ပြိုင်ဘက်
Vol. 106 Ch. 1388
ကောင်းကင်နတ်အရှင်ခန်းမထဲတွင် ကောင်းကင်နတ်အရှင်များအားလုံးမှာ ငေးမောအံ့အားသင့်သွားကြသည်။ လုံရှောင်သည် ချင်မူ့ဘေးတွင် တစ်ချိန်လုံး ရှိနေခဲ့သည့်အပြင် သူ့အနောက်မှ ကောင်းကင်နတ်အရှင်ခန်းမထဲသို့ လိုက်ပါ၀င်ရောက်ခဲ့၏။
သို့ထိတိုင် သူတို့ထဲမှ မည်သူမှ သတိမထားမိလေရာ ဤလုံရှောင်ကား အတော်လေးအစွမ်းထက်ပေသည်။
ကောင်းကင်နတ်အရှင်ဟုန်၏ အမူအရာ အနည်းငယ် ပျက်သွားသည်။ ချင်မူ နဂါးသွဲ့ရေကန်ထက်တွင် သူ့အား မည်သို့ တိုက်ခိုက်ခဲ့ကြောင်း မှတ်မိနေသေးပေသည်။ လုံရှောင်သည် ထိုအချိန်တုန်းက ချင်မူ့ဘေး၌ ပုန်းကွယ်နေခဲ့သည်မှာ သိသာလှ၏။
အခြားနည်းဖြင့် ပြောရပါက လုံရှောင်သာ သူ့ကို တိုက်ခိုက်ခဲ့လျှင် သူ့အနေဖြင့် လွတ်မြောက်နိုင်ခဲ့မည် မဟုတ်ချေ။
လုံရှောင်၏ ကျင့်စဉ်များမှာ နှစ်တစ်သန်းကြာ နောက်ကျနေပြီဖြစ်သော်လည်း သူ၏သိုင်းအခြေခံကတော့ တည်ရှိနေသေးသည်။ သူသာ အောင်အောင်မြင်မြင် အလစ်တိုက်နိုင်ခဲ့ပါက တွေးပင် မတွေးရဲချေ။
ချင်မူက အမြင့်မှထိုင်၍ ကောင်းကင်နတ်အရှင်အားလုံး၏ မျက်နှာအမူအရာများကို အကဲခတ်နေသည်။ မဟာမိတ်ခေါင်းဆောင်ပလ္လင်ထက်တွင် ထိုင်ရခြင်းက ‘နိပ်သဟ’ ဟုလည်း တွေးနေမိ၏။
သူ၏ နေရာမှာ အမြင့်ဆုံးဖြစ်သည့်အတွက် ကောင်းကင်နတ်အရှင်အားလုံး၏ မျက်နှာအမူအရာများကို တစ်ချက်ကြည့်ရုံနှင့် မြင်နိုင်သည်။ အရာအားလုံးက သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ဟု ခံစားနေရစေသည်။
မှန်ပါသည်။ လောလောလတ်လတ်တွင် အခြေအနေတစ်ခုလုံးကို မထိန်းချုပ်နိုင်သော်လည်း စစ်တုရင်ကစားသမား တစ်ယောက်ကဲ့သို့ ကောင်းကင်နတ်အရှင်မှန်သမျှအား အကွက်ရွှေ့နိုင်ပေသည်။
လုံရှောင်ကို ဤနေရာသို့ ခေါ်လာရမည်ဖြစ်သည့်အတွက် သူ ခေါ်လာခဲ့ခြင်းပင်။
သားရဲကမ္ဘာ၏ အရေးကိစ္စမှာ အလွန်တရာ ကြီးမားလွန်းသောကြောင့် လုံရှောင်သာ ရှိမနေပါက ကောင်းကင်နတ်အရှင်များ စိတ်အေးမည်မဟုတ်ပေ။ ထို့ကြောင့် လုံရှောင်ကိုယ်တိုင်ကိုယ်ကျ အစီအရင်ခံ တင်ပြရပေလိမ့်မည်။
သူ လုံရှောင်ကို ခေါ်လာရသည့် နောက်ထပ်အကြောင်းပြချက်မှာ အကာအကွယ်သဘောလည်း ပါသည်။ လုံရှောင်သည် သူ့အား ကတိသုံးခု ပေးထားသည် မဟုတ်ပါလော။ ချင်မူ မဖြေရှင်းနိုင်သည့် အန္တရာယ်တစ်ခုခု တွေ့ကြုံရလျှင် လုံရှောင်က သူ့ကို ကာကွယ်ပေးနိုင်လိမ့်မည်။
ထိုမျှသာမက လုံရှောင်အနေဖြင့် သူ၏နာမည်ဂုဏ်သတင်းကို မကျဆင်းသွားစေရန်အတွက်လည်း ရောက်လာခြင်းဖြစ်၏။
“တာအိုနောင်တော်လုံရှောင်၊ သားရဲကမ္ဘာနဲ့ ပက်သက်ပြီး ကန့်ကွက်ချင်တာများ ရှိပါသလား” ကောင်းကင်နတ်အရှင်ဟောင်က မေးသည်။
