တောင်တစ္ဆေ။
Vol. 6 Ch. 65
မိုးညသည် ကောင်းကင်ကို မှင်ကဲ့သို့ မည်းမှောင်စေ၏။ သို့သော် ခန်းမအတွင်းမှ လေထုသည် မီးဖိုကြောင့် နွေးထွေးနေသည်။
ဦးလေးဟောင်းနှင့် အစောင့်များက နိုးနိုးကြားကြား ဖြစ်လာပြီး လူစိမ်းကို သတိဖြင့် လှမ်းကြည့်နေမိ၏။
၎င်းက တိမ်ပုံသဏ္ဍာန်ပါရှိသော ဘွတ်ဖိနပ်ရှည်နှင့် ငှက်မွှေးသရဖူ တစ်ခု ဆောင်းထားသည်။
လက်ထဲ၌ ခေါက်ယပ်တောင် တစ်ချောင်း ကိုင်လျက် တန်ဖိုးကြီးသော ကျောက်စိမ်းရောင် အဝတ်အစားများ ဝတ်ဆင်ထား၏။
မိုးသက်လေပြင်းများကို ဂရုမစိုက်ဘဲ ပန်းခြံအတွင်း လမ်းလျှောက်နေသည့် အလား အေးအေးလူလူ နိုင်လှ၏။
“ လှလိုက်တာ။ ”
မိန်းကလေးယွမ်မှ အာမေဋိတ်သံ ထွက်သွားသည်။ ယောက်ျား တစ်ယောက်ကို လှသည်ဟူသော ရည်ညွှန်းချက်သည် မသင့်လျော်ချေ။
သို့သော် ထိုထက် ပို၍ လိုက်ဖက်သော စကားလုံးကို ရှာမတွေ့သဖြင့် သုံးနှုန်းမိခြင်း ဖြစ်၏။
လူစိမ်းက ဘုံကျောင်းပျက်၏ တံစက်မြိတ်နှင့် သုံးပေအကွာ၌ ရပ်သွားသည်။ ထို့ကြောင့် ဘုံကျောင်းအတွင်းမှ မီးရောင်က ၎င်း၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်လာစေ၏။
ဖြောင့်စင်းသော နှာတံနှင့် မျက်ခုံးမွှေး နက်နက်များပါရှိသော ချောမောလှပလွန်းသည့် လူငယ်တစ်ယောက် ဖြစ်သည်။
“ ကောင်လေး မင်းဘယ်သူဖြစ်ဖြစ် ဒီကနေထွက်သွားပါ ... မဟုတ်ရင် ငါတို့ကို အပြစ်မတင်ပါနဲ့။ ”
အစောင့်တစ်ယောက်က အေးစက်စွာ ကြိမ်းမောင်းလိုက်၏။ လူငယ်က ခန်းမအတွင်း ဝေ့ကြည့်ကာ၊
“ ငါ့ကို ... ထွက်သွားခိုင်းနေတာလား ... ငါသာထွက်သွားလိုစိတ်ရှိရင် အလောင်းကပ်ပါး အကိုက်ခံရပြီး မင်းတို့သေသွားတာ ကြာပြီ။ ”
-ဟု တုန့်ပြန်လာသည်။
“ မင်းက မရဏတံခါးဂိုဏ်းက နတ်ဆိုးကျင့်ကြံသူလား။ ”
ဦးလေးဟောင်က သတိကြီးစွာဖြင့် စစ်မေးလိုက်၏။
“ ဟမ့် ... အဲဒီကြွက်စုတ်တွေက ငါ့နောက်လိုက်တဲ့အထဲမှာ အညံ့ဆုံးပဲ။ ”
လူငယ်က ပေါ့ပေါ့ပါးပါး ပြန်ဖြေ၏။ ထို့နောက် စိတ်ဝင်စားသော အသွင်အပြင်ဖြင့် မျက်ဝန်းများ တောက်ပလာကာ၊
