← Chapters

အခြေအနေကို ပြောင်းပြန်လှန်ခြင်း

Vol. 106 Ch. 1396

အခြေအနေကို ပြောင်းပြန်လှန်ခြင်း

Vol. 106 Ch. 1396

ကောင်းကင်နတ်အရှင်ဟောင်ကို အိမ်ရှေ့စံမင်းသား တင်မြောက်မည့်သတင်းကြောင့် အားလုံးမှာ တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်‌ချောက်ခြားစွာ ကြည့်လိုက်မိကြသည်။

အိမ်ရှေ့စံမင်းသားသည် ‌ကောင်းကင်နတ်အရှင်တစ်ပါးနှင့် မယှဉ်နိုင်သည်မှာ ထုံးစံဖြစ်သည်။ ကောင်းကင်နတ်အရှင်ဆိုသည်မှာ ကောင်းကင်နတ်ဘုံနှင့် လောက၏ အာဏာကို ထိန်းချုပ်သည့် မြင့်မြတ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။ ကောင်းကင်ဘုံများသည် ကောင်းကင်နတ်အရှင်အပေါ် သစ္စာရှိကြပြီး သူ့လက်အောက်တွင် မရေမတွက်နိုင်သော နတ်ဘုရားများစွာ ရှိတတ်လေသည်။

အခြားတစ်ဖက်တွင် အိမ်ရှေ့စံမင်းသားမှာ နာမည်ကြီးသော်လည်း မည်သည့်အာဏာစွမ်းအားမှ မရှိပေ။ သူ၏ရာထူးသည် ကောင်းကင်နတ်အရှင်အောက် နိမ့်ကျ၏။ ထို့ကြောင့် ကောင်းကင်နတ်အရှင်နှင့် တွေ့ဆုံပါက ကောင်းကင်နတ်ဧကရာဇ်ကို တွေ့ဆုံသည့်အလား ဦးညွှတ်အရိုအသေပေးရသည်။

‌ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နတ်ဧကရာဇ်၏ သားတော်ဖြစ်သည်မှာ ကမ္လာလောကများတခွင်၌ လျှို့ဝှက်ချက်မဟုတ်ပေ။ သို့သော် ကောင်းကင်နတ်အရှင်ဟောင်သည် အိမ်ရှေ့စံမင်းသား ဖြစ်ရန် ဆန္ဒရှိနေသဖြင့် အားလုံးမှာ နောက်ကွယ်မှ အကြောင်းအရင်းကို သိချင်မိကြသည်။

“ကောင်းကင်နယ်စားမင်းကို ရှင်းလင်းဖယ်ရှားပြီးရင် ကောင်းကင်နတ်အရှင်ဆယ်ပါးက ကောင်းကင်နတ်ဧကရာဇ်ကို အနှေးနဲ့ အမြန် တိုက်ခိုက်ကြလိမ့်မယ်”

တစ်စုံတစ်ယောက်သည် အခြေအနေကို သဘောပေါက်သွားပြီး စိတ်ထဲမှ တွေးနေ၏။ “ကောင်းကင်နတ်အရှင်ဆယ်ပါးက အာဏာကို ထိန်းချုပ်ရယူဖို့ ရှေးဟောင်းနတ်ဘုရားတွေကို တစ်ခါတည်း ရှင်းလင်းဖယ်ရှားပစ်ချင်နေတာပဲ…. ဒါပေမဲ့ အရှင်မင်းကြီး ကောင်းကင်နတ်ဧကရာဇ် ဒါတွေကို မမြင်နိုင်တာက အံ့ဩဖို့ကောင်းတယ်…. သူက ကောင်းကင်နတ်အရှင်ဟောင်ကို ဘာလို့ အိမ်ရှေ့စံမင်းသားအဖြစ် တင်မြှောက်လိုက်ရတာဘဲ… ကောင်းကင်နတ်အရှင်ချင် ပြောတဲ့ စကားတွေကများ မှန်နေတာလား…”