လုံရှောင်က ခေါင်းကိုးလုံးဖြင့် ဦးညွှတ်ကာ ကောင်းကင်နတ်အရှင်အားလုံးကို နှုတ်ဆက်လိုက်၏။ “ကောင်းကင်နတ်အရှင်အားလုံးရဲ့ အစီအစဉ်မှန်သမျှ ဖြစ်မြောက်အောင် ကျုပ် အကောင်းဆုံး ကြိုးစားပါ့မယ်… ဘာကိုမှ မတွန်းလှန်ရဲပါဘူး”
သူ၏စကားများက လှည့်ကွက်တစ်ခု ဖြစ်လေသည်။ သူက ဤအခွင့်အရေးကိူ အသုံးချ၍ ချင်မူ၏ လက်အောက်ငယ်သားမဟုတ်ဘဲ ကောင်းကင်နတ်အရှင်များ၏ လက်အောက်ခံဖြစ်ကြောင်း ပြသခဲ့ချေပြီ။
ကောင်းကင်နတ်အရှင်ဟောင်က အသာအယာ ခေါင်းညိတ်လိုက်သည်။ “ဘိုးဘေးနန်းတော်အနောက်ဘက်က သိပ်ကိုအရေးကြီးတော့ ကမ္ဘာဦးသားရဲတွေအနေနဲ့ အဲ့ဒီမှာနေဖို့ မသင့်တော်ဘူး… ကျုပ်တို့ ကောင်းကင်နတ်အရှင်တွေ ကမ္ဘလောကတွေရဲ့ အနောက်ဘက်ခြမ်းကို ဖွင့်လှစ်ပြီး ခင်ဗျားတို့ ကမ္ဘာဦးသားရဲတွေ နေထိုင်နိုင်အောင် ဆောင်ရွက်ပေးပါ့မယ်… သားရဲတွေကို ဆင့်ခေါ်ပြီးရင် သားရဲကမ္ဘာကို ပြန်ပို့ပေးရမယ့် စည်းမျဉ်းတစ်ခုလည်း ချမှတ်ဖို့ လိုတယ်”
အားလုံးက ခေါင်းညိတ်လိုက်ကြသည်။
လုံရှောင်၏ ဦးခေါင်းကိုးလုံးက ပတ်ဝန်းကျင်သို့ ကြည့်နေပြီး ကောင်းကင်နတ်အရှင်ခန်းမထဲမှ ပုဂ္ဂိုလ်အားလုံး၏ စွမ်းအားကို အာရုံခံနေသည်။ ‘ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နတ်အရှင်တွေကြားမှာ ခေါင်းဆောင်ပဲ… ဒိတော့ သူကပဲ စကားပြောနေတယ်… ကျန်တဲ့သူတွေက သူနဲ့ သဘောတူ၊ မတူပဲ ပြောကြလိမ့်မယ်…. ဒါပေမဲ့ သဘောမတူတဲ့သူက ရှားတယ်… သူက ကောင်းကင်နတ်အရှင်တွေကြားမှာ အာဏာအစစ်ကို ချုပ်ကိုင်ထားတဲ့သူပဲ”
ကောင်းကင်နတ်အရှင်ဟောင်က စကားပြောပြီးနောက် ချင်မူ့ထံ လှမ်းကြည့်၍ မေးလိုက်သည်။ “မဟာမိတ်ခေါင်းဆောင်ရော ဘယ်လိုထင်ပါသလဲ”
ချင်မူက ပြုံး၏။ “ဒီကိစ္စက အလိုလိုကို ကောင်းမွန်ပြီးသားပါ… ကျွန်တော် ကန့်ကွက်စရာမရှိပါဘူး”
လုံရှောင်က စိတ်ထဲမှ တွေးနေသည်။ “မဟာမိတ်ခေါင်းဆောင် ကောင်းကင်နတ်အရှင်မူက ဟန်ပြသက်သက်ပဲ… သူက နာမည်ပဲရှိတာ ... ဆုံးဖြတ်ချက်ချနိုင်တဲ့ အာဏာမရှိဘူး’
ကောင်းကင်နတ်အရှင်ဟောင်က ခေါင်းညိတ်သည်။ “မဟာမိတ်ခေါင်းဆောင် သဘောတူမှတော့ ကျုပ်တို့လုပ်ကြတာပေါ့”
ကောင်းကင်နတ်အရှင်ဟွေ့က ရုတ်တရက် ခပ်ဩဩ ထပြောသည်။ “ပြီးတော့ ကောင်းကင်နတ်ဘုံရဲ့ အိမ်ရှေ့စံမင်းသားမင်ရက ပုန်ကန်ခဲ့ပြီး ပုန်ကန်ဖို့ ဆန္ဒ ဆက်ရှိနေတယ်… သူက ရှဲ့ဝူကျိဆီ ပြေးသွားပြီး ကောင်းကင်နတ်အရှင်ရုံနဲ့အတူ ကောင်းကင်နတ်ဘုံကို အကောက်ကြံနေတယ်.. အရှင်မင်းကြီး ကောင်းကင်နတ်ဧကရာဇ်က တိုင်းပြည်ရေးရာတွေမှာ ၀င်မပါတော့ ကောင်းကင်နတ်ဘုံရဲ့ အိမ်ရှေ့စံမင်းသားနေရာဆိုတာ တစ်ရက်လေးတောင် လစ်ဟာနေလို့ မဖြစ်ဘူး… ကျုပ်အမြင်မှာတော့ အိမ်ရှေ့စံမင်းသားကို အမြန်ဆုံး တင့်မြှောက်သင့်နေပြီ”
