တစ္ဆေ လောင်ကျွမ်းခြင်း မဟာနေမင်း အစီရင်။
Vol. 6 Ch. 67
“ ဘာတွေ ဖြစ်နေတာလဲ။ ”
မိန်းကလေးယွမ်က အံ့သြသွား၏။ အစိမ်းရောင် ဓားအလင်းကြောင့် ရုတ်တရက် ခန်းမအတွင်း အပူရှိန် ပြန်လည် မြင့်တက်လာ၏။
တစ်ဆက်တည်းမှာပင် အစောင့်များနှင့် တိုက်နေသော အလောင်းကောင် ကပ်ပါးပိုးများ အားလုံး အနက်ရောင် အခိုးအငွေ့များအဖြစ် ပြောင်းလဲ ပျောက်ကွယ်သွားကြသည်။
အေးခဲနေသော ဦးလေးဟောင်ခမျာ သွေးကြောများ ပြန်လည် စီးဆင်းလာနိုင်သဖြင့် ဓားရုတ်ပြီး ချက်ချင်းနောက်ဆုတ်၏။
အဖြားတစ်ဖက်တွင် လူငယ်သည် အန္တရာယ်ကို ခံစားမိသည်။ ဤအစိမ်းရောင်ဓား ဖြစ်တည်လာသည်နှင့် သူ့အရေပြားများ ပူလောင်ယားယံလာ၏။
“ ဟမ့် ... ။ ”
သို့တိုင်နှာခေါင်းရှုံ့လျက် ယပ်တောင်ဖြင့် ထိုးရန်ပြေးဝင်လိုက်သည်။ ယင်စွမ်းအင်များက အရှိန်အဟုန်ဖြင့် လိုက်ပါလာ၏။
“ မိုက်မဲလိုက်တာ။ ”
“ ချွင် ... ။ ”
စုရီက အစိမ်းရောင်ဓားအလင်းကို လှုပ်ခါလိုက်ရာ ကျယ်လောင်သော ဓားမြည်သံ ထွက်ပေါ်လာသည်။
“ ငါ့ဓားက တောင်နဲ့ မြစ်ကို ပိုင်းခြားနိုင်တယ်။ ”
ဤသည်မှာ အောင်နိုင်ခြင်းဓားသုတ္တန်၏ တောင်မြစ်ဓား ဖြစ်၏။ အဖျက်စွမ်းအားသည် တောင်နှင့်မြစ်ကို ခွဲပစ်နိုင်သည်။
“ ရွှပ် ... ။ ”
ဓားအလင်းကလေကို ခွင်းကာ ပျံသန်းသွားတော့၏။ တစ်ဖက်လူသည် မဟာ သခင်အဆင့် ကျွမ်းကျင်သူများကိုပင် မကြောက်ချေ။
သို့သော် ထိုဓားအလင်း နီးကပ် လာသောအခါ သဘာဝရန်သူကို မြင်လိုက်ရ သကဲ့သို့ မျက်နှာပျက်ယွင်းသွားသည်။
“ မဟုတ်ဘူး ... ။ ”
“ အား ... ။ ”
ခေါက်ယပ်တောင်ကို ပြန်သိမ်းလျက် လူငယ်က ချက်ချင်းဆုတ်ခွာ၏။ အနည်းငယ် နောက်ကျသွားသည်။ စူးရှသော အော်ဟစ်သံ ပြုလျက် ခန္ဓာကိုယ် နှစ်ခြမ်းကွဲသွား၏။
“ ဒါ ... ။ ”
ဤစွမ်းအားအားသည် သွေးသန့်စင်ခြင်း အဆင့်ထက် ကျော်လွန်နေခဲ့လေရာ လူတိုင်း မှင်တတ်ကုန်သည်။
အထူးသဖြင့် ဦးလေးဟောင်တစ်ယောက် နှလုံးသားတစ်ခုလုံး ကမောက်ကမ ဖြစ်လျက် ရှုပ်ထွေးသွား၏။
စုရီက သက်ပြင်းချသည်။ အစိမ်းရောင် ဓားအလင်းသည် ရေးထိုးထားသော အစီရင်၏ စွမ်းအားဖြစ်သည်။
