← Chapters

အညံ့မခံလိုသူ

Vol. 013 Ch. 1272

အညံ့မခံလိုသူ

Vol. 013 Ch. 1272

ချန်ယဲ့မြို့မှ တိုက်ပွဲသတင်းမှာ သွေးနဂါးဘုံတစ်ခွင်ကို လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ၎င်းသည် ဘုံ၏ အလယ်ဗဟို သွေးနဂါးမြို့ကိုပင်လျှင် ကြီးမားသော လှုပ်ခတ်မှု ဖြစ်သွားစေခဲ့သည်။

တိုက်ပွဲတွင် များပြားလှသော ပြန်လည်မွေးဖွားခြင်း အဆင့်များ ပါဝင်ခဲ့ပြီး လေးယောက်က သုတ်သင်ခံလိုက်ရသည်။ သွေးနဂါးဘုံတွင် ထိုမျှ ပြင်းထန်သည့် တိုက်ပွဲမျိုး မတွေ့မြင်ခဲ့ရသည်မှာ နှစ်ပေါင်းများစွာပင် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အဆင့်သာ ရှိသော လူငယ်လေးက ထိုမျှ ကြီးမား ပြင်းထန်သည့် တိုက်ပွဲမီးကို တောက်လောင်စေမည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ကြပေ။

ထို့အပြင် သူက အနိုင်ရရှိခဲ့ပေသည်။

ချန်ယဲ့မြို့သည် များပြားလှသည့် ထိပ်တန်း အင်အားစုများမှ ပြန်လည်မွေးဖွားခြင်း အဆင့်များ၏ ဝန်းရံခံခဲ့ရသော်လည်း သူတို့ထဲမှ လေးယောက်က အသတ်ခံခဲ့ရလေသည်။

မျိုးနွယ်စုကိုးခုသည်လည်း သတ်ဖြတ်ခံရကာ ထွက်ပြေးကြရလေသည်။

ချန်ယဲ့မြို့သည် တော်ဝင်ဘုံနှစ်ခုကြားမှ တိုက်ပွဲကြောင့် ကျော်ကြားမှု ရရှိခဲ့ပြီး ချန်ယဲ့မြို့စား ရီဖူရှင်း ဟူသည့် အမည်မှာလည်း လူသိများလာခဲ့သည်။

ယခု ထပ်ကာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင်တော့ သူ့ကို ပို၍ပင် အမြင့်သို့ ရောက်သွားစေသည်။

သူသည် အင်ပါယာခွာ၏ အမွေအနှစ်ကို ဆက်ခံရရှိခဲ့ပြီး အင်ပါယာ၏ အသိစိတ်စွမ်းအား အပိုင်းအစကို ဆင့်ခေါ်နိုင်ခဲ့ကာ ရန်ဟောင်တစ်ပါး ပြန်လည်ရှင်သန် လာသကဲ့သို့ လုပ်ဆောင်နိုင်ခဲ့သည်။ ထိုကဲ့သို့သော လူငယ်မျိုးဆက်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

ထို့အပြင် ဒေသဘုရင် အဆင့်သတ်မှတ်ချက်တွင် ရှိနေသော ယူချင်းကိုလည်း စာရင်းတွင် ထည့်တွက်ရပေသည်။ ကျော်ကြားလှသည့် ပုဂ္ဂိုလ်နှစ်ဦးမှာ မြို့တစ်မြို့ထဲတွင် အတူတကွ ရှိနေကြ၏။

သူတို့ နှစ်ယောက်လုံးသည် အင်ပါယာရှားဘုံမှ လာကြခြင်း ဖြစ်သည်။

သူတို့နှစ်ယောက်လုံးသည် သွေးနဂါးဘုံ၏ သမိုင်းတွင် အမှတ်ရနေစေမည့် ဒဏ္ဍာရီပုဂ္ဂိုလ်များ ဖြစ်လာနိုင်ပေသည်။

သို့ပေမဲ့ ဤသည်က သူတို့ အသက်ဆက်ရှင်၍ ကြီးထွားလာနိုင်မှသာ ဖြစ်သည်။

အသစ်အနေနှင့် အင်အားစုများကို ပေါင်းစည်းခဲ့သော ချန်ယဲ့မြို့သည် တိုက်ပွဲအတွင်း၌ မြို့များကြားတွင် ဘုရင်ဖြစ်သည့် ရှေးဟောင်းတော်ဝင်မြို့နှင့် ထိပ်တိုက် တွေ့ခဲ့သည်။ နဝမအစေခံသည် ရှင်းချိုး၏ ခန္ဓာကိုယ်ကို ပူးကပ်ကာ အလွန် ခန့်ညားထည်ဝါကာ ရင့်သီးသည့် သဏ္ဌာန်ကို ပြသခဲ့သည်။