သူ ထိုသို့ပြောလိုက်သည်နှင့် ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် နတ်ဧကရာဇ်လန်ရွှမ်တို့က သဘောတူစွာ ခေါင်းညိတ်ကြသည်။ “အရှင်မင်းကြီး ဘာမှမလုပ်ရင် အိမ်ရှေ့စံမင်းသားကပဲ တာ၀န်ယူဖြေရှင်းရမယ်…. ရန်သူ့စိတ်ဓာတ်တွေ လျော့ကျစေဖို့နဲ့ ကောင်းကင်နတ်ဘုံသားတွေ စိတ်အားတက်ကြွစေဖို့ အိမ်ရှေ့စံမင်းသားကို အမြန်ဆုံး မြှောက်တင်သင့်တယ်”
ကောင်းကင်နတ်အရှင်ဟွေ့က ကြည်လင်ပြတ်သားစွာ ပြော၏။ “ကောင်းကင်နတ်အရှင်ဟောင်က အိမ်ရှေ့စံမင်းသား ဖြစ်လာမယ်လို့ ကျုပ် အာမခံရဲတယ်…. ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်မဟာမိတ်ရဲ့ အကြီးအကဲတစ်ဦးပဲ…. သူ နဂါးဟန်ခေတ် အစောပိုင်းတည်းက ကောင်းကင်နတ်အရှင် ဖြစ်ခဲ့တဲ့အပြင် ကောင်းကျိုးတွေအများကြီး သယ်ပိုးပေးခဲ့တယ်… ဒါ့အပြင် သူက အရှင်မင်းကြီးက အကြီးဆုံးသားတော်ပဲ… သူ့အနေနဲ့ ကောင်းကင်နတ်ဘုံရဲ့ အိမ်ရှေ့စံမင်းသားဖြစ်လာမှာက မျှတပါတယ်…”
နတ်ဧကရာဇ်လန်ရွှမ်နှင့် ရှေးဟောင်းနတ်ဘုရားဘုရင်က ခေါင်းညိတ်၍ ထောက်ခံကြ၏။ “ကောင်းကင်နတ်အရှင်ဟောင် အိမ်ရှေ့စံမင်းသားဖြစ်လာတာ တကယ် မျှတပါတယ်…. ဒါပေမဲ့ အရေးပေါ်အခြေအနေမျိုးမှာပဲ လုပ်ခိုင်းမိတယ်… နောင်တော်ဟောင်ကို ဒုက္ခပေးရဦးမယ်ဗျာ”
ကောင်းကင်နတ်အရှင်ဟောင်က ခေါင်းရမ်းလျက် မေးလေသည်။ “တခြားတာအိုမိတ်ဆွေတွေ သဘောမတူမှာ စိုးရိမ်မိပါတယ်…. ကောင်းကင်နတ်အရှင်ဟုန်ရော ဘယ်လိုထင်ပါသလဲ”
ကောင်းကင်နတ်အရှင်ဟုန်၏ မျက်နှာတွင် ခမ်းနားထည်ဝါမှုတို့ဖြင့် ပြည့်နှက်နေပြီး သူက ခပ်ဟဟ ရယ်ကာ ပြော၏။ “ကျုပ်ကတော့ သဘောတူပါတယ်ဗျား”
ထို့နောက် ကောင်းကင်နတ်အရှင်ဟောင်က နတ်အရှင်မချန်း၊ နတ်အရှင်မယန်နှင့် အခြားသူများဆီသို့ ကြည့်လိုက်သည်။ နတ်အရှင်မချန်းက ပြုံးလျက် ပြောလေသည်။ “အရင်က မင်ရက အိမ်ရှေစံမင်းသားနော်… အခု ကောင်းကင်နတ်အရှင်ဟောင်က အိမ်ရှေ့စံမင်းသားဆိုတော့ ဝါအရ တစ်မျိုးဖြစ်နေမလားပဲနော်”
သူမ ထိုသို့ပြောလိုက်သည်နှင့် ခန်းမတစ်ခုလုံး ငြိမ်သက်သွားသည်။
အိမ်ေရှ့စံမင်းသားမင်ရသည် ကောင်းကင်နတ်အရှင်ဟောင်တျန်း၏ သားဖြစ်သည်ကို လုံရှောင်မှလွဲ၍ ခန်းမထဲတွင် ရှိသမျှသူအားလုံး သိထားကြ၏။ မင်ရa၏ အိမ်ရှေ့စံမင်းသား ရာထူးဖယ်ရှားခံရပြီးနောက် သူ၏ခမည်းတော်က အိမ်ရှေ့စံမင်းသား ဖြစ်လာခြင်းမှာတော့ အမှန်တကယ် ကျင့်၀တ်နှင့်မညီပေ။
