ကစားပွဲစတင်ခြင်း
Vol. 013 Ch. 1270
“အရှင်မင်းသား၊ သွားရအောင်” ရှန်းနန်ဘေးမှ တန်ခိုးရှင်များက သူ့ကို ခေါ်ဆောင်ကာ ရှေ့သို့ ဆက်လက်သွားကြသည်။ သူတို့သည် မြို့စားရုံးတော်နှင့် အတော်လေး ဝေးကွာသည့် နေရာသို့ ရောက်ရှိသွားပြီဟု ဆိုနိုင်သော်လည်း သူတို့၏ ခေါင်းထက် နေရာတွင် မီးတောက်များ ကျန်ရှိနေသေးသည်။
ချန်ယဲ့မြို့၏ အထက် ကောင်းကင်တွင် ရဲရဲနီနေ၏။ ကြည့်ရသည်မှာ သူတို့ ချန်ယဲ့မြို့ကို လုံးဝ စွန့်ခွာသွားမှသာ လုံခြုံမည့်ပုံပေါ်ပေသည်။
ရှန်းနန်သည် ကောင်းကင် အဝေးတစ်နေရာမှ မျက်နှာကြီးကို ပြန်လှည့်ကြည့်သည်။ သူ၏ အမူအရာက အရိုးထိအောင် အေးစက်နေ၏။
ရီဖူရှင်းသည် သူတို့၏ ပြန်လည်မွေးဖွားခြင်း ရှန့်ထိုတစ်ပါးကို သတ်ဖြတ်ခဲ့သည်။
ရှန်းမြို့သည် အင်ပါယာရှန်းဘုံမှ ကျောထောက်နောက်ခံ ပြုပေးထားဆဲ ဖြစ်သည်။ ဆိုလိုသည်မှာ သူတို့သည် အခုထိ တော်ဝင်ဘုံတစ်ခု ဖြစ်နေသေးသည်မှာ သံသယဖြစ်ရန် မလိုပေ။
ရီဖူရှင်းသည် အင်ပါယာခွာ၏ အမွေအနှစ်ကို ထိတွေ့ခံစားနိုင်စွမ်း ရှိလျှင်ပင် သူသည် နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အဆင့်မှ လူတစ်ယောက်သာ ဖြစ်၏။ သို့သော်လည်း သူသည် အကြောက်အလန့်မရှိ အင်ပါယာရှန်းဘုံမှ ပြန်လည်မွေးဖွားခြင်း အဆင့်တစ်ယောက်ကို ချန်ယဲ့မြို့တွင် သတ်ဖြတ် ရှင်းလင်းခဲ့သည်။
ပြန်လည်မွေးဖွားခြင်း အဆင့် ရှန့်ထိုများသည် သူတို့၏ သက်ဆိုင်ရာ ဘုံများတွင် အလွန် အရေးပါသော တည်ရှိမှုမျိုး ဖြစ်သည်။ ပြန်လည်မွေးဖွားခြင်း အဆင့်တစ်ယောက် မရှိဘဲနှင့် အင်ပါယာရှန်းဘုံက ရှန်းမြို့ကို သွေးနဂါးဘုံတွင် အထိအခိုက်မရှိ အကောင်းပကတိ ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။ ရှန်းနန်က အင်ပါယာရှန်းဘုံမှ အခြား ပြန်လည်မွေးဖွားခြင်း အဆင့်တစ်ယောက်ကို ထပ်၍ တောင်းခံနိုင်သော်လည်း သူ ထိုသို့ လုပ်ဆောင်ပါက သူ ပြန်သွားသည့်အခါတွင် တော်ဝင်ညီလာခံ၌ မျက်နှာပန်းမလှ ဖြစ်ရလိမ့်မည်။
သူ့အဖေကလည်း သူ့ကို အတော်လေး စိတ်ပျက်သွားမည် ဖြစ်သည်။
ထိုသို့ တွေးလိုက်မိလျှင် ရှန်းနန်သည် လက်သီးကို ကျစ်ကျစ် ဆုပ်ထားသည်။ သူ့ကို ကြည့်ရသည်မှာ ပို၍ပင် ခက်ထန်၍ ရက်စက်သည့်အသွင် ပေါ်လာပေသည်။
ဤဖြစ်ပျက်ခဲ့သည်များ အတွက် ကလဲ့စားချေရန် သူ သစ္စာပြုသည်။
မြို့စားရုံးတော်အနီးရှိ လူတိုင်းသည် နောက်ထပ် ပြန်လည်မွေးဖွားခြင်း အဆင့်တစ်ယောက် သေဆုံးသွားသည်ကို မြင်ကြလျှင် သူတို့အားလုံး အလွန်ပင် တုန်လှုပ်ကုန်ကြပေသည်။
ထိုသည်မှာ ပြန်လည်မွေးဖွားခြင်း အဆင့်ရောက်ရှိနေသည့် ရှန့်ထိုတစ်ပါး ဖြစ်လေသည်။ သွေးနဂါးဘုံတွင် ပြန်လည်မွေးဖွားခြင်း အဆင့် ရှန့်ထိုများစွာ ရှိသည့်အတွက် တစ်ယောက်တလေ သေကျေ ပျက်စီးသွားခြင်းက သိပ်အရေးကြီးသော ကိစ္စတော့ မဟုတ်ပေ။
