← Chapters

မဟာမိတ်ခေါင်းဆောင်

Vol. 106 Ch. 1387

မဟာမိတ်ခေါင်းဆောင်

Vol. 106 Ch. 1387

“ဒါ ဘာကောင်းကင်နတ်သိုင်းလဲ”

ကောင်းကင်နတ်အရှင်ဟုန်မှာ နားမလည်နိုင် ဖြစ်နေသည်။ တာအိုနှလုံးသားကို သုံး၍ ငရဲကိုးထပ်စင်မြင့်မှ လွတ်မြောက်ရန် ကြိုးစားနေသော်လည်း သူ၏တာအိုနှလုံးသား လှုပ်ရှားလိုက်တိုင်း ငရဲကိုးထပ်စင်မြင့်တွင် မရေမတွက်နိုင်သော ဆူးချွန်များ ထွက်လာကာ သူ၏တာအိုနှလုံးသားအား ရုန်းမထွက်နိုင်အောင် ဖြစ်နေစေသည်။

သူ၏ တာအိုနှလုံးသားသည် စူးရှသော နာကျင်မှုကို ခံစားနေရ၏။

ချင်မူ၏ ငရဲကိုးထပ်နှလုံးသားအချုပ်အနှောင်တာအိုသည် သူ၏သိုင်းအခြေခံကို မချုပ်နှောင်နိုင်သည့်တိုင် တာအိုနှလုံးသားကိုတော့ ချုပ်နှောင်နိုင်ခဲ့၏။

သူ၏သိုင်းအခြေခံမှာ ခိုင်မာလွန်းသောကြောင့် အစစ်အမှန် ငရဲကိုးထပ်စင်မြင့်ပင်လျှင် သူ့ကို မည်သို့မျှမလုပ်နိုင်လေရာ ဘိုးဘေးနန်းတော်၏ အနောက်ဘက်ရှိ ငရဲကိုးထပ်စင်မြင့်မှ အခြေခံထားသော ချင်မူ၏ ကောင်းကင်နတ်သိုင်းဆိုလျှင်တောင် ထည့်တွက်စရာပင် မလိုချေ။

သို့သော် ငရဲကိုးထပ်နှလုံးသားအချုပ်အနှောင်တာအိုက သူ၏သိုင်းအခြေခံကို ပစ်မှတ်မထားဘဲ တာအိုနှလုံးသားကို ပစ်မှတ်ထားခဲ့သည်။ လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲရှိ တာအိုနှလုံးသားမှာ သိုင်းအခြေခံလောက် မခိုင်မာသော်လည်း အလွန်တရာ အရေးပါသည်။

ကောင်းကင်ရတနာကျင့်စဉ်စနစ်နှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်မှာ သိုင်းအခြေခံနှင့် မှော်စွမ်းအင်ကို မြှင့်တင်ပေးသည်။ ခွန်အားကို အလေးထားသဖြင့် တာအိုနှလုံးသားမှာ ခွန်အားအတွက် အရေးမပါပေ။

သို့သော် ခိုင်ဧကရာဇ်သည် တာအိုကျင့်စဉ်စနစ်ကို တီထွင်ခဲ့၏။

မဟာတာအိုအပေါ် နားလည်သိမြင်ခြင်းအပြင် တာအိုအခြေခံတိုးတက်လာမှုကလည်း တာအိုနှလုံးသားအပေါ် သက်ရောက်မှုများစွာ ရှိသည်။

တစ်လောကလုံးတွင် တာအိုနှလုံသားအခိုင်မာဆုံးသူမှာ ခိုင်ဧကရာဇ် ဖြစ်ပြီး ထို့ကြောင့်သာ သူသည် ကောင်းကင်ဘုံ ၃၄ ဘုံ တာအိုအဆင့်ဖြင့် ကောင်းကင်နတ်အရှင်ဆယ်ပါးနှင့် ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်ခြင်း ဖြစ်၏။ ချင်မူက ကောင်းကင်နတ်အရှင်ဟုန်၏ တာအိုနှလုံးသားကို ချုပ်နှောင်နိုင်ခဲ့ရာ ကောင်းကင်နတ်အရှင်ဟုန်၏ တာအိုအဆင့်တိုးတက်မှုများမှာလည်း ချုပ်နှောင်ခံလိုက်ရ‌သောကြောင့် သူ့အနေဖြင့် တာအိုအဆင့်သို့ မဝင်ရောက်နိုင်‌တော့‌ပေ။

ကောင်းကင်တာအိုအပေါ် သူ၏ သိမြင်နားလည်မှုသည် တာအိုအဆင့်၏ ကောင်းကင်ဘုံ ၂၄ ဘုံသို့ ရောက်ရှိတော့မှသာ ချင်မူ၏ တာအိုနှလုံသားအချုပ်အနှောင်မှ လွတ်မြောက်နိုင်ပေလိမ့်မည်။