ကောင်းကင်နတ်အရှင်ဟောင်က နတ်အရှင်မချန်းအား လေးနက်စွာ စိုက်ကြည့်၍ မှင်သေသေ ပြောသည်။ “အရှင်မချန်း၊ တစ်ခုခုကို ပြောချင်နေသလိုပဲ…. ရှင်းရှင်းလင်းလင်း ပြောလိုက်ပါ”
နတ်အရှင်မချန်းက ချက်ချင်း ပြုံးကာ ပြော၏။ “ကျွန်မက တုံးပါတယ်… ဒီအတိုင်း ပြောလိုက်တာပါရှင်… စိတ်ထဲမထားပါနဲ့ ကောင်းကင်နတ်အရှင်ဟောင်… ကျွန်မလည်း ကောင်းကင်နတ်အရှင်ဟောင် အိမ်ရှေ့စံမင်းသားဖြစ်လာမှာကို သဘောတူပါတယ်”
ကောင်းကင်နတ်အရှင်ဟောင်က နှာတစ်ချက်မှုတ်ကာ ပြောသည်။ “နတ်အရှင်မယန်ကရော ဘယ်လိုထင်ပါသလဲ”
နတ်အရှင်မယန်၏ မျက်၀န်းလှလှလေးများက ဖျတ်ခနဲ တောက်ပသွားပြီး သူမက ပြုံးကာ ပြောလေသည်။ “အိမ်ရှေ့စံမင်းသာရာထူး ရကြတဲ့သူတွေက ဇာတ်သိမ်းမလှတတ်ကြဘူး…ကျွန်မ ကောင်းကင်နတ်အရှင်ဟောင်အတွက် စိတ်ပူမိပါတယ်”
သူမသည် တစ်စုံတစ်ခုကို စောင်းပြောနေခြင်းဖြစ်သည်။ အမှန်တွင် ကောင်းကင်နတ်အရှင်ဟောင်၏ အကောက်ကြံမှုကြောင့် သူမ၏သားရှဲ့ဝူကျိမှာ ယိုတုသို့ ရောက်နေခဲ့ခြင်းပင်။ ကောင်းကင်နတ်ဧကရာဇ်သည် ရှဲ့ဝူကျကို ယိုတုသို့ သွားရောက်ရန် စေခိုင်းခဲ့သော်လည်း အမှန်တွင် ကောင်းကင်နတ်အရှင်ဟောင်က နောက်ကွယ်၌ ရှိနေခဲ့၏။
ကောင်းကင်နတ်အရှင်ဟောင်က ပြုံးသည်။ “အကြံဉာဏ်အတွက် ကျေးဇူးတင်ပါတယ် အရှင်မ… ကောင်းကင်နတ်အရှင်ကုန်း၊ ကောင်းကင်နတ်အရှင်ရှု၊ ကောင်းကင်နတ်အရှင်ရှစ်တို့ရော ဘယ်လိုသဘောရကြပါသလဲ”
ကောင်းကင်နတ်အရှင်ရှုက ခေါင်းရမ်းသည်။
ယွင်ချွီးရှို့က သဘောတူစွာဖြင့် လက်နှစ်ဖက်လုံး မြှောက်တင်လိုက်၏။
ကောင်းကင်နတ်အရှင်ကုန်းက နတ်ဧကရာဇ်လန်ရွှမ်ဆီ တစ်ချက်ကြည့်၍ ဖြည်းဖြည်းချင်း ခေါင်းရမ်းလိုက်သည်။ “ကျွန်မအနေနဲ့ ကန့်ကွက်စရာမရှိပါဘူး”
ကောင်းကင်နတ်အရှင်ဟောင်က ချင်မူ့ကို ထပ်မံလှည့်ကြည့်လာသည်။ “မဟာမိတ်ခေါင်းဆောင်ရော ဘယ်လိုသဘောရှိပါသလဲ”
ချင်မူ့မျက်နှာထက်တွင် အပြုံးပန်းများ ဝေဆာနေ၏။ “ဒီကိစ္စက ဒီကိုကောင်းတဲ့ကိစ္စပါပဲ.. ကျွန်တော့်အနေနဲ့ ကန့်ကွက်စရာမရှိပါဘူး”
လုံရှောင်က စိတ်ထဲမှ တွေးနေသည်။ “ကောင်းကင်နတ်အရှင်မူက တကယ့်ကို အမည်ခံသက်သက်ပဲ… ဒါပေမဲ့ ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ အပြုအမူတွေအရ သူတို့ကြားမှာ အဖွဲ့နှစ်ဖွဲ့ကွဲနေပုံပဲ….ဟောင်၊ ဟွေ့၊ လန်၊ ရှေးဟောင်းနတ်ဘုရားဘုရင်နဲ့ ရှုတို့က တစ်အုပ်စု… ဟုန်၊ ကုန်း၊ ယန်နဲ့ ချန်းတို့က တစ်အုပ်စုပဲ… သူတို့က အခုမရှိတဲ့ ကောင်းကင်နတ်အရှင်ရှောင်နဲ့ ဘက်တူလောက်တယ်…. ကောင်းကင်နတ်အရှင်ယွင်ချွီးရှို့ကတော့ ကြားနေပဲ”
