လျှိုထားမှုများ
Vol. 106 Ch. 1392
တာအိုမီးလျှံဘိုးဘေးနယ်မြေမှာ တောင်နတ်မင်းကျုချွဲ၏ မွေးရပ်မြေ ဖြစ်သည့်အပြင် တောင်၀င်ရိုးစွန်း၏ တားမြစ်နယ်မြေလည်း ဖြစ်၏။ ချင်မူသည် ထိုနေရာသို့ ရောက်ဖူးပြီး ထိုနေရာ၌ ကောင်းကင်မီးလျှံအလွှာကိုးလွှာ ရှိကြောင်း သိထား၏။ ယင်းနယ်မြေမှာ အလွန်တရာ ပူပြင်းလှသောကြောင့် မည်သည့်အရာကိုမဆို အရည်ပျော်ကျစေနိုင်သည်။ အဋ္ဌမမြောက်အလွှာသို့ ရောက်သည့်အခါတွင် ကောင်းကင်နတ်အရှင်ယွဲ့၏ မီးအိမ်ပင်လျှင် ခံနိုင်ရည်မရှိတော့ဘဲ မီးတောက်များ၏ ဝါးမြိုလောင်ကျွမ်းခြင်း ခံခဲ့ရလေသည်။
တောင်၀င်ရိုးစွန်းတားမြစ်နယ်မြေရှိ တာအိုမီးလျှံမှာ အင်မတန် စွမ်းအားကြီးမားသည့်အတွက် နေရာဟင်းလင်းပြင်ကိုပင် ပုံပျက်ရှုံ့တွလျက် အရည်ပျော်စေကာ နှစ်ယောက်ကြားရှိ အကွာအဝေးကို တိုသွားစေနိုင်၏။
ပထမမီးအလွှာက တောင်ဝင်ရိုးစွန်းကောင်းကင်ကို ကွင်းဆက်သဖွယ် လှည့်လိုက်သည်။ ဒုတိယအလွှာက တောင်၀င်ရိုးစွန်း၏ ကြယ်တာရာများနှင့် ကောင်းကင်ဘုံများကို ပုံပျက်သွားစေပြီး ဒုတိယကွင်းဆက်အဖြစ် ပြောင်းလဲသွားသည်။
တတိယအလွှာက ကမ္ဘာဦးဘုံနှင့် အခြားသော ကမ္ဘာလောကများအား တတိယကွင်းဆက်များအဖြစ် ပြောင်းလဲလိုက်သည်။
ထို့နောက် ရွှမ်တု၊ ယိုတု၊ အဆုံးသတ်မြို့ပျက်၊ ကောင်းကင်နတ်ဘုံနှင့် အခြား၀င်ရိုးစွန်းသုံးခုမှာလည်း အလားတူ ပြောင်းလဲလာကြ၏။ ချင်မူ ထိုဘိုးဘေးမြေထဲ ရောက်ခဲ့စဉ်အခါက ကောင်းကင်နတ်အရှင်ဟွေ့သည် ဘိုးဘေးနယ်မြေမှ စွမ်းအားများစွာကို စုပ်ယူထားပြီးဖြစ်သဖြင့် နဝမမြောက်အလွှာအား မမြင်နိုင်ခဲ့ချေ။
သို့သော် စဉ်းစားကြည့်လျှင် နဝမမီးအလွှာသည် ဘိုးဘေးနယ်မြေအား နဝမကွင်းဆက်အဖြစ် ပြောင်းလဲပေးနိုင်လိမ့်မည်။ ဤနည်းလမ်းဖြင့်သာ ကမ္ဘာဦးဘုံ၏ ဖန်ဆင်းရှင်များသည် ကျယ်ပြန့်သော ကြယ်တာရာကောင်းကင်ကို လျင်မြန်စွာ ဖြတ်၍ တောင်၀င်ရိုးစွန်းကောင်းကင်ဘုံသို့ လာရောက်ကာ တောင်နတ်မင်းကျုချွဲကို ကိုးကွယ်နိုင်ခဲ့ကြမည်မဟုတ်လော။