“ ငါ့အတွက် အစေခံတွေလိုတယ် ... မင်းတို့သစ္စာရှိနေသမျှ အသက်ရှင်ခွင့်ရမယ်။ ”
-ဟု ပြောကြားလာသည်။
“ ဟမ့် ... နင်က ငါတို့ကို အစေခံအဖြစ် လိုချင်နေတာလား ... နင့်ကိုယ်နင် ဘယ်သူလို့ ထင်နေလဲ ... ဒီလိုပြောဖို့ ဘယ်လောက် အရည်အချင်းရှိလဲ။ ”
မိန်းကလေးယွမ်မှ ဒေါသတကြီး အော်ငေါက်လိုက်သည်။ လူငယ်က ပြုံးလျက် သူမထံ လှည့်ကြည့်၏။
“ ငါ့နောက်လိုက်ရင် ... ငါဘယ်သူလဲ မင်းသိလာမှာပါ။ ”
သူ့မျက်လုံးများအတွင်း လျှို့ဝှက်ဆန်းကြယ်ပြီး ရဲရဲနီနေသော သွေးလတစ်စင်း ပေါ်လာသည်။
သွေးလပေါ်လာသည်နှင့် မိန်းကလေးယွမ်ခမျာ ဓားရိုးကို ဆုပ်ကိုင်ကာ ဆွဲထုတ်လုနီးပါး ဖြစ်သွား၏။
ဦးလေးဟောင် သူမပခုံးပေါ် လက်တင်လျက်၊
“ မိန်းကလေးယွမ် သတိထားပါ သူ့မျက်လုံးကို မကြည့်မိစေနဲ့။ ”
-ဟု သတိပေးလိုက်၏။
သို့မှသာ မိန်းကလေးယွမ်တစ်ယောက် နိုးထလာပြီး ကျောက်စိမ်းရောင်ဝတ် လူငယ်ထံ ကြောက်ရွံ့စွာ ပြန်ကြည့်မိလေသည်။
ဤလူငယ်သည် နတ်ဆိုးတစ်ကောင် ပင်လော။ ၎င်း၏ အကြည့်တစ်ချက်သည် သူမ နှလုံးသားကို တုန်လှုပ်သွားစေသည်။
“ ဟမ့် ... ချီသန့်စင်ခြင်း အဆင့် ကျွမ်းကျင်သူလား မင်းခန္ဓာကိုယ်က တကယ် စိတ်ဝင်စားစရာပဲ။ ”
လူငယ်က ဦးလေးဟောင်ထံ အကြည့် ရွေ့ကာ မျက်ဝန်းများတွင် လောဘရောင်များ ထင်ဟပ်လာ၏။
“ လူငယ်လေး ... မင်းကိုယ်မင်း ဘယ်လို ပြုမူရမလဲ သင်ယူပါ။ ”
ဦးလေးဟောင်က သွေးနှင့် ချီများကို လောင်ကျွမ်းလျက် သတိပေးလိုက်လေသည်။ ဤနည်းဖြင့် သာမန်တစ္ဆေများသည် သူ့ကို နေမင်းတစ်စင်းအဖြစ် မြင်စေ၏။
ယင်းက တစ္ဆေများကို ကောင်းစွာ ခြိမ်းခြောက်နိုင်သည်။ သို့သော် ထိုလူငယ်က မမြင်သည့်အလား လုံးဝ ဂရုမစိုက်ချေ။
“ ငါက ... မင်းတို့ကို အသက်ရှင်ခွင့်ပေးနေတာ ဒါကို တန်ဖိုးထားဖို့ အကြံပေးချင်တယ်။ ”
ထို့နောက် သွေးလပေါ်နေသော မျက်ဝန်းများဖြင့် ခန်းမအတွင်း ဝေ့ကြည့်ပြီး၊
“ မဟုတ်ရင် ... ဘယ်သူမှ ဒီနေရာကနေ အသက်ရှင်လျက် ... မထွက်သွားနိုင်စေရဘူးလို့ ငါအာမခံတယ်။ ”
