← Chapters

ဓားပြငယ်။

Vol. 6 Ch. 70

ဓားပြငယ်။

Vol. 6 Ch. 70

စုရီနှင့်ချင်းဝမ်က အနောက်မြောက်ဘက်သို့ ဦးတည်ကာ အမှောင်ထဲ လျှောက်လှမ်းလာခဲ့၏။ လမ်းတစ်လျှောက် ပုရစ်အော်သံနှင့် ခွေးအူသံ များသာ ကြားလာရသည်။

ချင်းဝမ်ပါရှိသဖြင့် အခြားသော သရဲတစ္ဆေများကို မကြုံရချေ။ သူမသည် ကျင့်ကြံမှု စတင်နေပြီ ဖြစ်သဖြင့် ရောင်ဝါမှာ များစွာ သိပ်သည်းလာ၏။

တစ်နာရီ ကုန်လွန်ပြီးနောက် အမှောင်ထုအတွင်း တောက်ပသော မြူမှုန်များ မြင်လာရသည်။

၎င်းတို့သည် နဂါးငွေ့တန်းအလား မက်မွန်ဥယျာဉ်ကို သိုင်းခြုံထား၏။ အလွန် ဆွဲဆောင်မှုရှိသော မြင်ကွင်းပေပင်။

“ တာအိုသခင် ... ယင်စွမ်းအင်တွေ အရမ်းသိပ်သည်းလွန်းတယ် ဒါပေမယ့် ငါ့လို ယင်ဝိညာဉ်တွေအတွက် ကြောက်စရာ ကောင်းတဲ့ တစ်စုံတစ်ရာ ရှိနေတယ်။ ”

ချင်းဝမ်က မက်မွန်တောကို ကြည့်ကာ ထိတ်လန့်နေ၏။ သူ့စကားကြောင့် စုရီမှ ခဏမျှ စိုက်ကြည့်လိုက်သည်။

“ ဒီမှာ ... ယင်က ယန်အနားနေတယ် ... ယန်က ယင်နဲ့သန္ဓေတည်ပြီး ယင်-ယန်ဝင်ရိုးမြေ တစ်ခု မွေးဖွားပေးတယ် ...

... ဒါကြောင့်လည်း ဒီမက်မွန်တောထဲမှာ ဒီလောက်ထူထပ်တဲ့ မက်မွန်ပန်းအငွေ့အသက် ရှိနေတာပဲ ... အံ့သြစရာ မရှိတော့ပါဘူး။ ”

ရောင်စုံမြူမှုန်များသည် တောက်ပပြီး လှပလွန်းသော်လည်း သေစေသော အဆိပ်များ ဖြစ်သည်။

၎င်းကို မက်မွန်ပန်း အဆိပ်မြူဟု လူသိများ၏။ ထိုမြူအတွင်း ဝင်ရောက်မိသည့် သက်ရှိမှန်သမျှ အဆိပ်သင့်ပေမည်။

“ ငါရှာဖွေနေတဲ့ မကောင်းဆိုးဝါး ယင်ဝိညာဉ်သွေးပြန်ကြောက သန့်စင်သော ယန်မီးတောက် မက်မွန်ပင်ရဲ့ အမြစ်ထဲမှာ ရှိလိမ့်မယ်။ ”

မကောင်းဆိုးရွား ယင်ဝိညာဉ် သွေးပြန်ကြောသည် ချင်းဝမ်ကဲ့သို့သော ဝိညာဉ်များအတွက် အာဟာရ ဖြစ်၏။

သို့သော် သန့်စင်သော ယန်မီးတောက် မက်မွန်ပင်ကြောင့် ဝင်ရောက်ဝံ့ခြင်း မရှိကြချေ။ ဤသည်မှာ သဘာဝ အတားအဆီးပေပင်။

လက်ရှိ သိပ်သည်းသော မက်မွန်ပန်း အဆိပ်မြူများ ဖြစ်ပေါ်စေရန် ယန်မီးတောက် မက်မွန်ပင် သက်တမ်းသည် အနည်းဆုံး နှစ်ငါးရာခန့်ရှိနိုင်၏။

