အပြောင်းအလဲများနှင့် လှည့်ကွက်များ
Vol. 106 Ch. 1395
တခဏကြာသော် ချင်မူက ပြန်လည်အားတင်းလိုက်သည်။ “ကျုပ် ကောင်းကင်နတ်အရှင်ဟောင်ကို ကောင်းကင်မဟာမိတ်ခေါင်းဆောင် ရာထူး လွှဲပြောင်းပေးပါမယ်… ကောင်းကင်နတ်အရှင်ဟောင်က ရိုသေလေးစားခြင်းခံရတဲ့အပြင် ဓာတ်ကြီးငါးပါးကောင်းကင်ရတနာကို တီထွင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်… ကောင်းကင်မဟာမိတ်ရဲ့ ခေါင်းဆောင်အနေနဲ့ သူဟာ အနာဂတ်မှာ ကောင်းကင်နယ်စားမင်းကို ရှင်းလင်းသတ်ဖြတ်ပြီး ကောင်းကင်နတ်အရှင်ယွီအတွက် ကလဲ့စားချေပေးနိုင်လိမ့်မယ်… ကောင်းကင်မဟာမိတ်ရဲ့ ရည်မှန်းချက်တွေ အမြန်ပြည့်လာပါလိမ့်မယ်”
သူက လေးစားကြည်ညိုသော အကြည့်များဖြင့် ကောင်းကင်နတ်အရှင်ဟောင်ဆီ လှမ်းကြည့်လိုက်သည်။
ကောင်းကင်နတ်အရှင်ဟောင်မှာ မျက်လုံးထောင့်စွန်းများ တွန့်သွားပြီး တည်ကြည်လေးနက်စွာ တုံ့ပြန်၏။ “မဟာမိတ်ခေါင်းဆောင်ရာထူးဆိုတာ သိုင်းအခြေခံနဲ့ ခွန်အားမှာ မူတည်တာမဟုတ်ပါဘူး….. ပါရမီအရည်အချင်း၊ ဂုဏ်သတင်းနဲ့ အကျိုးသယ်ပိုးနိုင်တဲ့အပေါ်မှာ မူတည်တာပါ…. ကျုပ်က အဲဒီနေရာသုံးခုလုံးမှာ ကောင်းကင်နတ်အရှင်မူအောက် နိမ့်ကျပါတယ်… ကောင်းကင်နတ်အရှင်မူ၊ ခင်ဗျားကိုယ်ခင်ဗျား နှိမ့်ချပြီး ကျုပ်ကို မြှင့်တင်ဖို့ မလိုပါဘူး”
ချင်မူက အကြပ်ရိုက်နေသော မျက်နှာအမူအရာဖြင့် ကောင်းကင်နတ်အရှင်ဟွေ့ဆီ ကြည့်လိုက်သည်။ “ကောင်းကင်နတ်အရှင်ဟောင်က သိပ်ကို ဖြောင့်မတ်တည်ကြည်တဲ့သူတစ်ယောက်ပါလား…. ကောင်းကင်နတ်အရှင်ဟွေ့က ကောင်းကင်နတ်အသွင်အဆင့်ကို တည်ထောင်ခဲ့တဲ့သူတစ်ယောက်… ကောင်းကင်နတ်အသွင်ကောင်းကင်ရတနာသာမက အမျှော်အမြင်နဲ့ အကျိုးသယ်ပိုးမှုတွေလည်း အများကြီးရှိတယ်… လူသားမျိုးနွယ်ကို မှောင်မည်းခက်ခဲတဲ့အချိန်ထဲကနေ အကြိမ်ကြိမ်ကယ်ခဲ့တယ်.. ကောင်းကင်နတ်အရှင်cloud, ချိမင်ဧကရာဇ်၊ ချုံဧကရာဇ်၊ ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်လင်နဲ့ အခြားသူပုန်တွေကိုလည်း ရှင်းလင်းချေမှုန်းပေးခဲ့တယ်… ကောင်းကင်နတ်အရှင်ဟွေ့ဟာ လူသားတစ်ယောက်ပေမယ့် လူသားမျိုးနွယ်ဘက်မှာ မရပ်တည်ခဲ့ဘူး… သူ့ရဲ့ အကျင့်စာရိတ္တက လေးစားဖို့ကောင်းတယ်… ကောင်းကင်မဟာမိတ်ရဲ့ ခေါင်းဆောင်ရာထူးကို…”