-ဟု ခြိမ်းခြောက် ပြောကြားလာတော့သည်။
သူ့စကားနှင့် သူ့အသွင်သည် ပေါ့ပေါ့ပါးပါး ဖြစ်နေသော်လည်း မောက်မာမှုနှင့် ယုံကြည်မှု အပြည့် ရှိသည်။
ဦးလေးဟောင်နှင့် အစောင့်များမှာ လေးနက်လာပြီး မိန်းကလေးယွမ်အနား ဝိုင်းရံ လိုက်ကြ၏။
“ မိန်းကလေးယွမ်ကို ကာကွယ်ပါ။ ”
ဦးလေးဟောင်က အမိန့်ပေးပြီး ချက်ချင်း လှုပ်ရှားလိုက်လေသည်။ တစ်ဆက်တည်းမှာပင် အရိုးအက်ကွဲသံများ ထွက်ပေါ်လာကာ သွေးများ ပွက်ပွက်ဆူလာ၏။
“ ချွမ် ... ။ ”
ဓားကို ဆွဲပြီးသည်နှင့် လူငယ်ထံ ခုတ်ချလိုက်သည်။ တံစက်မြိတ်မှ မိုးရေစက်များ ပြတ်တောက်သွားကာ ရေမှုန်များအဖြစ်သို့ ပြောင်းလဲလွင့်စဉ် ကုန်၏။
ယင်းသည် လျှပ်စီးကဲ့သို့ မြန်ပြီး တောင်ကြီးတစ်လုံးကဲ့သို့ လေးလံလှသည်။ သို့သော် လူငယ်ကလှမ်းတက်ကာ လက်ထဲမှ ခေါက်ယပ်တောင်ဖြင့် ခတ်ထုတ်လိုက်၏။
“ ထန် ... ။ ”
ကျယ်လောင်သော သတ္တုတိုက်မိသံ တစ်သံထွက်ပေါ်လာကာ ဦးလေးဟောင်ဓားမှာ နောက်ပြန် ကန်ထွက်သွားလေသည်။
“ အရမ်း အားနည်းတယ်။ ”
လူငယ်က ခေါင်းခါပြီး ခေါက်ယပ်တောင်ဖြင့် လှမ်းထိုးလာသည်။ ဦးလေးဟောင်တစ်ယောက် ချက်ချင်း ခုခံလိုက်ရ၏။
“ ထန် ... ။ ”
ဤတစ်ကြိမ်၌ အေးစက်သော ယင်စွမ်းအင်များက ဆေဘာဓားထံမှတဆင့် ရင်ဘတ်အတွင်း စီးဝင်လာသည်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လျက် ခြေလှမ်းပေါင်းများစွာ နောက်သို့ ပြန်ဆုတ် လိုက်ရလေသည်။
ထိုမြင်ကွင်းက လူတိုင်းကို မျက်နှာ ပျက်ယွင်းသွားစေသည်။ ဦးလေးဟောင်ဟူသည် တိမ်မြစ်စီရင်စု (၁၉)မြို့တွင် အသန်မာဆုံး ကျွမ်ကျင်သူဖြစ်၏။
၎င်းထက် သန်မာသူများသည် မဟာသခင်များဖြစ်သည်။ သိုသော် မဟာသခင် အရေအတွက်သည် တိမ်မြစ် စီရင်စု၌ လက်တစ်ဆုပ်စာမျှသာ ရှိသည်။
“ မဟာသခင်အဆင့် ကျွမ်းကျင်သူ။ ”
ဦးလေးဟောင်က အံ့သြစွာဖြင့် ရေရွတ်လိုက်သည်။ ထိုမှတ်ချက်ကို လူငယ်မှ ခေါင်းရမ်းလျက်၊
“ မဟာသခင်အဆင့်က ငါ့ပြိုင်ဘက် မဟုတ်သေးဘူး။ ”
