အခြေအနေတို့ ပြောင်းလဲခြင်း
Vol. 106 Ch. 1390
ဒုတိယကောင်းကင်နတ်ဘုံထဲရှိ တာအိုဘိုးဘေးကြီးနှင့် ဗြဟ္မဗုဒ္ဓတို့က ထရပ်လိုက်သော်လည်း ကောင်းကင်နတ်အရှင်ဟောင်၊ နတ်အရှင်မချန်းနှင့် ကျန်သူများမှာမူ တုတ်တုတ်မလှုပ်ဘဲ ထိုင်နေကြဆဲဖြစ်သည်။ ကောင်းကင်နတ်အရှင်ဟုန်ကသာ အနည်းငယ်မျက်မှောင်ကြုတ်ပြီးနောက် ခိုင်ဧကရာဇ်ကို တစ်ချက်၊ ချင်မူ့ကိုတစ်ချက် ကြည့်နေသည်။
ပင်မထိုင်ခုံပေါ်တွင် ချင်မူက မားမားမတ်မတ် ထိုင်နေလျက် နှာခေါင်းရှုံ့လိုက်သည်။ “ချင်ယဲ့၊ အရင်တုန်းက ခင်ဗျားက နာမည်ကို ချင်ခိုင်အဖြစ် ပြောင်းပြီး ကျုပ်နဲ့အတူ နဂါးဟန်ခေတ်မှာ သွားလာခဲ့တယ်…. ကျုပ်တို့က ကောင်းကင်နတ်ဧကရာဇ်ရဲ့ ကောင်းချီးနဲ့အတူ ကောင်းကင်နတ်အရှင်ဆိုတဲ့ ရာထူးကို ချီးမြှောက်ခံခဲ့ရတယ်…ကောင်းကင်ရတနာအဆင့်ခုနစ်ဆင့်ကို ဖန်ဆင်းခဲ့တဲ့ ကောင်းကင်နတ်အရှင်ခုနစ်ပါးနဲ့အတူ ကျုပ်တို့ကို နဂါးဟန်ခေတ်ရဲ့ ကောင်းကင်နတ်အရှင်ကိုးပါးလို့ ခေါ်ခဲ့ကြတယ်…
“နဂါးသွဲ့ရေကန် တွေ့ဆုံပွဲမှာတုန်းက ကျုပ်က ကောင်းကင်နတ်အရှင်ယွီ ကျုပ်ကို ကောင်းကင်နတ်သိုင်းသင်ပေးတဲ့အထိ စောင့်နေခဲ့တယ် ... ကောင်းကင်နတ်အရှင်ဟွေ့နဲ့ ကောင်းကင်နတ်အရှင်ဟောင်ကိုလည်း အနိုင်ယူပြီး ကောင်းကင်မဟာမိတ်အဖွဲ့ကို တည်ထောင်ခဲ့တယ်.. ဒါ့အပြင် ရှေးဟောင်းနတ်ဘုရားတွေကို အနိုင်ယူဖို့ ကမ္ဘာခေတ်နှောင်းသတ္တဝါတွေနဲ့ နတ်ဘုရားတစ်ပိုင်းတွေအတွက် အစီအစဉ် ဆွဲပေးခဲ့တယ်”
သူက ထရပ်၍ အင်္ကျီလက်စများ ခါလိုက်သည်။ သူ့အင်္ကျီလက်စများ၏အသံက ဆူနာမီလှိုင်းလုံးကြီးအလား ဝုန်းခနဲ မြည်ဟီးသွားလေသည်။ သူ၏ အေးစက်သောအသံက တစ်ဆက်တည်း ထွက်ပေါ်လာ၏။ “ကျုပ်တော့ ကောင်းကင်မဟာမိတ်ရဲ့ ခေါင်းဆောင် ဖြစ်ရတာ ဂုဏ်ယူတယ်…. ခင်ဗျားက ကျုပ်နဲ့အဆင့်တူဖို့အတွက် ဘာအခွင့်အရေးများ ရှိလို့လဲ… ခင်ဗျားရဲ့ တာအိုလမ်းစဉ်က ဘယ်မှာလဲ…. ကျုပ်နဲ့တန်းတူ ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်နိုင်ခွင့် ရှိလို့လား… ခင်ဗျားက အလယ်တန်းစား ကောင်းကင်နတ်အရှင်တစ်ယောက်ပဲ… ကျုပ်နဲ့ တိုက်ပွဲမှာ ယှဉ်ပြိုင်တိုက်ခိုက်နိုင်လိုက်လို့ ကြက်ကန်းဆန်အိုး တိုးပြီး ကောင်းကင်နတ်အရှင်ဆိုတဲ့ ရာထူးကို ရခဲ့ရုံပဲ”
သူ ထိုသို့ပြောလိုက်သည်နှင့် ရှိနေကြသည့် နတ်ဘုရားများ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
ချင်မူသည် ခိုင်ဧကရာဇ်ချင်ယဲ့ကို ဆဲဆိုနေခြင်းဖြစ်သော်လည်း အမှန်တွင် သူတို့ကို ဆဲဆိုနေခြင်းမဟုတ်လော။
ချင်မူက နတ်ဘုရားဖြစ်နိုင်မည့် လမ်းစဉ်ကို လွှဲပြောင်းပေးခဲ့ပြီး သာမန်လူများအား ရှေးဟောင်းနတ်ဘုရားများနည်းတူ ရှည်လျားသောသက်တမ်းကို ပိုင်ဆိုင်စေခဲ့သည်။
နတ်ဘုရားဖြစ်နိုင်မည့် အခွင့်အရေးအား တည်ဆောက်ဆဲဖြစ်သည့် ခေတ်တစ်ခေတ်တွင် သူသည် လမ်းဖွင့်ပေးခဲ့၏။ နှစ်တစ်သန်းကြာ ခေတ်ရှေ့ပြေးနေသော အသိအမြင်ဗဟုသုတများကို အသုံးပြု၍ ကောင်းကင်နတ်သိုင်းတို့၏ စွမ်းအားများကို တစ်လောကလုံးအား သိမြင်စေသည်။ အားနည်းသူများအနေဖြင့်လည်း ကောင်းကင်နတ်သိုင်းများ ကျင့်ကြံနိုင်အောင် ပြုလုပ်ပေးခဲ့ကာ အင်အားကြီးမားသည့် ဖြစ်တည်မှုများကို အနိုင်ယူနိုင်စေခဲ့သည်။
