← Chapters

မာယာသဲကိုးဖြာ

Vol. 106 Ch. 1394

မာယာသဲကိုးဖြာ

Vol. 106 Ch. 1394

နတ်ဧကရာဇ်လန်ရွှမ်၊ ရှေးဟောင်းနတ်ဘုရားဘုရင်၊ ကောင်းကင်နတ်အရှ‌င်ဟွေ့၊ ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်‌ရှောင်တို့ ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကောင်းကင်နတ်အရှင်လင်ကို ခြုံခိုတိုက်ခိုက်နေခဲ့သကဲ့သို့ ကောင်းကင်နတ်အရှင်ကုန်းက အသိစိတ်အလျဉ်ဖြင့်‌ ကောင်းကင်နတ်အရှင်ယွဲ့အား နှောင့်ယှက်နေလေသည်။

ကောင်းကင်နတ်အရှင်ယွဲ့၏ နေရာဟင်းလင်းပြင်တာအိုမှာ ထိုးဖောက်မရနိုင်‌ပေ။ ထို့ကြောင့် သူမ၏ အသိစိတ်အလျဉ်ကို တိုက်ခိုက်ခြင်းက ကောင်းကင်နတ်သိုင်းများကို နှောင့်ယှက်နိုင်မည့် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။

ကောင်းကင်နတ်အရှင်ယွဲ့မှာ အသိစိတ်အလျဉ် ဖရိုဖရဲဖြစ်လာသည့်အခါ ကောင်းကင်နတ်သိုင်းများကို တိကျသေသပ်စွာ မထိန်းချုပ်နိုင်ပေ။ နေရာဟင်းလင်းပြင်တာအိုကို အသုံးမချနိုင်တော့လျှင် အခြားသူများအနေဖြင့် အခွင့်ကောင်းယူလာနိုင်သည်။

၎င်းက ချင်မူ ကောင်းကင်နတ်အရှင်ကုန်းကို တားဆီးရသည့် အကြောင်းအရင်းပင်။

ကောင်းကင်နတ်အရှင်ကုန်း၏ အသိစိတ်အလျဉ်သည် အင်အားကြီးမားလွန်းသောကြောင့် ချင်မူ့အသိစိတ်အလျဉ်မှာ ၎င်းနှင့် ထိတွေ့သွားလျှင်ချင်း ချက်ချင်းဆိုသလို ပုံရိပ်ယောင်များထဲ ကျရောက်သွားတော့သည်။

အသိစိတ်အလျဉ် ပုံရိပ်‌ယောင်နှင့် ပတ်သက်လာလျှင် ကောင်းကင်နတ်အရှင်ကုန်း၏ အောင်မြင်မှုများမှာ ပြိုင်ဘက်ကင်း၏။ ချင်မူ သူမကို ဘိုးဘေးနန်းတော်တွင် ပထမဦးဆုံး တွေ့ခဲ့သည့်အချိန်တုန်းကလည်း ပုံရိပ်ယောင်များထဲသို့ ကျရောက်ခဲ့ရသည်။ မူလကျောက်တုံးကိုပင် အသက်သွင်းခဲ့သော်လည်း မလွတ်မြောက်နိုင်ခဲ့ပေ။

“အသိစိတ်အလျဉ်လမ်းစဉ်က ပထမပဲ”

ချင်မူ၏ခန္ဓာကိုယ်က နေရာတွင်သာ ရပ်နေသော်လည်း သူ၏အသိစိတ်အလျဉ်က ပေါက်ကွဲထွက်၍ အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

အသိစိတ်အလျဉ်လမ်းစဉ်သည် ထိပ်ဆုံးမှနေ၍ ကောင်းကင်နတ်သိုင်း၏ ၁၆ခုမြောက် ကောင်းကင်ဘုံအား ဖောက်ထွက်သွား၏။

သူ၏အသိစိတ်အလျဉ်က လေကို ဖောက်ထွင်းကာ ကောင်းကင်နတ်အရှင်ကုန်း၏ အသိစိတ်အလျဉ် ပုံရိပ်ယောင်မှ လွတ်မြောက်သွားသည်။ ကောင်းကင်နတ်အရှင်ကုန်းသည် ခပ်တိုးတိုး အာမေဋိတ်သံပြုလိုက်ပြီး သူတို့၏ အသိစိတ်အလျဉ်များက ထိတွေ့လျှင်ချင်း ချက်ချင်း ပြောဆိုဆက်သွယ်ကြလေသည်။

