ကျောက်စိမ်းတုံးထဲမှ ချင်းဝမ် ... ။
Vol. 6 Ch. 71
လူပုလေးက အသက်ပြင်းပြင်း ရှူရှိုက်လိုက်ကာ၊
“ တာအိုသခင် မင်းသိတဲ့အတိုင်းပဲ ... မကောင်းဆိုးရွား ယင်ဝိညာဉ် သွေးပြန်ကြောကို ယူလိုက်ရင် မက်မွန်ပင်က ရှင်သန်နိုင်တော့မှာ မဟုတ်ဘူး ... ။ ”
“ ငါယူမယ်လို့ ... ဘယ်သူပြောလဲ အပိုင်းတစ်ပိုင်းဆို လုံလောက်ပြီ မက်မွန်ပင် မပျက်စီးစေနဲ့။ ”
ဤတစ်ကြိမ်တွင် လူပုလေးက မတွန့်ဆုတ်တော့ဘဲ လင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ မြေကြီးထဲ တိုးဝင်သွား၏။
မကြာမီ မဟူရာကျောက်စိမ်း အပိုင်းအစတစ်ခု ကိုင်ဆောင်လျက် ပြန်ပေါ် လာသည်။
၎င်းသည် အရိုးခိုက်အောင် အေးစေသည့် အအေးဓာတ်ကို ထုတ်လွှတ်သည်။ လူပုလေး၏ မျက်ခုံးမွှေး၊ ဆံပင်နှင့် ပါးသိုင်းမွှေးများအားလုံး အဖြူရောင် နှင်းခဲအလွှာမှ ဖုံးအုပ်ထား၏။
“ တာအိုသခင် ... မကောင်းဆိုးရွား ယင်ဝိညာဉ်ပြန်ကြောအပိုင်းဟာ ဒီမဟူရာ ကျောက်စိမ်းထဲမှာ ရှိပါတယ်။ ”
လူပုလေးက လက်နှစ်ဖက်နှင့် ကမ်းပေးလာသည်။ သူမျက်နှာတွင် ပြုံးနေခဲ့ သော်လည်း မျက်ရည်များဝဲနေ၏။
သူ့နှလုံးသားကို ထုတ်ပေးလိုက်ရ သလိုပေပင်။ စုရီက လက်ခံလိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်တော့၏။
ဤသည်မှာ တစ်ပေမျှသာ ရှိသော ယင်ဝိညာဉ် သွေးပြန်ကြော ဖြစ်လေသည်။ ယင်းသည် ဝိညာဉ်ကျောက်တုံးများစွာထက် တန်ဖိုးရှိ၏။
ချီသန့်စင်ခြင်း အထွတ်အထိပ် ရောက်ချိန်၌ အသုံးပြုနိုင်မည်။ အထူးသဖြင့် ချင်းဝမ်အတွက် ပိုသင့်လျော်၏။
နောက်ထပ် ကျောက်စိမ်းသေတ္တာ ထုတ်ယူပြီးနောက် ယင်ဝိညာဉ်သွေးပြန်ကြော ပါရှိသည့် မဟူရာကျောက်စိမ်း အပိုင်းအစကို ထည့်သိမ်းလိုက်သည်။
လူပုလေးသည် တုန်ယင်လျက် မခွဲနိုင်မခွာနိုင်ဖြစ်နေသောကြောင့် ရယ်ချင်လာ မိသည်။
“ သက်တောင့် သက်သာနေပါ ... မင်းလို သဘာဝ စိတ်ဝိညာဉ်တစ်ကောင်ကို အခွင့်ရေး ယူရအောင် ငါနိမ့်ကျမှာ မဟုတ်ပါဘူး။ ”
ထို့နောက် ဝါးတောင်ဝှေးဖြင့် မြေကြီးပေါ်တွင် စာရေးလိုက်၏။ များမကြာမီ ကျင့်ကြံမှု နည်းစနစ် ထွက်ပေါ်လာသည်။
“ မင်းက ကောင်းကင်ကမွေး မြေကြီးကကျွေးတဲ့ သဘာဝ ဝိညာဉ်ကောင်ပဲ၊ မင်းအတွက် တာအိုကို နားလည်ဖို့ အရမ်း ခက်ခဲလိမ့်မယ် ...