ကောင်းကင်နတ်အရှင်ဟောင် သက်ပြင်းချလိုက်၏။ “အားလုံးက သိပ်ကို သဘောကောင်းနေကြမှတော့ ကျုပ် မငြင်းတော့ပါဘူး… စတုတ္ထမြောက်ကိစ္စကတော့ ကောင်းကင်နယ်စားမင်းကို တိုက်ခိုက်ဖို့ပါပဲ…. ကောင်းကင်တာအိုကနေ ဖွဲ့တည်လာတဲ့ နတ်ခန္ဓာကိုယ် ကောင်းကင်နယ်စားမင်းက အမိကမ္ဘာမြေ ရိုင်းစိုင်းသောင်းကြမ်းတာကို ခွင့်ပြုပေးခဲ့ပါတယ်… သူက ရွှမ်တုရဲ့ သန်းချီတဲ့ နတ်ဘုရားမိစ္ဆာတွေကို သေစေခဲ့တယ်… ဆိုးရွားရက်စက်လွန်းတဲ့ ပြစ်မှုတစ်ခုပဲ”
ကောင်းကင်နတ်အရှင်ဟွေ့က အေးစက်စွာ ထောက်ခံသည်။ “ကောင်းကင်နယ်စားမင်းက ကောင်းကင်ဘုံကို အုပ်ချုပ်စီမံရတဲ့သူ… ဒါပေမဲ့ ကောင်းကင်ဘုံမှာ ကပ်ဘေးတွေအများကြီး ဖြစ်ပွားခဲ့တယ်… ကောင်းကင်နယ်စားမင်းက မသိချင်ယောင်ဆောင်ထားတာ… ဒါကြောင့် ကောင်းကင်နယ်စားမင်းဖြစ်ဖို့ မထိုက်တန်ဘူး… သူ့ကို သတ်ပစ်သင့်တယ်”
ရှေးဟောင်းနတ်ဘုရားဘုရင်က အံကြိတ်လျက် ပြော၏။ “အဲ့ဒီမြေခွေးအိုကြီးက ကျုပ်အဖေဆိုပေမယ့် ကျုပ်က မကောင်းမှုကို သိပ်ရွံရှာစက်ဆုပ်တယ်…. ဖြောင့်မတ်တည်ကြည်စိတ်ကြောင့်ပဲ ကျုပ်မိသားစုကို ဖျက်ဆီးပစ်ရလိမ့်မယ်”
ကောင်းကင်နတ်အရှင်များက ကောင်းကင်နယ်စားမင်း၏ အပြစ်များကို တစ်ယောက်ပြီးတစ်ယောက် ထောက်ပြနေကြသည်။ ကောင်းကင်နတ်အရှင်ဟောင်က ချင်မူ့ဆီ ကြည့်၍ မေး၏။ “မဟာမိတ်ခေါင်းဆောင်ရော ဘယ်လိုသဘောရပါသလဲ”
“ဒါက အကောင်းဆုံးပါပဲ… ကျွန်တော့်မှာ ကန့်ကွက်စရာမရှိပါဘူး” ချင်မူက ပြုံးလျက် ဖြေသည်။
သူ့အနောက်တွင် လုံရှောင်က မျက်လုံးဝေ့၍ စိတ်ထဲမှ တွေးလိုက်၏။ 'ထင်တားတဲ့အတိုင်း ဒီစကားပဲ’
ကောင်းကင်နတ်အရှင်ဟောင်က ပြောသည်။ “ဒါဆိုရင် မနက်ဖြန် ကောင်းကင်မဟာမိတ်အစည်းအဝေးမှာ မဟာမိတ်ခေါင်းဆောင်က ကျုပ်တို့ ပုန်ကန်အလံ လွှင့်ထူပြီး ကောင်းကင်နယ်စားမင်းကို တိုက်ခိုက်မယ့်အကြောင်း ကြေညာပါလိမ့်မယ်”
ချင်မူက မေး၏။ “ဒါဆိုရင် အပြစ်ပေးမှာက…”
“ကျုပ်တို့ မဟာမိတ်ခေါငဆောင်အတွက် ရေးထားပြီးပါပြီ”
ရှေးဟောင်းနတ်ဘုရားဘုရင်က အပြစ်ပေးစာကို ကောင်းကင်နယ်စားမင်းထံသို့ ပို့ပေးပြီးဖြစ်ကာ ပြောသည်။ “မဟာမိတ်ခေါင်းဆောင်က မဟာမိတ်အစည်းအဝေးမှာ ရွတ်ပြရုံပါပဲ…. ခေါင်းဆောင်က အပြစ်ကို သေချာပေါက် ခံရပါမယ်… လွှဲရှောင်လို့မရပါဘူး”
ချင်မူက အမိန့်စာအား တစ်ချက်ကြည့်လိုက်ပြီး ကောင်းကင်နယ်စားမင်း၏ ပြစ်မှုများကို တွေ့လိုက်ရသည်။ ထိုစာလုံးများမှာ ပြင်းထန်သည့်အတွက် ရွတ်ဆိုသူ၏ နှလုံးသားအပေါ် သက်ရောက်မှု ရှိနိုင်၏။
ချင်မူက အမိန့်စာကို သိမ်းဆည်း၍ ပြုံးလိုက်သည်။ “ဒါက သိပ်ကိုကောင်းပါတယ်”