ခိုင်ဧကရာဇ် ကောင်းကင်နတ်ဘုံကို သူ၏ဓားဖြင့် နှစ်ခြမ်းပိုင်းဖြတ်ခဲ့စဉ်က ကောင်းကင်နတ်ဧကရာဇ်သည် ကောင်းကင်နတ်အရှင်တို့၏ ရုပ်သေးရုပ်တစ်ရုပ်သာ ဖြစ်ကြောင်း ပြက်ရယ်ပြုခဲ့၏။ ‌အစစ်အမှန်ကောင်းကင်နတ်ဧကရာဇ်ကား ကောင်းကင်နတ်အရှင်ဆယ်ပါး၏ သတ်ဖြတ်ခြင်း ခံခဲ့ရသည်ဟုလည်း ကြေညာခဲ့၏။

ထိုသတင်းက အားလုံးကို တုန်လှုပ်ခြောက်ခြားစေခဲ့သည်။

သို့သော် ကောင်းကင်နတ်အရှင်ဆယ်ပါး၏ အာဏာစက်က ကျယ်ပြန့်လွန်း‌သောကြောင့် သတင်းမှာ တဖြည်းဖြည်း တိမ်မြုပ်သွားခဲ့ရသည်။

အိမ်ရှေ့စံမင်းသားမင်ရ သစ္စာဖောက်ခဲ့ပြီးနောက် ကောင်းကင်နတ်အရှင်ဟောင် အိမိရှေ့စံမင်းသား ဖြစ်လာခြင်းက အကြောင်းအရင်းတော့ ရှိပေလိမ့်မည်။

ချင်မူ ကိစ္စလေးရပ်ကို ကြေညာခဲ့သည် အစီအစဉ်လိုက်မှာ အတော်လေး တိကျထူးခြားပေသည်။ ကောင်းကင်နယ်စားမင်းအား သတ်ဖြတ်မည့်ကိစ္စကို ပထမဆုံး ကြေညာ၍ ထိတ်လန့်တုန်လှုပ်စေခဲ့ကာ ထိုကိစ္စက သူနှင့် ဘာမှမဆိုင်သလို ထင်စေခဲ့၏။

ဘိုးဘေးနန်းတော်ကို ဖွင့်ခြင်းနှင့် သားရဲကမ္ဘာတည်ထောင်ခြင်းကိုမူ အားလုံး၏ ထောက်ခံမှုကို ရရှိရန် အလယ်မှ ထား၍ ကြေညာခဲ့သည်။

အိမ်ရှေ့စံမင်းသား တင်မြှောက်မည့်ကိစ္စကိုတော့ နောက်ဆုံးမှ ကြေညာခဲ့ပြီး ကမ္လာလောကအသီးသီး၏ ခေါင်းဆောင်များကို အတွေးများစေခဲ့သည်။

ကောင်းကင်မဟာမိတ်အစည်းအဝေးပြီးနောက် စတုတ္ထမြောက် ကိစ္စရပ်သည် ကမ္ဘာလောကတစ်သောင်းမှ အုပ်ချုပ်သူတို့အား အချိန်အတော်ကြာ တိုင်ပင်ဆွေး‌နွေးစေလိမ့်မည်။ ၎င်းက လူတိုင်း၏ နှလုံးသားထဲရှိ ကောင်းကင်နတ်အရှင်ဟောင်၏ အရှိန်အဝါကို လျော့ကျစေမည်ဖြစ်ပြီး ကောင်းကင်နတ်အရှင်ဆယ်ပါး၏ ဂုဏ်သတင်းကိုလည်း ထိခိုက်စေမည်ဖြစ်သည်။

ထိုမျှသာမက ကောင်းကင်နတ်ဧကရာဇ် သေဆုံးသည့် သတင်းသာ ပျံ့နှံ့သွားပါက ကောင်းကင်နတ်အရှင်ဆယ်ပါးအနေဖြင့် အတော်လေး မျက်နှာပျက်ရပေလိမ့်မည်။

ဤသည်က စိတ်နှလုံးသားအပေါ် ပစ်မှတ်ထားသော တိုက်ပွဲပင်။ ကိစ္စလေးရပ်ကို ကြေညာခဲ့သည့် အစဉ်လိုက်သာ အနည်းငယ်မျှ ပြောင်းလဲသွားပါက ဤမျှ သက်ရောက်မှုရှိလိမ့်မည် မဟုတ်ပေ။