... ဒီဝိညာဉ်သန့်စင်ခြင်းမန္တန်က မင်းကို အသွင်ပြောင်းစေပြီး ... သဘာဝဝိညာဉ်ကနေ မှင်စာဒါမှမဟုတ် နတ်ဆိုး ဖြစ်စေလိမ့်မယ် ...
... ဒါက မက်မွန်သီးနဲ့ ... ဝိညာဉ်သွေးပြန်ကြော အပိုင်းအစတစ်ခုထက် တန်ဖိုးအများကြီး သာလွန်ပါတယ် ... ။ ”
စုရီမှပြုံးပြီး လှည့်ထွက်သွားသည်။ သဘာဝဝိညာဉ်များ အားလုံးကို ‘ယောင်’ဟု ခေါ်ဆိုကြ၏။ ယောင်ဟူသည် သဘာဝလွန် စွမ်းအား ပိုင်ရှင်များဟု အဓိပ္ပါယ်ရသည်။
တစ်ခါတစ်ရံ နတ်ဆိုး သို့မဟုတ် မှင်စာများဟု သုံးနှုန်း၏။ ၎င်းတို့သည် သွေးသား သို့မဟုတ် ထူးခြားသော စွမ်းရည်များကို ပိုင်ဆိုင်သည်။
ယောင်ကျင့်ကြံသူအဆင့်သို့ တက်လှမ်းခြင်းသည် စိတ်ကူးမယဉ်နိုင်သော အခက်အခဲများကို ဦးစွာ ကျော်လွှားရန် လိုအပ်၏။
လူပုလေးသည် မက်မွန်ပင်မှ ပေါက်ဖွားလာသော သဘာဝဝိညာဉ် ဖြစ်သည်။ သူသည် လူသားအသွင်သဏ္ဍာန် ရှိသော်လည်း စစ်မှန်သော လူသားခန္ဓာကိုယ်ကို ရရှိရန် ဝေးကွာနေသေး၏။
စုရီနှင့် ချင်းဝမ်သည် မက်မွန်ပင်အနားမှ ပျောက်ကွယ်သွားသော အချိန်၌ လူပုလေးက သက်ပြင်းချလိုက်သည်။
သူ့ပခုံးပေါ်မှ ကြီးမားသော ဖိအား ပြုတ်ကျသွားသကဲ့သို့ စိတ်အေးလက်အေးဖြင့် မြေပြင်ထံ သွားကြည့်လိုက်သည်။
ခဏအကြာတွင် ထိတ်လန့်တုန်လှုပ်စွာဖြင့် စုရီထွက်သွားရာအရပ်သို့ မျှော်ကြည့်လိုက်မိ၏။ တုန်လှုပ်ခြင်း၊ ကြည်နူးခြင်း၊ အံ့ဩခြင်းနှင့် စိတ်လှုပ်ရှားခြင်းများ ပြည့်လျှံနေသည်။
“ ငါ့ခန္ဓာကိုယ်ကို အသွင်ပြောင်းနိုင်မှာလား။ ”
အဆုံးတွင် စိတ်လှုပ်ရှားစွာဖြင့် ရွှင်မြူးသွား၏။ ဤသည်မှာ သဘာဝလွန် စွမ်းအားများနှင့် ရုပ်ခန္ဓာဖွဲ့စည်းခြင်းကို ဖော်ပြထားသော မန္တန်ဖြစ်သည်။
၎င်းမန္တန်၏ဇာစ်မြစ်ကို မသိသော်လည်း မည်မျှ ထိတ်လန့်စရာ ကောင်းကြောင်း မြင်နိုင် ချေ၏။
ချက်ချင်း ဒူးထောက်ထိုင်ချလိုက်ပြီး၊
“ တာအိုသခင် ... ငါထောင်ချင်းရှန် မင်းရဲ့ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး။ ”
-ဟု ကတိပြုလိုက်တော့သည်။
မက်မွန်တော အပြင်ဘက်တွင် စုရီက ဆေးပုလင်းတစ်ဒါဇင်လောက်ကို ထုတ်ယူကာ ချင်းဝမ်ထံ ပေးလိုက်၏။
“ ချင်းဝမ် ... ဒါမင်းအတွက်ပဲ။ ”
ဤသည်မှာ ယင်ခြောက်ပါး အလောင်းကောင်မှ ရရှိသော အရင်းအမြစ်များ ဖြစ်သည်။ ယင်ဝိညာဉ်များ အတွက် အလွန် သင့်လျော်၏။
