လောကကောာင်းကျိုးအတွက် ဒီသူခိုးကို ငါ သတ်တယ်
Vol. 106 Ch. 1391
ကောင်းကင်နတ်အရှင်ယွဲ့က ချင်မူ့ကို ပြုံးလျက် ကြည့်နေပြီး ခပ်တိုးတိုး ကပ်ပြောသည်။ “ပိုလွန်းနေပြီ….လျှော့ဦး”
ချင်မူမှာ ရင်ခုန်သွားပြီး ချက်ချင်း ဣန္ဒြေဆည်လိုက်၏။
ကောင်းကင်နတ်အရှင်ယွဲ့က နေရာတွင် ထိုင်၍ ကောင်းကင်နတ်အရှင်အားလုံးကို ဝေ့ဝဲကြည့်ကာ မျက်နှာအမူအရာများ အကဲခတ်လိုက်သည်။ သူမက ကြည်လင်ပြတ်သားသော လေသံဖြင့် ပြော၏။ “တာအိုမိတ်ဆွေအပေါင်းတို့၊ ကောင်းကင်မဟာမိတ်အဖွဲ့ကို ကျွန်မတို့သုံးယောက်နဲ့ ကောင်းကင်နတ်အရှင်ယွင်၊ ကောင်းကင်နတ်အရှင်လင်တို့ တည်ထောင်ခဲ့တာပါ… ဒါတောင် ရှင်တို့က ကျွန်မကို ကန့်ကွက်ဦးမှာလား… ကျွန်မကို ပုန်ကန်လို့ရပေမယ့် ကောင်းကင်နတ်အရှင်ယွင်နဲ့ ကောင်းကင်နတ်အရှင်လင်ကိုပါ ပုန်ကန်ချင်ကြတာလား…. ဒါဆို ကျွန်မတို့ မဟာမိတ်အကြီးအကဲငါးယောက်ထဲက ဘယ်သူ့ကိုရော ပုန်ကန်ကြဦးမလဲ”
နတ်ဧကရာဇ်လန်ရွှမ်က နှာခေါင်းရှုံ့လိုက်သည်။ “ကောင်းကင်နတ်အရှင်ယွဲ့၊ ကျုပ်တို့ ကောင်းကင်နတ်အရှင်မူကို ပုန်ကန်မှာမဟုတ်ပါဘူး…. ခင်ဗျားက ကောင်းကင်နတ်အရှင်လင်နဲ့ ပူးပေါင်းပြီး အမိကမ္ဘာမြေကို သတ်ဖြတ်ခဲ့တယ်လေ…. အမိကမ္ဘာမြေဆိုတာ လေးစားအားကျခံရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ…. ဒါပေမဲ့ ခင်ဗျားတို့ သတ်ဖြတ်တာခံခဲ့ရတယ်…. ကောင်းကင်နတ်အရှင်မူက အပြစ်ကင်းပြီး ဘာမကောင်းမှုမှ မလုပ်ခဲ့ဘူး….. ဘာလို့ ခင်ဗျားကို မကန့်ကွက်ဘဲ နေရမှာလဲ”
ချင်မူက သူ့ကို စေတနာဖြင့် သတိပေးလိုက်သည်။ “နတ်ဧကရာဇ်လန်ရွှမ်၊ ကျုပ်တို့က အမိကမ္ဘာမြေ ကောင်းကင်နတ်ဘုံရဲ့ တပ်မှူးတွေ၊ စစ်သားတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြတဲ့အကြောင်း ပြောနေခဲ့ကြတာနော်…. ရှေးဟောင်းနတ်ဘုရားဘုရင်ဆို ငိုတော့မယ့်အတိုင်းပဲ…. အမိကမ္ဘာမြေက ရက်စက်ပြီး ကောင်းကင်နတ်အရှင်ချင်လို ကောင်းကင်နယ်စားမင်းနဲ့ တစ်လှေတည်းသားတွေလို့ လူတိုင်းက ပြောခဲ့ကြတာ… နတ်ဧကရာဇ်က ဘာလို့ ဒီလိုမကောင်းတဲ့ပုဂ္ဂိုလ်အကြောင်း ပြောနေရသေးတာလဲ… ခင်ဗျားကလည်း ကောင်းကင်နယ်စားမင်းနဲ့ အကြံတူနေတာများလား…. ခင်ဗျား ဒီလိုလူဖြစ်လိမ့်မယ်လို့ ကျုပ် ထင်မထားခဲ့ဘူးဗျာ”
“မင်း…” နတ်ဧကရာဇ်လန်ရွှမ်မှာ အာစေးမိနေပြီး မည်သည်မှ မပြောနိုင်ချေ။
ကောင်းကင်နတ်အရှင်ယွဲ့က အမိကမ္ဘာမြေကို သတ်ခဲ့သည်ဟု အတင်းကာရော အပြစ်ပုံချပါက ခိုင်ဧကရာဇ်သည် အပြစ်ကင်းသူတစ်ယောက် ဖြစ်လာပေလိမ့်မည်။