ကောင်းကင်မဟာမိတ်အဖွဲ့ကိုလည်း တည်ထောင်ကာ လောက၏ တည်ဆောက်ပုံကို ပြောင်းလဲပေးခဲ့၏။
သူသည် ကောင်းကင်နတ်အရှင်မူဟု ကျော်ကြားပြီး ထိုနာမည်နှင့်လည်း ထိုက်တန်ပေသည်။
သို့သော် သူနှင့်ယှဉ်ပါက လက်ရှိကောင်းကင်နတ်အရှင်ဆယ်ပါးမှာ မှေးမှိန်သွားကြသည်။ အထူးသဖြင့် ကောင်းကင်နတ်အရှင်ရှု၊ ရှေးဟောင်းနတ်ဘုရားဘုရင်၊ လန်ရွှမ်၊ ကုန်း၊ ချန်း၊ ဟုန်နှင့် ယန်တို့ပင်။ ထိုကောင်းကင်နတ်အရှင်ခုနစ်ပါးတွင် ထုတ်ပြစရာ အောင်မြင်မှု မရှိပေ။
အကျိုးသယ်ပိုးရာတွင် ချင်မူနှင့် တန်းတူညီမျှသူမှာ ကောင်းကင်နတ်အရှင်ဟောင်သာ ရှိသည်။ သို့သော် ကောင်းကင်နတ်အရှင်ဟောင်ကား ကောင်းကင်မဟာမိတ်အဖွဲ့ကို တည်ထောင်ခဲ့သူ မဟုတ်ချေ။ သူသည်လည်း ချင်မူမရှိသည်ကို အခွင့်ကောင်းယူ၍ ကောင်းကင်မဟာမိတ်အဖွဲ့၏ အာဏာကိုလုယူပြီး ခေါင်းဆောင်ဖြစ်လာရန် ကြိုးစားခဲ့ဖူးသည်။
သို့သော် ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်နတ်အရှင်ဟွေ့ပင်လျှင် ဤအခိုက်အတန့်တွင် ရှက်ကိုးရှက်ကန်း ဖြစ်နေကြသည်။ သူတို့သည် ယခင်က ချင်မူရိုက်နှက်သည်ကို ခံရဖူး၏။ အထူးသဖြင့် နှစ်တစ်ထောင်ကျော် အိပ်ရာထဲလဲနေခဲ့ရသည့် ကောင်းကင်နတ်အရှင်ဟောင်ပင်။
ခိုင်ဧကရာဇ်ချင်ယဲ့မှာလည်း သူ ပြောသည့်စကားကြောင့် အရှက်ရနေလေသည်။
နဂါးဟန်ခေတ်အစောပိုင်းများတွင် သူနှင့် ချင်မူသည် ကောင်းကင်နတ်အရှင်ဟူသော ရာထူးကို ရရှိခဲ့သော်လည်း ကောင်းကင်နတ်ဧကရာဇ်က ချင်မူ့မျက်နှာထောက်ထား၍သာ သူ့အား ကောင်းကင်နတ်အရှင်ဘွဲ့ပေးသည်ဟုလည်း ပြောနိုင်၏။
“ကောင်းကင်နတ်အရှင်မူ၊ ငါကလည်း ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ တည်ထောင်သူအကြီးအကဲ ငါးယောက်ထဲက တစ်ယောက်ပဲ” ခိုင်ဧကရာဇ်က ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူက နှာခေါင်းရှုံ့ကာ ပြော၏။ “တခြားဟာတွေပြောမနေနဲ့…. တည်ထောင်သူအကြီးအကဲ ရာထူးနဲ့တင် ကောင်းကင်နတ်အရှင်ဖြစ်လာဖို့ လုံလောက်တယ်… ဒါပေမဲ့ ငါက အဲ့ဒါထက် ပိုတယ်… ငါက ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်မှာ မရှိတာအတွက် ကာမိအောင် တာအိုကျင့်စဉ်စနစ်ကို ဖန်တီးခဲ့တယ်… ကျင့်ကြံပြီးမှရရှိတဲ့ တာအိုကိုလည်း တည်ဆောက်ခဲ့တယ်…. ငါ ဖန်တီးခဲ့တဲ့ တာအိုကျင့်စဉ်စနစ်ကို ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်နဲ့ ပေါင်းစည်းလို့ရတယ်… မဟာတာအိုရဲ့ ကောင်းကင်နတ်ဘုံ ၃၆ ဘုံက အန္တိမဟင်းလင်းပြင်မှာတောင် တံဆိပ်ခတ်နှိပ်လို့ရတယ်…. စကြ၀ဠာ ဖျက်ဆီးမခံရသရွေ့ ငါက ဖျက်ဆီးခံရမှာမဟုတ်ဘူး”
သူက ဓားရိုးကို ဆုပ်ကိုင်လိုက်ပြီး ဓားအား ဆွဲထုတ်လိုက်သည်။ ဓားရောင်တို့က ကောင်းကင်တွင် တဖျတ်ဖျတ် ပြည့်နှက်သွား၏။
ဝှစ်….