မဟာကျိုးတွင် ရှားပါးသော သက်တမ်းမျိုးပေပင်။ ထို့နောက် ဝါးခြမ်းပြား နှစ်ခုကို ထုတ်ယူကာ၊

“ ဒီဝါးခြမ်းပြားကို မင်းလက်ထဲမှာ ကိုင်ထားပါ။ ”

-ဟု ပြောကြားလိုက်သည်။

ဝါးခြမ်းပြားပေါ်တွင် ရူရ်အချို့ ရေးထွင်းထားသည်။ ကိုင်ဆောင်ခြင်းဖြင့် အဆိပ်အမျိုးမျိုးဒဏ်မှ ကာကွယ်ပေး၏။

ဤသည်မှာ တစ္ဆေမိခင်တောင်တန်း ခရီးစဉ်အတွက် အထူးပြင်ဆင်ထားခဲ့သော အစီရင်များထဲမှ တစ်ခု ဖြစ်သည်။

ချင်းဝမ်က ဝါးခြမ်းပြားကို ကိုင်ဆောင် လိုက်သောအခါတွင် သန့်စင်သောစွမ်းအင်များ စီးဆင်းလာသည်ကို ခံစားလိုက်ရ၏။

ထို့နောက် မက်မွန်အဆိပ်မြူအတွင်း လှမ်းဝင်လိုက်ရာ တောက်ပသော အဆိပ်မြူများ ချက်ချင်းရှဲထွက်သွား၏။

အံ့သြစရာ မြင်ကွင်းမျိုးပေပင်။ နောက်ထပ် မိနစ်အနည်းငယ်မျှ လမ်းလျှောက်လာပြီး စုရီက ရုတ်တရက် ရပ်သွား၏။

သူ့ရှေ့တွင် မီးလျှံများ တောက်လောင်ပြီး အမြင့်(၁၀)ပေခန့်ရှိသော မက်မွန်ပင် တစ်ပင်ကို မြင်နေရသည်။

အရွက်များမှာ ကြည်လင်တောက်ပလျက် ပင်စည်သည် လူကြီးလက်ကောက်ဝတ်ခန့်ရှိ၏။ အခေါက်တွင် နဂါးအကြေးခွံများကဲ့သို့ အပွေးများပါရှိနေသည်။

ခရီးတစ်လျှောက် ရရှိထားခဲ့သမျှသော အရင်းအမြစ်များအားလုံး ပေါင်းထည့်လျှင်ပင် ဤမက်မွန်ပင်နှင့် ယှဉ်၍မရချေ။

အထူးသဖြင့် ၎င်းအောက်တွင် ရှိသော မကောင်းဆိုးဝါး ယင်ဝိညာဉ် သွေးပြန်ကြော ဖြစ်၏။ ထိုသွေးပြန်ကြောသည်လည်း ဤမက်မွန်ပင် နီးပါးတန်ဖိုးရှိချေပြီ။

“ တာအိုသခင် မက်မွန်ပင်က အရမ်းကြောက်စရာ ကောင်းလွန်းတယ် ငါ … ငါအနား မကပ်ဝံ့တော့ဘူး … ။ ”

ချင်းဝမ်က တုန်တုန်ယင်ယင်ဖြင့် ပြောကြားလာသည်။ မက်မွန်သီးများသည် သရဲတစ္ဆေများအပေါ် များစွာလွှမ်းမိုးနိုင်၏။

နှစ်ကူးကို ကြိုဆိုသော အချိန်များ၌ တံခါးဝတွင် မက်မွန်သစ်ကိုင်းများ ထားရှိကာ မကောင်းဆိုးဝါးများကို မဝင်နိုင်ရန် ဟန့်တား တတ်ကြသည်။

သို့သော် ချင်းဝမ်သည်သာ စိတ်ဝိညာဉ် အဆင့်သို့ ကျင့်ကြံထားနိုင်ပါက ဤသစ်ပင်ကို ကြောက်ရွံ့စရာ မလိုချေ။

“ ဒါဆို မင်းဒီမှာပဲ နေခဲ့။ ”

စုရီက မက်မွန်ပင်အနား လျှောက်လှမ်း သွား၏။ အရွက်များအောက်၌ မီးတောက်များ ကဲ့သို့ နီရဲနေသော အသီးများ သီးနေသည်။