ဤနည်းဖြင့်သာ တောင်နတ်မင်းကျုချွဲသည် ပူဇော်ကိုးကွယ်ခြင်းမှ ပေါက်ဖွားလာသော ရှေးဟောင်းနတ်ဘုရားဖြစ်လာကာ ဘိုးဘေးနယ်မြေ၏ ဖန်ဆင်းရှင်များအပေါ် ကာကွယ်ပေးနိုင်ခဲ့လိမ့်မည်။
တာအိုမီးလျှံနယ်မြေ၏ စွမ်းအားမှာ အလွန်တရာ ပြင်းထန်လှသော်လည်း တောင်နတ်မင်းကျုချွဲသည် ပူဇော်ကိုးကွယ်ခြင်းမှ မွေးဖွားလာခဲ့၍ စွမ်းအားအပြည့်အ၀ မထုတ်ဖော်နိုင်သောကြောင့် ကောင်းကင်နတ်အရှင်ဟွေ့၏ သတ်ဖြတ်အနိုင်ယူခြင်းကို ခံခဲ့ရသည်။
ကောင်းကင်နတ်အရှင်ဟွေ့ကား တာအိုမီးလျှံနယ်မြေနှင့် တောင်နတ်မင်းကျူချွဲ၏ ဘိုးဘေးနယ်မြေကိုပါ စုပ်ယူခဲ့ပြီး ကျင့်ကြံခြင်းအခြေခံအား ပြောင်းလဲကာ တာအိုမီးလျှံဘိုးဘေးနယ်မြေအဖြစ် နားလည်သိမြင်ခဲ့သည်။
ယခုတွင် သူ၏ သိုင်းအခြေခံမှာ မြင့်မားလွန်းသဖြင့် ကောင်းကင်နတ်အရှင်ဆယ်ပါး၏ အထွတ်အထိပ်အဆင့်သို့ပင် ရောက်ရှိနေချေပြီ။ မဟာဧကရာဇ်နှင့် ထိုက်ချူတို့သာ ထွက်ပေါ်မလာခဲ့လျှင် မှော်စွမ်းအင်အရာ၌ သူ့ကို မည်သူမှ ယှဉ်နိုင်မည်မဟုတ်ချေ။
သူ့တွင် တောင်နတ်မင်းကျုချွဲကဲ့သို့ မဟာတာအိုအချုပ်အနှောင်များလည်း မရှိပေ။ ထို့ကြောင့် အခြားကျင့်စဉ်များအား ကျင့်ကြံပြီး မီးတာအို၌ အောင်မြင်မှုများစွာ ထပ်မံ ရရှိနိုင်၏။
ယခုတွင် သူ၏ မီးတာအိုအောင်မြင်မှုများမှာ မည်သူမှ မရောက်ရှိနိုင်သော အတိုင်းအတာတစ်ခုသို့ ရောက်ရှိနေလေပြီ။
ကောင်းကင်နတ်အရှင်ဟွေ့၏ တာအိုမီးလျှံဘိုးဘေးနယ်မြေ ထွက်ပေါ်လာသည့်အချိန်တွင် ခိုင်ဧကရာဇ်၏ ကောင်းကင်ဓားတာအို၊ ထိုက်မင်းကောင်းကင်ဘုံဓားသည် ဓားစက်ကွင်းပမာ ဖွဲ့တည်လျက် မီးအလွှာကိုးလွှာ၏ အပြင်အလွှာများအား ချိုးဖျက်ရန် ကြိုးစားနေလေသည်။
ကောင်းကင်နတ်အရှင်ဟွေ့သည် ဤအဆင့်သို့ ရောက်နေပြီဖြစ်သည့်အတွက် ရန်သူ၏ ကောင်းကင်နတ်သိုင်းများမှာ သူ့ခန္ဓာကိုယ်ထဲ မ၀င်ရောက်နိုင်ချေ။ ရန်သူအနေဖြင့် အနီးကပ်လိုပါက မီးအလွှာကိုးလွှာကို ချိုးဖျက်ရန် ကြိုးစားရပေလိမ့်မည်။