ကောင်းကင်နတ်အရှင်ဟွေ့သည် မျက်လုံးများ တင်းတင်းပိတ်၍ ဒေါသကို မြိုသိပ်နေရ၏။ သူ့ဦးခေါင်းအနောက်ရှိ မီးဘီးက တဝီးဝီး လှည့်ပတ်နေပြီး သူက အက်ကွဲစွာ တုံ့ပြန်လေသည်။ “ကျုပ်က ကောင်းကင်နတ်အရှင်မူအောက် နိမ့်ကျပါတယ်”
ချင်မူက ကောင်းကင်နတ်အရှင်ဟုန်ဆီသို့ စိတ်အားထက်သန်စွာ ကြည့်လိုက်ပြန်သည်။
ကောင်းကင်နတ်အရှင်ဟုန်က ပြုံး၏။ “ကောင်းကင်နတ်အရှင်မူ၊ ငြင်းဆိုစရာ မလိုပါဘူး… ကျုပ်က မိစ္ဆာမျိုးနွယ်ရဲ့ တန်ခိုးရှင်တစ်ယောက်လေ… အကျိုးသယ်ပိုးမှုမရှိဘဲ ခေါင်းဆောင်နေရာကို လက်ခံဖို့ ခက်ခဲပါတယ်”
ချင်မူက နတ်အရှင်မယန်ကို ကြည့်လိုက်ရာ သူမသည် ငြင်သာစွာ ခေါင်းရမ်း၍ အသာအယာ ပြော၏။ “အရှင်မင်းကြီးရဲ့ မိဖုရားတစ်ပါးအနေနဲ့ ကျွန်မမျက်နှာကို အများအလယ်မှာ ပြသဖို့ မသင့်တော်ပါဘူး… ကောင်းကင်နတ်အရှင်မူကလည်း အတော်လေး လေးစားကြည်ညိုခံရတဲ့အပြင် ခေါင်းဆောင်ရာထူးနဲ့ ထိုက်တန်ပါတယ်… ရာထူးလွှဲပြောင်းပေးစရာ မလိုပါဘူး”
ချင်မူက တခြားကောင်းကင်နတ်အရှင်များအား ဝေ့ဝဲကြည့်လိုက်သည်။ ရှေးဟောင်းနတ်ဘုရားဘုရင်၊ နတ်ဧကရာဇ်လန်ရွှမ်၊ နတ်အရှင်မချန်းတို့ကလည်း ခေါင်းရမ်း၍ အသီးသီးငြင်းဆိုကြလေသည်။
“အားလုံးက ကျွန်တော့်ကို နှစ်သက်ကြတာပဲဗျာ”
ချင်မူက စိတ်ပျက်စွာ သက်ပြင်းချလိုက်ပြီး မျက်ရည်များ စီးကျလာပြန်၏။ “ကျွန်တော် ကိုယ့်ကိုယ်ကို ဖိအားပေးပြီး မဟာမိတ်ခေါင်းဆောင်ရာထူးကို ယာယီယူပေးထားပါမယ်… ဒါပေမဲ့ အားလုံးရဲ့ဂုဏ်သတင်းတွေ ကျွန်တော့်ထက် ကျော်ကြားတယ်လို့ ခံစားရတဲ့ တစ်နေ့ကျရင် ကျွန်တော့်ကို သတ်စရာမလိုပါဘူး… တစ်ခွန်းလေးပြောလိုက်တာနဲ့ ကျွန်တော် ရာထူးကို စွန့်လွှတ်ပေးပါမယ်”
သူက ကြေကွဲဝမ်းနည်းသောမျက်နှာဖြင့် ဟိုဟိုသည်သည် ကြည့်ရင်း ဩရှရှ ပြောသည်။ “စောစောကပဲ ကောင်းကင်နတ်အရှင်ဟွေ့က ပြောခဲ့ပါတယ်... ကောင်းကင်နယ်စားမင်းက ချင်ယဲ့နဲ့ ပူးပေါင်းပြီး မကောင်းမှုတွေ လုပ်ဆောင်ခဲ့လို့ ရှင်းလင်းဖယ်ရှားရပါမယ်တဲ့... ဒါဆိုဒီနေ့ရဲ့ ပထမဦးဆုံး အမှုကိစ္စကတော့ ကောင်းကင်နယ်စားမင်းကို အပြစ်ပေးဖို့ပါပဲ... ရှေးဟောင်းနတ်ဘုရားဘုရင်၊ ကောင်းကင်နယ်စားမင်းရဲ့ ပြစ်မှုတွေကို စာရင်းထုတ်ပေးပြီး အမိန့်စာရေးသားပေးပါ”
