အရယူရမည့်နေရာ
Vol. 106 Ch. 1397
“ရှုရှန်းဟွာက မတော်ဘူးလို့ ထင်တာလား”
ချင်မူမှာ ကြောင်အသွားပြီး တခဏကြာမှ သတိဝင်သွားသည်။ သူက ပြုံး၍ ရှင်းပြသည်။ “ရှုရှန်းဟွာရဲ့ သိုင်းအခြေခံနဲ့ စွမ်းဆောင်ရည်တွေက ကျွန်တော့်အောက် နိမ့်ကျပေမယ့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုကို နားအလည်ဆုံးသူပဲ… ကျွန်တော်က သူ့အောက်တောင် မဆိုစလောက် နိမ့်ကျသေးတယ်… သူက အချိန်တိုအတွင်း အားလုံးနားလည်သွားအောင် သင်ပေးမယ်လို့ ကျွန်တော် အာမခံရဲပါတယ်….. သူ အကျွမ်းကျင်ဆုံးအရာက လေ့လာပြီး ဗဟုသုတတိုးချဲ့ရတာပဲ”
နတ်ဧကရာဇ်လန်ရွှမ်က ခေါင်းခါသည်။ “သူ့ရဲ့ သိုင်းအခြေခံက မင်းအောက် နိမ့်ကျမှတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုကို နားမလည်သေးဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ… ကောင်းကင်နတ်အရှင်မူ၊ မင်းနဲ့ငါက တစ်ယောက်နဲ့တစ်ယောက် ရက်စက်ကောက်ကျစ်နေကျပဲ… ဒီလိုအစီအစဉ်လေးတွေ ဆွဲနေစရာမလိုဘူး”
ချင်မူမှာ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်မိ၏။ “ကျွန်တော် ရိုင်းစိုင်းတာကို သည်းခံပေးနိုင်ရင်တော့ သင်ပေးလို့ရပါတယ်”
နတ်ဧကရာဇ်လန်ရွှမ်က အကြည့်များက ဖျတ်ခနဲ လက်သွားသည်။ “ကောင်းကင်နတ်အရှင်တစ်ပါးရဲ့ စွမ်းဆောင်နိုင်စွမ်းက ထူးကဲတယ်ဆိုတာ မင်း သိတယ်မလား… တစ်ခုခုအထင်မှားလို့ကတော့ ငါတို့နှစ်ယောက်ကြားက အပေးအယူမရှိတော့ဘူး မှတ်လိုက်… ငါ့ရဲ့ နတ်လက်ချောင်းလေးနဲ့ …. ဘိုးဘေးနန်းတော်ရဲ့ နဂါးသွဲ့ရေကန်မှာ ကောင်းကင်နတ်သိုင်းတစ်ခု ထားခဲ့လိုက်ရုံပဲ… မင်း တိုးဝင်ရင်တော့ သတ်ပစ်လိုက်ရုံပေါ့”
ချင်မူက ပြုံး၏။ “စိတ်မပူပါနဲ့… အတော်များများက အထင်မှားကြပေမယ့် တကယ်တော့ ကျွန်တော်က လူကောင်းတစ်ယောက်ပါ”
လန်ရွှမ်သည် ရယ်လျက် ရေနွေးခွက်ကို မ,လိုက်သည်။ ချင်မူကလည်း ရေနွေးခွက်ကို ကိုင်ကာ နှစ်ယောက်ပြိုင်တူ တစ်ကျိုက်တည်း မော့သောက်လိုက်ကြ၏။ ချင်မူက ထရပ်၍ ပြောသည်။ “ဒါဆို အခုပဲ ဘိုးဘေးနန်းတော်ဆီ သွားကြတာပေါ့… နတ်ဧကရာဇ်၊ လမ်းမှာ ဖြည်းဖြည်းချင်း ဆွေးနွေးကြပါမယ်”
နတ်ဧကရာဇ်လန်ရွှမ်က ပြုံး၏။ “ငါ့မှာ ဘိုးဘေးနန်းတော်ကို သွားနိုင်မယ့် သင်္ဘောတချို့ရှိတယ်… အတူသွားကြတာပေါ့”
ချင်မူ့နှလုံးသားမှာ အနည်းငယ်လှုပ်ရှားသွားသည်။ “ကောင်းကင်နတ်အရှင်ဆယ်ပါးက နတ်ဘုရားမိစ္ဆာတွေကို ဘိုးဘေးနန်းတော်ဆီ ပို့နေပြီလား”