မီးအလွှာကိုးလွှာသည် ပိုပို၍ပင် ပြင်းထန်အားကောင်းလာ၏။ တာအိုနယ်ပယ် အလွှာကိုးလွှာအား ဖောက်ထွက်ရသည်နှင့်ပင် ဆင်တူလေသည်။
နတ်ဧကရာဇ်လန်ရွှမ်၊ ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် ကျန်ရှိသူများမှာ ကောင်းကင်နတ်အရှင်ဟွေ့၏ မီးလျှံများ ပြန့်ကားလာပြီး နေရာဟင်းလင်းပြင်ကို ပုံပျက်သွားစေသည်အား မြင်လျှင် နှလုံးသားများ အေးခဲကုန်ကြ၏။ “ကောင်းကင်နတ်အရှင်ဟွေ့က တောင်နတ်မင်းကို ဖယ်ရှားသတ်ဖြတ်တာကနေ အကျိုးအမြတ်တွေ အများကြီး ရခဲ့တယ်…. တောင်၀င်ရိုးစွန်း တားမြစ်နယ်မြေမှာ အလွန်တရာ ပြင်းထန်သန်မာတဲ့ စွမ်းအားပါခဲ့တာပဲ… အဲ့ဒါတွေက ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ သိုင်းအဆင့်နဲ့ မှော်စွမ်းအင်တွေကို ပြိုင်ဘက်ကင်းအဆင့်အထိ ရောက်နေစေတာ”
ဤတစ်ကြိမ်တွင် ကောင်းကင်နတ်အရှင်ဟွေ့ လှုပ်ရှားလိုက်သည့်အခါ သူ၏ကျင့်စဉ်စွမ်းအင်က တာအိုမီးလျှံဘိုးဘေးနယ်မြေကို ဖွဲ့တည်ပြခဲ့ချေပြီ။ နယ်ပယ်အလွှာကိုးလွှာမှာ တစ်ခုပေါ်တစ်ခု ထပ်သွားကြသည့်အလားပင် ထင်ရသည်။ စွမ်းအားက အလွန်တရာ အားကောင်းပြင်းထန်လွန်းသဖြင့် မဟာကောင်းကင်တာအိုကိုပင်လျှင် လောင်ကျွမ်းအရည်ပျော်နိုင်တော့မည့်သကဲ့သို့ ဖြစ်နေတော့သည်။
အစက ကောင်းကင်နတ်အရှင်ဟွေ့သည် ကောင်းကင်နတ်အရှင်ဆယ်ပါးကြားတွင် အဆင့်နိမ့်သူတစ်ဦးသဖွယ် သတ်မှတ်ခံခဲ့ရလေသည်။ သူ ကောင်းကင်နတ်အရှင်တစ်ပါးအဖြစ် နှစ်တစ်သန်းကြာ ရပ်တည်နိုင်ခဲ့ခြင်းသည် ကောင်းကင်နတ်အရှင်ဟောင်၏ လမ်းပြမှုများကြောင့်သာ ဖြစ်သည်ဟု တွေးထင်ထားကြသူများ ရှိခဲ့ကြသည်။
သို့သော် ယခုမူ ကောင်းကင်နတ်အရှင်ဟောင်ပင်လျှင် သူ့ထက် မှော်စွမ်းအင်အရာ၌ သာလွန်ပါ့မည်လား တပ်အပ်မပြောနိုင်တော့ချေ။
“ငါ့ ခမည်းတော်ကို သတ်၊ ကောင်းကင်တာအိုစွမ်းအားကို လွှဲပြောင်းယူပြီး အလွှာ ၄၉ လွှာ ကောင်းကင်တာအိုနယ်ပယ်အဖြစ် အသွင်ပြောင်းလိုက်ရင်….”