“ တာအိုသခင် ငါ ... ။ ”
“ ယူလိုက် ငါ့အတွက် အသုံးမလိုဘူး ... ။”
စုရီက ခပ်မာမာ ပြောကြားလိုက်သဖြင့် ချင်းဝမ်မှ ထိတ်လန့်တကြား လက်ခံယူလိုက် လေသည်။
“ တာအိုသခင်ကို ... မင်းကို စိတ်ဆိုးအောင်လုပ်ဖို့ ငါ မရည်ရွယ်ပါဘူး ... ခွင့်လွှတ်ပါ နောက်တစ်ခါ မဖြစ်စေရပါဘူး။ ”
ချင်းဝမ်၏ တုန်လှုပ်နေသော အမူအရာကြောင့် စုရီက သက်ပြင်းချလိုက်၏။ ဤမျှအားနည်းလွန်းသော သရဲမမျိုး သူ့နှစ်ဘဝ မမြင်ဖူးချေ။
ထို့နောက်တွင် လူတစ်ယောက်နှင့် သရဲတစ်ကောင်သည် အမှောင်ထုအတွင်း ခရီးဆက်လာခဲ့သည်။
ဆယ့်ငါးမိနစ်အကြာတွင် အဝေးမှ ခြေသံများကြားလိုက်ရပြီး လူတစ်စုထွက်ပေါ် လာသည်။
စုစုပေါင်း လူခုနစ်ဦး ရှိပြီး ၎င်းတို့အားလုံးသည် အနက်ရောင်၀တ်စုံနှင့် လက်နက်မျိုးစုံ ကိုင်ဆောင်ထား၏။
ခေါင်းဆောင်သည် ဓားနှစ်လက်ကို ကိုင်ဆောင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။
နဖူးတွင် ကန့်လန့်ဖြတ် အမာရွတ်တစ်ခုရှိနေ၏။ ၎င်းက ချင်းဝမ်ကို မြင်သောအခါ အံ့သြသွားပြီး၊
“ ချင်းဝမ် ... အဲဒီသစ္စာဖောက် ဝူရို့ချင်း ဘယ်မှာလဲ မင်းတို့ ဒီကို ဘာပြန်လုပ်တာလဲ။ ”
-ဟု မေးမြန်းလိုက်၏။
ထို့နောက်စုရီထံ အကြည့်အရောက်တွင် ရင်းနှီးမှုမရှိသော လူငယ်တစ်ဦး ဖြစ်ကြောင်း သိရှိလိုက်ကြသည်။
“ မင်းက ဘယ်သူလဲ ... ဝူရို့ချွယ်နဲ့ ဘယ်လိုပတ်သတ်လဲ ... ဘာလို့ ချင်းဝမ်နဲ့ အတူ ရှိနေရတာလဲ။ ”
ခေါင်းဆောင်က အေးစက်စက်ဖြင့် မေးမြန်းလိုက်၏။ ဤတောင်တန်းများသည် သရဲခြောက်လွန်းသောကြောင့် ခရီးသွားများ မရှိချေ။
“ ဒါဆို ဝူရို့ချွယ်က မရဏတံခါးကို သစ္စာဖောက်ခဲ့တာကိုး ဒါကြောင့် သူသေသွား တာတောင် ... ဘယ်သူမှ လာမရှာကြတာ အံ့သြစရာ မရှိတော့ပါဘူး။ ”
စုရီက ရေရွတ်လိုက်သည်။ ထို့နောက် ခေါင်းဆောင် လူရွယ်ထံ လှမ်းကြည့်လိုက်ကာ၊
“ မင်း ... ချင်းဝမ်နောက်ကြောင်း ငါ့ကို ပြောပြနိုင်မလား။ ”
-ဟု မေးမြန်းလိုက်သည်။
ခေါင်းဆောင် လူရွယ်က မျက်ခုံးပင့်ကာ ပြန်ကြည့်လာသည်။ အစောပိုင်း စကားများအရ ဤလူငယ်သည် ဝူရို့ချွယ်ကို သတ်ပစ်ကာ ချင်းဝမ်ကို ပိုင်ဆိုင်သွားပုံရ၏။
“ သိချင်လား ... ငါတို့ မင်းကို ပြောနိုင်ပါတယ် ... ဒါပေမယ့် အဲဒီစိတ်ဝိညာဉ် ဘူးသီးခြောက်ပြန်ပေးပါ ...