သို့ရာတွင် ကောင်းကင်နတ်အရှင်ဟုန်သည် ခိုင်ဧကရာဇ်ခေတ်၏ ကာကွယ်စောင့်ရှောက်သူဖြစ်၍ ခိုင်ဧကရာဇ်ခေတ်၏ အသီးအပွင့်များကို ရရှိခံစားခဲ့ရသည့်တိုင် တာအိုနှလုံးသားနှင့် တာအိုစနစ်ကြားရှိ ဆက်နွယ်မှုကို ကောင်းကောင်းမသိချေ။

တာအိုနှလုံးသား ချုပ်နှောင်ခံလိုက်ရသည့် အဓိပ္ပာယ်ကို သူ မသိပေ။

ပြောရလျှင် တာအိုကျင့်စဉ်စနစ်သည် တည်ထောင်ကာစ အခြေအနေ၌သာ ရှိနေသေးသောကြောင့် မည်သူမှ ပြီးပြည့်စုံသော တာအိုအဆင့်သို့ မရောက်ရှိကြသေးပေ။ ချင်မူ၏ ငရဲကိုးထပ် နှလုံးသားအချုပ်အနှောင်တာအိုမှာလည်း လောလောလတ်လတ်မှ ဖန်တီးထားသည့် ကောင်းကင်နတ်သိုင်းတစ်ခု ဖြစ်ကာ ယခုမှ ပထမဆုံးအကြိမ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

တာအိုနှလုံးသား ချုပ်နှောင်ခံထားရသည်မှလွဲ၍ တခြားနေရာများ၌ လွဲမှားနေသလို မခံစားရသည့်အပြင် အားနည်းလာခြင်းလည်း မရှိပေ။

ဤသို့အားနည်းမှုများသည် တာအိုနှလုံးသားအခြေခံတွင် ဖြစ်ပေါ်သဖြင့် ယခုတွင် ခံစားရလိမ့်မည်မဟုတ်ချေ။ သို့သော် ကောင်းကင်နတ်အရှင်ဟုန်သာ ဒဏ်ရာရသွားပြီး သိုင်းအခြေခံ ထိခိုက်သွားပါက သူ၏ချီစွမ်းအင်၊ အသိစိတ်အလျဉ်၊ မူလဝိညာဉ်နှင့် ရုပ်ခန္ဓာတို့အားလုံးမှာ တာအိုနှလုံးသားကြောင့် ချုပ်နှောင်ခံလိုက်ရပြီး အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်တော့မည် မဟုတ်ပေ။

သူ ဒဏ်ရာမရလျှင် မည်သည်မှ ဖြစ်ပွားလိမ့်မည်မဟုတ်။ ချင်မူ သူ၏တာအိုနှလုံးသားကို ချုပ်နှောင်ထားခြင်းသာ ဖြစ်ပေလိမ့်မည်။

သို့သော် ဒဏ်ရာရသည်နှင့် ဘယ်တော့မှ ပြန်လည်သက်သာလာတော့မည် မဟုတ်ပေ။

ဤသည်က တာအိုကျင့်စဉ်စနစ်၏ ကောင်းကင်ဘုံ ၂၅ ဘုံအဆင့်တွင် ရှိသော ချင်မူ့ကောင်းကင်နတ်သိုင်း၏ စွမ်းအားပင်။

“ဘာလို့ ကောင်းကင်နတ်အရှင်မူက ကောင်းကင်နတ်အရှင်ဟုန်နဲ့ ကတောက်ကဆ ထဖြစ်တာလဲ”

ယွင်ချွီးရှို့က လျှောက်လာသည်။ ထိုကလေးမလေး၏ ကျစ်ဆံမြီးနှစ်ဖက်မှာ ဘယ်ညာခါရမ်းနေပြန်၏။ သူမက ပြုံးလျက် မေးသည်။ “အဲ့အဘိုးကြီးက အမြဲသဘောကောင်းပါတယ်… နင် ဘာများ ရန်သွားစလိုက်တာလဲ”

ရုတ်တရက် ချင်မူ၏ မျက်လုံး၊ နားရွက်၊ ပါးစပ်နှင့် နှာခေါင်းမှ သွေးများ စီးကျလာသည်။ ယွင်ချွီးရှို့မှာ အလန့်တကြား ထခုန်ကာ အော်လိုက်၏။ “အခုလေးတင် နင့်ပုံစံက ဘာဒဏ်ရာမှ မရခဲ့တဲ့ပုံပါ…. ပြာကျသွားတာတောင် ပြန်မွေးဖွားလာနိုင်တာပဲ… အခုမှ ဘာလို့ သေတော့မယ့်ပုံ ပေါက်နေတာလဲ”

“သေတော့မှာ ခင်ဗျားလေ”

ချင်မူက အေးစက်စက် နှာမှုတ်လိုက်သည်။ “ကျွန်တော်က ကောင်းကင်နတ်အရှင်ဟုန်ကြောင့် ဒဏ်ရာရသွားတာ… ကျွန်တော့်ရုပ်ခန္ဓာနဲ့ မူလဝိညာဉ်က ပြန်သက်သာလာပေမယ့် သူ့ကောင်းကင်နတ်သိုင်းတွေက စွမ်အားကြီးလွန်းတော့ တာအိုဒဏ်ရာတချို့ ကျန်ခဲ့တယ်… အဲ့ဒါတွေက မကြာမကြာ ကျွန်တော့်ရဲ့ရုပ်ခန္ဓာနဲ့ မူလဝိညာဉ်ကို ထိခိုက်စေတယ်…” သူက မှင်သေသေ ပြောသည်။ “ဒါပေမဲ့ အဆင်ပြေပါတယ်… ကျွန်တော် ဆေးတာအိုကောင်းကင်နန်းဆောင်ကို ကျင့်ကြံပြီးပြီဆိုတော့ ဒီတာအိုဒဏ်ရာလေးလောက်က ပြဿနာမရှိဘူး”