ရွှင်ပျော်ပျော်ဓား၏ ဓားရောင်က ကောင်းကင်နတ်ဘုံကို ဖုံးလွမ်းသွားချေပြီ။ ၃၅ ဘုံမြောက် ကောင်းကင်နတ်ဘုံက ကောင်းကင်နတ်ဘုံ၏ တောင်ကောင်းကင်မုခ်၀အရှေ့တွင် ပေါ်လာ၏။ ခိုင်ဧကရာဇ်၏ ရွှင်ပျော်ပျော်ဓားဆီမှ ဓားနယ်ပယ် ပေါ်ထွက်လာသည်အား နတ်ဘုရားအားလုံး မြင်လိုက်ရလေသည်။
၃၅ ခုမြောက် ကောင်းကင်ဓားနယ်ပယ်၊ သန့်စင်သော ဓားတာအိုမှာ ကောင်းကင်ဘုံ ၃၅ ဘုံအောက် မလျော့ကျသော စွမ်းအားတစ်ခုကို ပြသနေ၏။ ဓားတာအို၏ အရှိန်အဝါက အားကောင်းသထက် အားကောင်းလာသည်။ ဓားနယ်ပယ်ထဲ၌ ဓားတာအိုကား ဒြပ်ထုပင် ဖွဲ့တည်လုနီးပါးဖြစ်လာ၏။ ဓားတာအိုကျင့်ကြံကြသူတိုင်းမှာ အင်မတန် မြင့်မား၍ ရှောင်လွှဲမရနိုင်သော တောင်ကြီးတစ်လုံးအား တွေ့မြင်လိုက်ရသည့်အလား ခံစားလိုက်ကြရတော့သည်။
ဓားတာအိုကျင့်စဉ်စနစ်၏ ၃၅ ဘုံမြောက် ကောင်းကင်နတ်ဘုံ ပေါ်လာသည်နှင့် ရှိသမျှသူတိုင်း၏ ကောင်းကင်လက်နက်များမှာ တဝီဝီမြည်လျက် နတ်စွမ်းအားတို့ ထုတ်လွှတ်နေကြသည်။ ထိုကောင်းကင်လက်နက်များမှာ ဓားတာအို၏ အထွတ်အထိပ်စွမ်းအားကြောင့် တုန်လှုပ်နေကြပြီး ဓားနယ်ပယ်အရှေ့တွင် ၀ပ်တွားခယနေကြသည့်အလားပင်။
ဤသည်က ကောင်းကင်နတ်အရှင်ဆယ်ပါးပင်လျှင် လုပ်နိုင်စွမ်းမရှိသည့် ဖြစ်ရပ်တစ်ခုပင်။
ခိုင်ဧကရာဇ်အနောက်တွင် ကောင်းကင်ဘုံ ၃၅ ဘုံမှာ တောက်ပသထက် တောက်ပလာပြီး ပိုပို၍ အံ့ဩငေးမောဖွယ် ကောင်းလာ၏။ သူ၏ စကားလုံးများက ဓားများအလား ချွန်ထက်နေပြီး သူ၏ ဓားက တာအိုနှလုံးသားများကို ရွယ်ထားသည်။ သူသည် သူတို့တစ်ယောက်ချင်းစီ၏ အထွတ်အမြတ် တာအိုနှလုံးသားများကို ချိန်ရွယ်ထားချေပြီ။
ကောင်းကင်နတ်အရှင်များပင်လျှင် သူတို့၏တာအိုနှလုံးသား အားနည်းချက်များကို ထောက်ထားသည့် ဓားထိပ်ဦးကို ခံစားနေရ၏။
ခိုင်ဧကရာဇ်က မှင်သေသေ ပြောသည်။ “ငါ ဖန်တီးခဲ့တဲ့ တာအိုကျင့်စဉ်စနစ်က ကောင်းကင်နတ်အရှင်ဆယ်ပါးလို့ ခေါ်နေတာတွေနဲ့ မတူဘူး… ငါ့ရဲ့ တာအိုကျင့်စဉ်စနစ်က ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ရဲ့ လိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်တယ်…. ကျင့်ကြံတာက မွေးရာပါထက် ပိုသာလွန်တဲ့ လမ်းစဉ်တစ်ခုလည်း ဟုတ်တယ်..”
