အနက်ဝတ် အဖိုးအို။
Vol. 6 Ch. 63
အလင်းရောင်သည် တခဏမျှသာ ကြာပြီးနောက် သည်းလွန်စမရှိ ပျောက်ကွယ် သွားခဲ့သည်။
ဦးလေးဟောင်က ခဏမျှ စဉ်းစားပြီးနောက်၊
“ မိန်းကလေး ဘုံကျောင်းထဲမှာ လူတစ်ယောက် ရှိပုံရတယ်။ ”
-ဟု သတိပေးလိုက်သည်။
“ လူတစ်ယောက်လား ... သူက ငါတို့နဲ့ ရည်ရွယ်ချက်တူတယ်လို့ ပြောချင်တာလား။ ”
“ ဖြစ်နိုင်ပါတယ်။ ”
ဦးလေးဟောင်က ခေါင်းညိတ်သည်။
“ ဒါက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ ... ဘာပဲဖြစ်ဖြစ် အနှေးနဲ့ အမြန် ဆိုသလို သူနဲ့ဆုံရမှာပဲ ... သွားရအောင်။ ”
မိန်းကလေးက ခဏမျှ စဉ်းစားပြီး ဆုံဖြတ်ချက်ချလိုက်သည်။ စုရီမှ မျက်ခုံးပင့်မိ သော်လည်း ကန့်ကွက်ခြင်း မပြုခဲ့ချေ။
ထို့နောက် ကူပိုင်က ထင်းရှူးတောအတွင်းရှိ ဘုံကျောင်းပျက်ဆီသို့ ဦးတည်လိုက်တော့သည်။ လမ်းတစ်လျှောက် မြက်ရိုင်းတောအတွင်း အမဲလိုက်ဓားကို ဝှေ့ယမ်းကာ ရှင်းလင်း လာခဲ့ရ၏။
“ နေ့ခင်းဘက်ဆိုရင် ... အဲဒီ ဘုံကျောင်းပျက်ကြီးက လုံခြုံတယ် ညဘက်သာ သတိထားရမယ်။ ”
များမကြာခင် အဖြူရောင် ထင်းရှူးတောအုပ်အလယ်သို့ ရောက်ရှိလာ၏။ ထင်ရှူးပင်ကြီးများက မိုးထိအောင် မြင့်မားကာ ကောင်းကင်ကို ကွယ်ထားသည်။
အဖြူရောင် မြူမှုန်များက လေထဲ တဝဲလည်လည်ဖြင့် ပတ်ဝန်းကျင်ကို ဝိုးတဝါး ဖြစ်စေ၏။
ဦးဆောင်သွားနေသော ကူပိုင်ခမျာ ရုတ်တရက် တစ်စုံတစ်ရာကို ခလုတ်တိုက်မိပြီး ယိမ်းယိုင်သွားသဖြင့် စုရီမှ ချက်ချင်း ထိန်းမတ်ပေးလိုက်ရသည်။
မြေပြင်၌ပုပ်ပွနေသော ဦးခေါင်းခွံတစ်လုံး ဖြစ်သည်။ ၎င်းမျက်လုံးများက ကောင်းကင်ကို မော့ကြည့်နေ၏။
“ သွားရအောင် ... ။ ”
စုရီက ၎င်းကို တစ်ချက်သာ ကြည့်ပြီး ခရီးဆက်လာခဲ့သည်။ သာမာန်လူများအတွက် ကြောက်စရာ ကောင်းသော်လည်း ကျင့်ကြံသူများ အမြင်၌ အရိုးခွံတစ်ခုမျှသာ ဖြစ်သည်။
ထို့ထက် မပိုချေ။ များမကြာခင် ထင်းရှူးပင်များပေါ်တွင် ချိတ်တွဲထားသော အလောင်းရာဂဏန်းခန့် မြင်လိုက်ရ၏။