တစ်ဆက်တည်းမှာပင် မက်မွန်ပင်အနားရှိ ကျောက်တုံးတစ်တုံးကို သတိထားမိလိုက်၏။ ၎င်းပေါ်တွင် သတ်ဖြတ်လိုခြင်း ရောင်ဝါများ ပါရှိသော ဝါကျအချို့ ရေးသားထားသည်။

“ ဒီမက်မွန်ပင်ကို ... ငါကောချောင်လင် တွေ့ရှိခဲ့တယ် ... ဘယ်သူမှ ချဉ်းကပ်ခွင့်မရှိဘူး၊ ချိုးဖောက်သူ မှန်သမျှ ချွင်းချက်မရှိ သေဒဏ်။ ”

“ ကောချောင်လင် ... ။ ”

စုရီက မျက်ခုံးပင့်လိုက်၏။ အနာမည်ကို အနည်းငယ် ကြားဖူးနေသော်လည်း သူ မမှတ်မိ တော့ချေ။

အမှတ်တရများ ပြန်လည် နိုးထလာ ပြီးနောက် အကြောင်းအရာများစွာကို မေ့လျော့ သွားခဲ့သည်။

ထို့ကြောင့် ထပ်မံ စဉ်းစားခြင်း မပြုတော့ဘဲ၊

“ သဘာဝ ရတနာတွေဆိုတာ ... ကောင်းကင်ကမွေးပြီး မြေပြင်မှာ ကြီးပြင်းတယ် ဒါဆို မင်းပိုင်တယ်လို့ ဘယ်သူပြောတာလဲ။ ”

-ဟု ရေရွတ်ကာ မက်မွန်းပင်ထံ တိုးကပ်လာခဲ့သည်။

“ နောက်ဆုတ် ... ။ ”

ရုတ်တရက် ဟန့်တားသံနှင့် အတူ သစ်ရွက်များ လှုပ်ခါသွားကာ လူမျက်နှာတစ်ခု မက်မွန်ကိုင်းပေါ်၌ ပေါ်လာ၏။

မျက်ဆံအစိမ်းရောင်နှင့် မျက်ခုံးများ၊ ဆံပင်များ ဖြူဖွေးနေသော အသက်ကြီးပုလေး တစ်ယောက် ဖြစ်၏။

“ ကောင်လေး ဒီကျောက်တုံးပေါ်မှာ ရေးထားတဲ့ စားသားကို မမြင်ဘူးလား ... အခု ချက်ချင်း ထွက်သွားစမ်း မဟုတ်ရင် ဒီလူကြီးက မင်းကို သတ်မိလို့ အပြစ်မတင်နဲ့။ ”

“ ယွဲ့ဧကရာဇ်တောင် ... ငါ့‌ရှေ့မှာ ဒီလောက်မောက်မာဝံ့မှာ မဟုတ်ဘူး မင်းလို အားနည်းတဲ့ သဘာဝ စိတ်ဝိညာဉ်လေးက မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ။ ”

“ အား ... ။ ”

“ ဘုတ် ... ။ ”

စုရီက ကြောက်ရွံ့ခြင်း မရှိဘဲ ပြန်လည်စိုက်ကြည့် မေးမြန်းလိုက်တော့၏။ ရုတ်တရက် လူပုလေးခမျာ တုန်ယင်သွားကာ သစ်ကိုင်းပေါ်မှ ပြုတ်ကျလာတော့သည်။

“ တာအိုသခင် ငါ့ကို ခွင့်လွှတ်ပါ ... ငါ့ကိုခွင့်လွှတ်ပါ။ ”

၎င်းက ချက်ချင်းပြန်ထပြီး အကြိမ်ကြိမ် ရှိခိုးကန်တော့၏။ တစ်ဖက်လူထံမှ ထက်ရှသော ဓားတစ်လက်ကို ခံစားမိသည်။

ထိုဓားသည် ထူးခြားပြီး သာမန် စိတ်ဝိညာဉ်တစ်ကောင် မဆိုနှင့် ငရဲကမ္ဘာကိုပင် ဖိနှိမ်နိုင်ကြောင်း ပြောနေ၏။