ရှေးဟောင်းနတ်ဘုရားဘုရင်မှာ ၎င်းကို ကြားလျှင် ကြောင်အသွားသည်။ သူသည် အမိန့်စာကို ချင်မူ့ဆီ ပေးပြီးဖြစ်လေရာ အဘယ်ကြောင့် ထပ်ပေးရမည်နည်း။
“ကောင်းကင်နတ်အရှင်တွေကို အကောက်ကြံပြီးတာတောင် ဒီကောင်က ငါ့ကိုပါ မကောင်းကြံစည်နေတာပဲ”
ရှေးဟောင်းနတ်ဘုရားဘုရင်မှာ ဒေါသူပုန်ထနေသော်လည်း မျက်နှာအမူအရာက မပြောင်းလဲပေ။ သူက စုတ်တံကို မြှောက်၍ စာအုပ်တစ်အုပ် ထုတ်ကာ ချက်ချင်း အမိန့်စာ ရေးသား၍ ချင်မူ့ထံ ပေးလိုက်သည်။
ချင်မူက တစ်ချက်ကြည့်၍ ချီးကျူး၏။ “စာအရေးအသားက တကယ်ကို ထူးချွန်ပြောင်မြောက်ပါပေတယ်”
ချင်မူသည် ပြဿနာထပ်မရှာတော့မှ ကောင်းကင်နတ်အရှင်များမှာ သက်ပြင်းချလိုက်မိကြသည်။ သူက ရှေးဟောင်းနတ်ဘုရားဘုရင် ပြင်ဆင်ပေးသည့် ကောင်းကင်နယ်စားမင်းကို သတ်ဖြတ်မည့် အမိန့်စာအား ဖတ်နေသည်။
ချင်မူမှာလည်း ခိုင်ဧကရာဇ်နှင့် ကောင်းကင်နတ်အရှင်ယွဲ့အား ကောင်းကင်မဟာမိတ်အဖွဲ့တွင် ထပ်မံပြဿနာရှာခိုင်းပါက ကောင်းကင်နတ်အရှင်ဟောင်နှင့် ကျန်သူများ ဒေါသမထိန်းနိုင်တော့ဘဲ သူအား နေရာ၌ပင် သတ်ဖြတ်ပစ်မည်ကို စိုးရိမ်နေလေသည်။
ကောင်းကင်နတ်အရှင်ဆယ်ပါးအားလုံးမှာ ထက်မြက်သော ပုဂ္ဂိုလ်များဖြစ်ကြသည့်အလျောက် ခိုင်ဧကရာဇ်ချင်ယဲ့နှင့် ကောင်းကင်နတ်အရှင်ယွဲ့တို့ ချင်မူ့ကြောင့် ရောက်ရှိခဲ့လာမှန်း သိကြ၏။ မဟုတ်လျှင် ကောင်းကင်မဟာမိတ်အဖွဲ့အနေဖြင့် ကမ္ဘာလောကအားလုံးကို အသိပေးခဲ့လျှင်တောင်မှ လေဟာနယ်တစ်ဖက်ခြမ်းရှိ ရွှင်ပျော်ပျော်ကျေးရွာမှ ခိုင်ဧကရာဇ် သိရှိနိုင်လိမ့်မည်မဟုတ်ချေ။
ထိုမျှသာမက ခိုင်ဧကရာဇ်နှင့် ကောင်းကင်နတ်အရှင်ယွဲ့တို့က အချိန်ကိုက်ရောက်လာခဲ့ပြီး ချင်မူ့စကားများအတိုင်း ပူးပေါင်းကာ ကောင်းကင်နတ်အရှင်ဆယ်ပါး၏ အာဏာကို စမ်းသပ်၍ လောကအားလုံးမှ အုပ်ချုပ်သူတို့၏ စိတ်ဓာတ်တို့အား ရိုက်ချိုးနိုင်ခဲ့ကြသည်။ လှုပ်ရှားခဲ့သည့် ဓားကွက်တစ်ကွက်စီတိုင်းတွင် ရည်ရွယ်ချက်ရှိ၏။