“အရှက်မရှိ ကြွားနေလိုက်တာ”
ကောင်းကင်နတ်အရှင်ကိုးပါးက မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့ စကားမပြောနိုင်ခင်မှာပင် ချင်မူက ခုံလက်ရန်းကို ထုကာ ခက်ထန်စွာ ပြော၏။ “ကောင်ကင်းနတ်အရှင်ချင်၊ ခင်ဗျားက အရှက်မဲ့လွန်းတယ်… ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ရဲ့ လိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်တယ်တဲ့လား… ခင်ဗျားက ကိုယ့်ကိုကိုယ် မြှောက်ပင့်နေတာပဲ… ကမ္ဘာခေတ်နှောင်းကျင့်စဉ်စနစ်က မွေးရာပါကျင့်စဉ်စနစ်ကို သာလွန်နိုင်တယ်လို့ အတောမသတ်နိုင်အောင် ပြောပြီးတော့ ခင်ဗျားက လူမုန်းများအောင် လုပ်နေတာ”
ခိုင်ဧကရာဇ်က တဟားဟား ရယ်ရင်း ချင်မူ့အား ဓားဖြင့် ရွယ်လိုက်သည်။ သူ့စကားများက ကျန်သူများ၏ နှလုံသားကို တုန်လှုပ်သွားစေ၏။ “ကောင်းကင်နတ်အရှင်မူ၊ ဒီလောကမှာရှိတဲ့သူတွေအားလုံးက မွေးရာပါကျင့်စဉ်တွေကိုပဲ ကျင့်ကြံကြတယ်.... ကမ္ဘာခေတ်နှောင်းကျင့်စဉ်စနစ်တွေကို မကျင့်ကြံကြဘူး…. သူတို့က ကမ္ဘာခေတ်နှောင်းတာအိုက မွေးရာပါတာအိုကို အနိုင်ယူနိုင်တာ မသိကြဘူး… ငါ့ရဲ့ ဓားလမ်စဉ် စတင်ခဲ့တဲ့ အချိန်ကစပြီး ငါ့ရဲ့ဓားလမ်းစဉ်ကို မဟာခြုံလွမ်းကောင်းကင်ဘုံ၊ အန္တိမဟင်းလင်းပြင်မှာ ခတ်နှိပ်လို့ရတယ်… ငါက ဖျက်ဆီးခံရမှာမဟုတ်ဘူး… ဒီလမ်းစဉ်နဲ့ ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်လာနိုင်သလား”
ချင်မူပြောရန် ပါးစပ်ဟလိုက်စဉ် ခိုင်ဧကရာဇ်က စကားဖြတ်ပြော၏။ “ငါ တာအိုကျင့်စဉ်စနစ် ဖန်တီးခဲ့ပြီးတော့ ကျင့်စဉ်လမ်းစဉ်တွေကို တစ်လောကလုံးဆီ လွှဲပြောင်းပေးခဲ့ပြီးပြီ… ငါ ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်လာလို့ရပြီလား…. မွေးရာပါမဟာတာအိုဆိုတာ ကန့်သတ်ခံထားရတဲ့အပြင် ရှေးဟောင်းနတ်ဘုရားတွေက ထိန်းချုပ်ထားတာ…. ကမ္ဘာခေတ်နှောင်းတာအိုကတော့ အကန့်အသတ်မဲ့တယ်… ငါ့အောင်မြင်မှုအသီးအပွင့်တွေကို တစ်လောကလုံးဆီ လွှဲပြောင်းပေးခဲ့တာဆိုတာ့ ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်ခွင့်ရှိပြီလား… ကောင်းကင်နတ်အရှင်မူ၊ စကားကို နမောနမဲ့ပြောတတ်တဲ့ ကောင်လေး…. ငါက ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်လာဖို့ မထိုက်တန်ဘူးလို့ မင်းက ပြောခဲ့တယ်နော်…. ငါ့အောင်မြင်မှုတွေ၊ တာအိုနှင့် ဖြောင့်မတ်မှုတွေက ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်လာဖို့ လုံလောက်လား… ငါက ကောင်းကင်မဟာမိတ်ရဲ့ တည်ထောင်သူအကြီးအကဲတွေထဲက တစ်ဦးဖြစ်လာနိုင်သေးလား”
ချင်မူမှာ မျက်နှာအနည်းငယ်ပျက်သွားပြီး သူ၏နဖူးတွင် ချွေးများ စီးကျလာသည်။ သူက အလျင်စလို ထရပ်၍ ကြောက်လန့်တုန်လှုပ်နေသော မျက်နှာအမူအရာဖြင့် သူ၏ထိုင်ခုံကို ဖယ်ပေး၏။ “ကောင်းကင်နတ်အရှင်ချင်မှာ အဲ့လိုတာအို၊ အောင်မြင်မှုနဲ့ ဖြောင့်မတ်မှုတွေရှိခဲ့တာ မသိခဲ့လို့ပါ… နာမည်ကျော်ကြားမှုကို လောဘတက်နေတယ် ထင်လို့ အထင်သေးခဲ့မိပါတယ်” သူက ချီးကျူးလိုက်သည်။