... အဲ့ဒီသူခိုး ဝူရို့ချွယ်က ငါတို့ဆီကနေ ခိုးသွားတာ ... မင်းလို အပြင်လူတစ်ယောက် မပိုင်ဆိုင်သင့်ဘူး။ ”
ခေါင်းဆောင် လူရွယ်က အေးစက်စွာ တုန့်ပြန်လိုက်သည်။ သူ့နောက်လိုက်များက အချိန်မရွေး တိုက်ခိုက်နိုင်အောင် အသင့်ပြင်လာကြ၏။
စုရီက ဘူးသီးခြောက်ကို ပစ်ပေးကာ၊
“ ငါ့ကိုပြောပါ ... ။ ”
-ဟု တောင်းဆိုလိုက်သည်။
ခေါင်းဆောင်လူရွယ်တစ်ယောက် ဘူးသီးခြောက်ကို ဖမ်းကာ အံ့သြသွား၏။ ဤမျှ လွယ်ကူလိမ့်မည်ဟု မမျှော်လင့်ထားချေ။
“ ခေါင်းဆောင်ချင် ... ငါတို့မှာ အချိန်မရှိဘူး အဲဒီလူတွေ လိုက်မီလာမှာ စိုးတယ်။ ”
သူ့နောက်လိုက်များက အမှောင်ထဲ ပြန်လှည့်ကြည့်ကာ သတိပေးလာကြသည်။ သို့မှသာ ခေါင်းဆောင် လူရွယ်တစ်ယောက် အတွေးပြောင်းသွားပြီး၊
“ မင်းသိချင်ရင် ငါတို့နောက်ကို လိုက်ခဲ့ပါ။ ”
-ဟု ပြောကြားလိုက်၏။
စုရီက နှာခေါင်းပွတ်ကာ သက်ပြင်းချလျက်၊
“ ချင်းဝမ် ... ငါက အားနည်းတဲ့ လူတစ်ယောက်နဲ့ တူနေလား။ ”
-ဟု လှည့်မေးလိုက်သည်။
“ မဟုတ်ဘူး ... တာအိုသခင်က အရမ်းချောတယ်။ ”
“ အဟမ်း ... ။ ”
ချင်းဝမ်က လွှတ်ခနဲ ပြန်ဖြေမိပြီး ရှက်ရွံစွာဖြင့် ခေါင်းငုံ့သွားသည်။ ဤသည်မှာ မေးခွန်းနှင့် မသက်ဆိုင်သောအဖြေ ဖြစ်၏။
ထို့ကြောင့် စုရီက ချောင်းဟန့်ကာ အဆင်မပြေဖြစ်သွားသည်။ သို့တိုင် ခေါင်းရမ်း ပြလျက်၊
“ ဒါက ... စုရွှမ်ကြွယ်ဘဝရဲ့ ... ကျက်သရေတစ်ဝက်တောင် မမီသေးဘူး ဆယ်ပုံတစ်ပုံပဲ ရှိတယ်။ ”
-ဟု ပြန်လည် ပြောကြားလိုက်၏။
“ ဟမ့် ... မင်းတို့ကိုယ်မင်းတို့ ငါ့ရှေ့မှာ ဘာထင်နေကြလဲ ... သတ်ကြစမ်း ဒီကလေးကို သတ်ပြီး ... ချင်းဝမ်ကို အတူခေါ်လာခဲ့။ ”
ခေါင်းဆောင် လူရွယ်တစ်ယောက် ကြည့်မရဖြစ်လာပြီး ချက်ချင်း အမိန့်ပေးသည်။ လူတိုင်း လက်နက်များဆွဲကာ ပြေးဝင်လိုက် ကြ၏။