နဝမအစေခံနှင့် ယူချင်းကြားမှ ထိပ်တိုက်တွေ့မှုသည် လူတိုင်း၏ အမြင်တွင် မျိုးဆက်သစ်နှင့် မျိုးဆက်ဟောင်းတို့၏ အကြားမှ ပဋိပက္ခအဖြစ် မြင်ကြလေသည်။

လူတိုင်းသည် အသစ်ဖွဲ့စည်းထားသည့် ချန်ယဲ့မြို့က သွေးနဂါးဘုံတွင် နှစ်ပေါင်းများစွာက မကိုင်လှုပ်နိုင်ခဲ့သော ရှေးဟောင်းတော်ဝင်မြို့ကို ခြိမ်းခြောက်နိုင်စွမ်း ရှိလာလိမ့်မည်လား သိချင်နေကြသည်။

အနည်းဆုံးတော့ တွက်ဆကြည့်မည်ဆိုလျှင် ချန်ယဲ့မြို့သည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားရှိသော်လည်း ရှေးဟောင်းတော်ဝင်မြို့ကို စိန်ခေါ်ရန်မှာ အလွန်စောလွန်း လှသေး၏။

နဝမအစေခံ တစ်ဦးတည်းနှင့်ပင် သူတို့၏ စစ်တပ်တစ်တပ်လုံးကို ချေမှုန်းနိုင်လိမ့်မည် ဖြစ်သည်။

မည်သူမဆို သူ့ကို ဆန့်ကျင်ရပ်တည်ကာ အနိုင်ယူနိုင်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

သူသည် ပြန်လည်မွေးဖွားခြင်း အထွတ်အထိပ် အဆင့်တွင် ရှိနေသောသူ ဖြစ်ကာ ထိုအဆင့် လူများကြားတွင် ပြိုင်ဘက်ကင်းပင် ဖြစ်သည်။ ထိုသို့သော အဆင့်မျိုးနှင့် ပုဂ္ဂိုလ်မှာ သွေးနဂါးဘုံ တစ်ခုလုံးတွင် ရှာဖွေကြည့်ပါက လက်တစ်ဆုပ်စာသာလျှင် ရှိပေသည်။ ရီဖူရှင်းနှင့် သူ့လူများမှာ နဝမအစေခံ၏ အဆင့်သို့ ရောက်ရန် အလွန် ဝေးကွာနေသေးသည်။

ထို့ပြင် ရှေးဟောင်းတော်ဝင်မြို့တွင် ထူးချွန်လှသည့် အရည်အချင်းများနှင့် လူငယ် မျိုးဆက်သစ်နှစ်ဦး ရှိနေပေသေး၏။ ယူချင်းကို နှစ်ကြိမ်တိုင်တိုင် ရှုံးနိမ့်ဖူးသည့် ရှင်းချိုးကို ဘေးဖယ်ထားလျှင်ပင် အခြားတစ်ဖက်၌ ရှင်းခိုင်သည် ဒေသဘုရင် အဆင့် သတ်မှတ်ချက်တွင် ရှိနေသော ကျော်ကြားသူဖြစ်ပြီး ဒေသနန်းတော်တွင် ယူချင်း၏ စီနီယာ ဖြစ်ပေသည်။

ယူချင်း၏ လက်ချက်နှင့် သူ၏ ညီဖြစ်သူ ရှင်းချိုး သေလုနီးပါး ဖြစ်ခဲ့သည်ကို သိလျှင် သူက ဒေသနန်းတော်တွင် ယူချင်းအပေါ် ပြဿနာ ရှာလိမ့်မည်လား ဆိုသည်ကို လူအများက သိချင်နေကြသည်။

အကယ်၍သာ ချန်ယဲ့မြို့နှင့် ရှေးဟောင်းတော်ဝင်မြို့တို့ ထိပ်တိုက် ရင်ဆိုင်ကြမည်ဆိုလျှင် ထိတ်လန့်အံ့သြဖွယ် ကောင်းသည့် အနောက်ဘက်ဒေသ မျိုးနွယ်စုကိုးခု ပျက်သုဉ်းရခြင်းနှင့် ရှန်းမြို့၏ ပြန်လည်မွေးဖွားခြင်း အဆင့်တို့ သေဆုံးရခြင်း ထက်ပို၍ လူအများ၏ အာရုံကို ဖမ်းစားနိုင်လိမ့်မည်။