ချင်မူသည် အကျဉ်းထောင်ကိုးထပ်၏ စမ်းသပ်မှုကို ဖြတ်သန်းခဲ့လေရာ သူ၏တာအိုနှလုံးသားသည် သန့်စင်နေပြီး ဉာဏ်အလင်းလည်း ပွင့်နေချေသည်။ ထို့ကြောင့် အခြေအနေကို ပြောင်းပြန်လှန်ပစ်ပြီး ကောင်းကင်နတ်အရှင်ဆယ်ပါးအတွက် အကျိုးရှိသည့် ကိစ္စရပ်ကြီးတစ်ခုကို စကားလေးတစ်ခွန်းနှစ်ခွန်းဖြင့် ထိခိုက်စေခဲ့နိုင်ခြင်းပင် ဖြစ်သည်။

ရှေးခေတ်မှ သိုင်းပညာရှင်များနှင့် နတ်ဘုရားများသည် တာအိုနှလုံးသားနှင့် တာအိုကျင့်စဉ်စနစ်ကို အရေးမထားကြပေ။ သို့သော် အနာဂတ်တွင်တော့ အရေးထားသူများ များပြားလာလိမ့်မည်။ ‌

ရှေ့ရေးကို ကြိုမြင်နိုင်သူများလည်း ရှိကြသည်။ ‘ကောင်းကင်နတ်ဧကရာဇ်က ကောင်းကင်နတ်ဧကရာဇ် အစစ်မဟုတ်ဘဲ ရုပ်သေးရုပ်တစ်ရုပ်မလား… ကောင်းကင်နတ်အရှင်ဆယ်ပါး အောင်မြင်သွားရင် အနာဂတ်မှာ ဘယ်သူက ကောင်းကင်နတ်ဧကရာဇ် ဖြစ်လာမှာလဲ... ကောင်းကင်နတ်အရှင်က ဆယ့်တစ်ပါး ရှိတာလေ… အနာဂတ်မှာ ငါတို့တွေဟာ ကောင်းကင်နတ်ဧကရာဇ်နဲ့ ကောင်းကင်နတ်အရှင်ဆယ်ပါးကြားမှာတင် ရပ်တည်ရမှာမဟုတ်ဘူး… ကောင်းကင်နတ်အရှင်ဆယ့်တစ်ပါး ကြားမှာ ရပ်တည်ရတော့မှာ”

“ငါတို့ ဘက်မှား ရပ်မိရင် ဘယ်တော့မှ ပြန်နလန်ထူနိုင်တော့မှာမဟုတ်ဘူး”

“အနာဂတ်မှာ ကောင်းကင်နတ်အရှင်ဆယ်ပါးတစ်ပါးသာ ရှေးဟောင်းနတ်ဘုရားတွေကို နှိမ်နင်းလိုက်ရင် လောကကြီးဟာ ငြိမ်းချမ်းမှာ မဟုတ်ဘူး…. ဆန့်ကျင်ဘက်အနေနဲ့ တိုက်ပွဲတွေဟာ ပိုပြီးကြီးမားပြင်းထန်လာလိမ့်မယ်… ငါတို့ ပြင်ဆင်မှုတွေ အမြန်ဆုံးလုပ်ထားရမယ်”

ကောင်းကင်မဟာမိတ်အစည်းအဝေးတွင် ကောင်းကင်နတ်အရှင်ဆယ်ပါး၏ မျက်နှာအမူအရာများမှာ ‌နွေဦးလေပြေအလား နူးညံ့နွေးထွေးနေသော်လည်း သူတို့၏စိတ်နှလုံးများက တည်ငြိမ်မနေပေ။

ချင်မူသည် သူတို့ပင် မသိလိုက်ဘဲ ကိုင်တွယ်ရန် ခက်သည့် ရန်သူတစ်ယောက် ဖြစ်လာပြီး သူတို့အကြားထဲ ၀င်ရောက်၍ ညီအစ်ကိုများသဖွယ် ဟန်ဆောင်ကာ အကျိုးအမြတ်များကို ခွဲယူခဲ့ချေပြီ။