ထို့ပြင် သွေးနဂါးဘုံသည် သွေးနဂါးဒေသ၏ ပင်မဘုံတစ်ခု ဖြစ်သောကြောင့် အခြားသော ဘုံများမှ အစွမ်းထက်ပုဂ္ဂိုလ်များ လာရောက် စုဝေးနေထိုင်ကြခြင်း ဖြစ်ပေသည်။ သို့ဆိုလျှင်ပင် အထွတ်အထိပ်တွင် ရပ်တည်နိုင်စွမ်း ရှိသည့် အစွမ်းထက်သူများ ဖြစ်နေဆဲပင် ဖြစ်၏။ သူတို့သည် မြို့စားအဖြစ် တာဝန်ထမ်းဆောင်ခြင်း ဖြစ်စေ ထိပ်တန်း အင်အားစုများကို တည်ထောင်၍ ဖြစ်စေ လုပ်ဆောင်ပြီး မြို့တော်ကို ဟန်ချက်ညီစေသည်။
ရီဖူရှင်းသည် တစ်ခါတည်းနှင့် ပြန်လည်မွေးဖွားခြင်း အဆင့် နှစ်ယောက်ကို သတ်ပစ်သည်။ နောက်ထပ်တစ်ယောက်ကို ထပ်ပေါင်း၍ ယခင်က ဝူယုံးသတ်လိုက်သည့် ရှန်းမျိုးနွယ် ခေါင်းဆောင်ကိုပါ ထည့်တွက်လျှင် တိုက်ပွဲတွင် ပြန်လည်မွေးဖွားခြင်း အဆင့် ရှန့်ထိုသုံးယောက် ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။
ထိုတိုက်ပွဲသည် အမှန်ပင် တိုက်ပွဲတွင် မပါဝင်ရသေးသည့် အစွမ်းထက် ပုဂ္ဂိုလ်များကို ဝင်မပါခင် နှစ်ခါပြန်လည် တွေးတောရန် နိမိတ် ပြနေလေ၏။
အခြေအနေက လုံးဝကို ပြောင်းပြန် ဖြစ်သွားခဲ့ပြီ ဖြစ်၏။ ရီဖူရှင်း ဘက်မှ အင်အားက အလေးသာနေခဲ့ပြီ ဖြစ်သည်။ ကြည့်ရသည်မှာ အကျိုးအမြတ် ရရှိသည့် သူများသည် ရီဖူရှင်းတို့ပင် ဖြစ်တော့၏။
ရီဖူရှင်းသာ ဆက်လက်၍ တိုက်ခိုက်ရန် စိတ်ထက်သန်နေပါက သူ့ကို တိုက်ခိုက်ခဲ့သူများ အားလုံးမှာ ကြမ္မာဆိုးငင်တော့မည် ဖြစ်၏။
ရှန်းမြို့မှ ပြန်လည်မွေးဖွားခြင်း အဆင့်တစ်ယောက် ကျဆုံးသွားသည်ကို မြင်လိုက်ရသည့်အခါ နောက်ဆုံး၌ ရှန့်ထိုအရှင် ကျိုယန်သည် ဆုံးဖြတ်ချက် ချနိုင်ခဲ့ပြီ ဖြစ်သည်။ သူသည် မီးလျှံ စစ်နတ်ဘုရားထံသို့ ကြည့်လိုက်ကာ အံကို တင်းတင်းကျိတ်၍ တစ်ဟုန်ထိုး ပြေးဝင်သွားတော့သည်။
ရန်ယွင်သည် သူ့ကို တားဆီးလိုသော်လည်း သူက လျင်မြန်စွာ သတိပြုမိသည်မှာ ရှန့်ထိုအရှင် ကျိုယန်သည် ရီဖူရှင်းထံသို့ ဦးတည်သည် မဟုတ်ဘဲ အခြားတိုက်ပွဲကွင်းပြင်ဆီ ဦးတည်လိုက်ခြင်း ဖြစ်ပေသည်။
သူ ဦးတည်လိုက်သည့် တိုက်ပွဲနေရာမှာ ကျွယ်မျိုးနွယ် ခေါင်းဆောင်နှင့် ဝူယုံး တိုက်ခိုက်နေသည့် နေရာသို့ ဖြစ်သည်။
သို့ပေမဲ့ ရှန့်ထိုအရှင်ကျိုယန်က ဝူယုံးအား တိုက်ခိုက်မည်ကို စိုးရိမ်ကာ ရန်ယွင်သည် သူနှင့် ထပ်တူပင် လှုပ်ရှားကာ လိုက်ပါလာသည်။
နေမင်း၏ ရောင်စဉ်တန်းများက အလွန်တောက်ပစွာ ပေါ်ပေါက်လာသည်။ ရှန့်ထိုအရှင် ကျိုယန်သည် နေကိုးစင်း နတ်ဘုရားခန္ဓာအသွင် ယူလိုက်ပြီး တောက်ပစွာ လောင်ကျွမ်းလျက် ရှိနေသည်။ သူ့ခန္ဓာသည် နေတစ်စင်းကဲ့သို့ ပြောင်းလဲသွားပုံ ပေါ်လေသည်။
ဘုန်း ...