ယွင်ချွီးရှို့က သူ့နားနှစ်ဖက်မှ စီးကျနေသော သွေးစီးကြောင်းနှစ်ကြောင်း နှင့် မျက်၀န်းများမှ စီးကျနေသည့် သွေးစီးကြောင်းတို့အား စိုက်ကြည့်နေသည်။ သူ့နှာခေါင်းမှလည်း သွေးများစီးကျနေသဖြင့် သူမက သူ့ခန္ဓာကိုယ်အောက်ပိုင်းဆီသို့ မသိမသာ ကြည့်လိုက်၏။

ချင်မူ ဒေါသထွက်သွားသည်။ “ဘာကြည့်တုန်း”

ယွင်ချွီးရှို့က လှစ်ခနဲ ပြုံးလိုက်၏။ “အောက်မှာရော သွေးစီးကျနေလားလို့ ကြည့်တာပါဟယ် … ဒါပေမဲ့ ကံမကောင်းစွာနဲ့ စီးကျမနေဘူး”

ချင်မူက ဟမ့်ခနဲ နှာခေါင်းရှုံ့လိုက်ရင်း မေးသည်။ “ခင်ဗျား ဘာလို့ ဒီကိုယ်ပွားနဲ့ ရောက်နေရတာလဲ…. ကောင်းကင်မဟာမိတ်အစည်းအဝေးအတွက် အနည်းဆုံး သခင်မယွမ်မုရဲ့ ခန္ဓာကိုယ်ကို သုံးသင့်တာပေါ့… မဟုတ်ရင် လေးစားကြမှာမဟုတ်ဘူး… ခင်ဗျား ခန္ဓာကိုယ်ကို ပြန်ယူပြီးပြီမလား”

“ဒါပေါ့”

ယွင်ချွီးရှို့က မှင်သေသေ ပြောသည်။ “နင် ကောင်းကင်နတ်အရှင်ရုံ ငါ့ရုပ်ခန္ဓာနဲ့ ငါ့ကို ခြိမ်းခြောက်နိုင်အောင် အကြံပေးလိုက်တယ်လေ…. မြေအောက်ဘုံအရှင်သခင်ရဲ့ လက်ထဲက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ပြုပြင်ပေးရုံကလွဲပြီး ရွေးချယ်စရာမရှိအောင်လည်း လုပ်ခဲ့တယ်လေ…. ငါ့ရဲ့ရုပ်ခန္ဓာကိုသာ ပြန်မယူရင် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာတစ်ခုလုံး သေနေပြီပဲ”

“ခင်ဗျားလည်း ကျွန်တော့်ကို ထောင်ချောက်ဆင်ခဲ့တယ်မလား… ကောင်းကင်နတ်အရှင်ကုန်း၊ နတ်ဧကရာဇ်လန်ရွှမ်နဲ့ နတ်အရှင်မချန်းတို့ ကျွန်တော့်ဆီ လာပြီး အရေခွံဆုတ်သွားကြတယ်”

ချင်မူက ဆေးတာအိုကောင်းကင်နတ်သိုင်းကို အသက်သွင်း၍ သူ၏တာအိုဒဏ်ရာများအား ဖိနှိပ်ရင်း ဖြည်းဖြည်းချင်း ကုသနေသည်။ သူ၏ တာအိုဒဏ်ရာများမှာ ပြင်းထန်သော်လည်း ကောင်းကင်နတ်အရှင်ဟုန်သည် သူ မသေအောင် ‌ခွန်အားအပြည့်အ၀ မသုံးခဲ့သဖြင့် ဆေးတာအိုကောင်းကင်နန်းဆောင်က ကုသပေးနိုင်သေး၏။

ဆေးဆရာ ဆေးတာအိုကောင်းကင်နန်းဆောင်၏ ခွန်အားကို ထုတ်ဖော်ပြသ၍ အသက်သွင်းကာ ကောင်းကင်နတ်အရှင်ယွဲ့ကို ကုသပေးခဲ့ချိန်မှစ၍ ချင်မူ၏ ဆေးပညာအောင်မြင်မှုများမှာလည်း နေ့စဉ်နှင့်အမျှ တိုးတက်လာခဲ့သည်။

ဆေးဆရာ၏ ဆေးလမ်းစဉ်နှင့် ဆေးတာအိုကောင်းကင်နန်းဆောင်တို့သည် အင်မတန် ထူးကဲဆန်းကြယ်သည်။ ဖန်ဆင်းခြင်းလမ်းစဉ်ပင်လျှင် မယှဉ်နိုင်ချေ။