‘ဒါပေမဲ့ အရင်က ကောင်းကင်နတ်အရှင်ယွင်က သူ့ထက်တောင် လက်ပေါက်ကပ်သေးတယ်… သူတောင် ငါတို့လက်ထဲမှာ သေသွားခဲ့ရတာပဲ… လက်ရှိ ကောင်းကင်နတ်အရှင်မူက ကောင်းကင်နတ်အရှင်ယွင်နဲ့ ယှဉ်တောင် မယှဉ်နိုင်ဘူး… သူတစ်ယောက်တည်းနဲ့ ကောင်းကင်ကို ပြောင်းပြန်လှန်ချင်တာဆို စိတ်ကူးယဉ်နေတာပဲ’

ကောင်းကင်နတ်အရှင်ဆယ်ပါးသည်လည်း ဆုံးရှုံးမှုများ၊ အကျိုးအမြတ်များကို တွက်ချက်ရင်း ကြံစည်နေကြသည်။

ဤမဟာမိတ်အစည်းအဝေးတွင် ကမ္ဘာလောကတစ်သောင်းမှ ခေါင်းဆောင်များသည် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာနှင့် ခိုင်ဧကရာဇါတို့၏ ပြုပြင်ပြောင်းလဲမှုမှ အလားအလာတို့အား သိမြင်လာကြ၏။။ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာနှင့် ခိုင်ဧကရာဇ်ပြုပြင်ပြောင်းလဲမှုကို လိုချင်တပ်မက်၍ အသီးအပွင့်တို့အား လေ့လာသင်ယူချင်သူများပင် ရှိလာကြသည်။

အခြေအနေမှာ တဖြည်းဖြည်းနှင့် ထိန်းချုပ်၍ မရနိုင်တော့ပေ။ အခြားကောင်းကင်ဘုံများ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုကို မလိုက်နာရန် တင်းတင်းကြပ်ကြပ် လိုက်ထိန်းရပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်တို့အနေဖြင့်လည်း ထာ၀ရငြိမ်းချမ်းရေးအင်ပါယာထဲသို့ ကိုယ်ပွားများ တိတ်တဆိတ် စေလွှတ်၍ ပြုပြင်ပြောင်းလဲမှုကို စုပ်ယူကာ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ကာ လက်ဦးမှုရယူပေလိမ့်မည်။

ဤသို့အားဖြင့် အနာဂတ်တွင် ပြုပြင်ပြောင်းလဲမှုက အရှိန်အဟုန် ပြင်းထန်လာသဖြင့် ထိန်းချုပ်မရနိုင်တော့လျှင်မှ ကောင်းကင်နတ်အရှင်တို့သည် လောက၏ အာဏာကွင်းဆက် အထွတ်အထိပ်တွင် ရှိနေသေးပြီး အသာစီးရနေပေလိမ့်မည်။

သေးငယ်စုတ်ချာသော နေရာလေးတစ်နေရာ ဖြစ်သည့် ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် သူတို့၏ အနာဂတ်အ‌ပေါ် သက်ရောက်နိုင်သည့် နေရာ ဖြစ်လာလေပြီ။

“ဒါပေမဲ့ အနာဂတ်မှာ ဘယ်လို‌ပဲ ပြောင်းလဲပါစေ… ငါတို့ရဲ့ နေရာကို မထိခိုက်နိုင်ဘူး… ငါတို့က လောကရဲ့ ထိပ်ဆုံးအာဏာရှင်တွေ ဖြစ်နေဦးမှာပဲ”

ကောင်းကင်မဟာမိတ်အစည်းအဝေး ပြီးဆုံးပြီးနောက် လှိုင်းဂယက်များ ပြောင်းလဲသွားခဲ့ကြသည်။ သားရဲကမ္ဘာကို တည်‌ထောင်ရန်မှာ ကိစ္စကြီးတစ်ခု ဖြစ်သည့်အလျောက် အလွယ်တကူ လုပ်ဆောင်၍ မရပေ။

သားရဲကမ္ဘာသည် ကမ္ဘာလောကအသီးသီးအနောက်ရှိ သားရဲတို့အား စုစည်းကာ ဘိုးဘေးနန်းတော်အနောက်ဘက်ရှိ သားရဲကမ္ဘာဆီသို့ ခေါ်ဆောင်ရပေလိမ့်မည်။