သူ ကောင်းကင်နတ်အရှင်ယွဲ့အပေါ် အပြစ်မတင်ပါကလည်း ကောင်းကင်နတ်အရှင်ယွဲ့တွင် ပြစ်ချက် များများစားစား မရှိသဖြင့် ထိုးချရန် ခက်ခဲသည်။ ထိုသို့ဆိုလျှင် ချင်မူ့အနေဖြင့် ကောင်းကင်နတ်အရှင်ယွဲ့အား ကောင်းကင်မဟာမိတ်အဖွဲ့ထဲသို့ ချောချောမွေ့မွေ့ ထည့်သွင်းပိုင်ခွင့်ရသွားလိမ့်မည်။
ကောင်းကင်နတ်အရှင်ယွဲ့ သူတို့၏ အကျိုးအမြတ်များကို ခွဲဝေယူခြင်းက ကိစ္စငယ်လေးတစ်ခုသာ ဖြစ်သော်လည်း ကောင်းကင်နတ်ဘုံသားတို့၏ စိတ်ဓာတ်ကို ပြိုကွဲသွားစေနိုင်ခြင်းက ပေါ့သေးသေး ကိစ္စတစ်ခုမဟုတ်ပေ။
ချင်မူနှင့် ခိုင်ဧကရာဇ်တို့သည် အခြားသူများအား သိမ်းသွင်းလှည့်စားရာတွင် ကျွမ်းကျင်ကြ၏။ ယခုလေးတင် သူတို့ ပြောခဲ့သည့်စကားများက သူတို့ကို ခေါင်းကိုက်နေစေတော့သည်။ ခိုင်ဧကရာဇ်နှင့် ကောင်းကင်နတ်အရှင်ယွဲ့ကိုသာ ကောင်းကင်မဟာမိတ်အဖွဲ့ထဲ ၀င်ခွင့်ပေးလိုက်ပါက ကမ္ဘာလောကများသည် ကောင်းကင်နတ်ဘုံသား ကောင်းကင်နတ်အရှင်များ၏ လက်ထဲမှ သူတို့လက်ထဲသို့ လွှဲပြောင်းရောက်ရှိသွားမည်မှာ အနှေးနှင့်အမြန်ပင်။
သူ အောက်သို့ ငုံ့ကြည့်လိုက်ရာ ပထမကောင်းကင်နတ်ဘုံနှင့် ဒုတိယမြောက် ကောင်းကင်နတ်ဘုံရှိ နတ်ဘုရားများ တစ်ဦးနှင့်တစ်ဦး တီးတိုးပြောဆိုနေကြကြောင်း တွေ့လိုက်ရ၏။ သူတို့က အာပေါင်အားရင်းသန်သန် ဆွေးနွေးနေကြပြီး ကောင်းကင်မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်အကြီးအကဲသုံးဦး ရောက်ရှိလာခြင်းက သူတို့အား အံ့အားသင့်စေခဲ့လိမ့်မည်။
ကောင်းကင်မဟာမိတ်၏ ခေါင်းဆောင်အကြီးအကဲ ငါးဦးရှိသည့်အထဲမှ သုံးဦးရောက်ရှိနေချေပြီ။
သူတို့အနေဖြင့် ချင်မူကိုတော့ အလွယ်တကူ ထိန်းချုပ်နိုင်၏။ ပြောရလျှင် ချင်မူ၏ သိုင်းအခြေခံမှာ မမြင့်မားသည့်အပြင် စွမ်းဆောင်ရည်များမှာလည်း အားနည်းနေသည့်အတွက် သူ၏လွှမ်မိုးနိုင်စွမ်းသည် သူတို့နှင့် မယှဉ်နိုင်ချေ။
သို့သော် ကောင်းကင်နတ်အရှင်ချင်သည် ရွှင်ပျော်ပျော်ကျေးရွာအား ထိန်းချုပ်ထားလေရာ လွှမ်းမိုးမှုကြီးမားသည်။ ထိုမျှသာမက သူသည် ကမ္ဘာဦးဖန်ဆင်းရှင်များနှင့်လည်း မဟာမိတ်ဖွဲ့ထားပြီး ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့နှင့်ပါ အဆက်အသွယ်များ ရှိသည်။
သူသာ လောကတစ်သောင်းမှ တချို့တဝက်၏ ထောက်ခံမှုကို ရရှိပါက ကောင်းကင်နတ်အရှင်ဆယ်ပါးနှင့် ရင်ဘောင်တန်းနိုင်ပေလိမ့်မည်။