သူ လက်သီးတစ်လုံး ပစ်လွှတ်လိုက်သောအခါ နေရာတစ်ခုလုံးတွင် တဖျစ်ဖျစ် ဆူညံသံများ ထွက်ပေါ်လာပြီး နေမင်းကဲ့သို့ လောင်ကျွမ်းလာပေသည်။ နေကိုးစင်းသည် လင်းလက် တောက်ပနေပြီး တစ်စုံတစ်ယောက်ကို အလင်းများဖြင့် ပစ်ခတ်သည်။
ရန်ယွင်ထံမှ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာကာ ရှန့်ထိုအရှင် ကျိုယန်၏ တိုက်ခိုက်မှုကို တားဆီးရန် ကြိုးစားသည်။ သို့သော်လည်း သူသည် ရှန့်ထိုအရှင် ကျိုယန်၏ တိုက်ခိုက်မှု ပစ်မှတ်ကို ဝေခွဲမရ ဖြစ်သွားကာ သူသည် ရပ်တန့်သွားပြီး ကြားဝင်ရန် လုပ်ဆောင်နေရာမှ ရပ်စဲသည်။
အခြားတိုက်ပွဲ နေရာတွင်တော့ ကျွယ်မျိုးနွယ်ခေါင်းဆောင်၏ မျက်နှာက ပြောင်းလဲသွားသည်။ သူသည် အင်အားအကုန်သုံး၍ ဝူယုံးနှင့် တိုက်ခိုက်နေရသော်လည်း သူ့ဘက်က အရေးသာနေပေသည်။ ဝူယုံးသည် သူ့ကို အနိုင်မယူ နိုင်သေးပေ။ ဝူယုံးက ရီဖူရှင်း၏ အကူအညီကို လက်ခံရရှိပြီး အင်ပါယာခွာ၏ အမွေအနှစ်ကို ဆက်ခံခဲ့သော်လည်း သူသည် ပြောင်မြောက်သည့် တိုက်ပွဲစွမ်းရည်ကို မထုတ်ဖော်နိုင်ဘဲ အရည်အချင်း လစ်လပ်နေသေးပေသည်။
သို့သော်လည်း လူနှစ်ယောက်က သူ့ကို ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်လာသည့် အခါတွင်တော့ ကျွယ်မျိုးနွယ် ခေါင်းဆောင်သည် မလူးသာ မလွန့်သာ အခြေအနေ အတွင်းသို့ ကျရောက်သွားခဲ့ရပြီ ဖြစ်၏။ သူက ချက်ချင်း လှည့်ထွက်လိုက်ကာ တိုက်ပွဲမှ ထွက်ခွာရန် ရည်ရွယ်သည်။ သို့ရာတွင် ဝူယုံးသည် နေမင်း၏ နတ်ဘုရား မျက်လုံးများကို လျင်မြန်စွာ အသုံးပြုလိုက်ပြီး သူ့လက်ကို ဆန့်ထုတ်ကာ ကျွယ်မျိုးနွယ် ခေါင်းဆောင်၏ လမ်းကို ပိတ်ဆို့ထားသည်။
“ကျုပ် ရှေ့က ဖယ်စမ်း” ကျွယ်မျိုးနွယ် ခေါင်းဆောင်သည် ကြုံးဝါးလိုက်ပြီး ဝူယုံးကို တိုက်ခိုက်လိုက်ကာ တစ်ဖန် နောက်သို့ ဆုတ်ခွာပြေးရန် ကြိုးစားသည်။
သို့ပေမဲ့ တစ်ချိန်တည်းမှာပင် တောက်ပသည့် ယန်စွမ်းအားများ ပြည့်ဝနေသော လက်သီးတစ်လုံးက ကျဆင်းလာသည်။ လောင်ကျွမ်းနေသည့် နေမင်း၏ အပူရှိန်ထဲတွင် သူ့ကို လျင်မြန်စွာ နစ်မြုပ်သွားစေသည်။
ကျွယ်မျိုးနွယ် ခေါင်းဆောင်သည် ပြန်လှည့်ကာ တိုက်ခိုက်ရန် ရည်ရွယ်လိုက်သော်လည်း သူ့လက်သည် တစ်ဖက်မှ တိုက်ခိုက်လာသည့် လက်သီးစွမ်းအားများနှင့် ထိုးဖောက်ခံလိုက်ရကာ သူ့ရင်ဘတ်သို့ တိုက်ရိုက် ထိမှန်လေသည်။
သူသည် ချက်ချင်းပင် အထိုးခံလိုက်ရသည့် သူ့ရင်ဘတ်က မီးတောက်များဖြင့် လောင်ကျွမ်းသွားသည်ဟု ခံစားလိုက်ရပေသည်။
