ဖီးနစ်နတ်မီး
Vol. 138 Ch. 4.1577
အတိဒုက္ခကို ကျော်လွှားနိုင်ခဲ့ရုံမျှသာ သူမ မအောင်မြင်ခဲ့သော်လည်း ဝိညာဉ်စွမ်းအင်နှင့် ကောင်းကင်မြေကြီးရဲ့ အာဟာရများကို စုပ်ယူပြီးနောက်တွင် သူမခန္ဓာကိုယ်မှ ဆုံးရှုံးသွားသော စွမ်းအင်၊ သွေးနှင့် ရောင်ဝါများကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။
သူမသည် အထွတ်အထိပ်တွင် ရှိနေသည့် ခွန်အားနှင့် ဝေးနေသေးတာတော့ အမှန်ပင်။
လုရွှမ်ရဲ့ ကောင်းကင်မီးတောင်မှ သစ်ပင်နတ်ဆိုးကို မထိန်းနိုင်တော့ဘဲ စိတ်ပြောင်းဖို့ အချိန်တန်နေတာ ဖြစ်နိုင်သည်။
မီးသည် ရွှေကို အနိုင်ယူသည်။ ရွှေက သစ်သားကို အနိုင်ယူသည်။
လုရွှမ်သည် ချင်ထျန်းဓားကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားကို အသက်သွင်းလိုက်သည်။ စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားက ဒြပ်စင်ငါးပါးထဲက ရွှေဒြပ်စင် ပါဝင်တာကြောင့် သစ်သားနတ်ဆိုးကို ထိန်းချုပ်ရန် အကောင်းဆုံးဓားသိုင်း ဖြစ်သည်။
လုရွှမ်ဟာ စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားရဲ့ ဆန်းကြယ်သော လှုပ်ရှားမှုများကို တိုက်ရိုက် စွန့်လွှတ်လိုက်ကာ ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ဧရာမ ပုဆိန်ကြီးလို ခုတ်ချလိုက်သည်။
အကိုင်းအခက်များကိုလည်း မီးဗုံးကြဲလိုက်ရာ မီးရှူးမီးပန်းလို ပေါက်ကွဲသံများကို အကျယ်ကြီး ကြားလိုက်ရသည်။ လုရွှမ် ပြေးထွက်လာခဲ့ကာ အတွေးတစ်ချက်ဖြင့် ဖီးနစ်နတ်မီးက အကိုင်းအခက်များပေါ် လောင်ကျွမ်းသွားသည်။
ကောင်းကင်မီးနှင့် ယှဉ်လျှင် ဖီးနစ်နတ်မီး၏ စွမ်းအားမှာ သဘာဝအတိုင်း ယုတ်ညံ့သော်လည်း မသေနိုင်သော လက္ခဏာများနှင့် ပတ်သက်လာရင်တော့ ဖီးနစ်နတ်မီးက ထူးခြားပါသည်။
ဖီးနစ်နတ်မီးက သစ်ပင်နတ်ဆိုးရဲ့ အကိုင်းအခက် အက်ကွဲကြောင်းကို ထိတွေ့လိုက်သည်နှင့် တပြိုင်နက် ၎င်းသည် သဲကန္တာရထဲသို့ ရောနှောသွားသလိုမျိုး တိုက်ရိုက် အရည်ပျော်ဝင်သွားသည်။
ဝုန်း!
သစ်ပင်အခေါက်ဟာ အပိုင်းလိုက် ပေါက်ကွဲသွားပြီး ဖီးနစ်နတ်မီးလုံးများ ပေါက်ကွဲသွားသည်။
"အား!"