အရေခွံများ တွဲလောင်းကျလျက် အရိုးဖြူဖြူများ ပေါ်နေသည်။ အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ ပါဝင်၏။
အလင်းရောင် မှိန်ပျပျမျှသာဖြစ်သော တောအုပ်တွင် ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းတစ်ခု ပေပင်။
“ ဒါ … ။ ”
ဦးလေးဟောင်တစ်ယောက် မျက်နှာ ပျက်ယွင်းသွားတော့၏။ အစောင့်တပ်သားများမှ လက်နက်များကို တင်းတင်းဆုပ်ကိုင်ကာ မိန်းကလေးအနားသို့ တိုးကပ်လာသည်။
“ ဒါ ... ဒါက ဘာဖြစ်တာလဲ ... ။ ”
“ အလောင်းကပ်ပါး သန်ကောင်တွေရဲ့ အရှင်လတ်လတ် ဝါးမျိုတာကို ခံလိုက်ရတာပဲ။ ”
ကူပိုင်မေးခွန်ကို ဦးလေးဟောင်မှ ပြန်ဖြေပေး၏။ ဤကမ္ဘာကြီးတွင် မရဏတံခါး ဂိုဏ်းသည်သာ ထိုသို့ ရွံစရာကောင်းသော သတ္တဝါများကို မွေးမြူသည်။
“ ဟမ့် ... ဦးလေးဟောင် ... မရဏတံခါးဂိုဏ်းက ဖျက်ဆီးခံလိုက်ရပြီ မဟုတ်ဖူးလား။ ”
မိန်းကလေးယွမ်မှ မျက်ခုံးပင့်ကာ မေးမြန်းလာ၏။ ဦးလေးရုံက ခေါင်းယမ်းသည်။
“ တကယ်တော့ ... လျှိုဝှက်နဂါးဂိုဏ်းက သူတို့ကို အမြစ်ပြတ်ရှင်းလင်းခဲ့တယ် ဆိုပေမယ့် တပည့်အချို့ လွတ်မြောက်ကုန်ပါတယ်၊ ...
... သူတို့ လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ မဟာကျိုးနယ်စပ် တစ်လျှောက်ကနေ ပြန်လည် ထွက်ပေါ်လာခဲ့တယ်။ ”
ဦးလေးဟောင် စကားကြောင့် မိန်းကလေးယွမ်က မျက်မှောင်ကြုတ်သွား တော့သည်။
“ ဒါဆို သူတို့က ... တစ္ဆေမိခင် တောင်တန်းမှာ ပုန်းအောင်း နေကြတာလား။ ”
“ ဖြစ်နိုင်ပါတယ် ... သူတို့လို မိစ္ဆာကျင့်ကြံသူတွေက ကြွက်တွေလို အမှောင် နယ်မြေတွေမှာ ရှင်သန်ကြတာ သဘာဝပဲ။”
“ ဒါဆို ... ဒီထင်းရှူးတောထဲက ဘုံကျောင်းပျက်က ... သူတို့ စခန်းချတဲ့နေရာ ဖြစ်နိုင်မလား ... တကယ်သာ သူတို့ နေရပ်ဆိုရင် အမြန်ဖြေရှင်းရမယ်။ ”
“ ကောင်းပါပြီ ... ။”
ဦးလေးဟောင်က ခေါင်းညိတ်သည်။ များမကြာခင် ပေါင်းပင်နှင့် စပျစ်နွယ်ပင်များ ပေါက်ရောက်နေသည့် ဘုံကျောင်းပျက်ကြီးထံ ရောက်ရှိလာ၏။
ကျောက်လှေကားပေါ်တွင် မကြာခဏ လူအများ ဖြတ်သန်းသွားလာခဲ့ကြသည့် ခြေရာ လက်ရာများ ကျန်ရစ်ခဲ့သည်။
“ အားလုံး သတိထားပါ။ ”
ဦးလေးဟောင်မှ သတိပေးပြီး ကျောက်လှေခါးမှတဆင့် ယိုယွင်းနေသော ဘုံကျောင်းထဲ လှမ်းဝင်လိုက်တော့၏။
ဘုံကျောင်းအဝတွင် ဗုဒ္ဓဆင်းတုတော် တစ်ဆူပြိုကျနေပြီး ၎င်းအပေါ် ပေါင်းပင်များ ပေါက်ရောက်ဖုံးလွှမ်းနေသည်။
ဘုံကျောင်းထဲ လှမ်းဝင်လိုက်သည်နှင့် ကြီးကျယ်ခမ်းနားသော ခန်းမကြီးက စောင့်ကြို နေခဲ့၏။
အချိန်အတော်ကြာအောင် မည်သူမျှ မပြုပြင်ကြသဖြင့် ခန်းမတံခါးနှင့် ပြတင်းပေါက် အချို့ ကျိုးပဲ့ပြိုကျနေသည်။
“ ကျွီ ... ။ ”
ထိုစဉ် ခန်းမအတွင်းသို့ အခြားသော တံခါးတစ်ဖက်မှနေ၍ လူတစ်ယောက် လှမ်းဝင် လာသည်။
ဤသည်မှာ ဝါးကဲ့သို့ ပိန်လှီသော အဘိုးအို တစ်ယောက် ဖြစ်သည်။ အနက်ရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး ခါး၌ အရိုးပုလွေတစ်လက် ချိတ်ဆွဲထား၏။
“ မင်း သေချင်နေတာပဲ။ ”
၎င်းအဖိုးအိုက သူတို့ကို မြင်သည်နှင့် အရိုးပုလွေဖြုတ်ကာ မှုတ်၏။ ဦးလေးဟောင်မှ ဓားဆွဲလျက် ခုတ်ပိုင်းချလိုက်သည်။
“ ရွှပ် ... ။ ”
ပေတစ်ရာခန့်ရှည်သော ဓားအလင်း ပြေးထွက်သွားသည်။ အဘိုးအိုခမျာ ချက်ချင်း ခန်းမထဲမှ ပြန်လှည့်ပြေး၏။
သို့သော် အနည်းငယ် နောက်ကျသွားပြီး ကျောပြင်၌ ရှည်လျားသေးသွယ်သောအနီရောင် မျဉ်းတစ်ကြောင်း ပေါ်လာသည်။
“ ဟမ့် ... မင်းတို့ ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားဖို့ မတွေးနဲ့ ... ။ ”
အဘိုးအိုခမျာ ခြိမ်းခြောက်စကား မဆုံးခင်မှာပင် ကြမ်းပြင်ပေါ် လဲကျသွားသည်။ ဦးလေးဟောင်က ချဉ်းကပ်သွားပြီး အရိုး ပုလွေကို ကောက်ယူကြည့်၏။
“ ဦးလေးဟောင် ... အဲဒီအဘိုးကြီးက မရဏတံခါး ဂိုဏ်းကလား။ ”
“ ဟုတ်တယ် ... ဒါပေမယ့် သူက အရမ်း အားနည်းလွန်းတယ် ငါ့ဓားတစ်ချက်ကိုတောင် မခံယူနိုင်ဘူး ...