ထိုအခိုက်အတန့်တွင် သူသည် နောက်ထပ် ကြောက်မက်ဖွယ် အန္တရာယ် အငွေ့အသက်ကို သူ့နောက်ကျောဘက်မှ ခံစားမိသည်။ ဝူယုံးသည် ထိုအခွင့်အရေးကို လက်လွှတ်ရန် စိတ်ကူးမရှိဘဲ သူ၏ လက်ချောင်းများကို ဆန့်ထုတ်သည်။ သူသည် လက်ဝါးရိပ် တစ်ခုကို ကျွယ်မျိုးနွယ် ခေါင်းဆောင်၏ ဦးခေါင်းပေါ်သို့ ရိုက်ချသည်။ ထိုအခိုက်တွင် ကျွယ်မျိုးနွယ် ခေါင်းဆောင်သည် သူ့တစ်ကိုယ်လုံးကို မီးများဖြင့် နစ်မြုပ် လောင်ကျွမ်းနေသည်ဟု ခံစားလိုက်ရသည်။ သူသည် ကြောက်လန့်တကြား အော်ဟစ်သည်။
ရှန့်ထိုအရှင် ကျိုယန်က ထိုနေရာ၌ ရပ်မနေချေ။ သူသည် နောက်ထပ် လက်သီးချက်ကို ထပ်ကာ ဖော်ထုတ်လိုက်ပြီး ကျွယ်မျိုးနွယ်ခေါင်းဆောင် ပြန်လည် နာလန်ထူလာမည့် အရေးမှ တားဆီးသည်။
ကျွယ်မျိုးနွယ် ခေါင်းဆောင်သည် ရှန့်ထိုအရှင် ကျိုယန်ကို စူးစူးရဲရဲ ကြည့်သည်။ သူ့မျက်လုံးများထဲတွင် ပြင်းထန်သော အမုန်းတရားများဖြင့် တောက်လောင်နေသည်။
ရှီကလန်၏ ခေါင်းဆောင်တစ်ဦး အနေဖြင့် ရှန့်ထိုအရှင် ကျိုယန်သည် ကျန့်မုမြို့တွင် ကျော်ကြားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
သို့သော်လည်း ရှန့်ထိုအရှင်ကျိုယန်သည် တိုက်ပွဲအတွင်းတွင် သူ၏ ရပ်တည်မှု ပြောင်းလဲခဲ့ပြီး ကျွယ်မျိုးနွယ် ခေါင်းဆောင်ကို အလစ်တိုက်ကာ သတ်ဖြတ်ရန် ကြိုးစားနေပေသည်။
ကျွယ်မျိုးနွယ် ခေါင်းဆောင်က ထို့အတွက်နှင့် သူ့ကို မုန်းတီးသွားလေသည်။
ဘုန်း ...
ပြင်းထန်သည့် မီးတောက်များက ကျွယ်မျိုးနွယ် ခေါင်းဆောင်၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားကာ တစ်ခဏချင်း အတွင်းမှာပင် သူ့ကို လောင်မြှိုက်ကာ သတ်ဖြတ်သည်။
လေးယောက်မြောက် ပြန်လည်မွေးဖွားခြင်း အဆင့် ရှန့်ထိုတစ်ပါးက တိုက်ပွဲအတွင်း၌ သုတ်သင်ခံလိုက် ရပြန်လေသည်။
ရန်ယွင်သည် ထိုမြင်ကွင်းကို ဘေးကနေသာ တိတ်တဆိတ် ရပ်ကာ ရှန့်ထိုအရှင် ကျိုယန်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသည်။ သူ ယခင်က တွေးမိခဲ့သည်မှာ ရှန့်ထိုအရှင် ကျိုယန်က ဝူယုံးအား တိုက်ခိုက်လိမ့်မည် ဟူ၍ ဖြစ်သည်။ သို့သော်လည်း အရာရာက ဆန့်ကျင်ဘက်အဖြစ်သို့ ပြောင်းလဲသွားကာ ကျွယ်မျိုးနွယ်ခေါင်းဆောင်ကို သတ်ကာ ဝူယုံးကို ကူညီခဲ့သည်။
ကြည့်ရသည်မှာ ရှန့်ထိုအရှင်ကျိုယန်သည် အနောက်ဘက်ဒေသ၏ မျိုးနွယ်စုခေါင်းဆောင် အချို့ကဲ့သို့ သူတို့၏ မဟာမိတ်ကို သစ္စာဖောက်၍ ရပ်တည်ချက် ပြောင်းလဲခဲ့ပုံ ပေါ်လေသည်။