“ကောင်းကင်နတ်အရှင်ကုန်း၊ ခင်ဗျား တကယ်ပဲ လှုပ်ရှားတော့မှာလား”

“ကောင်းကင်နတ်အရှင်မူ၊ ငါက နင့်ရဲ့ မဟာမိတ်လို့ တွေးထင်ထားတယ်မလား… အရင်က ငါ နင့်ကို ကယ်ခဲ့ဖူးတယ်လေ… ဒါပေမဲ့ နင် မေ့နေတာတစ်ခု ရှိတယ်… အဲဒါက နင် အရင်က ငါ့ကို ကယ်ခဲ့ဖူးတဲ့အတွက် အကြွေးပြန်ဆပ်ရုံပဲ… အကြွေးဆပ်ပြီးတာမလို့ တစ်ယောက်နဲ့တစ်ယောက် ဘာမှမပတ်သက်တော့ဘူး…. နင်နဲ့ငါ့အကြားမှာ အပေးအယူပဲ ရှိတယ်”

ကောင်းကင်နတ်အရှင်ကုန်း၏ အသိစိတ်အလျဉ်က ကောင်းကင်နတ်အရှင်ယွဲ့ထံသို့ နောက်တစ်ကြိမ် ပြေးဝင်သွားပြန်သည်။ ချင်မူက သူ၏အသိစိတ်အလျဉ်ကို လှည့်ပတ်ရင်း အတတ်နိုင်ဆုံး ကြိုးစားကာကွယ်နေ၏။

“ကောင်းကင်နတ်အရှင်မူ၊ တကယ်ပဲ မတွေးမိဘူးလား”

သူတို့နှစ်ယောက်၏ အသိစိတ်အလျဉ်က ထိပ်တိုက်တွေ့သွားကြပြန်သည်။ “နင် တကယ်ပဲ သေချာစဉ်းစားကြည့်သင့်တယ်နော်” ကောင်းကင်နတ်အရှင်ကုန်းက ပြော၏။ “ငါ ကောင်းကင်နတ်အရှင်ဆယ်ပါးကြားမှာ မပြိုလဲသေးဘဲ ဘာလို့ရပ်တည်နိုင်နေသေးတာလဲ သိလား… ငါ့ရဲ့ရည်ရွယ်ချက်တွေက ကောင်းကင်နတ်အရှင်ဆယ်ပါးနဲ့ ထပ်တူကျနေလို့လေ…. ဒါကြောင့် သူတို့နဲ့ ပူးပေါင်းခဲ့တာ… သူတို့ ငါ့ကို လက်ခံတဲ့ အကြောင်းအရင်းက သူတို့လုပ်ခဲ့တာတွေထဲက အများစုကို ငါ သဘောတူလို့ပဲ”

ချင်မူ့ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ရီသွားသည်။

ကောင်းကင်နတ်အရှင်ကုန်းသည် သူ့အသိစိတ်အလျဉ်ထဲတွင် အားနည်းချက်ကို ချက်ချင်း အာရုံခံမိသွားသဖြင့် ဖိနှိပ်လိုက်၏။ “သူတို့လုပ်ရပ်တွေရဲ့ အများစုမှာ ငါလည်း ပါဝင်ပတ်သက်ခဲ့တယ်.. နင်မမြင်ချင်တဲ့ ကိစ္စတွေလည်း ပါတယ်… ဥပမာ ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံတိုက်ပွဲ၊ ချိမင်ဧကရာဇ်တိုက်ပွဲ၊ ချုံဧကရာဇ် ကောင်းကင်နတ်ဘုံတိုက်ပွဲ၊ ခိုင်ဧကရာဇ် ကောင်းကင်နတ်ဘုံတိုက်ပွဲတွေပေါ့…. အဲဒါတွေအားလုံးမှာ ငါ ပါဝင်တိုက်ခိုက်ခဲ့တယ်”

ချင်မူမှာ ဆက်သည်းမခံနိုင်တော့ပေ။ သူက ထရပ်၍ ကောင်းကင်နတ်အရှင်ယွဲ့ဆီ ပျံသန်းသွားပြီး သူ၏ ကောင်းကင်ရတနာနယ်ပယ်က ပေါက်ကွဲထွက်လာသည်။