ဘိုးဘေးနန်းတော်၏ အနောက်ဘက်ရှိ ချိပ်တံဆိပ်ကို ဖွင့်ရန် လုံရှောင်နှင့် ကောင်းကင်နတ်အရှင်ဆယ်ပါးကို လိုအပ်သည့်အပြင် ကမ္ဘာလောကများအနောက်မှ ချိပ်တံဆိပ်များကိုလည်း ဖွင့်ရပေလိမ့်မည်။

လက်ရှိကောင်းကင်နတ်ဘုံအတွက် ထိုကိစ္စများကို လုပ်ဆောင်ရန် မခက်ခဲပေ။

ဘိုးဘေးနန်းတော်၏ အနောက်ဘက်နှင့် ကမ္ဘာလောကအသီးသီး၏ အနောက်ဘက်ခြမ်းတို့သည် ကမ္ဘာဦးခေတ်တုန်းက ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူနှင့် ရှေးဟောင်းနတ်ဘုရားများ အတူတူ ချိတ်ပိတ်ထားခဲ့သော နေရာများ ဖြစ်ကြ၏။ ယနေ့ခေတ်တါင် ကောင်းကင်နတ်ဘုံ၏ ခွန်အားသည် အတိတ်မှ အင်အားထက် ကျော်လွန်သွားခဲ့လေပြီ။

သို့သော် ကမ္ဘာလောကတစ်ခုချင်းစီ၏ အနောက်ဘက်အား သားရဲကမ္ဘာအဖြစ် တည်ဆောက်လိုက်လျှင် ကမ္ဘာဦးသားရဲများသာ ထိုနေရာတွင် နေနိုင်ပေလိမ့်မည်။ အခြားမျိုးနွယ်များကို ဝင်ရောက်ခွင့်ပေး၍ မဖြစ်သောကြောင့် အတားအဆီးကောင်းကင်နတ်သိုင်းအသစ်များကို ဖန်တီးရလိမ့်ဦးမည်။

၎င်းကလည်း ကောင်းကင်နတ်ဘုံမှ ကောင်းကင်နတ်အရှင်များနှင့် ‌နတ်ဘုရားများအတွက် မခက်ခဲပေ။ ကောင်းကင်နတ်အရှင်ဆယ်ပါးသည် ဤကိစ္စကို တာအိုဘိုးဘေးကြီးနှင့် ကောင်းကင်နတ်ဘုံ၏ တာအိုဂိုဏ်းဆီသို့ လွှဲပြောင်းပေးခဲ့သည်။

ထို့နောက် ချင်မူမှာ အားလပ်ချိန်ရသဖြင့် ကောင်းကင်နတ်အရှင်မူ၏ ကောင်းကင်နန်းဆောင်ထဲတွင် ကျင့်ကြံကာ အကျဉ်းထောင်ကိုးထပ်၏ အသုံး၀င်ပုံများကို ထပ်မံလေ့လာနေ၏။

ကောင်းကင်ဘုံများ၏ အုပ်ချုပ်သူများသည် မကြာခဏ လာရောက်လည်ပတ်ကြသော်လည်း ချင်မူ့အမိန့်ကြောင့် ဝင်ခွင့်မရကြပေ။ သူကား အနှောင့်အယှက်မခံဘဲ ကျင့်ကြံနေလေသည်။

ကောင်းကင်နတ်အရှင်ဆယ်ပါးက သားရဲကမ္ဘာတည်ထောင်ရာတွင် သူ့ကို ချန်လှပ်ထားခဲ့ကြသော်လည်း ချင်မူက စိတ်ထဲမထားပေ။ ဆင့်ခေါ်ခြင်းကောင်းကင်နတ်သိုင်းအား တတ်မြောက်နေသရွေ့ သားရဲကမ္ဘာကို တည်ထောင်ရာ၌ မပါဝင်ရလျှင်လည်း ကိစ္စမရှိ။