ယွင်ချွီးရှို့က သက်ပြင်းချသည်။ “ငါ အရှင်မယွမ်မုရဲ့ ရုပ်ခန္ဓာနဲ့ ဒီအစည်းအဝေးကို တက်လို့မရဘူး….” သူမက နာကျည်းခါးသီးစွာ ပြောပြ၏။ “ရှစ်ချီလော်ကိုလည်း တိုက်ရိုက်သုံးလို့မရဘူး… ကောင်းကင်နတ်အရှင်ဆယ်ပါးက အကောက်ကြံလာရင် ငါ့ရဲ့ ရုပ်ခန္ဓာနဲ့ အသက်ကို ဆုံးရှုံးရမှာလေ… ဒါကြောင့် ဒီခန္ဓာကိုယ်နဲ့ အရင် အစည်းအဝေးတက်လာတာပဲ… အားလုံး အတည်တကျဖြစ်သွားမှ ငါ ပေါ်လာရင်လည်း နောက်မကျသေးပါဘူး”

သူတို့နှစ်ယောက်သား နဂါးသွဲ့ရေကန်အဆောက်အဦဆီသို့ လျှောက်လာကြသည်။ ချင်မူသည် သွေးများစီးကျမနေတော့ဘဲ သူ၏ဒဏ်ရာများမှာလည်း အနည်းငယ် သက်သာလာနေ၏။ သို့သော် သူ၏မျက်နှာမှာ အနည်းငယ်ယောင်နေသေးပြီး သူက နောင်များဖြင့် သက်ပြင်းချလိုက်သည်။ “အရင်က ကျွန်တော် ဒီရောက်လာပြီး ခင်ဗျားရဲ့သား ကောင်းကင်နတ်အရှင်ဟောင်ကို ရိုက်နှက်ခဲ့တာနော်… တိုက်ပွဲက အရှေ့က ခန်းမဆီကနေ စခဲ့တာပေါ့”

ယွင်ချွီးရှို့ကလည်း အတိတ်ကို ပြန်တမ်းတကာ သက်ပြင်းချလိုက်သည်။ “နင် သူ့ကို မသတ်နိုင်ခဲ့တာ နှမြောစရာပဲ… နင့်စွမ်းဆောင်နိုင်စွမ်းတွေက အားနည်းလွန်းတယ်လေ…. နင်သာ သတ်ခဲ့ရင် အနာဂတ်မှာ ဘာပြဿနာမှ ရှိလာမှာမဟုတ်ဘူး”

ချင်မူက ဒေါသတကြီး အော်သည်။ “အဲ့ဒီတုန်းက ကျွန်တော့်ကို တားခဲ့တာ ခင်ဗျား မဟုတ်ဘူးလား…”

ယွင်ချွီးရှို့က ချက်ချင်း အသနားခံသည်။ “အဲ့ဒီအချိန်တုန်းက ငါ့ရဲ့ သားဦးလေးဆိုတော့ ကာကွယ်ပေးချင်ခဲ့တာပါ… နင် သိပ်ရဲရင့်ပြီး ငါ့သားကို ရိုက်နေတာ မြင်ရတော့ သိပ်စိတ်ပူခဲ့မိတာပေါ့… နင်က အဲ့ဒီတုန်းက တော်တော်လေး စွမ်းတယ်လေ… နှလုံးသားနူးညံ့တဲ့ အမေတစ်ယောက်အနေနဲ့ စိတ်ပူလောင်မိခဲ့တာပါ…”

ချင်မူမှာ ဆွံ့‌အသွားသည်။ ဤမိန်းကလေးသည် အမှန်ပြောနေခြင်းမဟုတ်ပေ။ တော်တော့ တော်သေးသည် ဤမိန်းကလေး လိမ်ပြောသည်ကို နားထောင်ရခြင်းက ရှစ်ချီလော် ရုပ်ကြမ်းကြီးဖြင့် နွဲ့နေသည်ကို နားထောင်ရခြင်းထက် ခံသာသေး၏။

သူတို့နှစ်ယောက်သား အရှေ့ရှိ ခန်းမကို ဖြတ်ကာ ကောင်းကင်နတ်အရှင်ခန်းမဆီသို့ ရောက်လာသည်။

ယွင်ချွီးရှို့မှာ အနည်းငယ် စိတ်လှုပ်ရှားနေပြီး သူ့အင်္ကျီလက်စကို ဆုပ်ကိုင်လာ၏။ ချင်မူက ချက်ချင်း ရုန်းလိုက်သည်။ အရှင်မယွမ်မုသည် ဖျက်ဆီးတတ်သော ရှေးဟောင်းနတ်ဘုရားမတစ်ပါး ဖြစ်သည့်အလျောက် သူမ၏ပြောစကားများသာမက မျက်နှာအမူအရာကိုပါ ယုံကြည်၍မရပေ။

'ဒီမိန်းမက ကောက်ကျစ်ရင် သူ့ကိုယ်သူတောင် လိမ်သေးတာ… ဘာမှစိတ်လှုပ်ရှားနေတာမဟုတ်ဘူး… သက်သက်မဲ့ ဟန်ဆောင်နေတာ…”