အင်ပါယာခွာ နတ်ရွာစံ သွားပြီးနောက် ကာလများတွင် သွေးနဂါးဘုံ၏ အနောက်ဘက်ဒေသကို မျိုးနွယ်စုကိုးခုက အုပ်ချုပ်ခဲ့ပြီး အချင်းချင်းကြားတွင် ကတောက်ကဆတ်များ ရှိကြကာ နှစ်ပေါင်းများစွာ ဆန့်ကျင် ပြိုင်ဆိုင်ခဲ့ကြသည်။ သို့သော်လည်း အရေးကြုံသည့် အခါတွင် အမြဲတစ်စုတစ်စည်းထဲ ဖြစ်ကာ ရင်ဆိုင်ခဲ့ကြပြီး အနောက်ဘက်ဒေသ တစ်ခွင်တွင် သူတို့၏ အဆင့်အတန်းကို ထိန်းသိမ်းထားနိုင်စွမ်း ရှိခဲ့ကြပေသည်။

သို့ရာတွင် တစ်စုံတစ်ယောက်က အင်ပါယာခွာ၏ အမွေအနှစ်ကို ဆက်ခံခဲ့ပြီး မျိုးနွယ်စု ကိုးခုကြားတွင် သွေးကွဲ၍ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ထိုအဖြစ်အပျက်တို့ ပြီးသည့်နောက်တွင် ဘာတွေ ဖြစ်လာမည်ကို မည်သူမှ မသိရှိကြပေ။

ရှန်းမြို့၏ ပြန်လည်မွေးဖွားခြင်း အဆင့်တစ်ဦး သေဆုံးသည့်အတွက်တော့ အင်ပါယာရှန်းဘုံက မည်သို့ လုပ်မည်ကို လူအများက သိချင်နေကြပေသည်။

ရှန်းနန်က သူ့လူများကို ခေါ်ဆောင်၍ ရှန်းမြို့သို့ ပြန်ရောက်သွားပြီးနောက်တွင် သူက အင်ပါယာရှန်းဘုံသို့ ပြန်သွားလောက်သည်ဟု ခန့်မှန်းကြလေသည်။

ရှန်းနန်သည် ရီဖူရှင်းက လက်စားလာချေမည်ကို စိုးရိမ်နေပေလိမ့်မည်။ အဆုံးမှာတော့ ရီဖူရှင်းသည် ရှန်းမြို့မှ ပြန်လည်မွေးဖွားခြင်း အဆင့် ရှန့်ထိုတစ်ပါးကိုပင် သတ်ဖြတ်ရဲခဲ့သည် မဟုတ်ပါလား။ နောက်တစ်ခါ၌ ရီဖူရှင်းက သူ့ကို သတ်လိမ့်မည်လား မပြောနိုင်ပေ။

ရှန်းမြို့တွင် ပြန်လည်မွေးဖွားခြင်း အဆင့်တစ်ဦး စောင့်ရှောက်မနေပါက ရှန်းနန်သည် ချန်ယဲ့မြို့ကို ခုခံနိုင်ရန် ဖြစ်နိုင်ခြင်း မရှိပေ။

ချန်ယဲ့မြို့တွင် ပြန်လည်မွေးဖွားခြင်းအဆင့် ရှန့်ထိုပေါင်းများစွာ ရှိပေသည်။ ဝူယုံးနှင့် ဆန်းထျန်ကျန့်သည် နှစ်ယောက်လုံး ပြန်လည်မွေးဖွားခြင်း အဆင့်များ ဖြစ်ကာ သူတို့က ရီဖူရှင်း၏ အမိန့်ကို နာခံသူများဖြစ်ကြသည်။

အင်ပါယာရှန်းဘုံက လက်စားချေဖို့ရာ တန်ခိုးရှင်များ စုဆောင်းနေမည်လား ဆိုသည်ကိုလည်း မသိနိုင်ပေ။

ဤသည်က ရှန်းနန် ဆုံးဖြတ်နိုင်စွမ်း ရှိသည့် ကိစ္စမျိုး မဟုတ်ပေ။

ကြီးမားသည့် အကျိုးဆက်များနှင့် ဖြုံလောက်စရာ တိုက်ပွဲသည် ကောင်းကင်ပြက္ခဒိန် ၁၀၀၂၅ ခုနှစ်အစတွင် ဖြစ်ပေါ်ခဲ့သည်။ ကြည့်ရသည်မှာ ဤတစ်နှစ်လုံး ငြိမ်းငြိမ်းချမ်းချမ်း ကုန်ဆုံး သွားနိုင်တော့မည် မဟုတ်ပေ။

ဤသည်မှာ နောက်ထပ် မျိုးဆက်သစ်များ၏ ဒဏ္ဍာရီပုဂ္ဂိုလ်များ ပေါ်ထွက် လာတော့မည်ကို နိမိတ်ပြခြင်း ဖြစ်နိုင်သည်။