ရှေးဟောင်းနတ်ဘုရားဘုရင်၏ ရင်ထဲ၌ ပြင်းပြသော ရည်မှန်းချက်တို့ တဟုန်းဟုန်း တောက်လောင်နေ၏။ ကောင်းကင်နယ်စားမင်းသည် တောင်နတ်မင်းထက်ပင် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးမဟုတ်လော။ ကောင်းကင်တာအိုမှ မွေးဖွားလာသည့် အထွတ်အမြတ် နတ်ဘုရားတစ်ပါး ဖြစ်သည့်အတွက် သူသာ ကောင်းကင်နယ်စားမင်းကို သတ်လိုက်ပါက ကောင်းကင်နယ်စားမင်း၏ စွမ်းအားသာမက ကောင်းကင်တာအိုအထွတ်အမြတ်နယ်မြေကိုပါ ရရှိနိုင်ပေလိမ့်မည်။ ထိုအခါ သူ၏ခွန်အားသည် မည်မျှ တိုးတက်လာလိမ့်မည်နည်း။
“အဲ့အချိန်ကျရင် ကောင်းကင်နတ်အရှင်ဟွေ့ မပြောနဲ့…. ကောင်းကင်နတ်အရှင်ဟောင်တောင် ငါ့ကို လိုက်မှီနိုင်မှာ မဟုတ်ဘူး…. ငါ့ရဲ့ မဟာရည်မှန်းချက်ကြီးကို ငါ့လက်နဲ့ ငါ ပုံဖော်နိုင်တော့မယ်” သူက ပြုံးလိုက်သည်။
သူ့အနောက်ရှိ ကောင်းကင်နတ်အရှင်ဟုန်သည် သူ့မျက်နှာပေါ်ရှိ အပြုံးကို သတိထားလိုက်မိသဖြင့် ပြုံးလိုက်၏။ သူ့မျက်လုံးများက အဓိပ္ပါယ်ဖော်ရခက်စွာ ၀င်းလက်တောက်ပသွားသည်။ “ကောင်းကင်နယ်စားမင်းမှာ အချုပ်အနှောင်တွေ များလွန်းတယ်… ငါကတော့ အချုပ်အနှောင်တွေကနေ လွတ်မြောက်နေတယ်…. ကောင်းကင်နယ်စားမင်းရဲ့ စွမ်းအားကိုလည်း လွှဲပြောင်းယူနိုင်တယ်…. အခုအချိန်ကစပြီး ကောင်းကင်နယ်စားမင်းက ငါ့စွမ်းအားတစ်စိတ်တစ်ပိုင်းသက်သက်ပဲ…. လောကမှာ မဟာတာအိုတွေအများကြီး ရှိတာပဲ…. ငါလည်း တာအိုရနိုင်တယ်”
ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်နတ်အရှင်ရှုတို့၏ မျက်လုံးထောင့်စွန်းများ အနည်းငယ်တွန့်သွားကြသည်။ ကောင်းကင်နတ်အရှင်ဟွေ့ လှုပ်ရှားသည်ကို သူတို့ မြင်ဖူးခဲ့သည်။ ၎င်းက လေဟာနယ်၌ မဟာဧကရာဇ်နှင့် ကောင်းကင်နတ်အရှင်ဟောင်တို့ တိုက်ခိုက်ခဲ့စဉ်က ဖြစ်သည်။ ထိုအချိန်တုန်းက ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုတို့သည် ကယ်တင်ရန် အပြေးသွားခဲ့ကြသော်လည်း ဒဏ်ရာရခဲ့ကြသဖြင့် ပြန်လည်ကုသကြရုံမှတစ်ပါး ရွေးချယ်စရာ မရှိခဲ့ပေ။
ထိုအချိန်တုန်းက ကောင်းကင်နတ်အရှင်ဟွေ့ကား ဤမျှအစွမ်းမထက်ခဲ့။
