← Chapters

ဆရာစု ။

Vol. 6 Ch. 68

ဆရာစု ။

Vol. 6 Ch. 68

စုရီက မိန်းကလေးယွမ်ထံ တစ်ချက်သာ လှည့်ကြည့်လိုက်ပြီး အလောင်းကောင်ထံ ငုံ့ကြည့်တော့၏။

သူသည် ဤယင်ခြောက်ပါး အလောင်းကောင်အတွက်လာခြင်း ဖြစ်ကာ ၎င်းတို့ကို ကယ်တင်ခြင်းသည် အကျိုးဆက် တစ်ခုမျှသာ ဖြစ်သည်။

ဤမြင်ကွင်းကို မြင်ပြီးနောက် ဦးလေးဟောင်နှင့် အစောင့်များအားလုံး စိတ်သက်သာရာ ရသွား၏။

စုရီသည် သူတို့၏ မိန်းကလေးကို ဂရုမစိုက်တော့ကြောင်း သဘောပေါက်လိုက် ကြသည်။

ထိုအချိန်တွင် မိုးတိတ်သွားကာ တိမ်မည်းများလွင့်စင်သွားပြီး အလင်းရောင် ပြန်လည်ရရှိလာ၏။

အချိန်မှာ နေဝင်ရီတရောအချိန် ဖြစ်လေသည်။ ဘုံကျောင်းဝင်း အတွင်း၌ မြက်ရိုင်းများ ပြည့်နှက်နေ၏။

စုရီက ခေါက်ယပ်တောင်ကို ကောက်ကိုင်လိုက်သည်။ အရိုးကို ဝိညာဉ်သံဖြင့် ပြုလုပ်ထားပြီး အရွက်မှာ သွေးယင်ပိုးမျှင်နှင့် ယှက်လုပ်ထား၏။ ၎င်းအပေါ်တွင် တိမ်တိုက် ပုံစံများ ရေးဆွဲထားသည်။

“ မရဏတံခါးဂိုဏ်းက သန့်စင်ထားတဲ့ လက်နက်ပဲ ဒီလိုအဖိုးတန် ပါဝင်ပစ္စည်းတွေကို လက်ရာကြမ်းကြမ်း သွန်းလုပ်လိုက်တာက ဖြုန်းတီးရာ ရောက်တယ်။ ”

ခေါက်ယပ်တောင်သည် အသုံးမဝင်တော့သဖြင့် လွှင့်ပစ်လိုက်ကာ ထပ်မံ စစ်ဆေးတော့၏။ အဖိုးတန်သည့်တစ်စုံတစ်ရာ မရှိခဲ့ချေ။

အဆုံးတွင် မျက်မှောင်ကြုတ်လျက် အလောင်းကောင်ကို မီးရှို့ ပြာချပစ်လိုက်သည်။ ပြာပုံအတွင်း၌ ကျောက်စိမ်းဆွဲသီးတစ်လုံး ကျန်ရစ်ခဲ့၏။

ယင်းသည် ကလေးလက်ဖဝါး အရွယ်မျှသာဖြစ်ပြီး သိုလှောင်ရတနာတစ်ခု ဖြစ်သည်။

၎င်းသည် အဖိုးတန်သည်ဟု မဆိုနိုင်သော်လည်း မဟာကျိုးတွင် အလွန် ရှားပါးပြီး အချို့သော အထက်တန်းစား ကျွမ်းကျင်သူများသာ ပိုင်ဆိုင်နိုင်၏။

အတွင်း၌ အလွန်ကျဉ်းမြောင်းပြီး သုံးပေစတုရန်းမျှသာရှိကာ သေတ္တာတစ်လုံး အကျယ် ရှိချေပြီ။

၎င်းအတွင်း ယင်ခြောက်ပါးမြက်နှင့် မြင့်မြတ်သော ယန်ပန်းများကို ဦးစွာမြင်မိ၏။ ၎င်းတို့သည် တတိယာတန်း ဝိညာဉ်ရေး ဆေးပင်များဖြစ်သည်။

သို့သော် ၎င်းတို့၏ ဈေးနှုန်းသည် သာမန် တတိယတန်း ဝိညာဉ်ရေး ဆေးပင်များထက် များစွာ တန်ကြေးရှိ၏။