သူတို့နှစ်ယောက် ‌ခန်းမထဲသို့ လျှောက်လာသည့်အခါ ဟောင်၊ ဟွေ့၊ ရှု၊ နတ်ဧကရာဇ်လန်ရွှမ်၊ ရှေးဟောင်းနတ်ဘုရားဘုရင်၊ ကုန်း၊ ချန်းနှင့် ယန်တို့ဖြစ်သည့် ကောင်းကင်နတ်အရှင်ရှစ်ပါးသည် ရောက်နေကြပြီးဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူတို့က အသီးသီး နေရာယူထားကြပြီး အတန်းနှစ်တန်း ခွဲထိုင်နေ၏။

အလယ်တွင် ထိုင်ရန် အခင်းငါးခင်း နေရာချထားပြီး အခင်းငါးခင်းကား ကောင်းကင်မဟာမိတ်အဖွဲ့အား တည်ထောင်ခဲ့သော ပုဂ္ဂိုလ်ငါးယောက်ကို ကိုယ်စားပြုသည်။

ကောင်းကင်နတ်အရှင်ဟောင်က ဘယ်ဘက်ရှိ ပထမခုံတွင် ထိုင်နေပြီး ညာဘက်ရှိ ခုံမှာတော့ ဗလာဖြစ်နေ၏။ ၎င်းက ကောင်းကင်နတ်အရှင်ရှောင်၏ နေရာဖြစ်ပေလိမ့်မည်။ ကောင်းကင်နတ်အရှင်ရှောင်သည် နှင်ထုတ်ခံခဲ့ရသည့်တိုင်‌ ကောင်းကင်နတ်အရှင်ဆယ်ပါး၏ ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်နေသေးသည်။

အကြည့်အားလုံးက ချင်မူနှင့် ယွင်ချွီးရှို့အပေါ် ကျရောက်လာ၏။ ချင်မူက အသာအယာပြုံးလိုက်ရင်း ပင်မထိုင်ခုံရှိ အခင်းငါးခင်းရှိရာသို့ လျှောက်သွားသည်။

“ဒီမှာနေခဲ့ပါ”

ကောင်းကင်နတ်အရှင်ဟောင်၏ အကြည့်က ယွင်ချွီးရှို့ထံမှ ချင်မူ့ဆီသို့ ရောက်လာသည်။ သူက မှင်သေသေ ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ တာအိုမိတ်ဆွေအတော်များများက မင်းကို ငါတို့အင်အားစုထဲ ၀င်ရောက်ခွင့်ပေးဖို့ တောင်းဆိုခဲ့ကြတယ်… ဆိုတော့ ငါ့အနေနဲ့ ငြင်းဖို့ အဆင်မပြေဘူး… မင်း ပင်မခုံမှာ ထိုင်သရွေ့ ငါတို့ထဲက တစ်ယောက်ဖြစ်လာလိမ့်မယ်… ဘိုးဘေးနန်းတော်နဲ့ ဘိုးဘေးနန်းတော်အနောက်ဘက်ရဲ့ အကျိုးအမြတ်တွေမှာလည်း ဝေစုတစ်စု ရမယ်… ဒါပေမဲ့ မင်းက ဘာအကျိုးမှ သယ်ပိုးခဲ့တာမရှိတော့ အနာဂတ်မှာ ကောင်းကင်မဟာမိတ်အဖွဲ့အတွက် အပြစ်ခံပေးရသူ ဖြစ်လာလိမ့်မယ်…. မင်း သေချာစဉ်းစားပါ”

ချင်မူက တဟားဟား ရယ်ရင်း ပင်မခုံဆီသို့ ဆက်လျှောက်သွားနေသည်။ “ခင်ဗျား ပြောတာ မမှားပါဘူး… ကျုပ်က အားနည်းတယ်… အပြစ်ပုံချတာမခံရင် ခင်ဗျားတို့နဲ့အတူ အကျိုးအမြတ်တွေ ခွဲယူဖို့ အရည်အချင်းမပြည့်မှီဘူး… ဒီတော့ ကောင်းကင်မဟာမိတ်အဖွဲ့အတွက် နာမည်ခံပါ့မယ်”

သူက အခင်းငါးခု၏ အလယ်အခင်းဆီသို့ လျှောက်သွား၍ သူ့အင်္ကျီကို ခါကာ ထိုင်ချလိုက်သည်။ သူ့မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးက ပွင့်လာပြီး ထိုင်နေကြသည့် ကောင်းကင်နတ်အရှင်များအား ကြည့်လိုက်၏။

ကောင်းကင်နတ်အရှင်ဟုန်က လျှောက်လာပြီး သူ၏အခင်း၌ ဝင်ထိုင်သည်။ သူက ပြုံးလျက် ပြော၏။ “ကောင်းကင်နတ်အရှင်မူက မြန်လိုက်တာ… လူငယ်ဆိုတော့လည်း သွက်လက်နေတာပဲ”