“ကျွန်တော်ရဲ့ အောင်မြင်မှုတွေနဲ့ ခံယူချက်တွေက ကောင်းမွန်ပေမယ့် ခင်ဗျားထက် နိမ့်ကျနေပါသေးတယ်…. ခင်ဗျားက ကောင်းကင်မဟာမိတ်ရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့အပြင် တည်ထောင်သူအကြီးအကဲတစ်ဦးလည်း ဖြစ်ပါတယ်… ကျွန်တော် ခင်ဗျားပြောတာတွေအားလုံး လက်ခံပါတယ်… ကျေးဇူးပြုပြီး ထိုင်ပါ… ကျွန်တော် ခင်ဗျားရဲ့အောက်မှာ ထိုင်ပါ့မယ်”
ရှိနေသမျှလူတိုင်းမှာ ဇဝေဇဝါမျက်နှာများဖြင့် ကြည့်နေကြဆဲပင်။
ယခုလေးတင် သူတို့နှစ်ယောက်သည် အော်ဟစ်အငြင်းပွားနေခဲ့ကြ၏။ ချင်မူသည် ခိုင်ဧကရာဇ်အား ထာဝရပျက်စီးခြင်းနယ်မြေထဲသို့ လက်တစ်ဖက်တည်းဖြင့် ကိုင်ပေါက်တော့မည့်အလား ထင်ခဲ့ရသော်လည်း ယခုတွင် သင့်သင့်မြတ်မြတ်ဖြင့် ဖယ်ပေးနေသည်။
ပြောင်းလဲမှုကြီးက အံ့ဩဖွယ်ပင်။
ခိုင်ဧကရာဇ်က ဓားကိုင်လျက် လျှောက်လာကာ ပြုံး၏။ “ကောင်းကင်နတ်အရှင်မူက သဘောထားကြီးပါတယ်…. ကောင်းကင်နတ်သိုင်းလမ်းစဉ်ကို ဖန်တီးခဲ့တဲ့အပြင် ကောင်းကင်မဟာမိတ်ကိုလည်း တည်ထောင်ခဲ့တယ်… နှလုံးသားထဲမှာ တစ်လောကလုံးအရေးကို ထည့်ထားတဲ့အပြင် တခြားသူတွေကိုလည်း အသိပညာတွေ ဝေမျှပေးသေးတယ်…. ရိုးသားတဲ့ ယောက်ျားတစ်ယောက် ဖြစ်ပြီးတော့ အောင်မြင်မှုတွေက ကျုပ်အောက် မနိမ့်ကျပါဘူး…. ကျုပ်မှာ အောင်မြင်မှုတွေရှိပေမယ့် ကောင်းကင်မဟာမိတ်က ခင်ဗျား တည်ထောင်ခဲ့တာမလား… ခင်ဗျားက ကောင်းကင်မဟာမိတ်ခေါင်းဆောင်ဆိုရင် ကျုပ်က ဒုတိယနေရာမှာပဲ ရှိသင့်ပါတယ်”
ချင်မူက သူ့ကို ရိုရိုသေသေ နှုတ်ဆက်ရင်း ခေါင်းဆောင်နေရာသို့ ချက်ချင်း ဖိတ်ခေါ်နေသည်။ ခိုင်ဧကရာဇ်က တသွင်သွင် ငြင်းဆိုနေပြီး သူတို့နှစ်ယောက်၏ပုံစံကြောင့် ပထမနှင့် ဒုတိယကောင်းကင်နတ်ဘုံရှိ နတ်ဘုရားများ၊ ဘုရင်များနှင့် ကောင်းကင်ဆရာသခင်များမှာ ပါးစပ်အဟောင်းသားဖြစ်နေကြ၏။
ကောင်းကင်နတ်အရှင်ကိုးပါးကလည်း မျက်မှောင်ကြုတ်လျက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့နှစ်ယောက်သည် အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားသည့်အလား အတိုင်အဖောက် ညီနေကြ၏။
ခိုင်ဧကရာဇ်က သူတို့နှစ်ယောက်ထဲမှ တစ်ယောက်မသေမချင်း ကောင်းကင်မဟာမိတ်အစည်းအဝေးတွင် တိုက်ခိုက်မည့်အလား တုန်လှုပ်ဖွယ်အရှိန်အဝါများ ပြသလျက် ထွက်ပေါ်လာခဲ့သည်။ ချင်မူ၏ စကားများက ရင့်သီးပြီး ခိုင်ဧကရာဇ်ကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်၍ မကောင်းမှုကို ချေမှုန်းကာ ငါးပိုက်ကွန်ရော၊ ငါးကိုပါ သတ်ဖြတ်ချင်ခဲ့သည့်အလားပင် ထင်ခဲ့ရသည်။
သို့သော် သူတို့၏စကားလုံးများသည် အချင်းချင်း ချီးကျူးသံများအဖြစ် ပြောင်းလဲသွားချေပြီ။ သစ္စာဖောက်ခိုင်ဧကရာဇ်သည်လည်း တစ်လောကလုံးမှ သတ္တဝါများနှင့် ကောင်းကင်ဘုံများမှ နိုင်ငံများအပေါ် အကျိုးပြုခဲ့သော ပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့ချေပြီ။