အချိန်များ ကုန်လွန်သွားပြီး ချန်ယဲ့မြို့၏ မြို့စားရုံးတော်သည် ပြန်လည်၍ အခြေတကျ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ ရီဖူရှင်း ရောက်လာစဉ်ကတည်းက ကြုံခေါင့်ကြုံခဲ ကိစ္စများ ဖြစ်ပေါ်ကာ ပြဿနာ အများအပြား ဖြစ်ပွားခဲ့သည်။

ချန်ယဲ့မြို့စား ရုံးတော်သည် အခြားမြို့များကဲ့သို့ မဟုတ်ဘဲ အချိန်တို အတွင်းမှာပင်  ပြဿနာ အများအပြား ဖြစ်ပွားခဲ့ကာ ပြိုကျလိုက် ပြန်တည်ဆောက်လိုက်နှင့် တစ်ခါပြီးတစ်ခါ ဖြစ်ပွားနေပေသည်။

ရီဖူရှင်းသည် သူ၏ အိမ်တော်မှ အိပ်ခန်းအတွင်းတွင် အိပ်မောကျနေဆဲ ရှိသေး၏။

စုချီဟန်နှင့် လိပ်ပြာလေးသည် ရီဖူရှင်း၏ ဘေးတွင် ရှိနေကာ သူ၏ ဒဏ်ရာများကို စစ်ဆေးနေပြီး လို့လန်ရွှီသည် ဘေးမှ ကူညီပေးနေ၏။

“သူ ဘယ်လိုနေလဲ” ရှားရှင်းယွန်က စုချီဟန်ကို မေးသည်။ စုချီဟန်၏ ကျင့်ကြံခြင်းအဆင့်က သိပ်မမြင့်လှသော်လည်း သူသည် ရှန့်ထိုကျန့်ထံမှ ဆေးပညာများကို သင်ယူခဲ့ကာ လိပ်ပြာလေးသည်လည်း ဆေးပညာအသိ အတော်လေး နှံ့စပ်ပေသည်။

“သူ အသက်ရှင် နေသေးတာကတော့ ဆန်းကြယ်မှုပါပဲ။ သူ့နေရာမှာ တခြားလူသာဆို ကျွန်တော် ကြောက်မိတာက …” စုချီဟန်က အသံခပ်တိုးတိုးနှင့် ပြောသည်။ “ဒါပေမဲ့လည်း အခု အရမ်းစိုးရိမ်နေစရာ မလိုပါဘူး မင်းသမီး။ သူ့ရဲ့ ပြန်ကောင်းတဲ့နှုန်းက တကယ့်ကို အံ့မခန်းပါပဲ။ မီးတောက်တွေက သူ့ရဲ့ သွေးကြောတွေနဲ့ အတွင်းကလီစာတွေကို အားလုံး လောင်ကျွမ်းသွားတာတောင်မှ တဖြည်းဖြည်း ပြန်ပြီး ကောင်းမွန်လာနေပါတယ်”

စုချီဟန်သည် ရီဖူရှင်းထံတွင်  ထိခိုက် ဒဏ်ရာရမှုများကို ပြန်လည်ကုသနိုင်စွမ်း ရှိသည့် ထူးခြားသည့် စွမ်းရည်အချို့ ရှိသည်ကို ခံစားနိုင်စွမ်း ရှိပေသည်။ အခြား တစ်ယောက်သာဆိုလျှင် နတ်ဘုရားဆေးကြော သန့်စင်ခြင်း အဆင့်၌ ထိုသို့ လုပ်ဆောင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ သူတို့က သံသယ ကင်းစင်ခြင်းအဆင့် ဖြစ်နေလျှင်ပင် အစောကြီးကတည်းက သေနေလောက်ပြီ ဖြစ်၏။ အင်ပါယာခွာ၏ စွမ်းအားကို ထိတွေ့နိုင်သည် မှာလည်း ထိုသူက မည်မျှ ခံနိုင်ရည်ရှိသလဲ ဆိုသည့်အပေါ်၌ မူတည်နေသေးပေသည်။

ရီဖူရှင်း၏ အဆင့်သည် အလွန်ပင် နိမ့်သော်လည်း ထိုမျှ အစွမ်းထက်သည့် အင်အားကို တောင့်ခံနိုင်ပေသည်။

ရှားရှင်းယွန်သည် ခုထိ သတိလစ်နေဆဲ ဖြစ်သည့် ရီဖူရှင်းကို ကြည့်ပြီးနောက် ပြန်လှည့်ကာ အပြင်သို့ လျှောက်ထွက်သွားတော့သည်။

အပြင်ဘက်၌ အခြားလူများလည်း ရှိနေသေးသည်။ ရန်ယွင်က နောက်တွင် နေနေကာ ဤရက်များအတွင်း အခန်းထဲမှ မထွက်ခဲ့ပေ။