၎င်းအမည်ကို တစ္ဆေ လောင်ကျွမ်းခြင်း မဟာနေမင်း-ဟုခေါ်၏။ အစီရင်အတွင်း ငရဲဘုံ ကိုးပါး ဓားရောင်ဝါကို ချိပ်ပိတ်ထားသည်။
ထို့ကြောင့် ဤမျှ အဖျက်စွမ်းအား ပြင်းထန်နေခြင်း ဖြစ်၏။ လက်ရှိကျင့်ကြံမှုဖြင့် ထိုအစီရင်ကို အသက်သွင်းရန် တန်ဖိုးများစွာ ပေးဆပ်ရသည်။
တစ်ကြိမ်သုံးပြီးနောက် သွေးအတွင်း စွမ်းအင်များကုန်ဆုံးပြီး စိတ်ဝိညာဉ် အားနည်း သွားသည့် လက္ခဏာများ ပြသနေသည်။
စုရွှမ်ကြွယ်ဘဝတွင် ဤအဆင့် ယင်တစ္ဆေများကို သတ်ဖြတ်ရန် ထိုအစီရင်မျိုး မလိုအပ်ချေ။ တောင်မြစ်ဓားဖြင့်ပင် ဧကရာဇ် နယ်ပယ်အထိ သတ်နိုင်၏။
ကျောက်စိမ်းဝါးအမြစ် တစ်ချောင်း ထုတ်ယူကာ ကိုက်ဝါးလိုက်သည်။ အေးမြသော စီးကြောင်းတစ်ခုနှင့်အတူ အနည်းငယ် လန်းဆန်းလာ၏။
သက်ပြင်းချလျက် နှစ်ပိုင်းပြတ်နေသော အလောင်းထံ ငုံ့ကြည့်မိသည်။ သွေးမည်းများ စီးကျလျက် ပုပ်အဲ့အဲ့ အနံ့အသက်ဆိုးများ ထွက်ပေါ်လာ၏။
ကြည့်နေဆဲမှာပင် ၎င်းအသားအရေများ လျော့ရဲပဲ့ကျလာကာ အဆုံးတွင် ပုပ်ပွနေသော အသေကောင်အဖြစ် ပြောင်းလဲသွားသည်။
ဦးလေးဟောင်က ရုတ်တရက် သတိပြန်ဝင်လာပြီး အရိုအသေပေးလျက်၊
“ တာအိုသခင် ... ငါတို့ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒီကျေးဇူးကို တစ်သက်လုံး အမှတ်ရနေမှာပါ ... တစ်ချိန်ချိန် တစ်ခုခု လိုအပ်ရင် ... ငါတို့ဆီ လာနိုင်ပါတယ်။ ”
-ဟု ကတိပေးလာ၏။
“ တာအိုသခင် ... ငါတို့အသက်ကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ... ဒီကျေးဇူးကို ငါတို့တစ်သက်လုံး သတိရနေမှာပါ။ ”
အစောင့်တပ်သားများက ချက်ချင်းပင် အရိုအသေပေး၏။ သူတို့သည် ဤလူငယ်ကို အထင်အမြင် သေးခဲ့ဖူးချေပြီ။
“ သမက်စု … မင်းက အင်မော်တယ်လား။ ”
ကူပိုင်က တုန်လှုပ်ချောက်ချားသော အသွင်ဖြင့် စုရီကို လှမ်းမေးလိုက်သည်။ စုရီမှ ခေါင်းယမ်းလျက်၊
“ မဟုတ်ဘူး ... ငါက ဒီသားကောင်ကို အမဲလိုက်ဖို့ လာခဲ့တာမို့ ပြင်ဆင်ထားတာပါ။ ”
-ဟု ပြန်ဖြေလိုက်သည်။
ဝါးမြှောင်များသည် ယင်ဝိညာဉ်များကို နှိမ်နင်းရန်အတွက် အထူးထုတ်လုပ်ထားသည့် လက်နက်ဖြစ်သည်။