“ကောင်းကင်နတ်အရှင်ဟွေ့က သူ့ခွန်အားကို ကောင်းကောင်းဖုံးကွယ်နိုင်ခဲ့တာပဲ”
ကောင်းကင်နတ်အရှင်ဟောင်၏ ညာမျက်ခုံးက အနည်းငယ် ပင့်တက်သွားပြီး သူက ပြုံးလိုက်သည်။ “ဒါပေမဲ့ သူ အစွမ်းထက်လာလေလေ၊ တခြား ကောင်းကင်နတ်အရှင်တွေ ငါ့ကို အာ, မခံရဲလေလေပဲ... ငါ့နေရာက ပိုတည်မြဲလာလိမ့်မယ်…. ခိုင်ဧကရာဇ်တော့ တာအိုစနစ်ရဲ့ ကောင်းကင်ဘုံ ၃၅ ဘုံကို ကြွားလုံးထုတ်နေတယ်…. စွမ်းအားကြီးမားပုံပေါက်ပေမဲ့ သာမန်ကာလျှံကာပါပဲ”
ထိုစည် နတ်အရှင်မချန်း၏ မျက်လုံးထောင့်စွန်းများသည် လှုပ်ခတ်နေပြီး သူမ၏ မျက်နှာအမူအရာက လေးနတ်တည်ကြည်နေသည်။
အခြားသူများအနေဖြင့် တာအိုစနစ်၏ ကောင်းကင်ဘုံ ၃၅ ဘုံ အကြောင်း သိကြမည်မဟုတ်သော်လည်း ခိုင်ဧကရာဇ်သည် လက်ရှိခွန်အားဖြင့် သူ၏ ဓားတာအိုကို ၃၅ခုမြောက် ဟင်းလင်းပြင်၌ တံဆိပ်ခတ်နှိပ်နိုင်မှန်း သူမ ကောင်းကောင်းသိလေသည်။
သူ၏ ဓားနယ်ပယ်သည် ရွှင်ပျော်ပျော်ဓားမှ ပေါက်ကွဲထွက်လာပုံပေါ်သော်လည်း အမှန်တကယ်တွင် ၃၅ခုမြောက် ဟင်းလင်းပြင်မှ လှမ်း၍ တိုက်ခိုက်နေခြင်းဖြစ်၏။ ကောင်းကင်နတ်အရှင်ဟွေ့ကား ခိုင်ဧကရာဇ်၏ ရွှင်ပျော်ပျော်ဓားကို ပုံပျက်နေစေသော်လည်း အမှန်တွင် ခိုင်ဧကရာဇ်၏ ဓားတာအိုအပေါ် နည်းနည်းလေးမှပင် ထိခိုက်နိုင်ခြင်းမရှိပေ။
ထိုသို့ဖြစ်ရခြင်းမှာ ကောင်းကင်နတ်အရှင်ဟွေ့၏ တာအိုအဆင့်သည် ခိုင်ဧကရာဇ်၏ တာအိုအဆင့်ထက် များစွာနိမ့်ကျနေသည့်အတွက်ကြောင့်ပင်။ သူ၏ မီးတာအိုမှာ ဟင်းလင်းပြင်အား လောင်ကျွမ်းစေနိုင်သော်လည်း ၃၅ခုမြောက် ဟင်းလင်းပြင်ကိုတော့ ထိပင် မထိတွေ့နိုင်ချေ။
“ငါ ကမ္ဘာဦးဖန်ဆင်းရှင်တွေရဲ့ ပူဇော်ကိုးကွယ်မှုကို မခံရခင် အချိန်တုန်းက ချင်ယဲ့ရဲ့ လက်ရှိအခြေအနေကို ခြေဖျားတောင် မမှီခဲ့ဘူး”
နတ်အရှင်မချန်းက မျက်မှောင်ကြုတ်လိုက်သည်။ “သူက တာအိုကျင့်စဉ်စနစ်မှာ တကယ်ကို နံပါတ်တစ်ပုဂ္ဂိုလ်ပဲ”
ကောင်းကင်နတ်အရှင်ဟွေ့နှင့် ခိုင်ဧကရာဇ်ကား ပြိုင်ဘက်ဟောင်းများ ဖြစ်ကြသည့်အလျောက် တစ်ယောက်၏ ကောင်းကင်နတ်သိုင်းများကို တစ်ယောက်မှ ကောင်းကောင်းသိထားကြသည်။ သူတို့သည် မည်သည်ကိုမှ ထိမ်ချန်မထားဘဲ တိုက်ကွက်ထဲတွင် ခွန်အားအလုံးစုံ ထည့်သွင်းထားကြလေ၏။