ယခင်က တိုက်ပွဲတွင် တိုက်ခိုက်ခဲ့မှုသည် လူအများအပြားကို ထိတ်လန့်စေခဲ့ပြီး အမှန်တွင်တော့  ရီဖူရှင်းက အင်ပါယာခွာကို ဆင့်ခေါ်ကာ သူ၏ တိုက်ပွဲသဏ္ဌာန်သို့ ပြောင်းလဲခဲ့သည့် အချက်ကြောင့် ပို၍ပင် တုန်လှုပ်မှုကို ပေးစွမ်းနိုင်ခဲ့သည်။

ရီဖူရှင်းက ထိုသို့ အကြိမ် အရေအတွက် မည်မျှ တိုက်ခိုက်နိုင်မည်နည်းဟု လူအများက သိချင်နေကြပေသည်။

ထိုတစ်ကြိမ်သည် သူ၏ အသက်ကို ပေးရလုနီးပါး ဖြစ်ကာ အခုထိ သတိပြန်မလည်လာသေးဘဲ ရှိနေသေး၏။

ထို့ကြောင့် ချန်ယဲ့မြို့ရှိ အရေးကိစ္စများမှာ အတော်လေး မတည်ငြိမ် ဖြစ်နေသည်။ အကယ်၍ ကိုင်ဟွမ်ကဲ့သို့ တစ်စုံတစ်ယောက်က မကျေနပ်သဖြင့် လျင်မြန်စွာ ပြန်လည် တုံ့ပြန်လာခဲ့လျှင် ချန်ယဲ့မြို့သည် အမှန်တကယ် အဆိုးဘက်သို့ ကူးပြောင်းသွားပေလိမ့်မည်။

ထို့ကြောင့် ရန်ယွင်၊ ဝူယုံးနှင့် ဆန်းထျန်ကျန့်တို့သည် ချန်ယဲ့မြို့တွင် နေခဲ့ကာ မမြင်နိုင်သည့် အခြေအနေများ ဖြစ်လာခြင်းမှ ကာကွယ်ရန် စောင့်ကြပ်နေကြပေသည်။

“ဆရာ” ရှားရှင်းယွန်သည် ရန်ယွင်ကို အနည်းငယ် ဦးညွှတ်သည်။

“အမိန့်ပေးစရာများ ရှိလို့လား မင်းသမီး” ရန်ယွင်က ရှားရှင်းယွန်ကို ကြည့်ကာ မေးလိုက်၏။

“ကျွန်မ အင်ပါယာရှားဘုံကို ခဏလောက် ပြန်ရမယ်။ ကျွန်မ မရှိတဲ့အချိန်မှာ ချန်ယဲ့မြို့ကို စောင့်ရှောက် ပေးထားစေချင်ပါတယ်” ရှားရှင်းယွန်က ပြောသည်။

ချန်ယဲ့မြို့ရှိ ပြန်လည်မွေးဖွားခြင်း အဆင့် သုံးယောက်အထဲတွင် သူမသည် ရန်ယွင်ကို အယုံကြည်ဆုံး ဖြစ်ပေသည်။

ရန်ယွင်သည် တစ်ချိန်က အင်ပါယာရှားဘုံ၏ ဆန့်ကျင်ဘက်မှ ဖြစ်ပြီး သူမတို့သည် ရန်သူများ ဖြစ်ခဲ့ကြသော်လည်း ရှားရှင်းယွန်သည် ရန်ယွင်ကို ပို၍ ယုံကြည်ပေသည်။

တာလီနန်းတွင်း အကြံပေးနှင့် သူ၏ တပည့်များအားလုံး၏ စရိုက်နှင့် စိတ်ထားကို စမ်းသပ် စစ်ဆေးကြည့်ခဲ့ပြီး ဖြစ်လေသည်။

ရန်သူများ အားလုံးထဲတွင် သူတို့သည် လေးစားစရာ အကောင်းဆုံး သူများ ဖြစ်ပေသည်။ ထို့ပြင် ရန်ယွင်သည် ချန်ယဲ့မြို့ အကျပ်အတည်း ဖြစ်နေစဉ်တွင် ရောက်လာခဲ့ခြင်း ဖြစ်သည်။

“ကောင်းပါပြီ အရှင်မင်းသမီး” ရန်ယွင်က ခေါင်းညိတ်သည်။

“ကျေးဇူးတင်ပါတယ် ဆရာ” ရှားရှင်းယွန်က သူ့ကို ကျေးဇူးတင် စကားဆိုကာ ထွက်သွားခဲ့သည်။

လူတစ်စုသည် ချန်ယဲ့မြို့မှ တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။ သူတို့ ထွက်သွားသည်အား လူအနည်းငယ်ကသာ သိရှိပေသည်။