ဆိုလိုသည်မှာ တစ္ဆေလောင်ကျွမ်းခြင်း မဟာနေမင်း အစီရင်သည် လူသားကျင့်ကြံသူ မဟာသခင်တစ်ပါးကို ဤသို့ တစ်ချက် တည်းဖြင့် သတ်နိုင်မည် မဟုတ်ချေ။
ယင်းကို ဦးလေးဟောင်နှင့် အစောင့်များအနေဖြင့် မသိချေ။ သိခဲ့လျှင်ပင် သူ့ကို မလေးမစား လုပ်ဝံ့မည်မဟုတ်ကြောင်း ပြောနိုင်သည်။
နောက်ဆုံးတွင် ထိုဓား၏ နက်နဲမှုနှင့် စွမ်းအားသည် ၎င်းတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။
“ ဟမ့် ... ဒါဆို နင်ဘာလို့ မလှုပ်ရှားဘဲ ရပ်ကြည့်နေတာလဲ ... မဟုတ်ရင် ငါတို့အစောင့် နှစ်ယောက် အခုလိုသေမှာ မဟုတ်ဘူး။ ”
မိန်းကလေးယွမ်သည် စုရီ၏ မာနကြီးသောအသွင်ကို ပြန်သတိရလာပြီး မကျေမနပ်ဖြင့် အပြစ်တင်၏။
ရုတ်တရက်ဖြစ်သဖြင့် ဦးလေးဟောင်နှင့် အစောင့်တပ်သားများမှာ မျက်လုံးပြူးသွားတော့ သည်။ ကူပိုင်က ဒေါသထွက်လာပြီး၊
“ မိန်းကလေးယွမ် ... မင်းက သမက်စုကို အချိန်တိုင်း ... စော်ကား လှောင်ပြောင်နေတာပဲ အခု မင်းတို့တွေအသက်ကို ကယ်ခဲ့တာတောင် ကျေးဇူးတင်စကား မပြောသေးဘူးလား။ ”
-ဟု ပြန်လည် အော်ငေါက်လိုက်သည်။
ထိုစကားကြောင့် ဦးလေးဟောင်ခမျာ မျက်နှာပျက်ယွင်းသွားပြီး စုရီထံ ခိုးကြည့်ကာ ချက်ချင်း လှမ်းတက်လိုက်၏။
“ မိန်းကလေးယွမ် ... တာအိုသခင်သာ ကယ်တင်ချင်စိတ်မရှိရင် ငါတို့အားလုံးသေနေပြီ ဒါဆိုမင်းက ဒီနည်းလမ်းနဲ့ ကျေးဇူးဆပ်ဖို့ ဆုံးဖြတ်လိုက်တာလား။ ”
ဦးလေးဟောင်လေသံသည် အနည်းငယ်အေးစက်ပြီး မကျေမနပ်ဖြစ်နေ၏။
“ မိန်းကလေးယွမ် ... မင်းမှာ ဆင်ခြင်တုံတရား ရှိပါစေ ... တာအိုသခင်ကို အခု တောင်းပန်ပါ။ ”
အစောင့်တပ်သားများ သည်လည်း သံပြိုင်အော်ဟစ်လာသည်။ သူတို့အားလုံးသည် ဤခရီးစဉ်အတွက် ဆန္ဒအတိုင်း လိုက်ပါခဲ့သည့် သစ္စာရှိလူယုံများ ဖြစ်၏။
ထို့ကြောင့် မိန်းကလေးယွမ်၏ အမှားများအပေါ် ထောက်ပြကာ ကြိမ်းမောင်း လိုက်ကြလေသည်။ မဟုတ်သော် ဤနေရာ၌ အသက်ခံရနိုင်မည်။
ဆိုလိုသည်မှာ ဦးလေးဟောင်သည် စုရီကိုယ်စား မိန်းကလေးယွမ်ကို အော်ငေါက် လိုက်ခြင်းဖြစ်သည်။