ထို့ပြင် သူသည် ရိုးရှင်းစွာ လက်လျှော့၍ ထွက်ခွာသွားခြင်း မဟုတ်ပေ။ သူသည် ဤနေရာ၌ ရီဖူရှင်း သတ်ဖြတ်မည့် စာရင်းတွင် ရှိနေသော အခြား ပြန်လည်မွေးခြင်း အဆင့်ကို သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ သူသည် အလွန်ပင် ပြတ်သားလှသည်။ သူ၏ နည်းလမ်းက အလွန်ပင် ရက်စက်လှပေသည်။
အဝေးတစ်နေရာမှ ကြည့်နေသော မရေတွက်နိုင်သည့် လူအပေါင်းတို့မှာ ထိုမြင်ကွင်းကြောင့် အံ့သြတုန်လှုပ် ကုန်ကြသည်။ သူ ရီဖူရှင်းကို လုပ်ဆောင်ခဲ့သည့် ကိစ္စသည် နောင်အခါတွင် သူ့အတွက် ပြဿနာ ဖြစ်လာစေနိုင်သည်။ ထို့ကြောင့် ပြတ်ပြတ်သားသား ရက်စက်စွာနှင့် သူ လွတ်မြောက်ရာလမ်းကို ရွေးချယ်ပြသခဲ့ခြင်း ဖြစ်ကြောင်း သံသယရှိရန် မလိုပေ။ သူက နောင်၌ ဖြစ်ပေါ်လာမည့် မည်သည့် အရှုပ်အထွေးနှင့်မှ ပတ်သက်ရန် မလိုလားခဲ့ခြင်း ဖြစ်သည်။
ချန်ကလန်ခေါင်းဆောင်က အသတ်ခံခဲ့ရသောကြောင့် ချန်ကလန် ပျောက်ကွယ်သွားရန်မှာ အနှေးနဲ့အမြန်ပင် ဖြစ်တော့သည်။ သူက ရှီကလန်လည်း ထိုသို့ ဖြစ်ပျက်သွားမည်ကို မလိုလားခဲ့ပေ။
“မြို့စားရီ၊ ကျုပ် ဒီနေ့ တိုက်ပွဲမှာ ပါဝင်ခဲ့မိတာ လောဘ တက်သွားမိလို့ပါ။ အခု ကျုပ်ရဲ့ အပြစ်ကို ချေဖျက်ဖို့ မြို့စားရီအတွက် ပြန်လည်မွေးဖွားခြင်း အဆင့် တစ်ယောက်ကို သတ်ပေးခဲ့တယ်။ ဒီနေ့လုပ်ခဲ့တာတွေ အတွက် ကျုပ်ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။ ချန်ယဲ့မြို့ကို ရှင်းလင်းရေး လုပ်တဲ့အခါ ကူညီဖို့ လူထပ်ပို့ပေးလိုက်ပါ့မယ်” ရှန့်ထိုအရှင် ကျိုယန်က အောင်မြင်လှသည့် အသံနှင့် ရီဖူရှင်းကို ကြည့်ကာ ပြောသည်။
သူက အမှန်ပင် ကံမကောင်းလှပေ။ သူက ရီဖူရှင်းကို အမှန်တကယ် ဆန့်ကျင်ရန် မလှုပ်ရှားခင်ကပင် ရီဖူရှင်းက အင်ပါယာခွာကို ဆင့်ခေါ်ခဲ့ပြီး ဖြစ်သည်။
ကိစ္စများက ဤအခြေအနေသို့ ပြောင်းလဲသွားကတည်းက သူက ထိုကိစ္စ၌ ပါဝင်ပတ်သက်လိုခြင်း မရှိတော့ပေ။
ရီဖူရှင်းက ရှန့်ထိုအရှင် ကျိုယန်ကို ကြည့်လိုက်ပြီး သူလုပ်ခဲ့သည်ကို ပြန်တွေးသည်။ သူတို့သည် အင်ပါယာခွာ၏ အမွေအနှစ်ကို သူတို့အတွက် ယူဆောင်ရန် အခွင့်အရေး ရှိစဉ်က အလွန် ပြတ်သားစွာ လှုပ်ရှားခဲ့သည်။ ယခုတွင် အလှည့်အပြောင်းများ ဖြစ်ပေါ်ပြီး ထပ်၍ အခွင့်အရေး မရှိတော့သည်ကို သိသည့်အခါ ဤလူသည် ဆက်လက် ဆန့်ကျင်ရမည့်အစား ကျွယ်မျိုးနွယ် ခေါင်းဆောင်ကို သတ်ဖြတ်ခဲ့သည်။
ကြည့်ရသည်မှာ ကစားပွဲက ပြီးဆုံးသွားပြီ ဖြစ်သည်။ အနောက်ဘက်ဒေသ မျိုးနွယ်စုများမှာ ကြီးမားစွာ ဖျက်ဆီးနိုင်ခြင်း ရှိတော့မည် မဟုတ်ပေ။