“အခု ဘိုးဘေးနန်းတော်က အခြေအနေကောင်းတယ်လေ…. ဟင်းလင်းပြင်သားရဲတွေလည်း မရှိတော့တဲ့အပြင် ဟင်းလင်းပြင်သားရဲမိခင်ကို ထိန်းချုပ်နိုင်တဲ့ မဟာဧကရာဇ်လည်း မရှိတော့ဘူး…. ဘိုးဘေးနန်းတော်အနောက်ဘက်မှာလည်း ကမ္ဘာဦးသားရဲတွေ မရှိတော့ဘူးဆိုတော့ အန္တရာယ်ကင်းသွားပြီ… အခုအချိန်က ဘိုးဘေးနန်းတော်ဆီ ပြောင်းနေဖို့ အချိန်ကောင်းပဲ”
နတ်ဧကရာဇ်လန်ရွှမ်က ထိုအကြောင်းကို သူ့ထံမှ ဖုံးကွယ်မထားပေ။ “အခု ကောင်းကင်နတ်အရှင်ရှောင်ရဲ့ အင်အားစုပဲ မလှုပ်ရှားရသေးတာ… ကျန်တဲ့ကောင်းကင်နတ်အရှင်တွေက ဘိုးဘေးနန်းတော်ဆီ လူအင်အားတွေ ပို့နေကြပြီ… ဒါအပြင် ကောင်းကင်နတ်ဘုံလည်း အနှေးနဲ့အမြန် ပြောင်းရွှေ့လိမ့်မယ်… ကောင်းကင်နတ်အရှင်မူ၊ ဘာမှမတွေးမိဘူးလား”
ချင်မူလည်း အမှန်တကယ်ပင် ဆန္ဒရှိလေသည်။
ဘိုးဘေးနန်းတော်သည် ရတနာများ၊ နတ်တောင်တန်းများဖြင့် ပြည့်နှက်နေ၏။ တစ်လောကလုံးကို တိုက်ခိုက်လိုပါက သိမ်းပိုက်တိုက်ခိုက်ရမည့် နေရာလည်း ဖြစ်နေသည်။
ဘိုးဘေးနန်းတော်ကို ထိန်းချုပ်ထားပါက တစ်လောကလုံးအပေါ် ထိန်းချုပ်နိုင်ပေလိမ့်မည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ လက်ရှိအင်အားသည် အားနည်းနေသေးသော်လည်း အနာဂတ်တွင် သေချာပေါက် ကြီးထွားလာလိမ့်မည်။ သူသာ ဘိုးဘေးနန်းတော်သို့ မပြောင်းရွှေ့ပါက သူ၏အနာဂတ်ကို ဖျက်စီးနေသည်နှင့်အလားတူပင်။
သို့သော် ဘိုးဘေးနန်းတော်တွင် ပုန်းခိုနေသည့် မဟာအန္တရာယ်ကြီးလည်း ရှိသည်။ ၎င်းက ကောင်းကင်နတ်အရှင်ဆယ်ပါးထက် အန္တရာယ်များသေး၏။
မည်သည့်မျိုးနွယ်ဖြစ်စေ၊ မည်သည့်သိုင်းအဆင့်၌ဖြစ်စေ ထိုနေရာ၌ သေဆုံးကြသည့် သက်ရှိအားလုံးသည် ယခင်စကြ၀ဠာအဟောင်းမှ မကောင်းဆိုးဝါးများ၏ ယဇ်ပူဇော်ခံ ဖြစ်လာကြလိမ့်မည်။ ထိုအခါ ထိုသူများ လျင်မြန်စွာ ကျူးကျော်လာနိုင်မည်။
“လက်ရှိအခြေအနေအရ ဘိုးဘေးနန်းတော်ရဲ့ ငြိမ်းချမ်းရေးကို အကြာကြီး ထိန်းထားနိုင်မှာမဟုတ်ဘူး”
သူ့အကြည့်က ရိပ်ခနဲ လက်သွား၏။ ‘ယာယီတော့ ငြိမ်းချမ်းရေး ထိန်းသိမ်းထားလို့ရပေမယ့် ကောင်းကင်နတ်အရှင်ဆယ်ပါး ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နဲ့ တခြားရှေးဟောင်းနတ်ဘုရားတွေကို သတ်ဖြတ်ပြီးတဲ့အချိန်ကျရင် ကောင်းကင်နဲ့ မြေကြီးကို လက်ဝါးကြီးအုပ်နိုင်ဖို့ တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်ကြလိမ့်မယ်… အဲဒီအချိန်ကျရင် ဘိုးဘေးနန်းတော်မှာ သွေးချောင်းစီးတဲ့အထိ သတ်ပွဲတွေ ဖြစ်လာမှာ စိုးရိမ်မိတယ်’