ချင်မူ၏ မျက်နှာအမူအရာမှာ အကြပ်ရိုက်နေပုံပေါ်ပြီး သူက ခဏတုံ့ဆိုင်းပြီးနောက် သတ်ပြင်းချကာ ပြောလေသည်။ “ဒါ့အပြင် အဲဒီလိုရက်စက်တဲ့ ပြစ်မှုတွေကျူးလွန်ခဲ့တဲ့ အမိကမ္ဘာမြေကို အရှင်းသတ်ပစ်ခဲ့လိုက်တာ ကျွန်တော်ဆိုတာ နတ်ဧကရာဇ်လန်ရွှမ် မသိသေးဘူးထင်တယ်”
သူ ထိုသို့ပြောလိုက်သည်နဲ့ ၀ရုန်းသုန်းကား ဖြစ်သွားကြပြီး လောကတစ်သောင်း၏ အုပ်ချုပ်သူခေါင်းဆောင်များမှာ အချင်းချင်း ခေါင်းချင်းဆိုင်သွားကြတော့သည်။
ချင်မူက ကျယ်လောင်စွာ ပြော၏။ “ဟုတ်ပါတယ်…. အမိကမ္ဘာမြေက ကောင်းကင်နတ်အရှင်ယွဲ့ရော၊ ကောင်းကင်နတ်အရှင်လင်ရောကြောင့် သေခဲ့တာ မဟုတ်ပါဘူး… ကျွန်တော့်လက်ထဲမှာ သေခဲ့တာပါ…. ကောင်းကင်နတ်အရှင်ယွဲ့ ဒါမှမဟုတ် ကောင်းကင်နတ်အရှင်လင်က သတ်ခဲ့တာဆိုရင် အမိကမ္ဘာမြေအနေနဲ့ ဘယ်လိုလုပ် ရွှမ်တုအထိ သွားပြီး ပုန်ကန်နိုင်မှာလဲ…. ရွှမ်တုကောင်းကင်နတ်ဘုံရဲ့ စစ်သားတွေ အမိကမ္ဘာမြေလက်ထဲမှာ သေဆုံးခဲ့ရတဲ့အပေါ် နာကျည်းမိလွန်းလို့ ကျွန်တော်ကပဲ အမိကမ္ဘာမြေကို သတ်ဖြတ်ပေးခဲ့တာပါ”
မျက်ရည်များက သူ့မျက်လုံးထဲတွင် ပြည့်နှက်လာပြီး သူ့ပုံစံမှာ သနားစဖွယ်ပေါက်လာသည်။ သူက ကျယ်လောင်စွာ ဆက်ပြော၏။ “စစ်သည်တော်သန်းပေါင်းများစွာရဲ့ အလောင်းတွေတောင် အေးစက်သေးတာ မဟုတ်ဘူး…. သူတို့ အလဟဿ သေသွားလို့ ဘယ်ဖြစ်မလဲ… သွေးကြွေးကို သွေးကြွေးနဲ့ ပြန်ပေးဆပ်ရမယ်…. ရှေးဟောင်းနတ်ဘုရားဘုရင်ကတော့ သူတို့အစား ကလဲ့စားမချေနိုင်သလို ကောင်းကင်နတ်ဘုံကလည်း ကလဲ့စားမချေနိုင်ဘူး…. ဒါပေမဲ့ ကောင်းကင်မဟာမိတ်ရဲ့ အကြီးအကဲဖြစ်တဲ့ ကျုပ်၊ ချင်မူကတော့ အမိကမ္ဘာမြေကို သတ်တဲ့နာမည်ဆိုးကို ခံနိုင်ရည် ရှိတယ်… ကျုပ် အမိကမ္ဘာမြေကို ဘိုးဘေးနန်းတော်အနောက်ဘက်မှာ သတ်ခဲ့တယ်… ဒါကို ကောင်းကင်နတ်အရှင်ကုန်း အတည်ပြုပေးနိုင်တယ်….. နတ်အရှင်မချန်းရောပဲ…. နတ်ဧကရာဇ်လန်ရွှမ် ခင်ဗျားလည်း အတည်ပြုပေးလိုက်ပါ”
သူက ဒေါသတကြီး ဆက်ပြောနေ၏။ “ကောင်းကင်နတ်ဘုံက စစ်သည်တော်တွေရဲ့သွေးတွေ အလဟဿမဖြစ်စေရဘူး…. နတ်ဧကရာဇ်လန်ရွှမ်၊ ကောင်းကင်နတ်အရှင်ယွဲ့ အမိကမ္ဘာမြေကို သတ်ခဲ့တာ ဟုတ်၊မဟုတ် စစ်ဆေးကြည့်ချင်ရင် သူ့ကို သွားပြီး စစ်ဆေးနေစရာ မလိုပါဘူး… ကျုပ်ကိုသာ လာရှာလိုက်…. ကျုပ်၊ ချင်မူက ပြစ်ဒဏ်အားလုံး ခံပေးမယ်”
နတ်ဧကရာဇ်လန်ရွှမ်၏ မျက်နှာကြီးမှာ နီရဲသွားပြီး အာစေးမိနေတော့သည်။ သူ့မှာ အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်ချေ။
ကောင်းကင်နတ်အရှင်ကုန်းက ချောင်းဟန့်၍ မှင်သေသေ ဝင်ပြောသည်။ “ကောင်းကင်နတ်အရှင်မူ ပြောခဲ့တာတွေက အမှန်ပါပဲ…. ကျွန်မ အတည်ပြုပေးနိုင်ပါတယ်….”