ထို့ပြင် ရီဖူရှင်းက သူ့ကို ဆန့်ကျင်သည့် အခြားသော မျိုးနွယ်များကိုလည်း ဆက်လက်ချေမှုန်းလိမ့်မည် ဆိုသည်အား သူ သိရှိသည်။ ထို့ကြောင့် ရှီကလန်သည် ဤအဖြစ်မှ ရုန်းထွက်နိုင်စွမ်း ရှိရန် လိုပေသည်။
“စက်ဆုပ်စရာ ကောင်းလိုက်တဲ့ ခွေးသား” ကျူးခုန်က ဆဲရေးသည်။ သူ့အသံက အေးစက်နေ၏။ ရှန့်ထိုအရှင် ကျိုယန်သည် ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူက ရှန့်ထိုအရှင်ကျိုယန် ထိုသို့ စက်ဆုပ်ဖွယ်ကောင်းစွာ ခေါင်းရှောင်သွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ရှန့်ထိုအရှင်ကျိုယန်သည် ကျူးခုန်ဘက်သို့ လှည့်ကာ ခံစားချက် ကင်းမဲ့စွာဖြင့် ကြည့်သည်။ ကျူးခုန်နှင့် ကျန်သည့် သူ့အဖွဲ့သားများမှာ ရီဖူရှင်းထံမှ အင်ပါယာခွာ၏ အမွေအနှစ်ကို လုယက်ရန် ကြိုးစားခဲ့ကြသည့် အတွက် အဆုံးသတ် ကောင်းလိမ့်မည် မဟုတ်ဟု တွေးမိသည်။
သူတို့ နှစ်ယောက်လုံးသည် တူညီသော အတွေးများ ရှိကြသည်။ သူတို့သည် ကိုယ့်အကျိုးအတွက် အကောင်းဆုံး ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
“ကျုပ် သွားလိုက်ပါဦးမယ်” ရှန့်ထိုအရှင် ကျိုယန်က ပြန်လည်တုံ့ပြန်ရန် စိတ်ကူးမရှိဘဲ နှုတ်ဆက်သည့်ပုံဖြင့် လက်များကို ဆုပ်လိုက်ကာ ခွင့်လွှတ်ရန် တောင်းခံပြီးနောက် အဝေးသို့ ပျံသန်းထွက်ခွာ သွားတော့သည်။
ရှန့်ထိုအရှင် ကျိုယန်သည် ရှီကလန်မှ လူများရှိနေရာသို့ ဦးတည်ကာ ပြောသည်။ “ငါတို့ အိမ်ပြန်ကြမယ်”
သူတို့သည် ဤနေရာ၌ ဆက်ရှိနေလျှင် ရီဖူရှင်းက သူတို့ကို သံသယဝင်နိုင်ကာ မကောင်းသည့်ကိစ္စများ ဖြစ်ပေါ်လာနိုင်သဖြင့် ကျန်သည့်တိုက်ပွဲကို ဆက်ကြည့်ရန် အနီးတွင် ဆက်နေလိုခြင်း မရှိတော့ပေ။ ထို့အစား ထွက်သွားရန် အခွင့်အရေးရသည်နှင့် ဆုတ်ခွာသွားကြတော့သည်။ ကစားပွဲက ပြီးဆုံးသွားခဲ့ပြီ ဖြစ်ကာ ရလဒ်ကိုလည်း မကြာခင်၌ ပြန်ကြားရလိမ့်မည် ဖြစ်သည်။
ရှန့်ထိုအရှင် ကျိုယန်သည် တိုက်ပွဲ၏ ရလဒ်ကို ကြိုတင် ခန့်မှန်းနိုင်ပြီ ဖြစ်၏။
ကောင်းကင်ပြက္ခဒိန် ၁၀၀၂၅ ခုနှစ်၏ ပထမဆုံးနေ့တွင် မျိုးနွယ်စု ခုနစ်ခုသည် ဖိအားပေးရန် စုစည်း၍ ထွက်ပေါ်လာခဲ့သည်။ ကိုင်ရှန့်ထိုဘုရင်နှင့် အခြားသော ထိပ်သီးပုဂ္ဂိုလ်များက ချန်ယဲ့မြို့ကို လာရောက် တိုက်ခိုက်ခဲ့ကြသော်လည်း သူတို့သည် နေရာ၌ပင် ရှုံးနိမ့်ခဲ့ရ၏။
ထို့ပြင် အကျိုးဆက်အဖြစ် တိုက်ပွဲတွင် ပြန်လည်မွေးဖွားခြင်း အဆင့်လေးယောက် သုတ်သင်ရှင်းလင်းခံခဲ့ရသည်။
လက်ရှိတွင် ကျူးခုန်နှင့် အခြားလူတို့မှာ ပြန်လှည့်ရန် မဖြစ်နိုင်တော့ပေ။ သူတို့၏ ကံကြမ္မာများက သတ်မှတ်ခဲ့ပြီး ဖြစ်၏။