“တစ်လောကလုံးရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေ၊ ကောင်းကင်နတ်သိုင်းတွေကို ‌ကောင်းကင်နတ်အရှင်ယွဲ့ရဲ့ နေရာဟင်းလင်းပြင်လမ်းစဉ်က ထောက်ပံ့ပေးလိုက်ရင် ပြိုင်ဘက်ကင်းတဲ့ လမ်းစဉ်တွေ ဖြစ်လာကြလိမ့်မယ်… အဲဒါတွေက လူတစ်ယောက်ရဲ့ သိုင်းအခြေခံကို သိသိသာသာ မြှင့်တင်ပေးနိုင်တဲ့အတွက် ခိုင်ဧကရာဇ်ကို တစ်ယောက်နဲ့ငါးယောက် တိုက်ပွဲမှာ အရေးသာစေခဲ့တာပဲ”

ချင်မူ၏ အသိစိတ်အလျဉ်က လှိုင်းထသွားပြီး ကောင်းကင်နတ်အရှင်ကုန်း၏ အသိစိတ်အလျဉ်နှင့် ထပ်မံဝင်တိုက်သွားသည်။ “ဒါပေမဲ့ ကောင်းကင်နတ်အရှင်ယွဲ့ရဲ့ ကောင်းကင်နတ်သိုင်းတွေ၊ လမ်းစဥ်တွေနဲ့ သိုင်းကွက်တွေက ခေတ်နောက်ကျနေပြီ…” သူက အေးစက်စွာ ပြော၏။ “ဒီနေ့ကမ္ဘာလောကမှာ ‌ထောက်ပံ့မြှင့်တင်ပေးတဲ့နေရာမှာ ဘယ်သူမှ ကျွန်တော့်ရဲ့ ကောင်းကင်ရတနာနယ်ပယ်ကို မယှဉ်နိုင်ဘူး… ကျွန်တော့်ရဲ့ ကောင်းကင်ရတနာနယ်ပယ် ထွက်ပေါ်လာရင် ပြိုင်ဘက်ကင်းအနေအထားနဲ့ ကောင်းကင်နတ်အရှင်ဆယ်ပါးနဲ့တောင် ရင်ဆိုင်တိုက်ခိုက်နိုင်တယ်”

“ဒါပေနဲ့ နင့်ရဲ့ သိုင်းအခြေခံက အားနည်းလွန်းတယ်”

ကောင်းကင်နတ်အရှင်ကုန်း၏ ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး သူ၏လမ်းကို ပိတ်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ ရပ်လိုက်တော့… နင်က ငါတို့ထဲက တစ်ယောက်ဖြစ်နေသေးတယ်… အကျိုးအမြတ်တွေ အတောမသတ်နိုင်အောင် ရနိုင်သေးတယ်”

သူတို့နှစ်ယောက်၏ အမြန်နှုန်းမှာ အလွန်တရာ မြန်ဆန်၏။ ချင်မူ၏ နတ်ဘုရားခြေလှမ်းက ကောင်းကင်ဘုံများကို ဖောက်ခွင်းသွားပြီး သူ၏ အမြန်နှုန်း အထွတ်အထိပ်သို့ ရောက်ရှိသည့်အခါတွင် နေရာဟင်းလင်းပြင်ကိုပင် လျစ်လျူရှုနိုင်သွားသည်။ သို့သော် ကောင်းကင်နတ်အရှင်ကုန်းမှာ စွမ်းအားကြီးမားသောကြောင့် သူ မည်မျှပင် မြန်ဆန်ပါစေ သူမထက် ဆောလျင်စွာ ကောင်းကင်နတ်အရှင်ယွဲ့၏ ဘေးသို့ မရောက်ရှိနိုင်ပေ။

သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်များ ဝင်တိုက်ကြတော့မည့်အချိန်တွင် ကောင်းကင်နတ်အရှင်ယွဲ့က ရုတ်တရက် ကောင်းကင်နတ်သိုင်းတစ်ခုကို အသက်သွင်းလိုက်ပြီး ခိုင်ဧကရာဇ်ဘေးမှ ထွက်ခွာသွားသည်။ နောက်တခဏတွင် ခိုင်ဧကရာဇ်သည် သူတို့နှစ်ယောက်အရှေ့တွင် ပေါ်လာကာ ရွှင်ပျော်ပျော်ဓားက သူတို့နှစ်ယောက်လုံးအား တစ်ပြိုင်နက် တိုက်ခိုက်လိုက်၏။ သူက တဟားဟား အော်ရယ်ရင်း ပြောလေသည်။ “‌မြင့်မြတ်ကြီးကျယ်လှတဲ့ ကောင်းကင်နတ်အရှင်ခုနစ်ပါးက ငါတို့ကို တိုက်ခိုက်နေပါလား…. မဟာမိတ်ခေါင်း‌ဆောင် ကောင်းကင်နတ်အရှင်မူပါ ပါလာပြီပဲ…. ငါတို့ကို တော်တော်အထင်ကြီးကြတယ် ဖြစ်မယ်”