တစ်ဦးနှင့်တစ်ဦး၏ လိမ္မာပါးနပ်မှုကို သိထားကြသောကြောင့် အချင်းချင်း စမ်းသပ်နေလျှင်လည်း အသုံးမဝင်ပေ။ စမ်းသပ်ရန် ကြိုးစားပါက တစ်ဖက်ရန်သူသည် အခွင့်အရေးကို အသုံးချပြီး အသက်နှုတ်တိုက်ကွက်တစ်ကွက်နှင့်အတူ ချက်ချင်း ဖျက်ဆီးသတ်ဖြတ်ပေလိမ့်မည်။
ကောင်းကင်နတ်အရှင်များအကြားရှိ တိုက်ပွဲမှာ အချိန်လွန်စွာကြာလျှင်ကြာ၊ မကြာလျှင် တခဏအတွင်း ပြီးဆုံးသွားတတ်၏။
ကောင်းကင်နတ်အရှင်ဟွေ့၏ မီးတာအိုဖြစ်စေ၊ ခိုင်ဧကရာဇ်၏ ရွှင်ပျော်ပျော်ဓားဖြစ်စေ ရန်သူ၏ တိုက်ကွက်တို့အား အချိန်တိုအတွင်း ဖျက်စီးပစ်နိုင်သည်။
ခိုင်ဧကရာဇ်၏ ဓားနယ်ပယ် တာအိုမီးလျှံအလွှာကိုးလွှာ ဘိုးဘေးနယ်မြေနှင့် ထိတွေ့သွားသည့်အချိန်တွင် ဓားတာအိုကောင်းကင်ဘုံ ၃၅ ဘုံမှာ အမှန်တကယ်ပင် အံ့သြငေးမောဖွယ်ကောင်းလှသည်။
ဓားနယ်ပယ်သည် တာအိုမီးလျှံ ပထမအလွှာ၊ ဒုတိယအလွှာနှင့် တတိယအလွှာကို ချက်ချင်း ဖောက်ထွက်သွား၏။ နောက်တခဏတွင် နဝမအလွှာသို့ ဝင်ရောက်သွားတော့သည်။
ဤသည်က နတ်အရှင်မချန်း တွက်ထားသည့်အတိုင်း ၃၅ ခုမြောက် ဟင်းလင်းပြင်မှ လာသော စွမ်းအားဖြစ်၏။ တာအိုမီးလျှံနဝမအလွှာသို့ ရောက်ရှိသည့်အခါမှသာ ဓားနယ်ပယ်၏ စွမ်းအားသည် နဝမအလွှာ၏ စွမ်းအားနှင့် အမှန်တကယ် ထိတွေ့သွားတော့သည်။
နဂါးသွဲ့ရေကန်ပေါ်ရှိ ဒုတိယမြောက် ကောင်းကင်နတ်ဘုံတွင် ရှိနေကြသော ကောင်းကင်နတ်မင်းလေးပါး၊ ကောင်းကင်ဆရာသခင်လေးပါးနှင့် ဧကရာဇ်အဆင့် ပုဂ္ဂိုလ်များမှာ အပေါ်ရှိ ကောင်းကင်နတ်အရှင်နှစ်ပါးထံမှ ကျရောက်လာသည့် ဖိအားကို ချက်ချင်းပင် ခံစားလိုက်ကြရသည်။ ဖိအားက သူတို့၏ ကောင်းကင်နန်းဆောင်များဖြင့် ဖွဲ့တည်ထားသော ကောင်းကင်နတ်ဘုံကို အနည်းငယ် နိမ့်ဆင်းသွားစေသည်။
ချက်ချင်းဆိုသလို ဖိအားသည် ပထမကောင်းကင်နတ်ဘုံဆီသို့ ဆက်လက်ကူးစက်သွား၏။ ဤကောင်းကင်နတ်ဘုံမှာ စကြ၀ဠာတစ်ခွင်မှ အုပ်ချုပ်သူပေါင်း ၁၃၀၀၀ ကျော် တည်ရှိနေကြသော နေရာဖြစ်ချေသည်။