ကျွယ်မျိုးနွယ် ခေါင်းဆောင် သေဆုံးသွားသည်နှင့် ဝူယုံးသည် အဝေးသို့ ခြေလှမ်းကာ ကျူးချွယ့်ကလန် ခေါင်းဆောင်က ကျူးခုန်ကို တိုက်ခိုက်နေရာတွင် ကူညီရန် ပြင်သည်။
လက်ရှိ၌ ကျူးခုန်၏ ဘက်တွင် ကျူးကလန် အပါအဝင် ကျုံးကလန်နှင့် ဝူးကလန်မှ ပြန်လည်မွေးဖွားခြင်း အဆင့် သုံးယောက်သာ ကျန်ရစ်တော့သည်။
အခြားသူများမှာ သစ္စာဖောက်သူ၊ သေဆုံးသွားသည့် သူများသာ ရှိတော့၏။
တိုက်ပွဲ မဖြစ်ပွားခင်က ထိုသို့ ဖြစ်လိမ့်မည်ဟု မည်သူကမှ ကြိုတင် မသိရှိနိုင်ခဲ့ပေ။
ဘုန်း ...
ဆူညံသည့် အသံတစ်ခုကို ကြားလိုက်ရပြီး ကျူးခုန်သည် သူ့လက်များကို ဆန့်ထုတ်လိုက်ပြီးနောက် ဝူယုံးကို အနားကပ်လာရန် မည်သည့် အခွင့်အရေးမှ မပေးဘဲ လျင်မြန်လှသည့် အရှိန်နှင့် ဆုတ်ခွာခဲ့သည်။ သူက အော်လိုက်၏။ “ပြန်ဆုတ်”
သူက ကစားပွဲပြီးဆုံးသွားပြီ ဖြစ်ကြောင်း နားလည်သည်။ ထပ်၍ အပြောင်းအလဲ ဖြစ်ပေါ်လာရန်မှာ လုံးဝ မဖြစ်နိုင်တော့ပေ။
အနောက်ဘက်ဒေသ၏ မျိုးနွယ်စုကိုးခုသည် ရီဖူရှင်း ဆက်ခံရရှိခဲ့သော အင်ပါယာခွာ၏ အမွေအနှစ်နှင့် လျှို့ဝှက်ရတနာကို ယူဆောင်ရန် ရည်ရွယ်ခဲ့သော်လည်း အားထုတ်မှုက ကျရှုံးရန် ကြမ္မာဖန်လာပြီ ဖြစ်လေသည်။
အဆိုးဆုံးကတော့ သူတို့သည် ဤအားထုတ်မှုမှ ကြီးစွာသော ဆုံးရှုံးမှု ဖြစ်ခဲ့ရသည်။
ရီဖူရှင်းနှင့် ရီဖူရှင်းကို သစ္စာခံခဲ့သည့် မျိုးနွယ်စုများက သူ့ကို အလွတ်ပေးရန် မဖြစ်နိုင်ပေ။
မျိုးနွယ်စုကိုးခု၏ နှစ်ဖက်ကြားတွင် အကောင်းဆုံးဖြစ်ရန်မှာ တစ်ဖက်ဖက်က သွေးနဂါးဘုံမှ ပျောက်ကွယ်သွားရန်သာ ဖြစ်၏။
ကျုံးမျိုးနွယ်နှင့် ဝူးမျိုးနွယ်က ပြန်လည်ဆုတ်ခွာ၍ ထွက်သွားရန် ပြင်သည်။ သူတို့က ဤအခြေအနေကို ပြောင်းပြန်လှန်ရန် မဖြစ်နိုင်တော့သည်ကို သူတို့လည်း သိရှိကြပေသည်။ အင်ပါယာခွာ၏ အမွေအနှစ်ကို ရယူနိုင်မည့် အခွင့်အရေးမှာ ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။
အင်ပါယာခွာ အသွင် ယူထားသည့် ရီဖူရှင်း၏ မြင့်မားသည့် ပုံရိပ်သည် ကောင်းကင်တွင် ရပ်ကျန်နေဆဲ ဖြစ်သော်လည်း သူသည် ထွက်ပြေးသွားသည့် သူများကို လိုက်မဖမ်းခဲ့ပေ။ ထိုအချိန်၌ မည်သို့အရာများ ဖြစ်ပေါ်နေသည်ကို သူ သိရှိသည်။ စွမ်းအားများ၏ သူ တောင့်ခံနိုင်သည့် အတိုင်းအတာကို ကျော်လွန်နေပြီဖြစ်ရာ သူ နောက်ထပ် တိုက်ခိုက်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