အောက်တွင် ကောင်းကင်နတ်အရှင်ဆယ်ပါးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ကောင်းကင်နတ်အရှင်ဟောင်က ပြုံးလျက် ပြော၏။ “ဒီကိစ္စကို ဖြေရှင်းပြီးပြီဆိုတော့ ကျုပ်တို့ လမ်းခွဲပြီး မနက်ဖြန် ကောင်းကင်မဟာမိတ်အစည်းအဝေးအတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြတာပေါ့”
အားလုံးက ထရပ်၍ ချင်မူ့ကို ဦးညွှတ်အရိုအသေပေးပြီးနောက် အလင်းတန်းများအဖြစ် ပြောင်းလဲထွက်ခွာသွားကြသည်။
ကောင်းကင်နတ်အရှင်ဟောင်က ယွင်ချွီးရှို့နှင့် လုံရှောင်အား တစ်ချက်ကြည့်လိုက်သည်။ ယွင်ချွီးရှို့က ထခုန်လျက် ထွက်ခွာသွားပြီး လုံရှောင်မှာလည်း ပုန်းကွယ်ကာ ပျောက်ကွယ်သွား၏။
ချင်မူက ထရပ်၍ သူ၏မြင့်မားသော ထိုင်ခုံထက်မှ ဆင်းလာသည်။
ကောင်းကင်နတ်အရှင်ဟောင်က ချာခနဲလှည့်၍ ခန်းမထဲမှ ထွက်ခွာသွား၏။ ခန်းမအရှေ့သို့ ရောက်သောအခါ သူက ရပ်လိုက်သည်။ ချင်မူ့ သူ့ဘေး၌ လာရပ်၏။
သူတို့နှစ်ယောက် ရှေ့သို့ ငေးကြည့်နေကြသည်။ နဂါးသွဲ့ပင်လယ်က လှိုင်းထန်နေပြီး ကျွန်းမှာ လောကတစ်သောင်းမှ အုပ်ချုပ်သူတို့ဖြင့် ပြည့်နှက်နေကြ၏။ ထိုသူတို့က ၀င်ထွက်သွားလာနေကြသဖြင့် စည်ကားနေကြလေသည်။
“တစ်လောကလုံးက သူရဲကောင်းတွေ ဒီမှာ ရောက်နေကြပြီပဲ”
ကောင်းကင်နတ်အရှင်ဟောင်က လက်နှစ်ဖက်ကို နောက်ပစ်၍ နေရာတစ်ခုလုံးကို ဝေ့ဝဲကြည့်နေသည်။ “ဒီမြင်ကွင်းက နဂါးဟန်ခေတ်အစောပိုင်းက နဂါးသွဲ့ရေကန်တွေ့ဆုံပွဲနဲ့ တူတယ်…” သူက မှင်သေသေ ပြော၏။ “ဒါပေမဲ့ အဲ့ဒီတုန်းက ရှေးဟောင်းနတ်ဘုရားတွေက ဖန်ဆင်းရှင်တွေကို ဖိနှိပ်ထားပြီး အကျိုးအမြတ်တွေ၊ ကြွယ်၀မှုတွေကို ခွဲဝေယူခဲ့တာပေါ့…. နဂါးသွဲ့ရေကန်တွေ့ဆုံပွဲက ကမ္ဘာဦးသတ္တဝါတွေနဲ့ နတ်ဘုရားတစ်ပိုင်းတွေကြားက တွေ့ဆုံပွဲပဲ… ရှေးဟောင်းနတ်ဘုရားတွေအတွက် အရေးမပါလို့ အာရုံတောင် မစိုက်ခဲ့ကြဘူး”
ချင်မူက ဆက်ပြော၏။ “အခုတော့ နဂါးသွဲ့ရေကန်တွေ့ဆုံပွဲက လောကရဲ့ ကံကြမ္မာကို ဆုံးဖြတ်တဲ့နေရာ ဖြစ်လာခဲ့ပြီ.. ကောင်းကင်နတ်ဘုံကတော့ အခွံပဲ ကျန်တော့တယ်”
ကောင်းကင်နတ်အရှင်ဟောင်က ပြုံးသည်။ “ကောင်းကင်နတ်အရှင်မူ၊ ငါက ဒီလိုတွေ ဖြစ်လာစေခဲ့တဲ့သူဆိုတာ မင်းတွေးဖူးလား… ငါ့ဘ၀မှာ ရန်သူဘယ်လောက်ကို အနိုင်ယူခဲ့ဖူးလဲ…. ရှဲ့ဝူကျိ၊ ကောင်းကင်နတ်ဧကရာဇ်၊ ကောင်းကင်နတ်အရှင်ယွင်၊ ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်လင်နဲ့ မဟာဧကရာဇ်လို စွမ်းအားကြီးမားတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ငါ အနိုင်ယူနိုင်ခဲ့တာပဲ… ခိုင်ဧကရာဇ်၊ ကောင်းကင်နတ်အရှင်ချင်လို ပုဂ္ဂိုလ်လည်း ပုန်းနေရတယ်… ကမ္ဘာဦးခေတ်ရဲ့ နတ်မင်းလေးပါးလည်း ချောင်ကပ်နေကြရတယ်… ငါ သူတို့ကို သေစေချင်ရင် သူတို့ နှစ်နာရီထက်ပိုပြီး အသက်ရှင်နိုင်မှာမဟုတ်ဘူး… ပြီးတော့ အခု…”