နတ်အရှင်မချန်းက တခဏ တုံ့ဆိုင်းနေပြီးနောက် ပြုံးလိုက်၏။ “ကျွန်မလည်း အတည်ပြုပေးနိုင်ပါတယ်…. နတ်ဧကရာဇ်၊ ကျွန်မတို့အားလုံး ဘိုးဘေးနန်းတော်အနောက်ဘက်မှာ ရှိနေခဲ့ပြီး ကောင်းကင်နတ်အရှင်မူ၊ အမိကမ္ဘာမြေကို သတ်ဖြတ်ခဲ့တာ တွေ့ခဲ့ရတယ်မဟုတ်လား”
နတ်ဧကရာဇ်လန်ရွှမ်မှာ လုံးလုံးလျားလျား ဆွံ့အနေမိ၏။ သူက သူ့နေရာသို့ တိတ်တဆိတ် ပြန်သွား၍ ထိုင်လိုက်သည်။
“အမိကမ္ဘာမြေနဲ့ ကောင်းကင်နတ်အရှင်လင်က ဘာမှမပက်သက်ဘူးဆိုရင်တောင် ချုံဧကရာဇ်ခေတ်မှာ ရှင်သန်နိုင်ခဲ့သူတွေ များများစားစား မရှိဘူး... မြောက်ပိုင်းနဲ့ တောင်ပိုင်းရဲ့ ချုံဧကရာဇ်တွေက တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေခဲ့ကြလို့ မရေမတွက်နိုင်အောင် သေဆုံးခဲ့ကြရသလို ဒဏ်ရာရခဲ့တဲ့သူတွေလည်း အများကြီး ရှိတယ်… တောင်နဲ့မြောက် ချုံဧကရာဇ်တွေက အာဏာမက်ခဲ့ကြတာ… သူတို့က ကောင်းကင်ကို တွန်းလှန်ဖို့ ရည်ရွယ်ခဲ့ကြတဲ့အတွက် သူတို့ရဲ့ပြစ်ဒဏ်တွေကို သေဒဏ်ချမှတ်သင့်တယ်”
ချင်မူက ရုတ်တရက် ပြော၏။ “ပထမဆုံး တောင်ပိုင်းချုံဧကရာဇ်က ကောင်းကင်နတ်အရှင်ရှောင်လို့ ကျုပ် ကြားခဲ့ဖူးတယ်…. ကောင်းကင်နတ်အရှင်ဟွေ့၊ တောင်ချုံဧကရာဇ်ရဲ့ ကောင်းကင်နတ်ဘုံက ကောင်းကင်နတ်ဘုံကို တွန်းလှန်ချင်နေတာလား ကောင်းကင်နတ်အရှင်ရှောင်ဆီ မေးကြည့်ပါလား”
“မင်း”
ကောင်းကင်နတ်အရှင်ဟွေ့က ရုတ်တရက် သူ့ထံ ကြည့်လာ၏။ သူ့မျက်၀န်းများထဲရှိ မီးတောက်များက တဟုန်းဟုန်း တောက်လောင်လာကာ အသတ်အဖြတ်စိတ်ဆန္ဒများကို ထုတ်လွှတ်နေသည်။
“တော်သင့်ပြီ”
ကောင်းကင်နတ်အရှင်ဟောင်က လက်မြှောက်လိုက်ရာ ချက်ချင်းဆိုသလို ပတ်၀န်းကျင်သည် ငြိမ်ကျသွား၏။ လူတိုင်း၏အကြည့်က သူ့အပေါ် ကျရောက်သွားတော့သည်။
ကောင်းကင်နတ်အရှင်ဟောင်က ခံစားချက်းကင်းမဲ့စွာဖြင့် ထိုနေရာ၌သာ ထိုင်နေ၏။ သူက မှင်သေသေ ပြောသည်။ “တော်လိုက်ကြပါတော့… စကားနိုင်လုနေလို့ကတော့ သုံးနှစ်သုံးမိုးတိတိ အငြင်းပွားနေပြီး ဘာရလဒ်မှ ထွက်လာမှာမဟုတ်ဘူး…. ဒီလောကက စကားလုံးတွေနဲ့ ဖွဲ့တည်ထားတာမဟုတ်ဘူး… ခွန်အားနဲ့ ဖွဲ့တည်ထားတာ…”
သူက ဖြည်းဖြည်းချင်း ထရပ်၍ မှင်သေသေ ပြောသည်။ “အနိုင်ရသူကပဲ သမိုင်းကြောင်းကို ရေးနိုင်တာ…. ဘယ်သူကပဲ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ နှစ်တစ်ထောင်ကြာသွားရင် သမိုင်းမှတ်တမ်းတင်သူရဲ့ အရေးအသားအောက်က လွတ်မြောက်နိုင်မှာမဟုတ်ဘူး…. ကျုပ်တို့ ကောင်းကင်နတ်ဘုံက တစ်လောကလုံးရဲ့ အာဏာ၊ ကောင်းကင်နတ်ဘုံက နတ်လက်နက်တွေနဲ့ အကြီးမားဆုံး စစ်အင်အားကို ပိုင်ဆိုင်ထားတယ်”