ကောင်းကင်နတ်အရှင်ကုန်းမှာ မျက်နှာအကြီးအကျယ် ပျက်သွားပြီး ခိုင်ဧကရာဇ်၏ ဓားကို ခုခံလိုက်သည်။ အခြားတစ်ဖက်တွင် ချင်မူက သူ့ဓားကို ထုတ်လိုက်ရာ ဓားကျိုးသည် ရွှင်ပျော်ပျော်ဓားနှင့် ထိပ်တိုက်တွေ့သွား၏။

ခွမ်း….

သူတို့နှစ်ယောက်ကား ဓားစွမ်းရည်များအား တစ်ယောက်တစ်ပြန် ပြသနေကြချေပြီ။ ချင်မူသည် ခိုင်ဧကရာဇ်၏ ဓားသိုင်းကွက်များကို ခုခံချိုးဖျက်နိုင်သော်လည်း ခိုင်ဧကရာဇ်၏ ဓားလမ်းစဉ်ကို ရင်ဆိုင်တိုက်ခိုက်ရန် ခက်၏။ သူ့လက်ထဲရှိ ဓားကျိုးမှာ ချက်ချင်း အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားတော့သည်။

“ကောင်းလိုက်တဲ့ ဓားကွက်… ကျွန်တော် ခင်ဗျားဆီကနေ သင်ထားခဲ့တာတွေက ခင်ဗျားနဲ့တော့ မယှဉ်နိုင်သေးဘူးပဲ…”

ခိုင်ဧကရာဇ်က သူတို့နှစ်ယောက်လုံးကို တွန်းထုတ်၍ ကောင်းကင်နတ်အရှင်ယွဲ့အား ဓားဖြင့် လှမ်းပင့်တင်လိုက်သည်။ ကောင်းကင်နတ်အရှင်ယွဲ့၏ ခန္ဓာကိုယ်မှာ မြောက်တက်သွားပြီး ဗျပ်စောင်းကို ပိုက်ကာ ရွှင်ပျော်ပျော်ဓားထိပ်တွင် ရပ်လိုက်သည်။

“ကောင်းကင်မဟာမိတ်ရဲ့ ခေါင်းဆောင်၊ ကောင်းကင်နတ်အရှင်မူ… မင်းက ကောင်းကင်မဟာမိတ်အဖွဲ့ကို သစ္စာဖောက်လိုက်ပြီ”

ခိုင်ဧကရာဇ်က သူ၏ဓားကို ဝှေ့ရမ်းလိုက်ရာ ဓားရောင်သည် ဖြတ်ခနဲ လက်သွား၏။ ဓားတာအိုကား ၃၅ ခုမြောက် ဟင်းလင်းပြင်၌ ခတ်နှိပ်သွားချေသည်။ ဟွေ့၊ ဟုန်၊ ရှု၊ လန်၊ ရှေးဟောင်းနတ်ဘုရားဘုရင်၊ ကုန်း၊ ချန်း၊ ယန်တို့ ကောင်းကင်နတ်အရှင်ရှစ်ပါးမှာ အပြေးအလွှား ရောက်လာကြသော်လည်း လွဲချော်သွားခဲ့ကြ၏။

ဓားပေါ်တွင် ရပ်နေကြသည့် ခိုင်ဧကရာဇ်နှင့် ကောင်းကင်နတ်အရှင်ယွဲ့တို့မှာ ၃၅ ခုမြောက် ဟင်းလင်းပြင်သို့ ရောက်ရှိသွားပြီး သူတို့၏တိုက်ကွက်များကို ရှောင်တိမ်းလိုက်ကြသည်။