သစ်ပင်နတ်ဆိုးက စူးစူးဝါးဝါး အော်ဟစ်လိုက်တာကြောင့် သူ့ခန္ဓာကိုယ် တုန်ခါသွား၏။ မီးလောင်သွားတဲ့ အကိုင်းအခက် တစ်ခုလုံးဟာ အမြစ်မှ ပြတ်ထွက်သွားသလိုမျိုး သူ့ခန္ဓာကိုယ်ကနေ ပြတ်တောက်သွားခဲ့သည်။
ကျိုးကျနေသော သစ်ပင်၏ပင်စည်မှ မီးလုံးကြီးတစ်ခု ထပ်ထွက်လာပြန်တာကြောင့် ပင်စည်တစ်ခုလုံး မီးလောင်ကျွမ်းသွားသည်။ သစ်ပင်နတ်ဆိုးရဲ့ အကာအကွယ် မရှိတဲ့အခါ မီးတောက်က အတွင်းအူတိုင်အထိ ထိုးဖောက်သွားပြီး ပင်စည်သည် ဖီးနစ်နတ်မီး၏ လောင်မြိုက်သော မီးကို မခံနိုင်တော့ပေ။
လုရွှမ် ရန်ဖေးဆီ ပျံသန်းသွားသည်။ သူသည် လူတစ်ယောက်ကို ကယ်ပြီးပြီမလို့ သဘာဝအတိုင်း အဆုံးထိ ကယ်တင်မည့်သူပင်။
ဓားရှည်စွမ်းအင်များ ဆက်တိုက် ဝေ့ယမ်းပစ်သည်။ ထိမှန်သွားသော သစ်ပင်နတ်ဆိုးရဲ့ အကိုင်းအခက်တွေက ကြောက်လန့်တကြား ဆုတ်ခွာသွားကြသည်။ တင်းကျပ်စွာ ရစ်ပတ်ထားသော အကိုင်းအခက်များက ပွင့်ထွက်သွားပြီး ရန်ဖေးကို လွှတ်ပေးလာစဥ် ရန်ဖေးကလည်း အတွင်းဘက်တွင် ဓားကို အဆက်မပြတ် ဝှေ့ယမ်းကာ အသီးသီး ထွက်လာသော သစ်ကိုင်းများကို သုတ်သင်ပစ်လိုက်သည်။
သူမခန္ဓာကိုယ်မှာ စိတ်မကောင်းစရာ ဖြစ်နေပြီ။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အဖြူရောင် အဝတ်အစားများက ဆုတ်ဖြဲခံထားရကာ အောက်ခံအသားအရည်ကို ပေါ်လွင်စေသော်လည်း ယခုအခါတွင် အနီရောင်တောက်တောက် ကြာပွတ်အစက်အပြောက်များဖြင့် ဖုံးလွှမ်းထားသည်။
ရန်ဖေး အံကြိတ်ထားတာကြောင့် နှုတ်ခမ်းနီနီပေါ်တွင် သွေးအမာရွတ် ဖျော့ဖျော့ ရှိနေသည်။ မျက်လုံးများက ဗလာဖြစ်နေပြီး လက်နက်ကို အားကြိုးမာန်တက် ဝှေ့ယမ်းကာ ပတ်ဝန်းကျင် သစ်ပင်စည်များကို ဖွင့်ရန် ကြိုးစားနေ၏။
သူမခွန်အားများ ကုန်ဆုံးသွားတော့မည်။ သူမရဲ့ စိတ်အားထက်သန်မှုနှင့် အလျှော့မပေးတတ်တဲ့ ဇွဲနပဲနှင့်သာ ရပ်တည်နေခဲ့သော်လည်း ယခုအချိန်မှာ ဘယ်သူမှ သူမကို မကူညီလျှင် သေသွားနိုင်တဲ့ အခြေအနေ ဖြစ်နေပါပြီ။
လုရွှမ်မှာ သတိလစ်လုနီးပါး ဖြစ်နေတာကို မြင်ပြီးနောက်တွင် သူ့နှလုံးသား၏ အပြင်းထန်ဆုံး အစိတ်အပိုင်းကို နှိုးဆွမိလာသည်။
တစ်ချိန်က သူနှင့် ယွီရှန်တို့လည်း ထောင်ချောက်ထဲ ကျပြီး အလွန်အန္တရာယ်ကြီးစွာ ဒုက္ခ ကျရောက်ခဲ့သည်။ သူ ပြင်းထန်စွာ ဒဏ်ရာရပြီး နိုးလာသောအခါတွင် ယွီရှန်က သူ့ရှေ့မှာ စောင့်ကြပ် ကာကွယ်ပေးနေပြီး ဓားကို အပြင်းအထန် ဝှေ့ယမ်းနေခဲ့၏။
ဤအခိုက်အတန့်တွင် လုရွှမ် မျက်လုံးများထဲတွင် ရန်ဖေးသည် ယွီရှန်ရဲ့ အရိပ်မှိန်ဖျော့ဖျော့လေး ရှိနေသလို ခံစားလာရကာ ကယ်တင်ထိုက်သည်ဟု တွေးလိုက်သည်။
"သွားစမ်း!"