ထိုမျှသာမက ခိုင်ဧကရာဇ်သည် သစ္စာဖောက်တစ်ဦးမှ ကောင်းကင်မဟာမိတ်အဖွဲ့၏ တည်ထောင်သူအကြီးအကဲငါးဦးမှ တစ်ဉီးလည်း ဖြစ်လာခဲ့သည်။ ကောင်းကင်နတ်အရှင်ဟူသော ရာထူးကိုပင် ထိုက်ထိုက်တန်တန် ရခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း ကောင်းကင်မဟာမိတ်၏ ပလ္လင်ပေါ် တက်သွားခဲ့၏။ ၎င်းက ထူးခြားဆန်းကြယ်လွန်းပြီး ယုံကြည်နိုင်စရာမရှိပေ။
ချင်မူက မငြင်းနိုင်သဖြင့် ခေါင်းဆောင်ထိုင်ခုံတွင် ဂုဏ်ယူဝမ်းမြောက်နေသော မျက်နှာအမူအရာဖြင့် ထိုင်လိုက်သည်။ “ရွေးချယ်စရာ မရှိတော့လည်း မျက်နှာပြောင်တိုက်ပြီး ခေါင်းဆောင်နေရာမှာ ထိုင်လိုက်ပါပြီဗျာ… တကယ်ပဲ ရှက်စရာကြီး … ဟားဟားဟား…”
ခိုင်ဧကရာဇ် ထိုင်လိုက်သည့်အခါတွင် ကောင်းကင်နတ်အရှင်ကိုးပါးက သူ့ဆီသို့ အေးစက်စွာ စိုက်ကြည့်လာကြသည်။
ချင်မူ့မျက်နှာက ၀င်းပနေပြီး သူ့မှာ အားရကျေနပ်နေ၏။ သူက ခိုင်ဧကရာဇ်ကို ပြုံးပြလျက် ပြောသည်။ “ကျွန်တော် အရင်က တာအိုနောင်တော်ကို အရင်က အထင်လွဲခဲ့ဖူးပေမယ့် အခုတော့ စိတ်ရှင်းသွားပါပြီ… ကောင်းကင်နတ်အရှင်ချင်က တကယ်ကို မြင့်မြတ်တဲ့သူတစ်ယောက်လို့ ခံစားရတယ်… နောင်တော်နဲ့အတူ ထိုင်ရတာက သက်တမ်းသုံးခုလောက် ကောင်ချီးပေးခံလိုက်ရသလိုပါပဲ”
ခိုင်ဧကရာဇ် စကားပြောတော့မည့်အချိန်တွင် ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နတ်အရှင်ဟွေ့အား ခံစားချက်ကင်းမဲ့စွာ လှမ်းကြည့်လိုက်သည်။ ကောင်းကင်နတ်အရှင်ဟွေ့က သဘောပေါက်သွားပြီး ထရပ်လိုက်၏။ “ကောင်းကင်နတ်အရှင်မူ၊ မသင့်တော်ဘူးလို့ မထင်ဘူးလား”
ချင်မူက ‘ဟင်' ခနဲ အာမေဋိတ်အသံတစ်ချက် ပြု၍ ရှေ့သို့ကိုင်းလိုက်သည်။ သူက ညာတံတောင်ကို ညာဒူးခေါင်းပေါ်တွင် တင်လိုက်ကာ သိချင်စိတ်ပြင်းပြနေသည့်အလား မေးလိုက်လေသည်။ “ဘာမသင့်တော်တာများ ရှိလို့ပါသလဲ ကောင်းကင်နတ်အရှင်ဟွေ့”
ကောင်းကင်နတ်အရှင်ဟွေ့က အေးစက်စွာ ဖြေသည်။ “ခိုင်ဧကရာဇ်က ကောင်းကင်နတ်အရှင်ချင်ဆိုတဲ့ ရာထူးကို ပိုင်ဆိုင်ထားပေမယ့် သူက ကောင်းကင်အလိုတော်နဲ့ ဆန့်ကျင်တဲ့ လမ်းကို လျှောက်လှမ်းခဲ့တယ်…. ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံကို တည်ထောင်၊ ကောင်းကင်နယ်စားမင်းနဲ့ ပူးပေါင်းပြီး ပုန်ကန်ဖို့ ကြံစည်ခဲ့တာ…. ကောင်းကင်နှင့် မြေပြင်ကို လက်ဝါးကြီးအုပ်ဖို့ အကောက်ကြံခဲ့တာ…. သူက အရှင်မင်းကြီးကို အဖက်လုပ်ခဲ့လား… နတ်ဘုရားတစ်ပိုင်းတွေကိုရော အဖက်လုပ်ခဲ့လား…. ဒီမှာထိုင်နေတဲ့ ကောင်းကင်နတ်အရှင်တွေကိုရော အဖက်လုပ်ခဲ့လား”
သူက ရှေ့သို့ ခြေတစ်လှမ်းတက်လာ၏။ “ခိုင်ဧကရာဇ်က ရှေးဟောင်းနတ်ဘုရားတွေ အုပ်ချုပ်တဲ့ခေတ်ကို ပြန်ဖန်တီးချင်နေတယ်” သူက အေးစက်စွာ ပြောသည်။ “သူက ကောင်းကင်နယ်စားမင်းနဲ့ အမိကမ္ဘာမြေကို မျိုးနွယ်တွေအားလုံးအပေါ် အုပ်ချုပ်တဲ့သူတွေ ဖြစ်လာစေချင်သေးတာ… ကောင်းကင်နယ်စားမင်းက အမိကမ္ဘာမြေ ကောင်းကင်နတ်ဘုံတပ်သားတွေနဲ့ တပ်မှူးတွေကို သတ်ဖြတ်နေတာကို ခွင့်ပြုပေးခဲ့တဲ့ လူယုတ်မာတစ်ယောက်ပဲ …. သေဆုံးခဲ့ရသူတွေ အယောက်တစ်သိန်းကျော် ရှိတယ် … ကောင်းကင်နယ်စားမင်းရဲ့ ပြစ်ဒဏ်တွေကို လျော့ပေါ့ပေးလို့ မရဘူး… သူနဲ့ပတ်သက်တဲ့ ခိုင်ဧကရာဇ်ကိုလည်း သေဒဏ်ပေးသင့်တယ်”