နှစ်ဝက်ကြာသော် ကောင်းကင်နတ်အရှင်ဆယ်ပါးအနေဖြင့် သားရဲကမ္ဘာကို တည်ထောင်ပြီးသွားကြသည်။ လုံရှောင်က ကမ္ဘာဦးသားရဲများကို သားရဲကမ္ဘာဆီသို့ ဦးဆောင်သွားပြီး ပထမဦးဆုံးနတ်ဘုရားသည် ပထမဦးဆုံးသားရဲတစ်ကောင်ကို အောင်မြင်စွာ ဆင့်ခေါ်နိုင်ခဲ့၏။ သားရဲကြီးအား သားရဲကမ္ဘာကို ပြန်ပို့နိုင်ခဲ့ပြီးနောက် ကမ္ဘာလောကအားလုံး အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့သည်။

ထို့နောက်မှသာ ချင်မူသည် ကောင်းကင်နတ်အရှင်မူနန်းဆောင်မှ ထွက်လာခဲ့၏။

သူက ပတ်ဝန်းကျင်သို့ ကြည့်လိုက်ရာ ကောင်းကင်နတ်ဘုံမှ နတ်ဘုရားတချို့ သားရဲများအား ဆင့်ခေါ်နေကြောင်း တွေ့လိုက်ရသည်။ သူတို့က သားရဲကြီးများကို ပျော်ပျော်ရွှင်ရွှင် စီးနင်းနေကြလေသည်။

လမ်းပေါ်တွင်ရှိသမျှ လူတိုင်းကလည်း သားရဲများ ဆင့်ခေါ်ခြင်းနှင့် ဘိုးဘေးနန်းတော်၏ ကြွယ်ဝမှုအကြောင်းကိုသာ ဆွေးနွေးနေကြလေသည်။ ဘိုးဘေးနန်းတော်ထဲသို့ ပြောင်းရွှေ့သွားသူ အတော်များများ ရှိပြီး ထိုနေရာတွင် အခြေချကာ ဘိုးဘေးနန်းတော်၏ ကြွယ်ဝမှုများကို ရယူသုံးစွဲလိုသူများလည်း ဒုနှင့်ဒေးပင်။

အရှင်မင်းကြီးကောင်းကင်နတ်ဧကရာဇ်သည် ကောင်းကင်နတ်အရှင်ဆယ်ပါးကို ဆင့်ခေါ်ကာ ကောင်းကင်နတ်ဘုံအား ဘိုးဘေးနန်းတော်သို့ ရွှေ့ပြောင်းရန် ဆွေးနွေးခဲ့သည်ဟူသော ကောလဟာလများလည်း ရှိလေသည်။

ချင်မူ နတ်ဧကရာဇ်လန်ရွှမ်၏ လန်ရွှမ်နတ်နန်းတော်ဆီသို့ သွားနေစဉ် ဧရာမသားရဲကြီးတစ်ကောင် ကောင်းကင်ပေါ် မှ ဆင်းသက်လာ၏။ နတ်ဘုရားငယ်တစ်ယောက်သည် ပျော်ရွှင်စွာဖြင့် အော်ဟစ်နေလေ၏။ သူသည် သားရဲကို ဆငိ့ခေါ်ခဲ့သူဖြစ်လိမ့်မည်။

“လုံရှောင်၊ ငါ့ကို စိတ်မပျက်စေနဲ့… မဟုတ်လို့ကတော့ မင်း ငါ့အစ်ကိုနဲ့ တွေ့တဲ့အခါကျ သေရလိမ့်မယ်”

ချင်မူ့အကြည့်များက ရိပ်ခနဲ ဖြတ်ပြေးသွားပြီး သူသည် လန်ရွှမ်ကောင်းကင်နန်းဆောင်သို့ ရောက်ရှိလာ၏။ နတ်ဧကရာဇ်လန်ရွှမ်က သူ့ကို ထွက်ကြိုပြီး နှစ်ယောက်သား ခန်းမထဲတွင် နေရာယူလိုက်ကြသည်။ ချင်မူက လာရောက်ရသည့်အကြောင်းအရင်းကို ပြော၏။ “ဘိုးဘေးနန်းတော်ထဲက နတ်ဧကရာဇ်ရဲ့ နဂါးသွဲ့ရေကန် နဂါးသွဲ့စင်မြင့်ကို ငှားချင်ပါတယ်”