ကမ္ဘာလောကအသီးသီးမှ အရှင်သခင်အားလုံး သူတို့အပေါ်သို့ ဖိအားသက်ရောက်လာသည်ကို ရုတ်ခြည်း ခံစားလိုက်ကြရသည်။ သူတို့၏ခန္ဓာကိုယ်များသည် တုန်ရီလာကြပြီး ဖိအားကို ခံနိုင်ရန် ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို ချက်ချင်း အသက်သွင်းလိုက်ကြ၏။
သူတို့၏ ကိုယ်ပိုင်သိုင်းအခြေခံများနှင့် ခွန်အား၊ စွမ်းဆောင်ရည်တို့သည် ကောင်းကင်နတ်အရှင်တစ်ပါးအောက် များစွာနိမ့်ကျလေသည်။ သို့သော် ခွန်အားမှန်သမျှ စုစည်းလိုက်ပါက ကောင်းကင်နတ်အရှင်နှစ်ပါးမဆိုထားနှင့် ကောင်းကင်နတ်အရှင်အားလုံး ပူးပေါင်းတိုက်ခိုက်လျှင်တောင်မှ ဖိအားကို ခံနိုင်ရည်ရှိလေသည်။
ထိုစဉ်မှာပဲ ခိုင်ဧကရာဇ် တစ်လှမ်းချင်း၊ တစ်ဆင့်ချင်း သိမြင်နားလည်ထားခဲ့သော မဟာတာအိုကား ကောင်းကင်နတ်အရှင်ဟွေ့ ပြုပြင်တည်ဆောက်ထားသော မီးတာအိုဖြင့် ထိပ်တိုက်တွေ့သွားသည်။
ကောင်းကင်နတ်အရှင်ဟွေ့မှာ မျက်နှာအကြီးအကျယ်ပျက်သွား၏။ ခိုင်ဧကရာဇ်၏ ဓားနယ်ပယ်သည် သူ့အရှေ့တည့်တည့်သို့ ရောက်လာခဲ့ချေပြီ။ သူက လက်နှစ်ဖက်ကို ပူးကပ်လိုက်ရာ မီးတာအိုလှည်းဘီးက လှည့်ပတ်သွား၏။ နောက်ထပ် မီးအလွှာကိုးလွှာ ထွက်ပေါ်လာပြန်သည်။
ထိုအခိုက်အတန့်တွင် ဓားနယ်ပယ်က ကျယ်ပြန့်လာပြီး သူ့ကို လုံးလုံးလျားလျား လွှမ်းခြုံသွားတော့သည်။ ကောင်းကင်နတ်အရှင်ဟွေ့မှာ ပတ်ဝန်းကျင်သို့ ကြည့်လိုက်ရာ ၃၅ လွှာမြောက် ဟင်းလင်းပြင်သို့ ရောက်ရှိနေသည့်အား တွေ့လိုက်ရ၏။
ဤနေရာမှာ ကျောက်စိမ်းကဲ့သို့ စင်ကြယ်နေပြီး ဓားချီတို့က အဆက်မပြတ် စီးဆင်းနေလေသည်။
“မကောင်းတော့ဘူး”
သူ့မှာ မျက်စိမျက်နှာပျက်နေပြီး ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများကို အဆုံးအစွန်အထိ မြှင့်တင်ကာ အပြင်ထွက်နိုင်အောင် ကြိုးစားကြည့်သည်။
ထိုအခါ မရေမတွက်နိုင်သော ဓားရောင်တို့က တိုက်ခိုက်လာပြီး ၃၅ ခုမြောက် ဟင်းလင်းပြင်၏ အံ့မခန်းလိလိ အင်အားအပြင် တာအိုကျင့်စဉ်စနစ်၏ ဖိအားတို့လည်း အမြင့်ဆုံးသို့ ရောက်ရှိသွားကာ သူ၏ပတ်ပတ်လည်ရှိ မီးလျှံများ လွင့်ပြယ်စပြုလာချေပြီ။