-ဟု တုန့်ပြန်တော့၏။
ထို့နောက် လူငယ်က ကောင်းကင်ရှိ တိမ်ညိုများထံမော့ကြည့်ကာ သက်ပြင်းချပြီး၊
“ အချိန်မရှိတော့ဘူး ... ဒါနောက်ဆုံး အခွင့်အရေးပဲ၊ ငါ့နောက်လိုက်မလား ... မင်းတို့ သေမလား။ ”
-ဟု မေးမြန်းလာ၏။
“ ဦးလေးဟောင် ဒီဓားကိုသုံး။ ”
မိန်းကလေးယွမ်က ငွေဓားတစ်လက်ကို ထုတ်ယူပြီး ပစ်ပေးလိုက်၏။ ဓားတစ်လက်လုံး နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူလျက် တိမ်ပုံစံများ ထွင်းထုထားချေပြီ။
အဖျားရှည်သွယ်ပြီး ဦးမော့နေ၏။ ဓား၏အသွင်အပြင်ကိုမြင်ပြီး လူငယ်က မျက်နှာ ပြောင်းသွားသည်။
“ မူလ အဆင့် လက်နက်။ ”
ဤသည်မှာ ဝိညာဉ်ရေး လက်နက် ဖြစ်သည်။ သို့သော် သာမာန် ဝိညာဥ်ရေး လက်နက် မဟုတ်ချေ။
မူလတာအို ကျင့်ကြံသူတစ်ဦးမှ ရေးထွင်းထားသော အစီရင်ပါရှိ၏။ ထိုအဆင့် လက်နက်များသည် မဟာကျိုး၌ ရှားပါးကာ ထိပ်တန်းမှော်လက်နက် စာရင်းဝင်သည်။
ဦးလေးဟောင်က ဓားကို ဖမ်းယူလျက် ယုံကြည်ချက် ပြန်လည် ရရှိလာ၏။ ဤဓား၏ အမည်မှာ ကောင်းကင်နှင်း ဖြစ်သည်။
“ ဟိတ် ... ။ ”
လူငယ်က ထိုဓားမော့၏ စွမ်းအားကို နားလည်ထားသဖြင့် ယပ်တောင်ဖွင့်လျက် ဦးစွာ တိုက်ခိုက်လိုက်၏။
“ ရွှပ် ... ရွှပ် ... ရွှပ် ... ။ ”
ယပ်တောင်ကို လေထဲ (၁၈)ကြိမ် လွှဲလိုက်သည်။ အနက်ရောင် အခိုးအငွေ့များ ရစ်သိုင်းလျက် တစ္ဆေ(၁၈)ကောင်ပေါ်လာ၏။
၎င်းတို့ ပေါ်လာသည်နှင့် ခန်းမအတွင်း သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက် သွားလေသည်။ ကမ္ဘာကြီးတစ်ခုလုံး ငရဲနယ်မြေ အဖြစ် ပြောင်းလဲသွား၏။
“ ရွှပ် ... ။ ”
တစ္ဆေအော်သံများနှင့် ဝံပုလွေအူသံများ ဝိုးတဝါးကြားလာရသည်။ ဦးလေးဟောင်က ရှေ့သို့ လှမ်းတက်ကာ ကောင်းကင်နှင်းဖြင့် ပြန်လည် ခုတ်ပိုင်းချလိုက်၏။
ပြဒါးကဲ့သို့ ငွေရောင် ဓားအလင်းများ ထွက်ပေါ်လာပြီး တစ္ဆေ(၁၈)ကောင်မှာ ခါးမှ ဖြတ်တောက် ခံလိုက်ရသည်။ နာကျင်စွာ အော်ဟစ်သံများ ဆူညံသွား၏။