သူ့အနေဖြင့် ကောင်းကင်နတ်အရှင်ဆယ်ပါး၏ အင်အားစုများ ဘိုးဘေးနန်းတော်သို့ ဝင်ရောက်ခြင်းကို တားဆီးနိုင်စွမ်းမရှိပေ။ ကောင်းကင်နတ်ဘုံ ဘိုးဘေးနန်းတော်သို့ ပြောင်းရွှေ့ခြင်းကိုလည်း တားဆီး၍မရပေ။
‘အဲဒီလိုဆိုမှတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာလည်း ဘိုးဘေးနန်းတော်ဆီ ဝင်ရမယ်… အခွင့်အရေးတစ်ခုကို ဆုံးရှုံးလိုက်ရတာနဲ့ အရာအားလုံး ဆုံးရှုံးရမှာ… ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေနဲ့ အခွင့်အရေးကို လက်လွှတ်ခံလို့မဖြစ်ဘူး’
သူက တခဏ စဉ်းစားနေသည်။ လက်ရှိတွင် ကောင်းကင်နတ်အရှင်ဆယ်ပါးသည် ဘိုးဘေးနန်းတော်သို့ ရွှေ့ပြောင်းနေလေရာ ဘိုးဘေးနန်းတော်၌ အင်အားစုများ ဖရိုဖရဲဖြစ်နေလိမ့်မည်။ ရတနာမြေများနှင့် သူတို့အခြေချတည်ထောင်မည့် ပိုင်နက်များအား လုယက်နေကြလိမ့်မည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ သွားရောက်လိုပါက စောစောစီးစီး သွားရပေမည်။
သူက အတန်ကြာ တွေးတောနေပြီးနောက် စာတစ်စောင် ရေးကာ ထိုစာကို တစ်စုံတစ်ယောက်မှတစ်ဆင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာရှိ လင်ယွိရှို့ထံ ပို့ဆောင်စေလိုက်သည်။
တစ်လကျော်ကြာပြီးနောက် နတ်ဧကရာဇ်လန်ရွှမ်သည် သင်္ဘောအား ပြင်ဆင်ပြီးသွား၏။ ၎င်းသည် သင်္ဘောရာပေါင်းများစွာ ပါဝင်သည့် သင်္ဘောအစုကြီးတစ်စု ဖြစ်ပြီး သင်္ဘောတစ်စင်းချင်းစီမှာ မြောလွင့်နေသော ကျွန်းစုကြီးအလား ထင်ရသည်။ ။ သင်္ဘောများပေါ်တွင် ထောင်ပေါင်းများစွာသော ပုဂ္ဂိုလ်များ နေထိုင်နိုင်သည့် အဆောက်အဦးများပင် ပါရှိသည်။
ထိုမျှသာမက သင်္ဘောအထက်တွင် ပြုပြင်ပြောင်းလဲနိုင်သည့် ဂေဟစနစ်လည်း ပါဝင်၏။ နေမင်းနှင့် လမင်းကို ဖန်ဆင်းနေကြသော နတ်ဘုရားများလည်း လိုက်လာကြသည်။ နေလုံးကြီး မြင့်တက်လာသည့်အခါ လမင်းကြီးသည် ပျောက်ကွယ်သွားရင်း သင်္ဘောအား အလှည့်ကျ လှည့်ပတ်နေကြ၏။
ထိုသို့သင်္ဘောတစ်စီးသည် ထောင်ပေါင်းများစွာသော သက်ရှိများအား စကြ၀ဠာတွင် နှစ်ထောင်ပေါင်းများစွာကြာသည့်အထိ သွားလာနိုင်ခွင့်ပေးနိုင်သည့်အပြင် ဂေဟစနစ်၏ ဟန်ချက်ကိုပင် ထိန်းသိမ်းထားနိုင်သည်။