သူ့စိတ်ထဲတွင် သူရဲကောင်းစိတ်ဆန္ဒများက လှိုင်းထလာသည်။ “ငါ ကောင်းကင်နယ်စားမင်းကို သတ်တော့မယ်.. မြေအောက်ဘုံအရှင်သခင်နဲ့ ဖန်ဆင်းရှင်တွေကိုလည်း ဖယ်ရှားပြီး အားလုံးကို စုစည်းနိုင်စေတော့မယ်… သမိုင်းမှာ ဘယ်ဧကရာဇ်ကများ ဒီလိုစွမ်းဆောင်နိုင်ခဲ့လို့လဲ…. ငါနဲ့ ယှဉ်နိုင်ကြလို့လား”
သူက ချင်မူ့အဖြေကို စောင့်မနေချေ။ “မဟာဧကရာဇ် မလုပ်နိုင်ခဲ့ဘူး… မဟာဧကရာဇ်က ရက်စက်တယ်… ပြီးတော့ နတ်ဘုရင်သုံးပါးကလည်း ပိုင်နက်သုံးခု ခွဲယူထားကြတဲ့အတွက် သူ မစုစည်းနိုင်ခဲ့ဘူး…. ငါ့အဖေ၊ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူလည်း မလုပ်နိုင်ခဲ့ဘူး… သူက စိတ်ပျော့လွန်းလို့ပဲ အာဏာကို ခွဲခြမ်းပြီး ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်၊ အမိကမ္ဘာမြေနဲ့ အခြားနတ်ဘုရားတွေဆီ ပေးခဲ့တာ…. ကမ္ဘာဦးဘုံကိုတောင် မပေါင်းစည်းနိုင်ခဲ့ဘူး… ချိမင်ဧကရာဇ်၊ ချုံဧကရာဇ်တွေနဲ့ ခိုင်ဧကရာဇ်ရဲ့ အောင်မြင်မှုတွေကလည်း အသုံးမ၀င်ဘူး… ငါ့ခြေဖျားကိုတောင် မမှီဘူး”
“ဒါတွေအားလုံးကို လုပ်နိုင်တဲ့သူက ငါတစ်ယောက်ပဲ ရှိတယ်…”
“ကောင်းကင်နတ်အရှင်မူ၊ ငါက မင်းလို ရည်မှန်းချက်ကြီးတဲ့သူတွေကို သိမ်းသွင်းပြီးတော့ လောကရဲ့ ဧကရာဇ်အစစ်အမှန် ဖြစ်လာနိုင်တယ်… အမျှော်အမြင်ရှိတဲ့ ဧကရာဇ်ပေါ့”
သူသည် ဂုဏ်ယူဝင့်ကြွားနေလေ၏။ “ကောင်းကင်နတ်အရှင်ဆယ်ပါးကြားမှာ ပိုင်ဆိုင်မှု ပြင်းထန်တာ ငါသိပါတယ်… သူတို့က ကမ္ဘာဦးခေတ်ကလူတွေဆိုတော့ တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင် ခံယူချက်တွေ ရည်ရွယ်ချက်တွေ ရှိကြတယ်… ဒါပေမဲ့ ရည်မှန်းချက်တွေ များလွန်းတော့ ဧကရာဇ်တစ်ပါးရဲ့ စိတ်ဆန္ဒတွေ ပျောက်ဆုံးသွားကြပြီ… အဲ့ဒါက သူတို့ ငါ့ထက် နိမ့်ကျရတဲ့ အကြောင်းအရင်းပဲ… မင်းက ကောက်ကျစ်ဉာဏ်များတယ် ဆိုပေမယ့် ငါ့စီစဉ်တာကို ရိုရိုကျိုးကျိုး လိုက်နာနေသေးတာပဲမလား”
ချင်မူက ပြုံးလျက် မေးသည်။ “တကယ်လို့ ကောင်းကင်နတ်အရှင်ယွီ အသက်ရှင်နေသေးရင်ရော… ခင်ဗျားထက် ပိုစွမ်းဆောင်နိုင်မယ် ထင်လား”