သူ၏မျက်ဝန်းများသည် အသတ်အဖြတ် စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပြီး ချင်မူ၊ ခိုင်ဧကရာဇ်၊ ကောင်းကင်နတ်အရှင်ယွဲ့နှင့် အခြားသူများအားလုံးဆီသို့ ဝေ့ဝဲကြည့်လိုက်သည်။
“ကျုပ်တို့ ကောင်းကင်နတ်အရှင်ဆယ်ပါး ထိန်းချုပ်ထားတဲ့ စစ်အင်အားက တစ်သန်းကျော်တယ်မလား”
သူ့အကြည့်က တာအိုဘိုးဘေးကြီး၊ ဗြဟ္မဗုဒ္ဓ၊ ကောင်းကင်ဆရာသခင်လေးပါ၊ ကောင်းကင်နတ်မင်းလေးပါးနှင့် လောကတစ်သောင်း၏ အုပ်ချုပ်သူများအပေါ်သို့ ကျရောက်သွားသည်။
“ကျုပ်တို့ ကောင်းကင်နတ်အရှင်ဆယ်ပါး ထိန်းချုပ်ထားတဲ့ လူအင်အားနဲ့ ကြွယ်၀မှုက မှန်းဆကြည့်လို့တောင် မရနိုင်ဘူး…. ကျုပ်တို့ ကောင်းကင်နတ်အရှင်ဆယ်ပါးက ဒီလောကရဲ့ အရာအားလုံးကို ထိန်းချုပ်ထားတာ… ကျုပ်တို့ စစ်တပ် ညွှန်ပြလိုက်တဲ့ နေရာတိုင်းမှာ ကောင်းကင်ကြယ်တာရာတွေ ချုပ်ငြိမ်းသွားပြီး ကျုပ်တို့စစ်တပ်ရဲ့ ကြာပွတ်တွေက ကောင်းကင်နတ်မြစ်စီးကြောင်းကို ဖြတ်တောက်ပစ်နိုင်တယ်… ကျုပ်တို့လက်အောက်က ပုဂ္ဂိုလ်တိုင်းက ကမ္ဘာဦးဘုံကို ထမ်းထားပေးနိုင်တဲ့အထိ သန်မာကြတယ်”
“ကျုပ်တို့ ကောင်းကင်နတ်အရှင်တွေက လက်ညှိုးညွှန်တဲ့ ဘယ်နေရာကိုမဆို သွားလာနိုင်တယ်…. ကောင်ကင်နယ်စားမင်းတောင် ဦးညွှတ်ပြီး မြေအောက်ဘုံအရှင်သခင်ကလည်း အမြှီးကုပ်နေရလိမ့်မယ်”
“ဒါ့အပြင် ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ အတိုက်အခိုက်စွမ်းရည်က ဘယ်အရာကိုမဆို ဖျက်ဆီးပစ်နိုင်ဖို့ လုံလောက်တယ်”
ကောင်းကင်နတ်အရှင်ဟောင်က ရိုသေလေးစားစွာဖြင့် လက်သီးဆုပ်လိုက်သည်။ သူ၏ အသံက ခေါင်းလောင်းတစ်လုံးအလား ဟိန်းထွက်နေ၏။ “ကျုပ်တို့ရဲ့ အာဏာ၊ ခွန်အား၊ စစ်တပ်နဲ့ နတ်လက်နက်တွေနဲ့ဆို ဘာလို့ နာမည်ဂုဏ်သတင်းလောက်ကို အာရုံစိုက်နေရမှာလဲ…. သမိုင်းကို ကျုပ်တို့လိုချင်တဲ့အတိုင်း ရေးလို့ရမှာပဲ… အမှန်အတိုင်း ပြောပြလိုက်ရုံပေါ့”
သူ့အကြည့်က ခိုင်ဧကရာဇ်နှင့် ကောင်းကင်နတ်အရှင်ယွဲ့ထံသို့ ကျရောက်သွားကာ အေးစက်စက် ပြော၏။ “ခင်ဗျားတို့က ကောင်းကင်နတ်အရှင်ဆယ်ပါး ပိုင်ဆိုင်တဲ့ အာဏာကို လုယူချင်နေတယ်…. ကျုပ်တို့နဲ့တန်းတူ ရာထူးလိုချင်နေတယ်…. စကြ၀ဠာက ကမ္ဘာလောကအားလုံးရဲ့ ထောက်ပံ့မှုကို လိုချင်နေကြတယ်… လူတိုင်းရဲ့ နှလုံးသားကို သိမ်းပိုက်ချင်နေကြတယ်… စကားနဲ့သာ ပြောမနေနဲ့…. အသက်နဲ့ သက်သေပြ”