တစ်ချိန်တည်းမှာပင် ဆိုးရွားသော အနံ့အသက်များ လေထဲ ပြည့်လျှံလာလေသည်။ ငွေဓားအလင်းက ပျောက်ကွယ်ခြင်းမရှိဘဲ ဆက်လက် တိုးဝင်သွားသဖြင့် လူငယ်က ချက်ချင်း တိမ်းရှောင်လိုက်ရသည်။
“ ထန် ... ။ ”
တစ်ဆက်တည်းမှာပင် ယပ်တောင်ကို ပြန်ဖွင့်ကာ ဦးလေးဟောင်ထံ ခုတ်ပိုင်းတော့၏။ ဦးလေးဟောင်မှလည်း ဓားမော့ဖြင့် ပြန်လည် ဟန့်တားလိုက်ရာ မီးပွားများ ပွင့်ထွက်လာသည်။
အကျိုးဆက်အနေဖြင့် ဦးလေးဟောင်တစ်ယောက် တစ်ကိုယ်လုံး တုန်ခါသွားပြီး ဓားလွတ်ကျလုနီးပါး ဖြစ်သွားလေသည်။
“ ဟမ့် ... ။ ”
လူငယ်က နှာခေါင်းရှုံ့လျက် ရုတ်တရက်စိတ်ကူးပြောင်းသွားကာ အဝေးတွင် ရပ်နေသော မိန်းကလေးယွမ်ထံ ပြေးလွှား လိုက်တော့၏။
“ နတ်အရိပ်ကို သုံးပြီး ကာကွယ်ပါ။ ”
ဦးလေးဟောင်က အစောင့်တပ်သားများထံ ချက်ချင်း အမိန့်ပေးလိုက်သည်။ အစောင့်များမှာ သတိဝင်လာပြီး (crossbow) များ ထုတ်ယူလာ၏။
၎င်းသည် မွန်းမံထားသော ဒူးလေးများ ဖြစ်သည်။ မဟာကျိုးတွင် စစ်ဘက်ဆိုင်ရာ လက်နက်အဖြစ် သတ်မှတ်၏။
ထိပ်ဖျားတွင် ပေါက်ကွဲစေသော သတ္တုအစွပ်များပါရှိသည့် မျှားတံသုံးဆယ်ကို ဆက်တိုက် ပစ်လွှတ်နိုင်သည်။
၎င်း၏ ပေါက်ကွဲစွမ်းအားသည် ချီသန့်စင်ခြင်း ကျွမ်းကျင်သူကိုပင် အသေသတ် နိုင်သည်။
(crossbow) တစ်လက်သည် ငွေစတစ်သောင်းတန်ကာ မျှားတံများတန်ဖိုးကို ထည့်သွင့်ရေတွက်ပါက မြင့်မားသော တန်ကြေးတစ်ခု ဖြစ်လာပေမည်။
(croosbow)များ၏ အားနည်းချက်မှာ မျှားတံသုံးဆယ် ကုန်လွန်ပြီးနောက် အသုံးမဝင် တော့ခြင်း ဖြစ်သည်။
ထို့ပြင် ၎င်းတို့ကို ထုတ်လုပ် ကိုင်ဆွဲရန်အတွက် မဟာကျိုး၏ ဘုရင်ကိုးပါး အနက်မှ တစ်ပါးဖြစ်သည့် ပင်လယ်ဘုရင်က ထိန်းချုပ်ထား၏။
ဆိုလိုသည်မှာ (crossbow)ကို ပိုင်ဆိုင်သူများသည် မြင့်မားသော နောက်ခံမျိုး ရှိသည်ဟု အဓိပ္ပါယ်ရ၏။
“ ရွှပ် ... ရွှပ် ... ရွှပ် ... ။ ”
ထိုအခိုက်တွင် အစောင့်များက ခလုတ်ကို ဆွဲလိုက်ရာ မိုးသက်မုန်တိုင်းကဲ့သို့ မြှားတံများ ဖွေးခနဲ ပြေးထွက်လာတော့သည်။
***