ကောင်းကင်နတ်အရှင်ဟုန်၏ ဆံဖြူများက လေထဲတွင် လွင့်မြောနေ၏။ သူ၏ ဧရာမလက်ကြီးက ၃၅ ခုမြောက် ဟင်းလင်းပြင်ဆီသို့ ရိုက်ချလိုက်သည်။ သူ၏လက်ခုံမှာ လိပ်တစ်ကောင်၏ ကျောခွံကဲ့သို့ မာကျောနေပြီး အသွေးအသားတို့က ဖောင်းထွက်နေသည်။ သူ့လက်ခုံရှိ အသွေးအသားတို့မှာ ထူးဆန်းပြီး ဆန်းကြယ်သော အမှတ်အသားမျိုးစုံအဖြစ် ပြောင်းလဲသွားကာ ဟင်းလင်းပြင်အလွှာများအား ဖြတ်၍ ၃၅ ခုမြောက် ဟင်းလင်းပြင်ထဲရှိ ခိုင်ဧကရာဇ်နှင့် ကောင်းကင်နတ်အရှင်ယွဲ့ဆီသို့ ပြေးဝင်သွားချေပြီ။

ဤရိုက်ချက်၏ အင်အားသည် ပြင်းထန်လွန်းသည့်အတွက် ဟင်းလင်းပြင်အလွှာများကို ဖျက်ဆီးပြီးသည့်တိုင် အားမလျော့သွားချေ။ ကျန်ကောင်းကင်နတ်အရှင်များမှာ ၎င်းကို ကြည့်ရင်း မျက်လုံးထောင့်များ တွန့်နေကြတော့သည်။

ကုန်း၊ ချန်း၊ ယန်၊ ဟောင်နှင့် အခြားကောင်းကင်နတ်အရှင်များမှာလည်း တစ်ပြိုင်နက်တိုက်ခိုက်လိုက်ကြ၏။ သူတို့က ကောင်းကင်နတ်အရှင်ဟုန် ဖောက်သွားခဲ့သော လမ်းကြောင်းမှတဆင့် ဟင်းလင်းပြင်တို့အား ဖြတ်သွားကာ ၃၅ ခုမြောက် ဟင်းလင်းပြင်ရှိ ပုဂ္ဂိုလ်နှစ်ဦးဆီ ပြေးဝင်သွားကြသည်။ ကောင်းကင်နတ်အရှင်ရှစ်ပါး၏ တိုက်ကွက်များမှာ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလှချေသည်။

သူတို့၏တိုက်ကွက်များသာ အမှန်တကယ် ထိသွားလျှင် ခိုင်ဧကရာဇ်နှင့် ကောင်းကင်နတ်အရှင်ယွဲ့ သေဆုံးပေလိမ့်မည်။

သို့သော် ခိုင်ဧကရာဇ်သည် ဓားတာအိုဖြင့် ၃၅ ခုမြောက် ဟင်းလင်းပြင်သို့ တက်လိုက်သည့်အချိန်တွင် ကောင်းကင်နတ်အရှင်ယွဲ့၏ ကောင်းကင်နတ်သိုင်းက ပေါက်ကွဲထွက်လာ၏။ သူမက ဗျပ်စောင်းကြိုးများကို တီးခတ်နေပြီး တံခါးတစ်ချက်သည်က ၃၅ ခုမြောက် ဟင်းလင်းပြင်၌ ထွက်ပေါ်လာလေသည်။

ကောင်းကင်နတ်အရှင်ယွဲ့က တံခါးကို ဖွင့်၍ ထွက်ခွာသွား၏။ ခိုင်ဧကရာဇ်ကလည်း တံခါးထဲသို့ ဝင်ရောက်ကာ ၃၅ ခု‌မြောက် ဟင်းလင်းပြင်သို့ ပြေးဝင်လာနေကြသော ကောင်းကင်နတ်အရှင်ရှစ်ပါး၏ သိုင်းကွက်များဆီသို့ ကြည့်လိုက်သည်။ သူက ရယ်မောလျက် ပြော၏။ “မဟာမိတ်ခေါင်းဆောင် ကောင်းကင်နတ်အရှင်မူ၊ ငါ မင်းရဲ့ အစည်းအဝေးမှာ ပြဿနာရှာခဲ့မိပြီ… မင်းရဲ့ မျက်နှာကို ဓားနဲ့ ရွယ်ခဲ့ပေမယ့် မင်း ဘာမှမလုပ်နိုင်ဘူး… ကောင်းကင်နတ်အရှင်ဆယ်ပါးနဲ့ ကောင်းကင်မဟာမိတ်ရဲ့ ခေါင်းဆောင်က ငါတို့ကို ဘာမှမလုပ်နိုင်ဘူးလေ … ဟုတ်တယ်မလား”