သိသိသာသာပင် ကောင်းကင်မဟာမိတ်၏ အတွင်းလူသာလျှင် ကောင်းကင်နတ်အရှင်ဆယ်ပါး၏ အတွင်းကိစ္စရပ်များကို သေချာသိရှိထားပြီး လောကတစ်သောင်းမှ အုပ်ချုပ်တို့၏ နှလုံးသားများကို ယိမ်းယိုင်စေနိုင်လိမ့်မည်။
ထိုကောင်းကင်မဟာမိတ်၏ အတွင်းလူသည် ကောင်းကင်မဟာမိတ်ခေါင်းဆောင်သာ ဖြစ်ပေလိမ့်မည်။
ချင်မူသာ ၎င်းကို အသုံးမချပါက ကောင်းကင်နတ်အရှင်ဆယ်ပါးသည် သူ့ကိုယ်စား အသုံးချလိမ့်မည်။ မှန်ပါသည်။ သူတို့က သူ့အသက်ကို နှုတ်ယူကြမည်ဖြစ်သည်။
ကောင်းကင်နယ်စားမင်းကို ပုန်ကန်သတ်ဖြတ်ခြင်းက ကြီးမားသော ကိစ္စရပ်ဖြစ်သဖြင့် အကုန်လုံး အုတ်အော်သောင်းနင်းဖြစ်သွားလေသည်။
သို့သော် ဤကိစ္စမှာ ကောင်းကင်နတ်အရှင်ဆယ်ပါး ဆုံးဖြတ်ပြီးသောကိစ္စဖြစ်သည်။ ကန့်ကွက်သူ ရှိလျှင်တောင်မှ တာအိုဘိုးဘေးနှင့် ဗြဟ္မဗုဒ္ဓတို့အပါအဝင် ကောင်းကင်မဟာမိတ်၏ တခြားအဖွဲ့အဝင်များအနေဖြင့် ပြောဆိုပိုင်ခွင့်မရှိပေ။ နားထောင်ရုံသာ နားထောင်နိုင်၏။
ကောင်းကင်နတ်အရှင်ဆယ်ပါး အမိန့်ပေးလျှင် လိုက်နာရမည်။ တုံ့ဆိုင်းနေပါက အကျိုးဆက်များကို တွေးဆကြည့်နိုင်၏။
ထို့နောက် ချင်မူက ဒုတိယကိစ္စကို ကြေညာသည်။ ၎င်းက ကောင်းကင်နတ်အရှင်တစ်ပါး ထပ်တိုးခြင်းပင်။
ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်၏ နန်းတော်သခင် ရှစ်ချီလော်သည် လေးနက်ဆန်းကြယ်၍ မှန်းဆမရနိုင်သော တာအိုနှင့် သူ၏အကျိုးသယ်ပိုးမှုများကြောင့် ထင်ရှား၏။ သူကား ကောင်းကင်မဟာမိတ်သို့ ၀င်ရောက်၍ ဆယ့်တစ်ပါးမြောက် ကောင်းကင်နတ်အရှင် ဖြစ်လာခဲ့လေပြီ။
ချင်မူ ၎င်းကို ကြေညာလိုက်သည့်အချိန်တွင် ထပ်မံ၍ ရုန်းရင်းဆန်ခတ်ဖြစ်သွားကြပြန်သည်။ ထောင်ထောင်မောင်းမောင်း လူကြမ်းကြီး ရှစ်ချီလော် ဒုတိယကောင်းကင်ဘုံသို့ ရောက်လာ၍ ချင်မူနှင့် ကျန်ကောင်းကင်နတ်အရှင်တို့အား နှုတ်ဆက်သည့်အခါတွင် ဝေဖန်သံများက ပို၍ပင်ဆူညံသွားတော့သည်။
ကောင်းကင်နတ်ဘုံသားအများစုသည် ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်၏ အရှင်သခင်ရှစ်ချီလော်၏ နာမည်ကို သိကြ၏။ သူသည် လူတိုင်းကို မြှောက်ပင့်တတ်သလို၊ ဝေဖန်လျှင်လည်း ကြမ်းတမ်းခက်ထန်စွာ ပြောဆိုတတ်သူတစ်ဦး ဖြစ်၏။ သူ၏ သိုင်းအဆင့်ကို သေချာမသိရသော်လည်း သူ့အထက်ရှိ ပုဂ္ဂိုလ်များကိုတော့ ကပ်ဖားယပ်ဖား လုပ်တတ်လေသည်။ သူ့အောက် နိမ့်ကျသော ပုဂ္ဂိုလ်များကိုတော့ ချိုးနှိမ်တတ်သလို၊ လောဘကြီးစွာဖြင့် လာဘ်ပေးလာဘ်ယူမှုများလည်း ရှိသည်။ သူ၏ဂုဏ်သတင်းက သိပ်မကောင်းလှပေ။