ကောင်းကင်နတ်အရှင်ဟောင်က ခပ်ဩဩ ပြောသည်။ “တာအိုမိတ်ဆွေဟုန်လည်း ရောက်လာပြီဆိုတော့ ကောင်းကင်မဟာမိတ်အစည်းအဝေး စလိုက်ကြစို့… ကောင်းကင်နတ်အရှင်ရှောင်က မလာနိုင်ဘူး… ကျုပ်တို့မှာ အဖွဲ့၀င်အသစ် ရှိတယ်…. ကောင်းကင်နတ်ဘုံသား ရှစ်ချီလော်ပဲ… သူက ထူးချွန်တဲ့အပြင် ရည်မှန်းချက်လည်း ကြီးတယ်… သူ့ရဲ့သိုင်းအခြေခံက ကျုပ်တို့ထက် အားမနည်းဘူးဆိုတော့ အစည်းအဝေးမှာ ပါဝင်လို့ရတယ်… အားလုံးပဲ ဘယ်လိုထင်ကြပါသလဲ”

ယွင်ချွီးရှို့က ခန်းမအလယ်ဗဟိုတွင် ရပ်နေပြီး တစ်ဖက်တစ်ချက်စီတွင် ကောင်းကင်နတ်အရှင်ကိုးပါးရှိ၏။ သူတို့အားလုံးက ယွင်ချွီးရှို့အား လှမ်းကြည့်နေကြသည်။

ကောင်းကင်နတ်အရှင်ဟွေ့က နှာခေါင်းရှုံ့လေသည်။ “ဘယ်လိုစွမ်းဆောင်ရည်မျိုးကြောင့် အရှင်မယွမ်မုက ကောင်းကင်နတ်အရှင်နေရာမှာ ထိုင်ဖို့ အရည်အချင်း ပြည့်မီတာလဲ”

ကောင်းကင်နတ်အရှင်ဟုန်က ချောင်းဟန့်သည်။ “ကျုပ်တို့ကောင်းကင်နတ်အရှင်တွေဟာ ကျုပ်တို့မူလဇစ်မြစ်တွေကို မေးခွန်းမထုတ်ပါဘူး…. မေးခွန်းထုတ်နေမယ်ဆိုရင် တစ်လောကလုံးကို ပြောင်းလဲနိုင်မယ့် အင်အားတစ်စု စုစည်းနိုင်မှာ မဟုတ်ဘူး”

ကောင်းကင်နတ်အရှင်ဟွေ့က မျက်ခုံးပင့်ကာ နှာမှုတ်လိုက်သည်။ “ကျွန်တော်က ရှေးဟောင်းနတ်ဘုရားဘုရင် ကောင်းကင်နတ်အရှင်နေရာမှာ ဝင်ထိုင်တာကို သဘောမတူတဲ့ ပထမဆုံးသူပဲ”

ကောင်းကင်နတ်အရှင်ဟောင်က ဝင်ပြော၏။ “အရှင်မယွမ်မုက ကျုပ်ရဲ့အမေပါ… ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

ကောင်းကင်နတ်အရှင်ဟွေ့မှာ တခဏ တုံ့ဆိုင်းသွားပြီးနောက် အနည်းငယ်ဦးညွှတ်အရိုအသေပေးလိုက်သည်။ “ကျုပ် အလျင်လိုသွားတယ်… အရှင်မယွမ်မုက သေသွားပြီဆိုတော့ ရှေးဟောင်းနတ်ဘုရား မဟုတ်တော့ဘူး… တာအိုနောင်တော်ရှစ်ချီလော်၊ ကျုပ် ရိုင်းစိုင်းပြီး မခန့်လေးစားပြုမိပါတယ်… ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

ရှေးဟောင်းနတ်ဘုရားဘုရင်က ယွင်ချွီးရှို့ဆီ တစ်ချက်လှမ်းကြည့်သည်။ “ကောင်းကင်နတ်အရှင်ဟွေ့က ရှစ်ချီလော်ကို တာအိုနောင်တော်လို့ ခေါ်မှတော့ ကျုပ်လည်း သဘောမတူဘဲ မနေဝံ့ပါဘူး” သူက မှင်သေသေ ဆက်ပြော၏။ “အရှင်မယွမ်မုက ကောင်းကင်နတ်အရှင်လင်ကြောင့် သေဆုံးခဲ့ရပြီး ရှစ်ချီလော် ဖြစ်လာခဲ့တယ်…. ရှစ်ချီလော်က ကျုပ်တို့ထက် အသက်ငယ်တော့ သိုင်းအခြေခံ ဘယ်လောက်ရှိထားသလဲ… ကောင်းကင်နတ်အရှင်ဆယ်ပါးဆိုတာ သနားဖို့ကောင်းတာနဲ့တင် ဝင်လို့ရတဲ့အဖွဲ့အစည်းတစ်ခု မဟုတ်ဘူး .. ကောင်းကင်နတ်အရှင်မူကို ဝင်ခွင့်ပေးခဲ့တာက ခြွင်းချက်တစ်ခု ဖြစ်တဲ့အတွက် နောက်ထပ် ထပ်လုပ်လို့မရတော့ဘူး.. ကောင်းကင်နတ်အရှင်မူ၊ ငါက ပွင့်လင်းတဲ့သူတစ်ယောက်ပါ… မင်းကို ရန်စနေတာမဟုတ်ဘူး”