သူ၏ စကား လွှမ်းမိုးပြင်းထန်နေသောကြောင့် ရှိသမျှသူတိုင်း၏ သွေးများကို ဆူပွက်လာစေသည်။
တစ်ချိန်တည်းမှာပင် သူ့စကားများက လောကတစ်သောင်းမှ အုပ်ချုပ်သူများကို အသိစိတ်၀င်သွားစေ၏။
ဤလောကတွင် ဆင်ခြင်တွေးတောခြင်းက အသုံးမဝင်သည့် အခိုက်အတန့်များလည်း ရှိသည်။ အသုံးဝင်သည့်အရာက အာဏာနှင့် စစ်အင်အားသာ ဖြစ်တတ်၏။ သူတို့သည် ကမ္ဘာလောကများ၏ အုပ်ချုပ်သူများဖြစ်သော်လည်း အတွေးအခေါ်နှင့် တရားမျှတမှုကိုသာ လိုက်နာကျင့်သုံးပါက အသက်များ ဆုံးရှုံးရလိမ့်မည်။
တရားမျှတမှုအတွက် အသက်ပေးဆပ်ခြင်း ဆိုသည်မှာ ကြားကောင်းသော်လည်း တကယ့်တကယ် ဆုံးဖြတ်ရသည့်အခါတွင် ပေးဆပ်နိုင်သူများများစားစား မရှိချေ။
“အပြော ကောင်းလိုက်တာဗျာ”
ချင်မူက လက်ခုပ်တီးနေပြီး စိတ်လှုပ်ရှားမှုကြောင့် မျက်နှာကြီးနီရဲနေသည်။ သူက ကောင်းကင်နတ်အရှင်ဟောင်ကို ချီးကျူးထောပနာ ပြုနေ၏။ “အပြောတော်လိုက်တာဗျာ… ကောင်းကင်နတ်အရှင်ဟောင်ရဲ့ စကားတွေကြောင့် ကျွန်တော် အဝတ်အစားတွေတောင် ချွတ်ပြီး ကျွန်တော့်ဘဝကို စတေးလိုက်မိချင်တယ်… ကောင်းလိုက်တာ… ကျွန်တော်က စကားသိပ်မတတ်တော့ ဘယ်လိုချီးကျူးရမလဲတောင် မသိတော့ပါဘူး”
ကောင်းကင်နတ်အရှင်ဟောင်၏ မျက်နှာကြီးမှာ စိမ်းဖန့်သွားပြီး သူ၏အကြည့်က ချင်မူ့ထံသို့ ကျရောက်လာသည်။ သူက အေးစက်စွာ ပြော၏။ “ဘာပြောရမှန်း မသိရင် ပါးစပ်ပိတ်ထားလိုက်”
ချင်မူက ချက်ချင်း ပါးစပ်ပိတ်သွားသော်လည်း မနေနိုင်သဖြင့် ချီးကျူးလိုက်မိပြန်သည်။ “တော်ချက်ပဲ”
ကောင်းကင်နတ်အရှင်ဟောင်၏ နဖူးတွင် ရုတ်တရက် သွေးကြောများ ထောင်လာ၏။
ချင်မူ ချက်ချင်း ပါးစပ်ပိတ်သွားတော့သည်။
ကောင်းကင်နတ်အရှင်ဟောင်၏ နဖူးထက်ရှိ သွေးကြောများက ပျောက်ကွယ်သွားပြီး သူက နှာတစ်ချက်မှုတ်ကာ ဖြည်းဖြည်းချင်း ထိုင်လိုက်၏။ “ဒီနေ့က ကောင်းကင်မဟာမိတ်အစည်းအဝေး ကျင်းပတဲ့နေ့ပဲ…. ဆိုတော့ မသက်ဆိုင်တဲ့သူတွေအားလုံး ဖယ်ရှားပစ်ရမယ်”
ခိုင်ဧကရာဇ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ရွှင်ပျော်ပျော်ဓားသည် ဓားအိမ်ထဲမှ ချွင်ခနဲ မြည်သံနှင့်အတူ ထွက်ပေါ်လာသည်။ ဓားက ကောင်းကင်နတ်အရှင်ဟောင်ဆီသို့ ချိန်ရွယ်ထားလေသည်။ ခိုင်ဧကရာဇ်သည် ပြုံးလျက် ပြော၏။ “အတွေးအခေါ်က အသုံးမဝင်မှတော့ ကျုပ်လက်ထဲက အမှန်တရားကိုပဲ မြင်နိုင်တယ်…. ကောင်းကင်နတ်အရှင်ဟောင် ကျုပ်က ကောင်းကင်နတ်အရှင်ယွီကို သစ္စာခံထားတာ… ကောင်းကင်နတ်အရှင်ယွီဟာ ကျင့်စဉ်လမ်းစဉ် ဖွင့်လှစ်ပေးခဲ့ပြီး ကောင်းကင်နတ်သိုင်းတွေ တီထွင်ပေးခဲ့တဲ့အတွက် ကျုပ် သစ္စာခံထားတာပဲ… ကောင်းကင်နတ်အရှင်တစ်ပါးရဲ့ အရှိန်အဝါ ရှိတဲ့သူ့ကို ကျုပ် သစ္စာခံထားပေမယ့် ခင်ဗျားကိုတော့ သစ္စာခံမှာမဟုတ်ဘူး… ခင်ဗျားက နာမည်သက်သက်ပဲ ရှိတယ်… ကောင်းကင်နတ်အရှင်ယွီကို သတ်ပြီး သူ့ရဲ့ကောင်းကင်နတ်သိုင်းနဲ့ ဂုဏ်သိက္ခာကို ခိုးယူထားတာ… ခင်ဗျားရဲ့ ပြစ်မှုအတွက် သေဒဏ်ပေးသင့်တယ်”
ကောင်းကင်နတ်အရှင်ဟောင်က မျက်ခုံးပင့်လိုက်သည်။
ခိုင်ဧကရာဇ်၏ ဓားချီသည် ကောင်းကင်တစ်လျှောက် ပြည့်နှက်သွားပြီး သူ၏ဓားတာအိုမှာ ထွက်ပေါ်လာရန် အသင့်ဖြစ်နေ၏။ “လာခဲ့… ကျုပ်ရဲ့ ဓားတာအိုအတွက် ခင်ဗျားရဲ့ အသက်ကို ယဇ်ပူဇော်ပေးမယ်”
“ခင်ဗျားက မထိုက်တန်ဘူး”
ကောင်းကင်နတ်အရှင်ဟောင်က မှင်သေသေ ပြောသည်။ “အားလုံးပဲ… ကျုပ် ဒီကိစ္စကို ခင်ဗျားတို့ဆီပဲ အပ်လိုက်ပါတော့မယ်”
ခိုင်ဧကရာဇ် ကျယ်လောင်စွာ ရယ်မောလိုက်သည့်အခါ သူ၏ ဓားတာအိုသည် ချက်ချင်း ပေါက်ကွဲထွက်လာ၏။ ရွှင်ပျော်ပျော်ဓားဆီမှ ဝီခနဲ မြည်သွားသည့်အချိန် ကောင်းကင်နတ်ဘုံ၏ နတ်လက်နက်အားလုံး တုန်ရီလာတော့သည်။ မရေမတွက်နိုင်သော နတ်လက်နက်များကား အထိန်းအကွပ်မဲ့စွာ လေထဲသို့ ပျံတက်သွားကြသည်။
ဓားသည် နတ်လက်နက်အားလုံး၏ အရှင်သခင်ဖြစ်၏။ ခိုင်ဧကရာဇ်၏ ဓားမှာလည်း ဧကရာဇ်တစ်ပါး၏ ဓားတစ်လက် ဖြစ်သည်။
ဧကရာဇ်တစ်ပါး၏ အသုံးတော်ခံဓားသည် နတ်ဘုရားမြို့နှင့် နတ်တောင်တန်းများကို အသွားအဖြစ် အသုံးပြုပြီး ကောင်းကင်ဘုံများအား ကျောရိုးအဖြစ် အသုံးပြု၏။ သတ္တဝါတို့အား ဓားခွန်အားအဖြစ် အသုံးချ၍ နှလုံးသားများကို ဓားအကျင့်သီလအဖြစ် အသုံးချသည်။
ဓားကို ကိုင်ဆောင်သူမှာ ပြိုင်ဘက်ကင်း မဟာဧကရာဇ်တစ်ပါးဖြစ်၏။ သူ ဓားကို ဆွဲထုတ်လိုက်ချိန်တွင် ဓားတာအိုထဲရှိ တောင်တန်းများ၊ မြစ်များ ထွက်ပေါ်လာပြီး နေ၊ လနှင့် ကြယ်တာရာများကိုပါ မြင်လိုက်ရသည်။ ခိုင်ဧကရာဇ်ကား ဧကရာဇ်တစ်ပါး၏ အဟိတ်အဟန်နှင့်အညီ ရဲရင့်နေချေသည်။
သူ၏နှလုံးသားထဲတွင် လျှိုမြောင်များ ရှိနေသည်။ ထိုလျှိုမြောင်တို့ကား ဓားလမ်းစဉ်ကို ကိုယ်စားပြု၏။ သူ၏နှလုံးသားထဲတွင် ကောင်းကင်နှင့် မြေကြီးလည်း ကိန်းဝပ်နေသည်။ ထိုကောင်းကင်နှင့် မြေကြီးသည် ဓားလမ်းစဉ်ထဲတွင် ကိန်းအောင်းနေ၏။ သူ၏နှလုံးသားထဲ၌ တစ်လောကလုံးရှိ သတ္တဝါများအား ထည့်သွင်းထားသည့်အလျောက် တစ်လောကလုံးရှိ သတ္တဝါ၊ အသက်တို့သည်လည်း ဓားလမ်းစဉ်ထဲတွင် ပါဝင်နေသည်။