တစ်ဖက်တွင် စိတ်ပျက်လက်ပျက် ဖြစ်နေသော ဦးလေးဟောင်အသွင်ကို ပထမဆုံး အကြိမ် မြင်လိုက်ရခြင်း ဖြစ်သဖြင့် မိန်းကလေး ယွမ်တစ်ယောက် ဝမ်းနည်းလာ၏။
သူမဘဝတွင် အပြင်လူတစ်ယောက် ရှေ့တွင်ဤသို့ ကြိမ်းမောင်းခံရလိမ့်မည်ဟု အိမ်မက်ပင် မမက်ဖူးချေ။
“ ဟမ့် ... ငါမှားသွားတယ် တောင်းပန်ပါတယ်။ ”
အဆုံးတွင် အေးစက်သောလေသံဖြင့် တောင်းပန်စကား ဆိုလိုက်ရ၏။ သူမအတွက် ဤဝေါဟာရအပေါ် ရင်းနှီးပုံမပြချေ။
သို့တိုင် ဦးလေးဟောင်က သက်ပြင်းချလိုက်သည်။
“ တာအိုသခင် ... ငါတို့မိသားစုက မိန်းကလေးယွမ်အပေါ် သွန်သင်မှု အားနည်း ခဲ့တာ ဝန်ခံပါတယ် ...
... ဒီကလေးမလေးရဲ့ မဆင်မခြင် စကားတွေကို ခွင့်လွှတ်ပေးဖို့ ... ဒီအဖိုးကြီးက နှိမ့်ချစွာ တောင်းဆိုပါတယ်။ ”
“ တာအိုသခင် မိန်းကလေးယွမ်ကို ခွင့်လွတ်ပေးဖို့ တောင်းခံပါတယ် ... ဒါတွေက ငါတို့အမှားတွေပါ။ ”
အစောင့်တပ်သားများသည်လည်း ခွင့်လွှတ်ပေးရန် သံပြိုင်အော်ဟစ် တောင်းဆို လာကြသည်။
စုရီက မိန်းကလေးယွမ်ထံ တစ်ချက် လှမ်းကြည့်ပြီး ယင်ခြောက်ပါး အလောင်းထံ လျှောက်လှမ်းသွားသည်။
သူသည် ဤအရာအတွက် တစ္ဆေမိခင်တောင်သို့ လာခဲ့ခြင်းဖြစ်၏။ လူငယ် ရောက်လာချိန်၌ သံသယဝင်မိသော်လည်း အတည်မပြုနိုင်သေးချေ။
ထို့ကြောင့် မိန်းကလေးယွမ်နှင့် သူမ၏အဖွဲ့သားများကို ကယ်တင်ခြင်းသည် တိုက်ဆိုင်မှုမျှသာ ဖြစ်သည်။ ၎င်းတို့ထံမှ သိတတ်မှုများ မလိုချေ။
သို့သော် ဦးလေးဟောင်နှင့် အစောင့်တပ်သားများ အမြင်တွင် စုရီမှ သူတို့၏ မိန်းကလေးယွမ်အပေါ် စိတ်မဝင်စားခဲ့ကြောင်း နားလည်လိုက်ကာ စိတ်သက်သာရာ ရကုန်ကြသည်။
ထိုအချိန်တွင် မိုးသက်လေပြင်းများ ရပ်သွားပြီး တိမ်ညိုတိမ်မည်းများ လွင့်စင်လျက် ကောင်းကင်ကြီး ပြန်လင်းလာ၏။
အချိန်မှာ နေဝင်ရီတရောအချိန် ဖြစ်လေသည်။ ပျက်စီးနေသော ဘုံကျောင်းဝန်း အတွင်း၌ မြက်ရိုင်းများ ပြည့်နှက်နေ၏။
လူတိုင်းက ဒဏ်ရာများကို ကုသရန် မီးဖိုအနားတွင် စုရုံးလိုက်ကြသည်။ စုရီသာလျှင် ရပ်လျက် ကျန်ရစ်ပြီး အလောင်းကောင်ထံမှ ခေါက်ယပ်တောင်ကို ကောက်ကိုင် လိုက်တော့သည်။
***