ချင်မူက ပြုံးလိုက်၏။ ကောင်းကင်နတ်အရှင်ဟွေ့၏ စကားများသည် ကောင်းကင်နယ်စားမင်းအား သတ်ဖြတ်ရန် အမိန့်စာထဲတွင် ပါရှိသည့် စာများနှင့် တူညီနေသည်။ ကောင်းကင်နတ်အရှင်ဟွေ့ ထုတ်ပြောလိုက်ပါက သူ့အနေဖြင့် ကောင်းကင်နယ်စားမင်းအား သတ်ဖြတ်ရန်အမိန့်ကို ဖတ်ပြစရာမလိုတော့ပေ။
ကောင်းကင်နတ်အရှင်ဟွေ့သည်လည်း ဤအရာမှာ မသင့်တော်ကြောင်း သိထားသော်လည်း ခိုင်ဧကရာဇ်က အာဏာကို သိမ်းယူ၍ စိတ်ဓာတ်တို့အား တိုက်ခိုက်ရန် ရောက်လာခဲ့ပြီမဟုတ်လော။ ခိုင်ဧကရာဇ်၏ မကောင်းမှုများကို ထုတ်ဖော်ရုံမှလွဲ၍ ရွေးချယ်စရာမရှိပေ။
သူသာ မထုတ်ဖော်ပါက ခိုင်ဧကရာဇ်သည် ကောင်းကင်နတ်အရှင်တစ်ယောက်၏ အာဏာအား ရရှိသွားကာ ကောင်းကင်မဟာမိတ်ထဲတွင် ရောနှောပတ်သက်လာလိမ့်မည်။ ထိုသို့ဖြစ်လာပါက အနာဂတ်တွင် ပြောင်းလဲမှုများစွာ ဖြစ်ပေါ်လာနိုင်၏။
ကောင်းကင်နတ်အရှင်ဆယ်ပါးအနေဖြင့် ထိုသို့ဖြစ်ခွင့် မပေးနိုင်ချေ။
ကောင်းကင်နတ်အရှင်ဟုန်က ထရပ်လိုက်သည်။ သူ၏အသံက ခေါင်းလောင်းတစ်လုံးအလား ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ “ကောင်းကင်နယ်စားမင်းက သူ့ရဲ့ပြစ်မှုတွေအတွက် သေဖို့ ထိုက်တန်တယ်…. ခိုင်ဧကရာဇ်က လောကရဲ့ ဖြောင့်မတ်တည်ကြည်မှုတွေကို လျစ်လျူရှုခဲ့တဲ့အတွက် သေဖို့ ထိုက်တန်တယ်… ဒါ့အပြင် ခိုင်ဧကရာဇ်က မဟာလေဟာနယ်က ကမ္ဘာဦးဖန်ဆင်းရှင်တွေနဲ့ ပူးပေါင်းနေတာ…. ဖန်ဆင်းရှင်တွေဆိုတာ ဘယ်လောက်ရက်စက်လိုက်သလဲ…. ခိုင်ဧကရာဇ်ရဲ့ပြစ်မှုတွေကို ဆေးကြောပစ်ရမယ်”
ချင်မူမှာ ရင်ထဲ ထိသွားသည့်အလား ထရပ်ကာ ခပ်မာမာ ပြောလိုက်၏။ “ချင်ယဲ့၊ ခင်ဗျားက အဲ့ဒီလိုစက်ဆုပ်တဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့တာပေါ့လေ… ကျုပ် လေးစားမိတာ မှားသွားပြီ… ခင်ဗျားက ကျုပ်နဲ့ တစ်လောကလုံးကသူတွေကို စိတ်ပျက်အောင်လုပ်ခဲ့တာပဲ…. ကျုပ် ခင်ဗျားနဲ့ တန်းတူဖြစ်ရာမှာ သိပ်ကိုရှက်မိတယ်…. ဒါပေမဲ့ စဉ်းစားကြည့်ပြန်တော့ ခင်ဗျားရဲ့အောင်မြင်မှုတွေ၊ တာအိုတွေနဲ့ အကျိုးသယ်ပိုးမှုတွေက ကောင်းမွန်နေတယ်… အကျိုးသယ်ပိုးမှုနဲ့ ပြစ်မှုတွေကို ချေဖျက်ပစ်လိုက်လို့ရတယ်… ခင်ဗျား ဦးညွှတ်ပြီး အမှားကို တောင်းပန်သရွေ့ ကောင်းကင်နယ်စားမင်းနဲ့ ပူးပေါင်းခဲ့တဲ့ကိစ္စက ခွင့်လွှတ်ပေးလို့မရတဲ့ ကိစ္စမဟုတ်ပါဘူး”
သူ၏အသံနှင့် မျက်နှာအမူအရာက ခက်ထန်နေသော်လည်း အပြုံးပန်းများ ဝေဆာစွာဖြင့် ကောင်းကင်နတ်အရှင်ကိုးပါးကို ပြောလိုက်သည်။ “ကျွန်တော်တို့ ဒီမိတ်ဆွေ ချင်ယဲ့ကို တောင်းပန်ခိုင်းပြီး ဂုဏ်ပြုကြတာပေါ့… အားလုံးပဲ ရယ်လိုက်ကြစို့…”
“ဟားဟားဟား”
ရှေးဟောင်းနတ်ဘုရားဘုရင်က ရုတ်တရက် ထရပ်ပြီး ခေါင်းလှန်ကာ ရယ်လိုက်သည်။ ထို့နောက် သူက ခက်ထန်စွာ ပြော၏။ “ကောင်းကင်နတ်အရှင်မူ၊ အမိကမ္ဘာမြေက မင်းလူတွေကို သတ်ခဲ့တာမဟုတ်လို့ မင်းကတော့ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးနိုင်မှာပေါ့.. မင်းရဲ့အသွေးအသား မနာကျင်ရပေမယ့် ငါ့ရဲ့အသွေးအသားကတော့ နာကျင်ရတယ်… အမိကမ္ဘာမြေက ငါ့လက်အောက်မှာရှိတဲ့ လက်ရွေးစင်တွေကို သတ်ဖြတ်ခဲ့တာ…. အမိကမ္ဘာမြေက ကောင်းကင်နယ်စားမင်း အလိုလိုက်ခံထားရတဲ့သူ ဖြစ်ပြီး ခိုင်ဧကရာဇ်ကတော့ ကောင်းကင်နယ်စားမင်းရဲ့ လက်ပါးစေပဲ…. မင်း သည်းခံနိုင်ပေမယ့် ငါကတော့ သည်းမခံနိုင်ဘူး”