ခိုင်ဧကရာဇ်ဓားဟ ပထမဆုံးဓားကွက်မှာ ထိုက်ဧကရာဇ်ကောင်းကင်ဘုံဓား ဖြစ်သည်။ သူက ဓားကို ကောင်းကင်နတ်အရှင်ဟောင်ထံ ထိုးစိုက်လိုက်ချေပြီ။
ဤသည်ကား သူ့ဓားလမ်စဉ်၏ ပထမဆုံးတိုက်ကွက် ဖြစ်သည်။ ဓားတစ်လက်တည်းနှင့်ပင် ရဲရင့်မှုနှင့် စိတ်ဝိညာဉ်တို့မှာ ပြိုင်ဘက်ကင်းနေ၏။
ရွာလူကြီးကား ဓားနတ်ဘုရားအဖြစ် နာမည်ကြီးသည်။ သူ၏ ဓားလမ်းစဉ်မှ ပထမဆုံးသိုင်းကွက်မှာ တောင်တန်းများနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သော ဓားပင်။
တောင်တန်းများနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သော ဓား ... နတ်ဘုရားများပင် အနိုင်မယူနိုင်သော ဓား။
သို့သော် တောင်တန်းများနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သော ဓားသည် ထိုက်ဧကရာဇ်ကောင်းကင်ဘုံဓားအား မဖော်ဆောင်နိုင်ချေ။ မြင့်မြတ်ခမ်းနားမှုတွင် ရွာလူကြီးသည် ခိုင်ဧကရာဇ်အောက် များစွာ နိမ့်ကျ၏။
ထို့ကြောင့် ခိုင်ဧကရာဇ်၏ဓားကို မြင်ခဲ့ရချိန်တွင် ရွာလူကြီးမှာ လေးစားခဲ့ပြီး မကျော်ဖြတ်နိုင်သည့် အထွတ်အထိပ် ဓားတာအိုဟု ခေါ်ဆိုခဲ့သည်။
ကောင်းကင်နတ်အရှင်ဟောင်သည် ထိုင်မြဲထိုင်နေပြီး ခိုင်ဧကရာဇ်၏ ဓားက သူ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်နေ၏။ သူ ခိုင်ဧကရာဇ်၏ ရွှင်ပျော်ပျော်ဓားကြောင့် ပျက်စီးခံရတော့မည့်အချိန်၌ အရပ်ရှည်ရှည် လူရိပ်တစ်ခုက ရွှင်ပျော်ပျော်ဓားအရှေ့၌ ဖျတ်ခနဲ ပေါ်လာသည်။
ကောင်းကင်နတ်အရှင်ဟွေ့
ကောင်းကင်နတ်အရှင်ဟွေ့၏ ဦးခေါင်းအနောက်ရှိ မီးစက်၀န်းက ပြင်းထန်စွာ လည်ပတ်နေ၏။ သူ လက်မြှောက်လိုက်သည့်အခါ နှိုင်းမရနိုင်အောင် ပြင်းထန်သော မီးတောက်မဟာတာအိုသည် ပေါက်ကွဲထွက်၍ ခိုင်ဧကရာဇ်၏ဓားနှင့် ထိပ်တိုက်တွေ့သွားသည်။
“သမိုင်းမှာ လူသားမျိုးနွယ်ရဲ့ ပုန်ကန်မှုကို ရှေ့ဆုံးကနေ အမြဲ ဦးဆောင်နှိမ်နင်းခဲ့တဲ့ ပထမဆုံးပုဂ္ဂိုလ်က ကောင်းကင်နတ်အရှင်ဟွေ့ပဲ”
ခိုင်ဧကရာဇ်က နှာခေါင်းရှုံ့လိုက်ပြီး ရွှင်ပျော်ပျော်ဓားက ထိုက်မင်ကောင်းကင်ဘုံအဖြစ် ပြောင်းလဲသွားသည်။
သူ၏အတိုက်ခိုက်စွမ်းရည်သည် အဆုံးအစွန်အထိ မြင့်တက်သွားပြီး ကောင်းကင်ဘုံ ၃၅ ဘုံကား ပေါက်ကွဲထွက်လာတော့သည်။
ကောင်းကင်နတ်အရှင်ဟွေ့က ဒေါသတကြီး ဟိန်းဟောက်လိုက်သဖြင့် ကောင်းကင်နန်းဆောင်များ သူ့အနောက်တွင် ထွက်ပေါ်လာသည်။ ထို့နောက် တောင်နတ်မင်းကျုချွဲ၏ တာအိုမီးလျှံဘိုးဘေးနယ်မြေ ဖွဲ့တည်လာပြီး သူက ခက်ထန်စွာ ကြိမ်းဝါးလိုက်၏။ “လောကကြီးရဲ့ ကောင်းကျိုးအတွက် ဒီသူခိုးကို သတ်ပစ်မယ်”