နတ်ဧကရာဇ်လန်ရွှမ်၏ အကြည့်က ဖြတ်ခနဲ တောက်ပသွားသည်။ သူက ရေနွေးခွက်ကို ကိုင်လျက် ချင်မူ၏ မျက်နှာအမူအရာကို အကဲခတ်နေ၏။ ထို့နောက် မျက်နှာအမူအရာ မပြောင်းလဲဘဲ ပြုံးလျက် ပြော၏။ “ကောင်းကင်နတ်အရှင်မူ၊ မင်းက ကိစ္စတိုင်းမှာ ဝင်ပါတတ်တဲ့သူပဲ… အနံ့လေးရတာနဲ့ အပြေးရောက်လာရော… ငှားချင်ရတဲ့ အကြောင်းအရင်းတော့ ရှိမှာပေါ့… ငါ့အနေနဲ့ အကျိုးအမြတ် ဘာပြန်ရမှာလဲ”

ချင်မူက ပြုံးသည်။ “ကျွန်တော့်ရဲ့ သစ်နက်တောင်တန်းတွေဆီမှာ ရက်ပိုင်းလောက် သိမြင်နားလည်ခွင့်ပေးမယ်… ဘယ်လိုသဘောရသလဲ”

နတ်ဧကရာဇ်လန်ရွှမ်က ကျယ်လောင်စွာရယ်မော ရေနွေးခွက်ကို ချလိုက်သည်။ သူက အေးအေးလူလူ တုံ့ပြန်လေသည်။ “မင်းရဲ့ တောင်တန်းတွေ၊ မြစ်တွေက မနှစ်မြို့စရာလူတွေနဲ့ ပြည့်နေတာ… ငါက မင်းနေရာကို ဘာလို့ သွားရမှာလဲ… ကောင်းကင်နတ်အရှင်မူ၊ ငါ မင်းကို အနိုင်မကျင့်ပါဘူး… ငါ မင်းတို့ရဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုကို လေ့လာနေတာ…. လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေမှာ ငါ မဖြေရှင်းနိုင်တဲ့ကိစ္စတွေ အများကြီးရှိတယ်…. ကူညီဖြေရှင်းပေးဖို့ ကျန်းပိုင်ကွေ့ရော၊ ဧကရာဇ်ယန်ဖုန်းကိုပါ ရှာမတွေ့ဘူး… မင်းက ကောင်းကင်နတ်အရှင်မူ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပေါင်းလဲမှုရဲ့ သူရဲကောင်းသုံးယောက်ထဲက နောက်ဆုံးတစ်ယောက်ဆိုတော့ ငါ့ကို ကိုယ်တိုင်ရှင်းပြပေးလို့ရတယ်”

ချင်မူ အကြပ်ရိုက်သွားသည်။ “ကျွန်တော်က ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ သူရဲကောင်းသုံးယောက်ထဲက တစ်ယောက်ဆိုပေမယ့် ခေတ်နောက်ကျကျန်ခဲ့တာ ကြာပါပြီ… ခင်ဗျား အကောင်းဆုံး သင်ယူချင်တယ်ဆိုရင် ဆရာတစ်ယောက်ကို ညွှန်းပေးနိုင်တယ်… သူ့နာမည်က ရှုရှန်းဟွာတဲ့… သူ သင်ပေးလိမ့်မယ်… ရှုရှန်းဟွာက ဘိုးဘေးနန်းတော်ရဲ့ မဟူရာသစ်ပင်ဆီမှာ…”

နတ်ဧကရာဇ်လန်ရွှမ်က နှာခေါင်းရှုံ့လိုက်သည်။ “ငါ့ကို အသုံးမကျတဲ့လူတွေနဲ့ လာလှည့်စားဖို့ မကြိုးစားနဲ့… မင်းကိုယ်တိုင် သင်ပေးရင်ပေး… မဟုတ်ရင်တော့ ငါ့ရဲ့နဂါးသွဲ့ရေကန်ကို ခြေချနိုင်ဖို့ စိတ်တောင်မကူးနဲ့”

All Chapters