သူက ချာခနဲ လှည့်ကာ တံခါးထဲ ဝင်ပြီး ခနဲ့သလို ရယ်လိုက်ရင်း ပြောပြန်၏။ “မင်းရဲ့ကောင်းကင်မဟာမိတ်ကို ငါ စိတ်တိုင်းကျ ၀င်လို့ထွက်လို့ရတယ်… မင်းရဲ့လက်အောက်မှာ ကောင်းကင်နတ်အရှင်ဆယ်ပါး ရှိနေပေမယ့် အသုံးဝင်ကြရဲ့လား... မင်းအစား ရှက်လိုက်တာ… နှုတ်ဆက်ခဲ့ပါတယ်”

ဝုန်း…

ပြင်းထန်လှသော ကောင်းကင်နတ်သိုင်းလှိုင်းဂယက်များက ဟင်းလင်းပြင်အနက်ပိုင်းထဲမှ ထွက်ပေါ်လာသည်။ ကောင်းကင်နတ်အရှင်ဆယ်ပါး၏ ကောင်းကင်နတ်သိုင်းများသည် ထိုနေရာတွင် ပေါက်ကွဲသွားကြသော်လည်း မည်သည့်အရာကို မထိမိသဖြင့် ၃၅ ခုမြောက် ဟင်းလင်းပြင်မှာ အဆက်မပြတ် တုန်ရီသွားတော့၏။

ချင်မူ့ မျက်နှာကြီးမှာ စိမ်းဖန့်‌နေပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ သူ၏အင်္ကျီလက်စများက လွင့်ခါနေပြီး သူက ခေါင်းမော့လျက် ဟင်းလင်းပြင်အထက်သို့ ကြည့်လိုက်၏။ ခိုင်ဧကရာဇ်နှင့် ကောင်းကင်နတ်အရှင်ယွဲ့တို့မှာ အစအနပင်မကျန်ဘဲ ပျောက်ကွယ်သွားလေပြီ။

ရှု၊ ဟုန်၊ ဟွေ့ ၊ယန်နှင့် အခြားကောင်းကင်နတ်အရှင်များမှာ သူတို့နောက်သို့ လိုက်ဖမ်းရန် ပြင်လိုက်ကြစဉ် ကောင်းကင်နတ်အရှင်ဟောင်က အေးစက်စက် နှာမှုတ်၍ လက်ဝါးမြှောက်လိုက်သည်။ “လိုက်ဖမ်းစရာ မလိုဘူး..”

“ရန်သူကို လိုက်မဖမ်းနဲ့”

ချင်မူက ကျယ်လောင်စွာ အော်သည်။ “ကောင်းကင်နတ်အရှင်တို့၊ ဒီနေ့က ကောင်းကင်မဟာမိတ်အတွက် နေ့ထူးနေ့မြတ်ပါ…. ချင်ယဲ့နဲ့ ယွဲ့ကို လိုက်ဖမ်းနေစရာ မလိုပါဘူး… ဒီအစည်းအဝေးက ပိုပြီးတော့ အရေးကြီးတယ်”

ကောင်းကင်နတ်အရှင်များသည်လည်း ကောင်းကင်နတ်အရှင်ယွဲ့၏ ကောင်းကင်နတ်သိုင်းများ နက်နဲကျယ်ပြန့်သည်ကို သိရှိထားကြ၏။ သူတို့၏ပိုင်နက်မှ ထွက်ခွာလိုက်သည်နှင့် သူမအနောက်သို့ လိုက်မှီနိုင်မည်မဟုတ်ချေ။

ထိုမျှသာမက ခိုင်ဧကရာဇ်ချင်ယဲ့ဖြစ်သည့် ကောင်းကင်နတ်အရှင်ချင်လည်း ရှိနေသေး၏။ ဝိုင်းဝန်းမတိုက်ခိုက်နိုင်သရွေ့ မည်သည့်အရာကိုမှ အောင်မြင်နိုင်မည်မဟုတ်ပေ။