သူ၏စွမ်းဆောင်ရည်များကြောင့်သာ မဟုတ်လျှင် ၊ ဖန်ဆင်းခြင်းနတ်လက်နက်ကိုသာ မတီထွင်နိုင်ခဲ့လျှင် သူ့ကို မည်သူမှ ကြည်ညိုကြမည်မဟုတ်။
ကောင်းကင်နတ်အရှင်ဆယ်ပါးသည် အမြဲတမ်း ကောင်းကင်နတ်အရှင်ဆယ်ပါးသာ ဖြစ်ခဲ့၏။ ကောင်းကင်နတ်အရှင်အသစ်ဟူ၍ မရှိခဲ့ချေ။ ရှိလျှင်တောင်မှ တာအိုဘိုးဘေးနှင့် ဗြဟ္မ့ာဗုဒ္ဓတို့သာ ဖြစ်သင့်သည်ဟု တွေးထားကြလေသည်။ ဤသို့ အကျင့်စာရိတ္တမကောင်းသော ရှစ်ချီလော်အနေဖြင့် အခွင့်အရေးပင် ရမည်မဟုတ်ပေ။
သို့သော် ရှစ်ချီလော်သည် ကောင်းကင်နတ်အရှင်ဆယ်ပါး၏ ခွင့်ပြုချက်နှင့်အညီ ဆယ့်တစ်ပါးမြောက် ကောင်းကင်နတ်အရှင် ဖြစ်လာခဲ့ချေပြီ။ သူတို့မှာ သစ်ပြင်းချလိုက်မိကြသည်။ “ကပ်ဖားလမ်းစဉ်ပဲ… ရှစ်ချီလော်က မဟာကောင်းကင်နတ်ဘုံအဆင့်အထိ ကျင့်ကြံပြီးနေပြီ”
ကောင်းကင်နတ်ဧကရာဇ်၏ သ၀ဏ်လွှာသည်လည်း ကောင်းကင်မဟာမိတ်ထံသို့ အချိန်ကိုက်ရောက်ရှိလာပြီး ရှစ်ချီလော်မှာ ဆယ့်တစ်ပါးမြောက် ကောင်းကင်နတ်အရှင်ရာထူးကို တရားဝင်ရရှိသွားတော့သည်။ အားလုံးမှာ ပြုံးပျော်နေကြ၏။
ချင်မူက ရှစ်ချီလော်ကို ထိုင်စေပြီး ဘိုးဘေးနန်းတော်နှင့် ဘိုးဘေးနန်းတော်အနောက်ဘက်အား ဖွင့်လှစ်မှုကိုလည်း တစ်ဆက်တည်း ကြေညာလိုက်ရာ ကမ္ဘာလောကအားလုံး ပွက်လောရိုက်သွားပြန်တော့သည်။
ဘိုးဘေးနန်းတော်နှင့် ဘိုးဘေးနန်းတော်အနောက်ဘက်၏ အကျိုးအမြတ်များမှာ ကောင်းမွန်လှသည့်အတွက် ဤကိစ္စသည် ကမ္ဘာလောကအသီးသီးမှ ခေါင်းဆောင်များအား စိတ်ဝင်စားနေကြသည့် ကိစ္စတစ်ခုဖြစ်လေသည်။ ထိုနေရာကို ကောင်းကင်နတ်အရှင်ဆယ်ပါးနှင့် ချင်မူကသာ ထိန်းချုပ်ခဲ့လေရာ မည်သူမှ ဝေစုမရခဲ့ကြချေ။
ယခုတွင် ချင်မူသည် ဘိုးဘေးနန်းတော်နှင့် ဘိုးဘေးနန်းတော်အနောက်ဘက်ကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ရာ အားလုံးမှာ စိတ်တူကိုယ်တူဖြင့် ပျော်ရွှင်နေကြတော့သည်။