ထိုသို့သင်္ဘောတန်းကြီးသည် သက်ရှိပေါင်း သန်း ၁၅၀ ကို တင်ဆောင်နိုင်ကာ နေရာရွှေ့ပြောင်းခြင်းကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်၏။
ချင်မူမှာ ကောင်းကင်နတ်အရှင်များ၏ ချမ်းသာကြွယ်ဝမှုကို မချီးကျူးဘဲ မနေနိုင်တော့ပေ။ ဤသို့သင်္ဘောတန်းကြီးတစ်တန်း တည်ဆောက်ရန် လိုအပ်သည့် နတ်ရွှေများနှင့် ကုန်ကြမ်းများမှာ ရေတွက်၍မရနိုင်သလို သာမန်ကောင်းကင်ဘုံများအနေဖြင့် ဤသို့သင်္ဘောတန်းကြီးအား ထောက်ပံ့မပေးနိုင်ချေ။
နတ်ဧကရာဇ်လန်ရွှမ်က သူ၏မျက်နှာအမူအရာကို မြင်လျှင် ပြုံးလိုက်၏။ “ကောင်းကင်နတ်အရှင်မူ၊ မင်းက ငယ်သေးတော့ အခွင့်အရေး ရှိပါသေးတယ်… ငါတို့ကို အားကျနေစရာ မလိုဘူး… ဟုတ်ပြီ… ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေနဲ့ ဘိုးဘေးနန်းတော်ဆီ ဘယ်နှယောက်ပို့ဖို့ ရည်ရွယ်ထားသလဲ”
ချင်မူ စဉ်းစားနေပြီးနောက် ဖြေသည်။ “ကျွန်တော် လူဦးရေပြင်ဆင်ထားဖို့ ဧကရာဇ်ယွိရှို့ဆီ လူလွှတ်ပြီး အကြောင်းကြားထားပြီးပါပြီ… များလေ ကောင်းလေပေါ့… သူဘယ်နှယောက်ပြင်ဆင်ထားလဲ ကျွန်တော် သိချင်မိတယ်”
နတ်ဧကရာဇ်လန်ရွှမ်က ပြုံး၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာက ချမ်းသာပြီး ငွေကြေးအလုံအလောက်ရှိပေမယ့် ဒီလိုသင်္ဘောမျိုးတွေ တည်ဆောက်ဖို့ အရည်အချင်း မပြည့်မီသေးဘူး.. ဒီနေ့ကမ္ဘာလောကမှာ ရွှင်ပျော်ပျော်ကျေးရွာရဲ့ သစ္စာဖောက် ပရမတ္တလှေက လွဲလို့ အကောင်းဆုံးသင်္ဘောတွေက ကောင်းကင်နတ်ဘုံရဲ့ သင်္ဘောတွေပဲ… ပရမတ္တလှေက နှစ်စင်းပဲ ရှိတယ်… ခိုင်ဧကရာဇ်ရဲ့ ငွေကြေးကြွယ်ဝမှုက ပရမတ္တလှေနှစ်စင်းနဲ့ ကောင်းကင်နတ်ဘုံ တည်ထောင်လိုက်လို့ ကုန်သွားပြီ… ဒါပေမဲ့ ကောင်းကင်နတ်ဘုံမှာတော့ ဒီလိုသင်္ဘောတွေ မရေမတွက်နိုင်အောင် ရှိတယ်”
ကြွား၀ါနေမှန်း ချင်မူ ကောင်းကောင်းသိထားသော်လည်း မတုံ့ပြန်နိုင်ချေ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် ဤသို့သောသင်္ဘောမျိုးကို အမှန်တကယ် မဆောက်လုပ်နိုင်ပေ။
ထိုအခိုက်အတန့်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ ဧည့်သည်တော်များ ရောက်လာပြီး ချင်မူနှင့် တွေ့ခွင့်တောင်းသည်။
တာအိုရသေ့တစ်ဦးက ထူးဆန်းသော မျက်နှာအမူအရာဖြင့် ရောက်လာ၏။ “ရောက်လာတဲ့သူက မျက်နှာတွေ၊ လက်တွေအများကြီး ရှိတဲ့အပြင် မျက်နှာကလည်း မည်းနက်နေပါတယ်”