ကောင်းကင်နတ်အရှင်ဟောင်မှာ သူ့ခေါင်းပေါ်သို့ အေးစက်နေသော ရေများ လောင်းချခံခဲ့ရသကဲ့သို့ မျက်နှာအမူအရာ တောင့်တင်းသွားသည်။ “တကယ်လို့ဆိုတာတွေ မရှိဘူး” သူက အေးစက်စွာ ဖြေ၏။ “သူက ထက်မြတ်လွန်းပေမယ့် ဘယ်လိုပုန်းရမလဲ မသိခဲ့ဘူး… ငါသာ ခမည်းတော်ဆိုရင်လည်း သူ့ကို သတ်မှာပဲ…. ကောင်းကင်နတ်အရှင်မူ၊ မင်းကို ကောင်းကင်နတ်အရှင်ယွီထက် ပိုပြီး ထူးချွန်စေတဲ့အချက်က မင်းက တစ်လှမ်းချင်း ဘယ်လိုလုပ်ဆောင်ရမလဲ၊ ကြံစည်ရမလဲ၊ ကောင်းကင်နတ်ဘုံထဲ ၀င်ရောက်ပြီး အာဏာကို ဘယ်လိုဖဲ့ယူရမလဲဆိုတာ သိတယ်… ဒါပေမဲ့ မင်း ၀င်လာတာနဲ့ ငါတို့နဲ့ပဲ နေပြီးတော့ ငါတို့လို ဖြစ်လာရမယ်”
ချင်မူက တိတ်ဆိတ်သွားသည်။ အချိန်အတော်ကြာသော် သူက မေး၏။ “ကျွန်တော် ခင်ဗျားတို့လို ဖြစ်မလာရင်ရော”
“ဒါဆို ဘာမှရမှာမဟုတ်ဘူး”
ကောင်းကင်နတ်အရှင်ဟောင်က အေးစက်စွာ သတိပေးသည်။ “မင်း သေလိမ့်မယ်…. မင်းရဲ့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ဖျက်ဆီးခံရလိမ့်မယ်…. မင်းမှာ ရှိသမျှအရာအားလုံး ဆုံးရှုံးရမယ်… မင်း သေသွားပြီးရင်တောင် အပြစ်တင်ခံရလိမ့်မယ်… အနာဂတ်ကသူတွေအားလုံး မင်းနာမည်ကို ခေါ်တဲ့အချိန်တိုင်းက ဆဲဆိုကြတဲ့အချိန်ပဲ ဖြစ်လာလိမ့်မယ်”
သူက ခပ်ယဲ့ယဲ့ ပြုံး၏။ “မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး…” သူက အေးအေးလူလူ ဆက်ပြော၏။ “ငါ့ပြိုင်ဘက်က အရင်က ကောင်းကင်နတ်ဧကရာဇ်ပဲ…. သူ အစမှာကတည်းက ရှုံးနိမ့်ပြီး သေဆုံးသွားတာ နှမြောစရာပဲ…. ငါ ရန်သူတွေကို ရှင်းလင်းတာ၊ တစ်လောကလုံးကို အုပ်ချုပ်တာ၊ လောကတစ်သောင်း ငါ့လက်အောက်မှာ ပြားပြား၀ပ်နေတာကို မင်းတွေ့စေရမယ်…”
သူက ကောင်းကင်နတ်အရှင်ခန်းမ၏ ကျောက်တုံးလှေကားထစ်များမှ ဆင်းသွားသည်။ “ဟွေ့၊ ရှု၊ လန်၊ ရှေးဟောင်းနတ်ဘုရားဘုရင်၊ ကုန်း၊ ချန်း၊ ရှောင်၊ ဟုန်၊ ယန်နဲ့ ရှစ်တို့အားလုံးလည်း ငါ့ပြိုင်ဘက်တွေ မဟုတ်ကြဘူး… အနာဂတ်မှာ သူတို့ ငါ့လက်အောက်မှာ အညံ့ခံရင်ခံ၊ မခံရင် သေတာကို တွေ့ရလိမ့်မယ်…. မင်း အညံ့မခံရင် မင်းလည်း တူတူပဲ…”
“ဟောင်”
ချင်မူက လှမ်းခေါ်သည်။
ကောင်းကင်နတ်အရှင်ဟောင်က ရပ်လိုက်ပြီး ချင်မူကလည်း ပြုံးလျက် ရပ်နေ၏။ “ကျွန်တော် ရည်မှန်းချက်ကြောင့် ခင်ဗျားကို ပုန်ကန်ခဲ့တာ မဟုတ်ဘူး… လူသားမျိုးနွယ်နဲ့ ခံယူချက်ကြောင့်ပဲ…. ခင်ဗျား ဘယ်လောက်ပဲ ပြိုင်ဘက်ကင်းပါစေ ပြိုင်ဘက်မရှိတော့ အထီးမကျန်ဘူးလား..”
ကောင်းကင်နတ်အရှင်ဟောင်က ပြန်လှည့်လာကာ ချင်မူ့မျက်နှာကို စိုက်ကြည့်နေသည်။
ချင်မူက တောက်ပစွာ ပြုံးလိုက်၏။ “ကျွန်တော် ခင်ဗျားရဲ့ ပြိုင်ဘက်ဖြစ်လာပေးမယ်”
ကောင်းကင်နတ်အရှင်ဟောင်မှာ ကြောင်သွားပြီး တဟားဟားရယ်လျက် လှည့်ထွက်သွားသည်။ “မလိုဘူး… ငါ့ကို ပုန်ကန်လို့ကတော့ မင်းကို အသေသတ်ပစ်မယ်”