ချင်မူက ပြုံးလျက် အေးဆေးစွာ တုံ့ပြန်သည်။ “ခင်ဗျားက ပွင့်လင်းတဲ့သူတစ်ယောက်မှန်း ကျွန်တော် သိထားပြီးသားပါ… စိတ်ထဲမထားပါဘူး.. ကျွန်တော်လည်း ရှစ်ချီလော်မှာ ဘယ်လိုစွမ်းဆောင်ရည်မျိုး ပိုင်ဆိုင်ထားသလဲ သိချင်မိတယ်”

ယွင်ချွီးရှို့က ဟိုဟိုသည်သည် ကြည့်ပြီးနောက် ရုတ်တရက် တခစ်ခစ် ထရယ်၏။ “ငါ့ရဲ့သိုင်းအခြေခံက နင်တို့နဲ့ နှိုင်းယှဉ်လို့မရပါဘူး… ဒါပေမဲ့ ငါ့မှာ ကောင်းကင်လက်နက်သုံးခု ရှိတယ်… ကောင်းကင်နတ်အရှင်ယွီလည်း ပါတာပေါ့… ဒီတော့ ငါ့ကိုကောင်းကင်နတ်အရှင်အဖြစ် သတ်မှတ်လို့ရပြီလား”

သူမ ထိုသို့ပြောလိုက်သည်နှင့် အားလုံး မျက်နှာပျက်သွားကြသည်။

အရှင်မယွမ်မုသည် ရှစ်ချီလော်အဖြစ် လူဝင်စားကာ ဖန်ဆင်းဂိုဏ်းချုပ်ကောင်းကင်နန်းတော်ကို ထိန်းချုပ်ထား၏။ ဤနှစ်များအတွင်း သူမသည် မရေမတွက်နိုင်သောကုန်ကြမ်းပစ္စည်းများကို ဖြတ်ယူကာ သူမကိုယ်တိုင်အတွက် ကောင်းကင်လက်နက်သုံးခု သွန်းလုပ်ထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ဖန်ဆင်းဂိုဏ်းချုပ်ကောင်းကင်နန်းတော်က ကောင်းကင်လက်နက်များ၊ သင်္ဘောများနှင့် ကောင်းကင်နန်းဆောင်များ ထုတ်လုပ်ခြင်းကိုပင် တာဝန်ယူထားသည်။ ကောင်းကင်နတ်အရှင်များသည် ၎င်းတို့ကို ပြုပြင်တည်ဆောက်ချင်ပါက ဖန်ဆင်းဂိုဏ်းချုပ်ကောင်းကင်နန်းဆောင်အား အားကိုးရလေ၏။

ဤနှစ်အတွင်း ဖန်ဆင်းဂိုဏ်းချုပ်ကောင်းကင်နန်းတော်မှာ အံ့မခန်းလိလိ ချမ်းသာကြွယ်ဝလာခဲ့သည်။ ကောင်းကင်လက်နက်များ၊ သင်္ဘောများနှင့် စွမ်းအင်အကူးအပြောင်းတံတားများ တည်ဆောက်သည့် လုပ်ငန်းကို ဈေးသက်သက်သက်သာဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီသို့ အပ်နှံခဲ့သော်လည်း ကောင်းကင်နတ်ဘုံမှ ပြန်တောင်းသည့်စျေးများကတော့ နှစ်ဆတိုးသွားခဲ့၏။

ကောင်းကင်နတ်အရှင်အားလုံးသည် ရှစ်ချီလော် လောဘကြီးကြောင်း သိထားကြသော်လည်း ဤမျှလောဘကြီးလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။ သူသည် ရရှိခဲ့သော ရတနာများကို အသုံးပြု၍ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီသုံးခုကို ဖန်တီးခဲ့ချေပြီ။

ပို၍ကြောက်စရာကောင်းသည်က ကောင်းကင်လက်နက်သုံးခုသာ ရှိသည်ဟု ပြောခဲ့သဖြင့် ကောင်းကင်နတ်အရှင်များမှာ သတိကြီးသွားကြ၏။ အတိအကျမည်မျှရှိမှန်း မည်သူမှ မသိနိုင်‌ပေ။

ရုတ်တရက် ရှေးဟောင်းနတ်ဘုရားဘုရင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ရှစ်ချီလော် ကောင်းကင်နတ်အရှင် ဖြစ်လာတာကို ကျုပ်အနေနဲ့ ကန့်ကွက်စရာ မရှိဘူး”

အခြားကောင်းကင်နတ်အရှင်များကလည်း ခေါင်းညိတ်ကြသည်။ “ကန့်ကွက်စရာမရှိပါဘူး”

ကောင်းကင်နတ်အရှင်ဟောင်က ချင်မူ့ကို ကြည့်ကာ တည်တည်လေးနက်စွာ မေးသည်။ “မဟာမိတ်ခေါင်းဆောင်ရော ဘယ်လိုထင်ပါသလဲ”

ချင်မူက ပြုံးလျက် ခေါင်းညိတ်လိုက်၏။ “ကောင်းကင်နတ်အရှင်ရှစ်၊ ကျေးဇူးပြုပြီး ထိုင်ပါ”