ရွှေဓားစွမ်းအင်သည် ဓားချည်မျှင်များအဖြစ် ပြောင်းလဲသွားသည်။ ဓားရောင်ဝါက ချက်ချင်းပင် ဓားချည်မျှင်တွေထဲ စိမ့်ဝင်သွားကာ လွင့်ပျံသွားလေရာ ရန်ဖေးရဲ့ ခန္ဓာကိုယ်ကို တစ်ခဏချင်း ဖုံးအုပ်သွားလေသည်။
ဝုန်းကနဲ ပေါက်ကွဲသံနှင့်အတူ ဖီးနစ်နတ်မီးများ တောက်လောင်ကာ ပတ်ဝန်းကျင်ရှိ သစ်ကိုင်းများကို တွန်းလှန်ပစ်လိုက်သည်။
လုရွှမ် သူ့လက်ဖဝါးကို ဆန့်ထုတ်လိုက်ပြီး ရန်ဖေး လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ သူမလက်ဖဝါးထဲသို့ ယွမ်ယန်စွမ်းအင်ကို ထည့်သွင်း၍ သူ့ကျောပေါ်သို့ လှည့်တင်လိုက်သည်။ ရန်ဖေး ခန္ဓာကိုယ် တစ်ချက် တုန်ခါသွားပြီး နိုးလာ၏။
"မလှုပ်နဲ့! အားလုံး ငါ့လက်ထဲ အပ်ထားလိုက်... မင်းက ကောင်းကင်မြေကြီးရဲ့ စွမ်းအင်နဲ့ မိုးကြိုးအတိဒုက္ခ အရည်တွေကိုပဲ တတ်နိုင်သမျှ မြန်မြန် စုပ်ယူဖို့ အာရုံစိုက်ထား!"
လုရွှမ်အသံက သူမစိတ်ထဲတွင် ပဲ့တင်ထပ်နေ၏။ အထူးသဖြင့် လုရွှမ် ခန္ဓာကိုယ်မှ နွေးထွေးသော ယောက်ျားတစ်ယောက်ရဲ့ ထွက်သက်ဝင်သက်ကို ခံစားလိုက်ရသောအခါတွင် သူမသည် အလိုလို ရုန်းကန်ချင်နေခဲ့သည်။
သူမအဝတ်အစား အများစုမှာ သစ်ကိုင်းများကြောင့် စုတ်ပြဲနေပြီး သူမခန္ဓာကိုယ်ကို အဝတ်တွေက ပတ်ထားခြင်း မရှိသောကြောင့် ယခုအချိန်တွင် သူမနဲ့ လုရွှမ်က ခန္ဓာကိုယ်ချင်း ထိမှီလုနီးပါးဖြစ်နေပြီ။
"ငါ့နှလုံးသားက ရေခဲတွေလို ကြည်လင်နေတယ်... ကောင်းကင်ကြီး ကျလာရင်တောင် ငါမတုန်လှုပ်ဘူး ငါ့မျက်လုံးတွေ လင်းနေတယ်၊ ငါ့စိတ်က အေးချမ်းတယ် အေးချမ်းတယ်..."