နတ်ဧကရာဇ်လန်ရွှမ်က ချင်မူ့ဆီ တစ်ချက်ကြည့်၍ ပြုံးလိုက်၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ သံတမန်ကို လွှတ်လိုက်ပါ”
ချင်မူမှာ ထိုပုဂ္ဂိုလ် မည်သူမည်ဝါမှန်း ချက်ချင်းသိသွားသဖြင့် စိတ်လှုပ်ရှားလာသည်။
တစ်ခဏကြာသော် တုထျန်းမိစ္ဆာဘုရင်သည် မျက်နှာလေးဖက်၊ လက်ရှစ်ဖက်နှင့်အတူ ရောက်ရှိလာပြီး လက်တစ်ဖက်တွင် ကျောက်စိမ်းပုလင်းတစ်လုံးကို ကိုင်ထား၏။ သူ၏ကျန်လက်များက ချင်မူနှင့် နတ်ဧကရာဇ်လန်ရွှမ်ကို အသီးသီးနှုတ်ဆက်လိုက်သည်။
သူ၏မျက်နှာတစ်ဖက်က ပြောသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာသံတမန် တုထျန်းက နတ်ဧကရာဇ်လန်ရွှမ်ကို ဂါ၀ရပြုပါတယ်”
ထို့နောက် နောက်ထပ်မျက်နှာတစ်ဖက်က ချင်မူ့ကို ပြောသည်။ “တုထျန်း ဂိုဏ်းသခင်ကို ဂါ၀ရပြုပါတယ်…. ဂိုဏ်းသခင်၊ ဧကရာဇ်က ဂိုဏ်းသခင်နဲ့အတူ ဘိုးဘင်းနန်းတော်ဆီ လိုက်သွားမယ့် ထာဝရငြိမ်းချမ်းရေးအင်ပါယာက လူတွေကို ကျွန်တော့်ကို ပို့ဆောင်ခိုင်းလိုက်ပါတယ်”
သူ့တွင် စုစုပေါင်းမျက်နှာလေးဖက် ရှိပြီး အရင်လေးမျက်နှာသို့ မျက်နှာမူနေကာ မည်သည့်နှောင့်ယှက်မှုမှမရှိဘဲ တစ်ပြိုင်နက်တည်း စကားပြောနိုင်သည်။
ချင်မူက ပြုံး၏။ “ဧကရာဇ်ယွိရှို့ ခင်ဗျားကို လွှတ်လိုက်တာ တကယ်ကို ဉာဏ်ကောင်းတာပဲ… နတ်ဧကရာဇ်၊ ကျွန်တော်တို့လူတွေ ရောက်လာပြီဆိုတော့ ထွက်ခွာလို့ရပါပြီ”
နတ်ဧကရာဇ်လန်ရွှမ်က တုထျန်းကို ခေါင်းအစခြေအဆုံး ကြည့်၍ ပြုံးလိုက်၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာက တစ်ယောက်တည်း ပို့ချင်တာလား… အဲဒီသူကလည်း မိစ္ဆာနတ်ဘုရားနော်”
ချင်မူက တုထျန်းလက်ထဲမှ ကျောက်စိမ်းပုလင်းကို ယူကာ ပြုံးလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ဧရာမသင်္ဘောကြီးတွေ မရှိတော့ ရွှေ့ပြောင်းချင်တဲ့လူတွေကို ဒီပုလင်းထဲ ထည့်ထားတာပါ… နတ်ဧကရာဇ်တို့လောက် မချမ်းသာဘူးလေဗျာ”
နတ်ဧကရာဇ်လန်ရွှမ်က တဟားဟား ရယ်လျက် သူနှင့်အတူ သင်္ဘောပေါ်သို့ တက်သွား၏။
မိစ္ဆာဘုရင်တုထျန်းက ချင်မူ့အနောက်မှနေ၍ ပတ်ဝန်းကျင်အား အကဲခတ်နေသည်။ တခဏကြာသော် သူကမေးလိုက်၏။ “ကောင်းကင်နတ်အရှင်၊ ကောင်းကင်နတ်ဘုံရဲ့ သင်္ဘောက ကြီးပေမယ့် လှုပ်ရှားဖို့ မလွယ်ဘူးမလား… ဒီလောက်ကြီးတဲ့ သင်္ဘောကြီးက စွမ်းအင်အကူးအပြောင်းတံတားထဲ ၀င်နိုင်မှာမဟုတ်ဘူး”