***

အချိန်တို့ ကုန်လွန်သွားသော်လည်း သွေးနဂါးဘုံရှိ လူများမှာ ချန်ယဲ့မြို့ အရေးကိစ္စများကို အာရုံစိုက်နေကြဆဲ ဖြစ်ပေသည်။

ကောလာဟလများ ရှိသည်မှာ ရီဖူရှင်းသည် တိုက်ပွဲပြီးသည့် နောက်တွင် စွမ်းအား တန်ပြန်သက်ရောက်မှုကို ပြင်းထန်စွာ ခံစားရကာ သူ့အခြေအနေက သေသလား ရှင်သလားပင် မသိရပေ။ သူက အခုထိ ထိုအခြေအနေမှ ဖြတ်ကျော်နိုင်ခြင်း မရှိသေးပေ။ ရှားရှင်းယွန်သည် အင်ပါယာရှားဘုံသို့ ပြန်သွားကာ ရီဖူရှင်းကို ကုသပေးရန် တစ်စုံတစ်ယောက်ကို သွားခေါ်နေဟန်တူသည်။

အချို့က ပြောသည်မှာ ရီဖူရှင်းက ဘယ်တော့မှ ပြန်လည် နိုးထမလာနိုင်တော့ဟု ဖြစ်သည်။

အင်ပါယာခွာ၏ စွမ်းအားကို စုစည်း၍ ထိုအဆင့်ထိ အစွမ်းထက်သော တိုက်ပွဲစွမ်းရည်ကို ဖော်ထုတ်ခဲ့သည့်အတွက် စွမ်းအား တန်ပြန် သက်ရောက်မှုမှာလည်း အလွန် ကြောက်မက်ဖွယ် ပြင်းထန်လိမ့်မည် ဖြစ်သည်။

ရီဖူရှင်းသည် ထို့အတွက် သူ့အသက်နှင့်ပင် ပေးဆပ်ရပေလိမ့်မည်။

မရေတွက်နိုင်သည့် လူများက ရီဖူရှင်း၏ အခြေအနေကို မျက်စိဒေါက်ထောက် လေ့လာနေကာ ကောလာဟလများ ကလည်း ပျံ့နှံ့နေသည်။

ရီဖူရှင်းသာ သေဆုံးသွားခဲ့လျှင် နောက်ထပ် မုန်တိုင်းတစ်ခုက ဖြစ်ပေါ်လာရန် စောင့်နေလိမ့်မည် ဖြစ်၏။

ထိုအချိန်၌ မည်သည်တို့ ဖြစ်လာမည်လဲဟု လူတိုင်းက စောင့်ကြည့်နေကြသည်။

အနောက်ဘက် ဒေသသည်လည်း ထိုအချိန်အတွင်း ကမောက်ကမ ဖြစ်နေခဲ့၏။

ကျူးကလန်၊ ကျုံးကလန်နှင့် ဝူးကလန်တို့က မဟာမိတ်ဖွဲ့ကာ နန်လိမျိုးနွယ်၊ ကျူးချွယ့်မျိုးနွယ်နှင့် ပေ့လိမျိုးနွယ်တို့ကို ဆန့်ကျင် တိုက်ခိုက်ခဲ့သည်။

သူတို့နှစ်ဖက်လုံးတွင် တိုက်ပွဲပေါင်းများစွာ ဖြစ်ပေါ်ခဲ့သည်။ သူတို့တွင် သေဆုံးသူ အများအပြား ရှိခဲ့ပြီး မည်သူမှ အကောင်းအတိုင်း မကျန်ရစ်ပေ။

ကျူးကလန်သည် ရီဖူရှင်း မည်သည့်အခါမှ နိုးမလာစေဖို့ မျှော်လင့်နေသည်။ သို့ဆိုလျှင် ရီဖူရှင်း ဖွဲ့စည်းထားသည့် မဟာမိတ်များမှာလည်း အလိုလို ပျက်ပြယ်သွားမည် ဖြစ်သည်။

ရီဖူရှင်းသာ ရှိနေသေးလျှင် သူနှင့် မဟာမိတ်ပြုထားသော မျိုးနွယ်သုံးခုမှာ အနာဂတ် မျှော်လင့်ချက်များ ရှိနေဦးမည် ဖြစ်သည်။

ရီဖူရှင်းသာ ပြန်လည် ကောင်းမွန်လာလျှင် ကျူးခုန်နှင့် အခြားလူများမှာ သူတို့အတွက် ကံကြမ္မာ ဆိုးဝင်လာလိမ့်မည် ဖြစ်သည်။