ဤဆေးဘက်ဝင်အပင်ကို ရှာဖွေရန် ဤခရီးကို ထွက်လာခြင်းဖြစ်သည်။ ၎င်းတို့ဘေး နေရာလွတ်တွင် ပထမတန်း ဝိညာဉ်ရေး ဆေးပင် ငါးပင်နှင့် ဒုတိယတန်းနှစ်ပင်ကို မြင်လိုက်ရသည်။

ထိုအရာများအပြင် ပထမအဆင့် ဝိညာဉ်ကျောက်တုံး (၅၅)လုံးနှင့် ယင်ဆေးရည် (၁၀)ပုလင်း ထပ်မံပါရှိ၏။

ယင်ဆေးရည်များသည် ချင်းဝမ်အတွက် အသုံးဝင်သည်။ အဆုံးတွင် သားရဲအရေခွံနှင့် ပြုလုပ်ထားသော စာလိပ်တစ်လိပ်ကို တွေ့ရှိလိုက်၏။

အလွန်ဟောင်းနွမ်းပြီး စာမျက်နှာများ အဝါရောင် ပြောင်းနေ၏။ ဤသည်မှာ တစ္ဆေ ကိုးပါးယင်ကျမ်းပေပင်။

စုရီက တစ်ချက်ဖတ်ကြည့်ကာ စိတ်ပျက်လက်ပျက်နှင့် ခေါင်းခါလိုက်သည်။ ဤသည်မှာ အလောင်းသန့်စင်ခြင်း နည်းစနစ် ဖြစ်သည်။

အလောင်းများကို ရုပ်သေးအဖြစ် သန့်စင်ပြီးနောက် လူအဖြစ် အသွင်ပြောင်းခြင်း ပေပင်။ အဆုံးတွင် မူလတာအိုနယ်ပယ်၌သာ ရပ်တန့်သွားပေမည်။

ချင်းဝမ်ကို သင်ပေးထားသော သတ်ဖြတ်ခြင်းဆယ်ပါးသုတ္တန်နှင့် နှိုင်းယှဉ်ပါက များစွာနိမ့်ပါးချေ၏။

“ လဝက်အတွင်း အရိုးသန့်စင်ခြင်း ... အထွတ်အထိပ်ရောက်ဖို့ ဆိုရင် ... အဆင့်တစ် ဝိညာဉ်ဆေးလုံးတွေ လိုသေးတယ်။ ”

အတွေးများဖြင့် သူ့ခွန်အား သူပြန်လည်ဆန်းစစ်က ခန်းမထဲဝေ့ကြည့်သည်။ သူ့အကြည့်ကြောင့် ဦးလေးဟောင်နှင့် အစောင့် တပ်သားများက အစားအသောက်များ ပြင်ဆင်ကာ ဖိတ်ခေါ်တော့၏။

“ တာအိုသခင် ... ကျေးဇူးပြုပြီးထိုင်ပါ။ ”

စုရီက ဟန်ဆောင်မနေတော့ဘဲ နေရာလွတ်တွင် ဝင်ထိုင်လိုက်၏။ ပေါ့ပေါ့ပါးပါး နိုင်သော ထိုအသွင်ကြောင့် ဦးလေးဟောင်နှင့် အဖွဲ့မှာ သက်တောင့်သက်သာ ဖြစ်လာသည်။

ဤလူငယ်သည် ဓားတစ်ချက်တည်းဖြင့် ယင်ခြောက်ပါး​အလောင်းကောင်ကို ထက်ခြမ်းခွဲ ခဲ့သည်ဆိုသော် မည်သူမျှ ယုံမည် မဟုတ်ချေ။

ထို့နောက်တွင် ဦးလေးဟောင်က သူတို့၏နောက်ခံအကြောင်း ထုတ်ဖော်ပြောပြ လာသည်။

သူတို့သည် ယွမ်မိသားစုမှ ဖြစ်ပြီး စီရင်စုမြို့တော်၏ အထက်တန်းစား မိသားစု လေးစုအနက် တစ်စု ဖြစ်သည်။

ဤမိန်းကလေးအမည်မှာ ယွမ်လောရှီ ဖြစ်ကာ လက်ရှိမိသားစု ခေါင်းဆောင် ယွမ်ဝူတုံ သမီး အငယ်ဆုံးဖြစ်ချေပြီ။