စိတ်ဝိညာဉ်အတွင်းမှ ဓားရောင်ဝါကို ပြန်သိမ်းလျက် စုရီက လက်နှစ်ဖက်နောက်ပို့ပြီး မက်မွန်ပင်ထံ မော့ကြည့်လိုက်သည်။

ငရဲဘုံကိုးပါးဓားသည် စိတ်ဝိညာဉ် တစ်ကောင်ကို ဤမျှ ကြောက်ရွံ့စေနိုင်မှန်း မသိခဲ့ချေ။

လူပုလေးခဗျာ ခေါင်းမမော့ဝံ့တော့ဘဲ ငြိမ်သက်နေ၏။ စုရီမှအကြည့်ကို ကျောက်တုံး ကြီးထံ ပြန်ရွေ့ကာ၊

“ ဒီကောချောင်လင်က ဘယ်သူလဲ ... ။ ”

-ဟု မေးမြန်းသည်။

“ တာအိုသခင် ... သူက မဟာကျိုး အင်ပါယာရဲ့ ဘုရင်ကိုးပါးအနက်က ပင်လယ် ဘုရင်ပါ ... လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က ... ဒီကို ရောက်လာပြီး စာရေးခဲ့တာပါ ... အဲဒီတုန်းက သူ့ရဲ့ကျင့်ကြံမှုက ရှန်ရှင်းအဆင့်မှာပါ။ ”

သိုင်းတာအိုနယ်ပယ်၏ နောက်ဆုံး အဆင့်အပေါ် ရှန်ရှင်းသို့မဟုတ် ပြီးပြည့်စုံခြင်း အဆင့်ဟု ခေါ်ဆိုကြ၏။

ထိုအဆင့်တွင် ရုပ်ခန္ဓာသည် ပြန်လည် မွေးဖွားလာကဲ့သို့ အသွင်ပြောင်း ပေလိမ့်မည်။ ဤအဆင့် ကျွမ်းကျင်သူများသည် မဟာကျိုး၌ ထိပ်တန်းဖြစ်၏။

ထိုသို့ စုရီ၏ မကြောက်မလန့် ငြိမ်သက်နေသော အသွင်အပြင်မျိုးကြောင့် လူပုလေးခမျာ စိတ်ပျက်သွားလေသည်။

“ ကောချောင်လင်က မက်မွန်သီးကို ခူးဆွတ်ပြီး သူ့အုတ်မြစ်ကို တည်ဆောက်နေ တာပဲ။ ”

“ တာအိုသခင် မင်းမျက်လုံးတွေ ... အရမ်းကောင်းတယ် ပင်လယ်ဘုရင်က အပင်ကို ခုတ်ယူခြင်းက ဖြုန်းတီးရာ ရောက်တဲ့အတွက် တစ်နှစ်တစ်ခါ သစ်သီးကို လာခူးခဲ့ပါတယ် ...

... မက်မွန်သီး ရင့်မှည့်ဖို့ (၁၀)နှစ် အချိန်ပေးရပြီး တစ်ကြိမ်ကို (၉)လုံးလောက်ပဲ မှည့်ပါတယ် ... ဒါကြောင့် ဒီကျောက်တုံးမှာ သူ စာရေးထားပြီး လူအချို့ကို ဟန့်တားခဲ့တာပါ။ ”

လူပုလေးမှ ခေါင်းမမော့ဘဲ ရှင်းပြလိုက်သည်။ စုရီက လူပုလေးအတွေးကို မြင်သဖြင့် မျက်ခုံးပင့်ကာ၊

“ မက်မွန်သီးကို ခူးလိုက်ရင် ပင်လယ်ဘုရင်ကို စော်ကားရာရောက်မယ်လို့ မင်းပြောချင်နေတာလား။ ”

-ဟု ပြန်လည် မေးမြန်းတော့၏။

ထိုမေးခွန်းကြောင့် လူပုလေးခမျာ ချက်ချင်းတုန်ယင်လာပြီး၊

“ ငါ မဝံ့ပါဘူး ... ငါမဝံ့ပါဘူး။ ”

-ဟု တောင်းပန်လေသည်။

“ အခုသစ်ပင်ပေါ်မှာ ... အသီး ဘယ်နှစ်လုံး ရင့်မှည့်နေပြီလဲ။ ”