သို့သော်လည်း သူတို့ မည်သူမှ ထွက်မပြေးနိုင်ပေ။ မျိုးနွယ်စုသုံးခုသည် ကြီးမားလှပြီး သူတို့၏ နယ်ပယ်က ကျယ်ပြန့်ပေသည်။ သူတို့အားလုံး ပြောင်းရွှေ့ နေထိုင်နိုင်မည့် နေရာကို ရှာတွေ့နိုင်ရန်မှာ မလွယ်ကူလှပေ။

သွေးနဂါးဘုံသည် ကြီးမားကျယ်ပြန့်သော နေရာဖြစ်သည့် အလျောက် သူတို့မျိုးနွယ်စု သုံးခုက နေထိုင်နိုင်ခဲ့သော်လည်း ထိုနေရာမှလွဲကာ သူတို့၏ ကြီးမားသည့် အင်အားစုကို ပြောင်းရွှေ့နေထိုင်ရန် ဖြစ်နိုင်သည့် နေရာဟူ၍ ရှိမည် မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် သွေးနဂါးဘုံကို စွန့်ခွာ၍ အခြားဘုံသို့ ပြောင်းရွှေ့ရန် မဖြစ်နိုင်ပေ။

ထိုသည်မှာ လက်ခံနိုင်စရာ အကြံဉာဏ်မျိုး မဟုတ်ပေ။

လက်ရှိတွင် သူတို့အားလုံး လုပ်နိုင်သည်မှာ အခြားသော မျိုးနွယ်စုသုံးခုကို ဆက်လက်ဖိအားပေးရန် ဖြစ်ကာ အခြားတစ်ဖက်ကို မြန်မြန်ဆန်ဆန် ဖြိုချပစ်နိုင်ရန် ဖြစ်လေသည်။

ကျူးကလန်နှင့် တခြားမျိုးနွယ်သုံးခုတို့၏ မဟာမိတ်မှာ အလေးသာနေပေသည်။ အဆုံးတွင်တော့ ကျူးခုန်နှင့် ကျုံးလော်သည် ပို၍ အစွမ်းထက်ပေသည်။

သူတို့သာ အခြားမျိုးနွယ်သုံးခုကို ဖြိုခွဲထားနိုင်ခဲ့လျှင် ရီဖူရှင်း နိုးလာလျှင်ပင် သူတို့ကို ကြီးကြီးမားမား ခြိမ်းခြောက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

ထိုနေ့တွင် နန်လိမျိုးနွယ်မှ များပြားလှသည့် တန်ခိုးရှင်များမှာ လေထဲတွင် ရှိနေပြီး အောက်ဘက်ရှိ ရဲတိုက်နေရာ အနှံ့တွင် မျိုးနွယ်ခြောက်ခုမှ လူများက တိုက်ခိုက်နေကြသည်။

“ကျုပ်တို့ မျိုးနွယ်စုကိုးခုက အမြဲတမ်း တစ်ဖက်တည်းအဖြစ် သီးခြား ရပ်တည်ခဲ့ကြတယ်။ ဒါပေမဲ့ မင်းတို့က အပြင်လူကို သစ္စာခံဖို့ ရွေးချယ်ခဲ့ပြီးတော့ မျိုးနွယ်စုကိုးခု မဟာမိတ်ကို ကျောခိုင်းခဲ့တယ်” ကျူးခုန်က ကောင်းကင်ထက်တွင် မားမားမတ်မတ် ရပ်နေပြီး သူ့ခန္ဓာကိုယ်မှ တောက်ပသော အလင်းများ ပေါက်ကွဲထွက်နေသည်။ ထို့နောက် သူက ထပ်ပြောသည်။ “တကယ်လို့ မင်းတို့က ရူးရူးမိုက်မိုက်နဲ့ ခေါင်းမာနေဦးမယ် ဆိုရင် ဒီတိုက်ပွဲက ဘယ်တော့မှ ရပ်တော့မှာ မဟုတ်ဘူး။ မင်းတို့သာ မျိုးနွယ်စုတွေကြားထဲက ချစ်ကြည် ရင်းနှီးမှုကို လျစ်လျူရှုမယ်ဆိုရင် ကျုပ်တို့ကလည်း ဘာမဆိုလုပ်ပြီး မင်းတို့ကို ဖြိုခွဲရလိမ့်မယ်”

ကျူးခုန်နှင့် သူ့လူများအတွက် အချိန် မရှိတော့သောကြောင့် သူတို့ ဖြစ်နိုင်သမျှ မြန်မြန်ဆန်ဆန် အနိုင်ရရှိရန် လိုအပ်ပေသည်။