လုရွှမ်ရဲ့ တည်ငြိမ်တဲ့ အသံကို ကြားလိုက်ရတဲ့ အခါမှာတော့ သူမရဲ့ ဖရိုဖရဲစိတ်က နောက်ဆုံးစကားကြောင့် တည်ငြိမ်သွားခဲ့သည်။
ကောင်းကင်မြေကြီး စွမ်းအားနှင့် မိုးကြိုးအတိဒုက္ခ အရည်တို့ကို အလိုလို စုပ်ယူလိုက်ရာ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများ လျင်မြန်စွာ ပျောက်ကွယ်သွားကာ စွမ်းအားများ တစ်ဖန်ပြန်လည် ကြီးထွားလာသည်။
လုရွှမ် ကျောက်စိမ်းခါးပတ်ကို ဝှေ့ယမ်းကာ ရန်ဖေးကို သူ့နောက်၌ ချည်နှောင်ထားလိုက်ရာ ရန်ဖေးလည်း တခဏမျှ တုံ့ဆိုင်းသွားခဲ့သည်။
"ပြီးပြီဆို ငါ့ကိုပြောပြ... ငါတို့ချက်ချင်း ထွက်သွားရမယ်"
"အင်း!"
လုရွှမ်ဟာ ရန်ဖေးကို သူ့နောက်ကျောမှာ ထမ်းထားပေမယ့် သူ့လှုပ်ရှားမှုတွေက ပေါ့ပါးနေဆဲဖြစ်ပြီး နောက်ကျောမှာ တခြားတစ်ယောက် သယ်ထားရပုံတောင် မပေါ်ချေ။
ဓားစွမ်းအင်ဖြင့် သူ့ရှေ့မှ သစ်ပင်နတ်ဆိုးကိုလည်း ဆက်လက် တိုက်ခိုက်နေခဲ့သည်။ သို့သော် သစ်ပင်နတ်ဆိုးကြီးက လုံးဝ ဂရုမစိုက်ဘဲ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လာရင်း လုရွှမ်ကို ကြိုဆိုနေသလိုမျိုး နီးကပ်လာခဲ့သည်။ ရောင်ဝါတစ်ခုက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး လုရွှမ်ကို ဖိနှိပ်လိုက်သည်။
လုရွှမ်ရဲ့ ခန္ဓာကိုယ်ကတော့ အလေးချိန် ကင်းစင်နေပုံရပြီး လေထဲတွင် ဟန်ပျက်သွားခြင်းမရှိဘဲ ရပ်တန့်နေပုံရသည်။
အသက်ရှုသံများ တဟုန်ထိုး တိုးလာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း တောက်ပလာကာ သူ့ခေါင်းထက်တွင် နေလုံးက အလိုလို ပျံတက်လာပြီး တစ်စုံတစ်ယောက် ဆွဲငင်နေသကဲ့သို့ သဘာဝအတိုင်း ပွင့်လာသည်။ သူသည် လျှို့ဝှက်ဆုံးနေရာ ဖြစ်သည့် သစ်ပင်ဟောင်းနတ်ဆိုး၏ အားနည်းချက် အမြုတေနေရာကို ပစ်ခတ်ဖို့ ရည်မှန်းထားခဲ့သည်။
သစ်ပင်နတ်ဆိုးကြီးသည် လုံးလုံးလျားလျား ချဉ်းကပ်လာသဖြင့် ရန်ဖေးသည်လည်း သူ့ခေါင်းထက်က အရိပ်ကို ခံစားလိုက်ရသည်။ သူမသည် ကောင်းကင်မြေကြီး စွမ်းအင် နှင့် မိုးကြိုးအတိဒုက္ခအရည်ကို စုပ်ယူနေသော်လည်း သူ့စိတ်ထဲတွင် ထိတ်လန့်နေမှုများဖြင့် ပြည့်နေသည်။