ကောင်းကင်နတ်အရှင်များမှာ မသေချာမရေရာသော မျက်နှာအမူအရာများဖြင့် ပြန်ရောက်လာကြ၏။

ချင်မူက လက်မြှောက်၍ အားလုံးကို ကိုယ်ပိုင်နေရာအသီးသီးတွင် ပြန်လည်ထိုင်စေသည်။ “ချင်ယဲ့နဲ့ ယွဲ့က တကယ်ကို ထူးချွန်ကြတဲ့ သိုင်းပညာရှင်တွေပဲ… ဒီတစ်ကြိမ်မှာ ကျုပ်တို့ဘက်က ရိုသေလေးစားမှုနဲ့ နောက်ဆုတ်ပေးလိုက်ပေမယ့် ကောင်းကင်မဟာမိတ်မှာ ဝရုန်းသုန်းကားဖြစ်စေခဲ့တယ်… တကယ်ကို ရိုင်းစိုင်းတဲ့ ရည်ရွယ်ချက်တွေပဲ… ကောင်းကင်နတ်အရှင်ဟွေ့၊ ခင်ဗျားရဲ့ဒဏ်ရာတွေက ပြင်းထန်လား”

ကောင်းကင်နတ်အရှင်ဟွေ့မှာ ခန္ဓာကိုယ်ထက်တွင် ဓားဒဏ်ရာ ရာပေါင်းများစွာ ရှိနေပြီး သူ့စကားအား ကြားသည့်အခါတွင် အေးစက်စက် နှာမှုတ်လိုက်၏။

ချင်မူက သက်ပြင်းချလိုက်သည်။ “ကျုပ်လည်း ဒဏ်ရာရထားတယ်… အားလုံးပဲ ကျုပ် မဟာမိတ်ခေါင်းဆောင်က အသုံးမကျတဲ့အတွက် ကာကွယ်မပေးနိုင်ခဲ့ဘူး… ကျုပ်ကြောင့် ကောင်းကင်နတ်အရှင်ဟွေ့ပါ ဒဏ်ရာရခဲ့ရတယ်”

သူက ညာလက်ကို မြှောက်လိုက်သည်။ ခိုင်ဧကရာဇ် သူ၏ဓားကျိုးကို ချိုးဖျက်ခဲ့သည့်အချိန်တွင် သူ၏လက်ဖဝါးမှာလည်း ထိခိုက်မိသွားသောကြောင့် သွေးများစီးကျကာ တုန်ရီနေ၏။ ၎င်းက မြင်မကောင်းပေ။

ချင်မူ့ညာလက်မှာ တုန်ရီနေပြီး သူက အက်ကွဲနေသောလေသံဖြင့် ပြော၏။ “ကျုပ်က ကောင်းကင်မဟာမိတ်ခေါင်းဆောင်ဆိုပေမယ့် ကျုပ်ရဲ့စွမ်းဆောင်ရည်တွေက အားနည်းလွန်းတဲ့အတွက် ခေါင်းဆောင်ရာထူးကို လက်ခံထားဖို့ ခက်ခဲပါလိမ့်မယ် … ဒီနေ့ ချင်ယဲ့နဲ့ ယွဲ့ရဲ့ တိုက်ခိုက်မှုက‌နေ ကောင်းကင်မဟာမိတ်ကို ကျုပ် မကာကွယ်နိုင်ခဲ့ဘူး… ဆိုတော့ ကောင်းကင်မဟာမိတ်ခေါင်းဆောင် ရာထူးကနေ နှုတ်ထွက်ဖို့ ဆန္ဒရှိပါတယ်”

သူ၏ ပါးပြင်တွင် မျက်ရည်များစီးကျနေပြီး တဟင့်ဟင့်ဖြင့် ငြင်သာစွာ ရှိုက်ငိုနေ၏။ သို့သော် သူ၏အသံမှာ တိုးလွန်းသဖြင့် သူ ဘာပြောနေသည်လဲ ကြားရန်ခက်နေသည်။ သို့သော် ချင်မူကား သူ တည်ထောင်ခဲ့သော ကောင်းကင်မဟာမိတ်အဖွဲ့အား လက်မလွှတ်လိုသည်မှာ သိသာလှသည်။ သို့သော် ကောင်းကင်မဟာမိတ်၏ အနာဂတ်အတွက် မဟာမိတ်ခေါင်းဆောင်ရာထူးကို စွန့်လွှတ်ရန်မှတစ်ပါး ရွေးချယ်စရာသယောင်ပင်။

All Chapters