... ဘာပဲဖြစ်ဖြစ် သတိထားပါ ... သူ့ရဲ့ အရိုးပုလွေသံက အခြားသူတွေဆီကို အကူအညီ တောင်းခံလိုက်တာ ဖြစ်နိုင်တယ်။ ”
ဦးလေးဟောင်မှ ပြန်ဖြေ၏။ ဤအနက်ဝတ်အဖိုးအိုသည် သွေးသန့်စင်ခြင်း အဆင့်၌ ရှိသည်။ မရဏတံခါးဂိုဏ်း၏ အဆင့်နိမ့် အဖွဲ့ဝင်မျှသာ ဖြစ်ပေမည်။
“ သူ့အဖော်တွေကို ခေါ်လိုက်တာလား ဘာဖြစ်လဲ ... လာတဲ့လူတိုင်းကို ငါတို့ သတ်ပစ် လိုက်မယ်။ ”
မိန်းကလေးက ဂရုမစိုက်ဘဲ ပြန်လည် ပြောကြားလိုက်လေသည်။ ထိုအချိန်တွင် စုရီက ခန်းမအနှံ လှည့်လည်စစ်ဆေးတော့၏။
ဤမြင်ကွင်းကြောင့် မိန်းကလေးက မျက်မှောင်ကြုတ်လိုက်ကာ၊
“ ဟေး ... မင်းအသက်ကို ငါတို့ ကယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ရမယ်ဆိုတာ နားမလည်ဘူးလား။ ”
-ဟု လှမ်းအော်လေသည်။
စုရီတစ်ယောက် အံ့ဩသွားပြီး ခေါင်းရမ်းလျက်၊
“ မင်းကို ... ငါနဲ့ဆရာကူက ဒီခေါ်လာပေးခဲ့တာကို မမေ့ပါနဲ့ ငါတို့သာ လမ်းမပြရင် မင်းဒီအထိ လွယ်လွယ် ရောက်လာမယ် ထင်လား။ ”
-ဟု ပြန်လည် မေးခွန်းထုတ်၏။
ထို့နောက် သူမကို လျစ်လျူရှုလျက် ခန်းမအတွင်း လှည့်လည် ကြည့်ရှုတော့သည်။ သူ့အမြင်၌ ဤမိန်းကလေးသည် မောက်မာပြီး အမိန့်ပေးရသည်ကို နှစ်သက်သူ တစ်ဦးသာ ဖြစ်ချေပြီ။
တုဘက်ပြိုင် စကားနိုင်လုရန် အကြောင်းမရှိချေ။ ခန်းမအတွင်း မကြာသေးမီ တစ်စုံတစ်ယောက်မှ သန့်ရှင်းရေး လုပ်ထား ခဲ့ကြောင်း ပြောနိုင်၏။
ခန်းမအလယ်တွင် တံခါးဝသို့ မျက်နှာမူလျက် ဦးခေါင်းပျောက်ဆုံးနေသော ရုပ်ပွားတော်တစ်ဆူ ရှိသည်။
နံရံနှစ်ဖက်တွင် ဒုက္ခတွင်း၌ ပိတ်မိနေကြသော သက်ရှိများ အသွင်ကို မှုန်ဝါးဝါး ပုံဖော်ထားသည့် ပန်းချီကားများ ရေးဆွဲထားချေ၏။
ဗုဒ္ဓသည် ၎င်းတို့ကြားတွင် ရပ်လျက် ဆုံးမစကားဆိုနေသည်။ သတ္တဝါတိုင်းအပေါ် ကယ်တင်လိုသည့် ထိုစိတ်ကူးသည် လေးစားစရာပေပင်။
သို့သော်လက်ရှိတွင် ၎င်းဘုံကျောင်းသည် ပျက်စီးယို့ယွင်းကာ မကောင်းဆိုးရွားများစွာနှင့် မိစ္ဆာကျင့်ကြံသူများ ခိုအောင်းနေထိုင်ရာ အရပ် ဖြစ်လာခဲ့၏။
အရိုင်းမြေကိုးပါးတွင် ဗုဒ္ဓဘာသာ ထွန်းကားပြီး ဗုဒ္ဓဘာသာဝင် တပည့်များစွာ ရှိသည်။ သို့သော် ဤမဟာကျိုးနိုင်ငံ၌မူ ဗုဒ္ဓဘာသာဝင် ဘုန်းကြီးများ ရှားချေ၏။
စုရီတစ်ယောက် အတွေးများဖြင့် နစ်မျောနေစဉ် အစောင့်ငယ်တစ်ယောက်က မိန်းကလေးယွမ်အနား တိုးကပ်သွားပြီး၊
“ မိန်းကလေးယွမ် ... ငါတို့ အဲဒီကောင်လေးကို ဒီမှာပဲ သတ်ပြီး မြှပ်ပေးခဲ့ ရမလား။ ”
-ဟု မေးမြန်းလာတော့သည်။
***