ဦးလေးဟောင်အမည်သည် ချောင်ဝူဟောင်ဖြစ်ပြီး ယွမ်မျိုးရိုးမှ မဟုတ် သော်လည်း ထိုမိသားစု၌ အကြီးအကဲ ရာထူးရရှိထားသည်။

အစောင့်များအတွက်မူ ယွမ်မိသားစု၏ ထိပ်တန်းအဆင့် ကျွမ်းကျင်သူများ ဖြစ်သည်။ အများစု၏ ကျင့်ကြံမှုသည် အရိုးသန့်စင်မှု အဆင့်တွင် ဖြစ်၏။

သူတို့သည် ယင်ခြောက်ပါးမြက်ကို ရှာဖွေကာ မိသားစုခေါင်း‌ယွမ်ဝူတုံအတွက် မွေးနေ့လက်ဆောင်ပေးအပ်မည့် မိန်းကလေး ယွမ်ကို စောင့်ရှောက်ရန် ပေပင်။

ထိုစကားကိုကြားသောအခါ စုရီက မျက်ခုံးပင့်လိုက်ပြီး၊

“ ဒီတောင်မှာ ယင်ခြောက်ပါးမြက်ရှိတာကို မင်းတို့ ဘယ်လိုလုပ်သိတာလဲ။ ”

-ဟု မေး​မြန်းလိုက်သည်။

ထိုမေးခွန်းကို ဦးလေးဟောင်မှ မဖြေဘဲ ယင်းအစား မိန်းကလေးယွမ်ထံသို့ လှမ်းကြည့် လေသည်။

မိန်းကလေးယွမ်က၊

“ မကြာသေးခင်က ငါ့တို့အိမ်ကို အဖိုးရှောင်လာလည်ပြီး ... အဖေ့နဲ့ပြော​နေတာ ငါကြားခဲ့တာပါ တာအိုသခင်။

-ဟု ဝင်ရောက်ဖြေကြားလာသည်။

အဖိုးရှောင်ဟူသော အသုံးအနှုန်းကြောင့် စုရီက ​ရှောင်မြေးအဖိုးနှစ်ယောက်ကို ချက်ချင်း သတိရလာ၏။

“ ရှောင်တျန်းချွယ်လား။ ”

“ ဟမ့် ... အဖိုးရှောင်ကို သိနေတာလား။ ”

မိန်းကလေးယွမ်က အံ့သြစွာဖြင့် စုရီကိုပြန်ကြည့်လေသည်။

“ သူတို့မြေးအဖိုးက ယင်ခြောက်ပါးမြက်အတွက် ဒီကိုလာတုန်းက အလောင်းကောင်အဆိပ် မိသွားခဲ့တယ် ... ငါနဲ့ တွေ့ပြီး ကုသမှုခံယူသွားတယ်။ ”

စုရီက ပေါ့ပေါ့ပါးပါး ပြန်ဖြေ၏။ ယင်းကြောင့် ချောင်ဝူဟောင်နှင့် အစောင့်များ အားလုံး ထိတ်လန့်သွားကြသည်။

အဖိုးအိုရှောင်တျန်းချွယ်၏ အဆင့်အတန်းသည် ဘိုးဘေးယွမ်ကိုယ်တိုင် ကြိုဆိုရသည့် အဆင့်၌ ရှိ၏။ တာအိုသခင်မှ ရှောင်တျန်းချွယ်အဖြစ် တိုက်ရိုက်ခေါ်ဆို သုံးနှုန်းနေချေပြီ။

“ ဒါဆို ... အဖိုးရှောင်ပြောတဲ့ ဆရာစု ဆိုတာ တာအိုသခင်လား။ ”

ဤတစ်ကြိမ်၌ မိန်းကလေးယွမ်၏ အသွင်အပြင် များစွာ ပြောင်းလဲသွားချေသည်။ ဆရာစုအကြောင်း ထိုစကားဝိုင်းမှတဆင့် သူမ ကြားခဲ့ဖူး၏။ စိတ်လှုပ်ရှားမှုမှာ အတိုင်းအဆ မရှိတော့ချေ။

***

All Chapters