန်းသော အရိပ်အယောင်ကို တစ်ခါမျှ မခံစားဖူးပေ။ ထို့ကြောင့် ဤနတ်ဆိုးဟာ အလွန်အစွမ်းထက်ကြောင်း ထင်ရှားသည်။
သစ်ပင်တန်းများသည် ကြီးမားသော စွမ်းအားကို ခံစားနေရသလို နှစ်ဖက်စလုံးမှ ရုတ်တရက် ပြိုကျလာပြီး ၎င်းတို့ရှေ့မှ သားရဲအုပ်စုတစ်စုသည် နှစ်ဖက်စလုံးသို့ အလိုအလျောက် လွင့်ထွက် လဲကျသွားသည်။
ဝုန်းဝုန်းဝုန်း!
လေးလံသော ခြေရာများ ရောက်လာတဲ့အခါ မြေကြီးတွေက တုန်ခါသွားသည်။
ဧရာမသစ်ပင်ကြီး သို့မဟုတ် ဧရာမသစ်ပင် သားရဲကြီးတစ်ကောင်ပင်။ ၎င်းခန္ဓာကိုယ်သည် မြေကြီးရဲ့အပေါ်မှာ လွင့်နေကာ အောက်မှာတော့ အပင်ရဲ့အမြစ်များဟာ ကြီးမားသော ခြေနှစ်ချောင်းအဖြစ် အဆင့်ဆင့် လျှောက်လှမ်းလာခဲ့သည်။
မြေပြင်ပေါ် ကျလာတဲ့ ခြေလှမ်းတိုင်းက မြေကြီးကို လှုပ်ခါစေပြီး ငှက်တွေနဲ့ တိရစ္ဆာန်တွေပါ ပျံလွင့်သွားနိုင်သည်။
"နတ်ခြေလှမ်းနယ်ပယ် ဒုတိယအဆင့်လား?"
လုရွှမ် တိုးတိုးလေး အော်လိုက်သည်။ ၎င်းသည် နတ်ခြေလှမ်းနယ်ပယ် ပထမအဆင့် တက်သွားသော သားရဲထက် ပို၍အစွမ်းထက်သည်။ လုရွှမ်ဟာ သစ်ပင်လူသား ကိုယ်တိုင်က အလွန်အစွမ်းထက်ပြီး တူညီသောအဆင့်ရှိ သားရဲများထက် သာလွန်ကြောင်း မသိဘဲ မနေချေ။
"အိုး... ကောင်းကင်ကမ္ဘာကလား... လွန်ခဲ့တဲ့နှစ်ပေါင်း တစ်သောင်းလောက်တုန်းက ကောင်းကင်ကမ္ဘာက လူတွေ ဆင်းလာကြပြီးပြီ မဟုတ်ဘူးလား"
သစ်ပင်အဘိုးအိုက အော်လိုက်သည်။ သူ့အကိုင်းအခက်များမှ လူသားမျက်နှာတစ်ခု ပေါ်လာသော်လည်း အသက်ကြီးလာသည်နှင့်အမျှ ပိုဆိုးလာသလို မျက်နှာကြီးသာ ဖြစ်၏။
"ဒီအငွေ့အသက်ကို ငါမတွေ့ရတာ နှစ်ဆယ့်သုံးရာ ရှိပြီ... စိတ်အားထက်သန် နေကြတာပဲ ဒီကို လာစမ်း!"
သစ်ပင်ကြီးရဲ့ အော်သံကြောင့် ရန်ဖေးဘေးက ကောင်းကင်နဲ့ မြေကြီး အငွေ့အသက်တွေက သစ်ပင်အိုကြီးဆီ ပျံသန်းသွားခဲ့သည်။ ရန်ဖေးသည် ထိုအငွေ့အသက်များကို တည်ငြိမ်စေရန်၊ သူ့ကိုယ်ပိုင်စုပ်ယူမှုကို အားကောင်းစေရန် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့သော်လည်း လုံးဝ မဖိနှိပ်နိုင်ခဲ့ပေ။
လုရွှမ် သူ့လက်ဖဝါးကို လှည့်လိုက်ပြီး ကောင်းကင် မီးလုံးလေး ပေါက်ကွဲထွက်လာသည်။
"ကောင်းကင်မီး? ကောင်လေး မင်းမှာတကယ် လက်နှစ်ချောင်း ရှိနေတာပဲ ဒါပေမယ့် အဆင့်က နိမ့်လွန်းတယ် ငါ့အတွက် အသုံးမဝင်ဘူး"
သစ်ပင်အဘိုးကြီးက ရယ်ပြီး သစ်ကိုင်းတွေကို ပေါ့ပေါ့ပါးပါး လှုပ်ယမ်းကာ ကောင်းကင်မီးကို အတင်းပြန်ခေါက်ချလိုက်သည်။ ဒါပေမဲ့ သစ်ပင်အိုကြီးရဲ့ ကောင်းကင်နဲ့ မြေကြီးထဲက စုပ်ယူမှုကိုတော့ အနှောင့်အယှက် ဖြစ်သွားစေခဲ့သည်။
သစ်ပင်အိုကြီးက ဟစ်အော်ကာ ခြေလှမ်းများကို အရှိန်မြှင့်ပစ်လိုက်သည်။ ၎င်းက ကြီးမားသော ခြေလှမ်းများဖြင့် ပြေးချလာခဲ့သည်။
သစ်ကိုင်းနှစ်ခုထဲက တစ်ခုက လုရွှမ်ကို ဖမ်းလိုက်ပြီး နောက်တစ်ခုကတော့ ရန်ဖေးကို ဖမ်းယူလိုက်သည်။
"သမီးလေး.... မင်းဒါတွေကို အကုန်စုပ်ယူလိုက်...မင်းကို ငါမျိုချလိုက်ရင် ငါ့အတွက် အရမ်းကောင်းတဲ့ အာဟာရကြီး ဖြစ်လာလိမ့်မယ်"
သစ်ပင်အဘိုးကြီးသည် သူ့လက်များကို ကခုန်နေသကဲ့သို့ အကိုင်းအခက်များကို ဝေ့ယမ်းနေသည်။ သူ့လှုပ်ရှားမှုများသည် အလွန်လျင်မြန်တိကျသည်။ လုရွှမ်သည် သူ့ပတ်ဝန်းကျင်ကို သစ်ကိုင်းများက တစ်ခဏအတွင်း ဝန်းရံသွားကြောင်း ခံစားလိုက်ရသည်။
တစ်ဖက်တွင် ရန်ဖေးလည်း ဒုက္ခရောက်နေသည်။