ယွင်ချွီးရှို့က ဦးညွှတ်၍ နေရာယူလိုက်သည်။

ကောင်းကင်နတ်အရှင်ဟောင်က ပြော၏။ “ကောင်းကင်နတ်အရှင်ရှစ်က ဘိုးဘေးနန်းတော်ရဲ့ အကျိုးအမြတ်တွေထဲက ဝေစုတစ်စု ရပါမယ်… ဘိုးဘေးနန်းတော်အနောက်ဘက်က အကျိုးအမြတ်တွေဆီကလည်း ဝေစုရပါလိမ့်မယ်… လုံရှောင်နဲ့ တခြားသားရဲတွေအတွက် ဘာများ ပြောချင်ကြတာ ရှိပါသေးသလဲ”

ခန်းမထဲရှိ ကောင်းကင်နတ်အရှင်အားလုံး မထိတထိ ပြုံးလိုက်ကြသည်။

ကောင်းကင်နတ်အရှင်ဟောင်က ချောင်းဟန့်၍ တည်ကြည်လေးနက်စွာ ဝင်မေး၏။ “သားရဲကမ္ဘာအကြောင်း သတင်းဖြန့်ခဲ့တာက မဟာမိတ်ခေါင်းဆောင်ဆိုတော့… မဟာမိတ်ခေါင်းဆောင် ဘယ်လိုတွေးထားပါသလဲ”

ချင်မူက ပြုံးသည်။ “ဒီကိစ္စက တော်တော်လေးကောင်းပါတယ်… ကျုပ်တို့ သားရဲတွေကို ဘိုးဘေးနန်းတော်အနောက်ဘက်မှာ နေခိုင်းလိုက်ရင် အသိစိတ်အလျဉ်အားကောင်းတဲ့သူတွေပဲ အကျိုးအမြတ်တွေ အများဆုံးရမှာ… ဒါကြောင့် သားရဲကမ္ဘာ တည်ထောင်ပြီး ဆင့်ခေါ်ခြင်းကောင်းကင်နတ်သိုင်း လွဲပြောင်းပေးတာ အကောင်းဆုံးပါပဲ”

“သားရဲကမ္ဘာက သင့်တော်ပါတယ်” ကောင်းကင်နတ်အရှင်ကုန်းက ပြုံးလျက် ထောက်ခံသည်။

“မဟာမိတ်ခေါင်းဆောင်က တကယ်ကို အမျှော်အမြင်ရှိတာပဲ… ကျွန်မလည်း သားရဲကမ္ဘာက သင့်တော်တယ်လို့ထင်တယ်”

အကုန်လုံး သက်ပြင်းချလိုက်သည်။ “ကောင်းတယ်… ကောင်းတယ်”

ချင်မူက ထပ်မေးလိုက်သည်။ “လုံရှောင်က သားရဲကမ္ဘာရဲ့ အရှင်သခင် ဖြစ်လာဖို့ရော သင့်တော်ရဲ့လား…”

ကောင်းကင်နတ်အရှင်ဟုန်က ပြော၏။ “သားရဲကမ္ဘာကို ထိန်းချုပ်စောင့်ရှောက်မယ့်သူက မြင့်မြတ်တည်ကြည်ပြီး ဘက်မလိုက်ဖို့ လိုတယ်… လုံရှောင်သာ လုပ်နိုင်တယ်ဆိုရင် သူ့ကို လုပ်ခွင့်ပေးလိုက်တာ အရှုံးမရှိပါဘူး”

ကျန်ကောင်းကင်နတ်အရှင်များလည်း ခေါင်းညိတ်လိုက်ကြပြီး ကောင်းကင်နတ်အရှင်ဟွေ့က ပြောသည်။ “လုံရှောင်က ခေါင်းမာတဲ့အတွက် ထိန်းချုပ်ဖို့ ခက်ခဲတယ်… ကောင်းကင်နတ်အရှင်တွေက စွမ်းအားကြီးမှန်း သူ သိထားပေမယ့် ကျုပ်တို့ သူ့ကိုအသုံးချမှာ လိုချင်မှာမဟုတ်ဘူး”

ချင်မူက ပြုံးလိုက်သည်။ “လုံရှောင် ထွက်လာခဲ့ပါ”

သူ့အနောက်ရှိ ဟင်းလင်းပြင်သည် နှစ်ခြမ်းကွဲသွားပြီး ဧရာမနဂါးဦးခေါင်းကြီးကိုးလုံး ပေါ်လာသည်။ လုံရှောင်၏ မျက်လုံးဆယ့်ရှစ်လုံးက ပွင့်လာပြီး တဖျတ်ဖျတ်တောက်ပနေသောကြောင့် ကောင်းကင်နတ်အရှင်ခန်းမကို ထိန်လင်းသွားစေ၏။

“ကမ္ဘာဦးနတ်ဘုရင် လုံရှောင် ... ကောင်းကင်နတ်အရှင်အားလုံးနဲ့ ကောင်းကင်မဟာမိတ်ခေါင်းဆောင်ကို ဂါ၀ရပြုပါတယ်”

All Chapters