ကိုင်ရှန့်ထိုဘုရင်နှင့် ကြယ်ဆွတ်လက်ရှန့်ထို ကြားမှ တိုက်ပွဲသည် အလွန် ကြောက်မက်ဖွယ် ပြင်းထန်နေဆဲပင် ဖြစ်၏။ ကြယ်များက သူတို့အနီးတွင် ဝန်းရံဖုံးလွှမ်းထားသည်။ သူတို့နှစ်ယောက်ကြားမှ တိုက်ပွဲ၏ ပြင်းထန်မှုသည် အခြားပြန်လည် မွေးဖွားခြင်း အဆင့်များက ယှဉ်၍ပင် မရချေ။
ဤသည်ကို ကြည့်ရလျှင် သူတို့နှစ်ဦး၏ စွမ်းအားမှာ အခြားလူများ၏ စွမ်းအားထက် မြင့်ကြောင်း သိသာလှပေသည်။
အမှန်တွင်တော့ ကိုင်ရှန့်ထိုဘုရင်သည် ကြယ်ဆွတ်လက်ရှန့်ထို အနားတွင် ရှိနေသည့်အတွက် သူ မည်သည့်အရာကိုမှ လုပ်ဆောင်ရန် မဖြစ်နိုင်တော့ပေ။
အဆုံးဆုံးမှာ ရှင်းချိုးသည် ခက်ခဲသော အချိန်အောက်တွင် ကျရောက်နေသည်။
ယူချင်း၏ ပြင်းထန်လှသည့် တိုက်ခိုက်မှုများကြောင့် ရှင်းချိုး၏ အရှိန်အဝါမှာ ဆက်၍ အားနည်းလာနေသည်။ ရှင်းချိုးသည် ဝိညာဉ်လက်နက်ကို အသုံးပြု၍ တိုက်ခိုက်ရန် ရည်ရွယ်ခဲ့သော်လည်း ယူချင်း၏ တစ်ချက်ပြီးတစ်ချက် ဆက်တိုက် တိုက်ခိုက်မှုများကြောင့် သူသည် ချေမွခံရတော့မလို ခံစားနေရပေသည်။
ကျယ်လောင်လှသည့် အသံကြီးကို ကြားလိုက်ရပြီး ကြီးမားသည့် လက်ဝါးရိပ်ကြီးက ရှင်းချိုး၏ အပေါ်သို့ လွှမ်းမိုးလာကာ သူ့ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ရန် ရည်ရွယ်လာသည်။
ဖူး ...
ရှင်းချိုး၏ ပါးစပ်များ သွေးများ အန်ထွက်လာပြီး သူ့ခန္ဓာကိုယ်က လွင့်ပျံထွက်သွားသည်။ သို့သော်လည်း ယူချင်းက သူ့ကို လွယ်လွယ်နှင့် အလွတ်မပေးချေ။
ထိုအချိန်၌ ကြောက်မက်ဖွယ် စွမ်းအားအသိများက ရှင်းချိုး၏ ခန္ဓာမှ ပေါက်ကွဲထွက်လာသည်။ စွမ်းအားအသိများက သူ့အနီးရှိ အရာအားလုံးကို ဖုံးလွှမ်းသွားသည်။ ယူချင်းသည် သူအနီးရောက်လာသည့် အခါတွင် ချက်ချင်းပင် ကြီးမားသော ဖိအားကို ခံစားမိသည်။ ထို့နောက် ရှင်းချိုး၏ မျက်လုံးများက ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်ကမှ ကြောက်မက်ဖွယ်ကောင်းသည့် အခြားသော စွမ်းအား အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည့် ပုံပေါ်သည်။ ယူချင်းက သူ့ပြိုင်ဘက်ကို စိုက်ကြည့်သည်။ သူ့မျက်လုံးများက တစ်ဖက်လူကို ထွင်းဖောက်ကာ သူက အခြားမြင်ကွင်း တစ်ခုကို မြင်နေသကဲ့သို့ ထင်မှတ်ရသည်။
ပုံရိပ်တစ်ခုသည် သူ၏ လက်နှစ်ဖက်ကို နောက်တွင် ချိတ်ထားကာ ကြီးမားထည်ဝါသည့် မြို့တစ်မြို့ အတွင်းတွင် ရပ်နေပြီး သူ့ကို ကြီးမြတ်ပြီး လွှမ်းမိုးနိုင်စွမ်း ရှိသည့် မျက်လုံးတို့နှင့် နေရာတစ်ခုလုံးကို လွှမ်းခြုံကာ သူ့ကို ငုံ့ကြည့်နေသည်။
ထိုနေရာမှာ အခြားမဟုတ်ဘဲ သွေးနဂါးမြို့ အပြင်ဘက်ရှိ နံပါတ်တစ်မြို့ပင် ဖြစ်တော့၏။
***