“ကျူးခုန်၊ မင်းသာ ကိုယ့်အပြစ်ကိုယ် ဝန်ခံပြီး ခွင့်လွှတ်ပေးဖို့ ချန်ယဲ့မြို့က မြို့စားရီကို တောင်းဆိုမယ်ဆိုရင် မင်းရဲ့အပြစ်ကို ခွင့်လွှတ်ပေးကောင်း ပေးနိုင်သေးတယ်” ပေ့လိမျိုးနွယ် ခေါင်းဆောင်က ထပ်ပြောသည်။

“ကျုပ်တို့ မျိုးနွယ်စုကိုးခုက လူတွေပဲ ဘိုးဘေးနယ်မြေကို ဝင်ဖို့ သွေးနဂါးဘုံက လူတွေကို ဖိတ်ခေါ်ခဲ့တာ။ ရီဖူရှင်းက အမွေအနှစ်ကို ဆက်ခံခဲ့ရတယ် ဆိုတာက ကံတရားပဲ။ အဲဒါက အင်ပါယာခွာရဲ့ စွမ်းအားအသိစိတ် ဖြစ်တယ်။ ချန်ယဲ့မြို့မှာ သူ ပြခဲ့တဲ့ စွမ်းဆောင်ရည်တွေကနေ ပြီးတော့ ကြည့်မယ်ဆိုရင် သူက အနာဂတ် အင်ပါယာခွာ တောင်မှ ဖြစ်လာနိုင်သေးတယ်။ ဘာလို့ လမ်းဟောင်းအတိုင်းပဲ လျှောက်ပြီး ခက်ခဲအောင် လုပ်နေရတာလဲ”

“ကျုပ်၊ ကျူးခုန်က တခြားလူကို ဘယ်တော့မှ သစ္စာမခံဘူး” ကျူးခုန်က ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။ သူ့အသံက ထိုနေရာတစ်ခွင်ကို ဖြတ်သန်း ပျံ့နှံ့သွားသည်။ ထို့နောက် သူက တန်ခိုးရှင်များကို ဝေ့ကြည့်ကာ မေးသည်။

“ကျုပ်တို့က မျိုးနွယ်စုကိုးခုက လူတွေပဲ။ အဲဒါတောင် မင်းက တခြားလူကို သစ္စာခံဖို့ ပြောရဲသေးတာလား”

သူက စကားပြောနေသည့် အချိန်မှာ ရုတ်တရက် တစ်ခုခုကို ခံစားမိသည်။ သူက လှည့်ကာ ကြည့်လိုက်၏။

“အဲဒီတော့ ...” အသံတစ်ခုက ကောင်းကင်ထက်မှ ပျံ့လွင့်လာသည်။ လူအများက သူတို့ပေါ်သို့ အလွန်ပြင်းထန်သော ဖိအားတစ်ခု ကျဆင်းလာသည်ကို ခံစားလိုက်ကြရသည်။

မကြာခင်မှာပင် ရုတ်တရက် ပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။ ဤသည်က ကောင်းကင်မှ ဆင်းသက်လာသည့် ကောင်းကင်ဘုံ စစ်တပ်ပင် ဖြစ်သည်။  သူတို့၏ ဖိအားမှာ ဒေသတစ်ခုလုံးကို ပျံ့နှံ့လွှမ်းခြုံ သွားသည်ဟု ခံစားလိုက်ရသည်။

အလွန်လှပသည့် အမျိုးသမီး တစ်ဦးက ထိုတန်ခိုးရှင်များ၏ အလယ်တွင် ရပ်နေသည်။ ထိုသူမှာ အခြားမဟုတ်ဘဲ အင်ပါယာရှားဘုံမှ မင်းသမီး ရှားရှင်းယွန်ပင် ဖြစ်တော့သည်။

“အင်ပါယာရှားဘုံ” ကျူးခုန်က သူမ၏ ဘေးမှ ထိပ်သီးပုဂ္ဂိုလ်များကို ကြည့်လိုက်၏။ ခဏချင်းအတွင်းမှာပင် သူ၏ အမူအရာက မည်းမှောင် သွားခဲ့သည်။

ရှားရှင်းယွန်သည် အင်ပါယာရှားဘုံမှ စစ်ကူများ ခေါ်လာခဲ့သည်။ ထို့အပြင် ပြန်လည်မွေးဖွားခြင်း အဆင့် အမြောက်အမြား ပါဝင်လေသည်။

“ဒီနေ့မှာ အညံ့ခံဖို့ တွေဝေနေတဲ့ ဘယ်သူမဆို အမေးအမြန်းမရှိ သုတ်သင်ခြင်းကို ခံရမယ်” ရှားရှင်းယွန်၏ အသံက ရေခဲရိုက်ထားသလို အေးစက်နေသည်။ တခြားတစ်ယောက်ကို သစ္စာမခံလိုဟု သူ ပြောခဲ့သည်လား။

***

All Chapters