‘ဘိုးဘေးနန်းတော်နဲ့ ဘိုးဘေးနန်းတော်အနောက်ဘက်ကို ဖွင့်လိုက်တာက သားရဲကမ္ဘာကို တည်ထောင်လိုက်တာနဲ့ အတူတူပဲ… ဒါပေမဲ့ ကောင်းကင်နတ်အရှင်မူက အများစုရဲ့ အားပေးထောက်ခံမှုကို ရဖို့ ကိစ္စနှစ်ရပ်အဖြစ် ခွဲလိုက်တယ်… ဒီကောင်စုတ်လေးက အလွယ်တကူ ထိန်းချုပ်လို့ရတဲ့သူ မဟုတ်တော့ဘူး’ ကျန်ကောင်းကင်နတ်အရှင်များက တစ်ယောက်ကိုတစ်ယောက် ကြည့်၍ စိတ်ထဲမှ တွေးနေကြသည်။
ချင်မူ ဒီကိစ္စကို ကြေညာလိုက်သည့်အတွက် အများစုသည် ချင်မူ့အား အလိုအလျောက်ထောက်ခံကြလိမ့်မည်။ ဤသည်က မဟာမိတ်ခေါင်းဆောင်ဖြစ်နေရခြင်း၏ အကျိုးအမြတ်တစ်ခုပင်။
သို့သော် ချင်မူသည် ပုဂ္ဂိုလ်တချို့၏ နှလုံးသားများကို သိမ်းပိုက်နိုင်သော်လည်း သူ၏အာဏာနှင့် ရာထူးမှာ သူ၏စွမ်းဆောင်နိုင်စွမ်းနှင့် လွှမ်းမိုးနိုင်စွမ်းအပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ ၎င်းတို့သာ မရှိပါက အခွံသက်သက်သာ ဖြစ်နေလိမ့်မည်။
ကောင်းကင်ဘုံများ၏ အုပ်ချုပ်သူများကား ငတုံးငအများ မဟုတ်ကြချေ။ ဤကိစ္စအတွက်ကြောင့် ချင်မူနှင့် ပူးပေါင်းကြမည်မဟုတ်။
သူတို့၏ ထောက်ခံအားပေးမှုများသည် များများစားစား တန်ဖိုးမရှိပေ။
ချင်မူက သားရဲကမ္ဘာတည်ထောင်ခြင်းအား ကြေညာပြီး လုံရှောင်ကို ခေါ်ကာ ဆင့်ခေါ်သူများနှင့် ကမ္ဘာဦးသားရဲများကြားရှိ ဆက်နွှယ်မှုကို ရှင်းပြစေခဲ့သည်။ ၎င်းက ကောင်းကင်ဘုံများ၏ အုပ်ချုပ်သူများကို စိတ်လှုပ်ရှားသွားစေ၏။ စစ်မြေပြင်သို့ ကမ္ဘာဦးသားရဲတစ်ကောင် ဆင့်ခေါ်လိုက်ပါက ကောင်းကင်နတ်သိုင်းပညာရှင်များနှင့် နတ်ဘုရားများ၏ စွမ်းဆောင်ရည်တို့ကို သိသိသာသာ မြင့်တက်သွားစေလိမ့်မည်မဟုတ်လော။
ထိုကိစ္စကြီးနှစ်ခုကို ကြေညာပြီးနောက် ကောင်းကင်နယ်စားမင်းကို တိုက်ခိုက်မည်ဟူသော ကိစ္စရပ်၏ သက်ရောက်မှုမှာ အနည်းငယ် လျော့ကျသွားခဲ့၏။
ထို့နောက် ချင်မူက မင်းသားမင်ရ ကောင်းကင်နတ်ဘုံကို သစ္စာဖောက်၍ ရှဲ့ဝူကျိနှင့် ပူးပေါင်းသွားကြောင်း ကြေညာခဲ့သည်။ ယနေ့ကောင်းကင်နတ်ဘုံတွင် အိမ်ရှေ့စံမင်းသား မရှိသဖြင့် ကောင်းကင်နတ်ဧကရာဇ်သည် ကောင်းကင်နတ်အရှင်ဟောင်ကို အိမ်ရှေစံမင်းသားအဖြစ် တင်မြှောက်လိုက်လေသည်။