သို့သော် သူမခန္ဓာကိုယ်က တောင်တစ်လုံးလို မလှုပ်မယှက် ဖြစ်နေသည်။ သူမရဲ့ ခံယူချက်ကြောင့်နဲ့ လုရွှမ်ကတော့ လုံးဝ မတုန်လှုပ်သွားဘဲ ကြောက်ရွံ့မှု တစ်စုံတစ်ရာကိုလည်း မခံစားရပေ။
ရန်ဖေးမှာ သူမနှလုံးသားထဲတွင် ကြောက်ရွံ့မှု ခံစားချက်ကို မခံစားဘဲ မနေနိုင်ခဲ့။ ဒီလိုလူကသာ အမှန်တကယ် အလွန်ကြောက်စရာ ကောင်းသူပင်။
ရန်ဖေးသည် ကောင်းကင်မြေကြီး၏ စွမ်းအင်များကို အင်အားအကြွင်းမဲ့ စုပ်ယူလိုက်ပြီးနောက် ဘေးကင်းသလို ခံစားလာရ၏။ ခန္ဓာကိုယ်ပေါ်ရှိ ရောင်ဝါသည် နောက်ဆုံးတွင် ခွန်အားအပြည့်ဖြင့်။ အတိဒုက္ခအပြီးတွင် မျှော်စင် နယ်ပယ်ရဲ့ တဟုန်ထိုး တက်လာသော ချီကလည်း တည်ငြိမ်သွားလေသည်။
နောက်ဆုံးတော့ သူမ ပါးစပ်ကိုဖွင့်ပြီး ရှူသွင်းလိုက်သည်နှင့် ကျန်အငွေ့အသက်များ အားလုံးက သူမခန္ဓာကိုယ်ထဲသို့ စုပ်ယူပြီးသား ဖြစ်သွားခဲ့သည်။
သူမ၏ ခန္ဓာကိုယ်တွင် ချည်ထားသော ကျောက်စိမ်း ခါးပတ်သည် ကွဲကြေသွားသည်။ သူမ လှည့်ကြည့်မိသော်လည်း ကမ္ဘာကြီးသည် လွှစာမှုန့်များဖြင့် ဝန်းရံထားသလိုမျိ နားမလည်နိုင်သော စွမ်းအားများအောက်တွင် သူတို့နှစ်ဦးကို လုံးလုံးဖုံးလွှမ်းသွားခဲ့သည်။
"ဟာဟား...ကောင်လေး မင်းဘယ်လောက်ပဲ လိမ္မာပါစေ၊ မင်းဘယ်လောက်ပဲ အစွမ်းထက်နေပါစေ မင်းမှာ လှည့်ကွက်တွေ ဘယ်လောက်ပဲရှိရှိ ငါ့ရဲ့ အကွက်ထဲကို ရောက်သွားတုန်းပဲကွ! ငါ့ရဲ့ နှစ်ပတ်လည်စက်ဝန်း အခင်းအကျင်း ပုံစံထဲကို ဝင်သွားပြီးပြီ... မင်း ဘယ်လို ရုန်းထွက်မလဲ ကြည့်ရသေးတာပေါ့ ဟာဟားဟား"
ကောင်းကင်တွင် သစ်ပင်အိုကြီး၏ နှစ်ပတ်လည် စက်ဝန်းများကဲ့သို့ ဝိညာဉ်စွမ်းအင် စက်ဝိုင်းများ သူတို့ကို ဖုံးအုပ်ထားသည်။
အပေါ်၊ အောက်၊ ဘယ်၊ ညာ၊ လမ်းကြောင်းတိုင်းတွင် ထောင်လိုမျိုး လှောင်အိမ်ကွင်းများက မရေမတွက်နိုင်အောင် များလွန်းလှ၏။