ချင်မူက လက်ဖဝါးများကို ပွတ်နေသည်။ သူက ခြေကို ဆောင့်ကာ မေးလိုက်၏။ “ကျုပ်တို့ဘာလုပ်သင့်လဲ… ဘာလုပ်ကြမလဲ… ဒီနေ့က ကောင်းကင်မဟာမိတ်အစည်းအဝေး ကျင်းပတဲ့နေ့… အရှင်မင်းကြီးရဲ့ သဝဏ်လွှာကြောင့်လည်း ကြည်နူးဝမ်းသာစရာနေ့တစ်နေ့ပဲ… ဘာလို့ ဒီလိုဖြစ်လာရတာလဲ…. ကျွန်တော်က ငယ်သေးတော့ ဒီလိုကိစ္စတွေကို မကိုင်တွယ်နိုင်ဘူး… ကောင်းကင်မဟာမိတ်အဖွဲ့မှာ လေးစားကြည်ညိုစရာ ခေါင်းဆောင်နောက်တစ်ဦး ရောက်လာပြီး ဖြေရှင်းပေးနိုင်ရင် ကောင်းမှာပဲဗျာ”
“စိတ်ပူစရာမလိုပါဘူး ကောင်းကင်နတ်အရှင်မူ”
ရုတ်တရက် ကြည်လင်ပြတ်သားသော အမျိုးသမီးတစ်ဦး၏အသံ ထွက်ပေါ်လာသည်။ “ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ တည်ထောင်သူအကြီးအကဲငါးဦးထဲက တစ်ဦးဖြစ်တဲ့ နဂါးဟန်ခေတ်ရဲ့ ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်မူရဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ ရောက်လာပါပြီ”
ချင်မူမှာ ဝမ်းသာလွန်းသဖြင့် မျက်ရည်များပင် ဝဲလာသည်။ သူ၏မျက်ရည်များအကြားတွင် အမျိုးသမီးတစ်ဦး ဒုတိယကောင်းကင်နတ်ဘုံဆီသို့ လျှောက်လှမ်းလာသည်ကို တွေ့မြင်နေရ၏။
သူမလျှောက်လာနေစဉ် ဗျပ်စောင်းသံတစ်သံ ထွက်ပေါ်လာသည်။
ဗျပ်စောင်းသံမှာ ထူးဆန်းပြီး ကောင်းကင်နတ်ဘုံတွင် ရှိသမျှပုဂ္ဂိုလ်တိုင်း၏ မဟာတာအိုတို့ဖြင့် ရောနှောနေ၏။ ဗျပ်စောင်းသံ ထွက်ပေါ်လာသည်နှင့် သူတို့၏လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းတို့ကလည်း တာအိုသံများ တာအိုစည်းချက်များနှင့်အတူ ထွက်ပေါ်လာကြသည်။
ချင်မူက အလျင်စလိုပြော၏။ *”တာအိုမိတ်ဆွေ ကောင်းကင်နတ်အရှင်ယွဲ့၊ ကျွန်တော့်ရဲ့ပြဿနာတွေကို မြန်မြန်လာပြီး ဖြေရှင်းပေးပါဦးဗျာ… ရှေးဟောင်းနတ်ဘုရားဘုရင်၊ ကောင်းကင်နတ်အရှင်ဟုန်နှင့် ကောင်းကင်နတ်အရှင်ဟွေ့က ကောင်းကင်နတ်အရှင်ချင်ကို တိုက်ခိုက်ကြတော့မယ်”
ကောင်းကင်နတ်အရှင်ယွဲ့က ပြုံးသည်။ “ငါလည်း ကောင်းကင်မဟာမိတ်ကို တည်ထောင်ခဲ့တဲ့ အကြီးအကဲငါးဦးထဲက တစ်ယောက်ပဲ… ခုနစ်စဉ်ကြယ်အဆင့်ကိုလည်း ငါ တည်ထောင်ခဲ့တာ…. ဒါပေမဲ့ ပျောက်သွားခဲ့တာကြာပြီဆိုတော့ ကောင်းကင်နတ်ဘုံမှာ ငါ့ကို မမှတ်မိတဲ့သူတွေ ရှိနေနိုင်တယ်… ကောင်းကင်နတ်အရှင်မူက ခေါင်းဆောင်နေရာမှာဆို ငါလည်း ကောင်းကင်နတ်အရှင်ချင်လိုပဲ ဒုတိယနေရာကို ယူပါ့မယ်”
ချင်မူက သူမကို အလောတကြီး ထိုင်စေပြီး တရှုံ့ရှုံ့ငိုကာ ပြော၏။ “မမကြီးကို သစ္စာဖေါက်တစ်ယောက်က တိုက်ခိုက်ခဲ့လို့ လောကအလယ်ကနေ ပုန်းကွယ်နေခဲ့ရတာလို့ ကျွန်တော် ကြားခဲ့ပါတယ်… လိုက်ရှာခဲ့ပေမယ့် မတွေ့ခဲ့ဘူးဗျာ…. အခုတော့ ပြန်ပေါ်လာပြီပေါ့… ဒဏ်ရာတွေရော သက်သာသွားပြီလား မမကြီး… ဘယ်သူကများ သဘောထားကြီးမြတ်စွာနဲ့ မမကြီးရဲ့ ဒဏ်ရာတွေကို ကုသပေးခဲ့တာလဲ”