“ သုံးလုံးပါ တာအိုသခင် ... ကျန်ခြောက်လုံးက ... ရင့်ကျက်ဖို့ အနည်းဆုံး (၆)လလောက် လိုပါသေးတယ်။ ”

“ ငါအချိန်မှား လာတာပဲ ... ကောင်းပြီ၊ ဒါဆိုရင့်မှည့်နေတဲ့ မက်မွန်သီးသုံးလုံးပဲ သွားယူ လာခဲ့။ ”

ဤသည်မှာ ရှားပါးသော ဝိညာဉ်ရေး သစ်သီးဖြစ်သည်။ လူပုလေးမှ တုန့်ဆိုင်းနေပြီး၊

“ တာအိုသခင် ... ပင်လယ်ဘုရင်ကို ငါမစော်ကားဝံ့ဘူး ... ဒါပေမယ့် မင်းကိုလည်း မစော်ကားဝံ့ပါဘူး။ ”

-ဟု ပြောကြားလာ၏။

စုရီက စကားမဆိုတော့ဘဲ ကျောက်တုံးကြီးအနား လျှောက်လှမ်းသွားကာ မရဏအစွယ်ကို ထုတ်လျက် ဝါကျအချို့ ရေးသားလိုက်သည်။

“ ကျလိ ... ကျလိ ... လိ ... ။ ”

ကျောက်တုံးကို ဓားဖြင့် ခြစ်သံများ ပေါ်လာသည်။

“ မဟာကျိုးပြက္ခဒိန် ဒုတိယလ၏ လေးရက်မြောက်နေ့တွင် ငါစုရီမှ မက်မွန်သီး ခူးယူသွားမည်။ မင်းငါ့ကို ရှာနိုင်၏။ ”

ဝါကျအချို့ကို ရေးသားပြီးနောက် မရဏအစွယ်ပြန်သိမ်းလိုက်ကာ လူပုလေးထံ လှမ်းကြည့်မိသည်။

“ မင်းရဲ့ နားလည်ပေးမှုအတွက် ... ကျေးဇူးတင်ပါတယ် တာအိုသခင် ဒီမှာစောင့်ပါ။ ငါသွားခူးလိုက်ပါမယ်။ ”

အဆုံးတွင် လူပုလေးက သက်ပြင်းချလိုက်ကာ ချက်ချင်း ပျောက်ကွယ် သွားပြီး သစ်ပင်ပေါ် ပြန်ရောက်သွား၏။

များမကြာခင်မှာ နီရဲဝင်းစိုနေသော မက်မွန်သီး (၃)လုံး ခူးဆွတ်ပြီး ပြန်ရောက်လာ ခဲ့သည်။

၎င်းတို့သည် လက်သီးအရွယ်ခန့်ရှိပြီး စွဲမက်ဖွယ်ကောင်းလွန်းသော ရနံ့များနှင့်အတူ ဝိညာဉ်စွမ်းအင်များ ပြည့်လျှံနေ၏။

ရနံ့ရှူရှိုက်ရုံဖြင့်ပင် အာရုံကြောများ ပြေလျော့ကာ စိတ်နှလုံးကို အေးချမ်းစေသည်။ စုရီက ကျောက်စိမ်းသေတ္တာ (၃)လုံးကို ထုတ်ယူပြီး သိမ်းဆည်းလိုက်၏။

ထို့နောက် သစ်ပင်အောက်ရှိ မြေပြင်ကို ညွှန်ပြကာ၊

“ အဲဒီက မကောင်းဆိုးဝါး ယင်ဝိညာဉ် သွေးပြန်ကြောကို ထုတ်ယူပေးဖို့ မင်းကိုပဲ ဒုက္ခပေးရဦးမယ်။ ”

-ဟု ပြောကြားလိုက်သည်။

လူပုလေးတစ်ယောက် ငိုချင်စိတ် ပေါက်လာချေပြီ။ ဤလူငယ်သည် လေးစားဖွယ် ကောင်းသော တာအိုသခင်တစ်ပါး မဟုတ်ချေ။ ဓားပြတစ်ဦးသာ ဖြစ်၏။

***

All Chapters