“ ရွှပ် ... ။ ”
သို့သော် အေးစက်သော ဓားအလင်း ထွက်ပေါ်လာပြီး လူတိုင်း မြေပြင်ပေါ် လဲကျ ကုန်ချေပြီ။
ဒဏ်ရာများသည် လည်းပင်၌ ဖြစ်ပြီး ချက်ချင်သွေးများ အိုင်ထွန်းလာ၏။ စုရီက မူလနေရာသို့ ပြန်ရောက်သွားသည်။
လူလတ်ပိုင်းအရွယ် ခေါင်းဆောင်က ထိတ်လန့် မှင်တတ်သွားသည်။ အေးစက်သော ချွေးများ ရွှဲနစ်လာ၏။
သူ မြင်လိုက်ရသော ဓားသည် လျှပ်စီးသကဲ့သို့ မြန်လွန်းပြီး ကြောက်စရာ ကောင်းလွန်းချေသည်။
“ မင်းမှာ ပြောစရာတစ်ခုခု ရှိသေးလား။ ”
စုရီက သူ့လက်ကို နောက်ပို့လိုက်ကာ စိုက်ကြည့်တော့၏။ ခေါင်းဆောင် လူရွယ်ခမျာ တုန်ယင်စွာဖြင့် ဒူးထောက်ထိုင်ချလျက်၊
“ သခင်လေး ... ကျေးဇူးပြုပြီး ငါ့ကိုခွင့်လွှတ်ပါ ... ငါ့မှာ မျက်လုံးတွေ ရှိပြီး မမြင်နိုင်တဲ့အတွက် ... ဒီလူမိုက်ရဲ့ဘဝကို ချမ်းသာပေးပါ။ ”
“ ငါမေးတာ မင်းဖြေမလား ... ။ ”
“ ဖြေပါ့မယ် ... ဖြေပါ့မယ် ... ငါသိသမျှ အကုန်ပြောနိုင်ပါတယ် ... ငါ့ကို ချမ်းသာပေးပါ သခင်လေး။ ”
ထို့နောက် ချင်းဝမ်အကြောင်း သူသိထားသမျှကို ပြန်လည် ပြောပြလာသည်။
ဝူရို့ချွယ်နှင့် သူ့ဆရာသည် လွန်ခဲ့သောဆယ်နှစ်ခန့်က မရဏတံခါးကို သစ္စာဖောက်ခဲ့သည်။
၎င်းတို့နှင့်အတူ ဂိုဏ်း၏ ရတနာအချို့ ပါရှိသွား၏။ ယင်းသည် ကလေးသရဲပါသော စိတ်ဝိညာဉ် ဘူးသီးခြောက်၊ တစ္ဆေသန်ကောင် မွေးမြူနည်းနှင့် ချင်းဝမ်ပါရှိသော ကျောက်စိမ်းတုံးတို့ဖြစ်သည်။
ချင်းဝမ်သည် ကျောက်စိမ်းတုံးမှ တွေ့ရှိခဲ့သော ယင်ဝိညာဉ် ဖြစ်၏။ ဂိုဏ်းရှိ အကြီးအကဲများပင် ဇာစ်မြစ်ကို မသိချေ။
ထို့ကြောင့် ချင်းဝမ်၏ နောက်ခံသည် ရိုးရှင်းမည် မဟုတ်ကြောင်း မှတ်ချက်ပေးခဲ့ပြီး ဂိုဏ်းမှ ထိန်းသိမ်းထား၏။ ထိုစကားများကို ကြားပြီးနောက် စုရီခမျာ အတွေးနက် သွားလေသည်။
***