နတ်ဧကရာဇ်လန်ရွှမ်က သူ့ထံ တစ်ချက်ကြည့်လိုက်သည်။ “မင်းက ဗဟုသုတတော့ရှိသားပဲ…. ဒါပေမဲ့ ကောင်းကင်နတ်ဘုံရဲ့ ကြွယ်ဝချမ်းသာမှုကို လျှော့တွက်နေတာပါလား.. ဒီတစ်ကြိမ်မှာ ကောင်းကင်နတ်ဘုံက ဘိုးဘေးနန်းတော်ဆီ တစ်စုတစ်စည်းတည်း ရွှေ့ပြောင်းဖို့ ရည်ရွယ်ထားတယ်…. ကောင်းကင်နတ်ဘုံတစ်ဘုံတည်း ဘိုးဘေးနန်းတော်ဆီ ပျံသန်းသွားရင် လမ်းမှာ ပင်ပန်းနွမ်းနယ်မှုကြောင့် နတ်ဘုရားမိစ္ဆာတွေအများကြီး သေဆုံးကြရလိမ့်မယ်…. ဒါကြောင့်မို့လို့ ကောင်းကင်နတ်ဘုံရဲ့ တာအိုဂိုဏ်းက ဘိုးဘေးနန်းတော်ဆီ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကြိုသွားခဲ့ပြီး ဘိုးဘေးနန်းတော်မှာ နေရာရွှေ့ပြောင်းနိုင်တဲ့ တံတားအသစ်တစ်စင်း ဆောက်လုပ်ခဲ့ပြီးပြီ… အဲ့တံတားကို တော်တော်ကြီးမားတယ်”
သူသည် ဂုဏ်ယူဝမ်းမြောက်နေ၏။ “ဒီတံတားက စွမ်းအင်အကူးအပြောင်းတံတား ဆယ့်တစ်စင်းစာ အရွယ်အစားရှိတယ်” သူ အေးအေးလူလူ ဆက်ပြောသည်။ “ငါတို့ကောင်းကင်နတ်အရှင်ဆယ့်တစ်ပါးက တစ်ယောက်ကိုတစ်စင်းစီ ဆောက်ကြလိမ့်မယ်… ငါ့ရဲ့တံတားက တောင်ကောင်းကင်မုခ်၀အပြင်က ကောင်းကင်နတ်မြစ်ထက်မှာ ဆောက်လုပ်လို့ပြီးတော့မှာလေ”
သင်္ဘောများက ဖြည်းဖြည်းချင်း ရွက်လွှင့်ရင်း တောင်ကောင်းကင်မုခ်ဝသို့ ဦးတည်နေကြသည်။
သင်္ဘောများ ရွက်လွှင့်ပြီး မကြာမီ မရေမတွက်နိုင်သော နတ်ဘုရားများသည် သွားလာကာ အလုပ်များနေကြကြောင်း တွေ့လိုက်ကြရသည်။ ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်၏ သခင်ရှစ်ချီလော်ကိုယ်တိုင်က ဦးဆောင်နေ၏။
ကောင်းကင်နတ်မြစ်ထက်တွင် မရေမတွက်နိုင်အောင်ကြီးမားသော ယဇ်ပလ္လင်ကြီးတစ်ခုက နေရာယူထားလေသည်။
ဤရွှေရောင်ယဇ်ပလ္လင်၏ အောက်ခြေသည် ကောင်းကင်နတ်မြစ်တစ်စင်းလုံးအား ဖုံးလွှမ်းထား၏။
ကောင်းကင်နတ်မြစ်၏ အကျဉ်းဆုံးအပိုင်းမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် တည်ရှိနေသည်။ ၎င်းကို မာန်ဟုန်မြစ်ဟုခေါ်ပြီး မိုင် ၈၀၀ ကျယ်၀န်း၏။ ကောင်းကင်နတ်ဘုံအရှေ့ရှိ ကောင်းကင်နတ်မြစ်၏ အကျယ်အ၀န်းမှာ ပို၍ပင် အံ့သြဖွယ်ကောင်းလှသည်။ မိုင်တစ်သောင်းကျယ်ဝန်းပြီး အစိမ်းရောင် လှိုင်းလုံးများမှာ ပင်လယ်များအလားပင် ထင်ရသည်။
ဤယဇ်ပလ္လင်သည် စွမ်းအင်အကူးအပြောင်းတံတား၏ အောက်ခြေဖြစ်သည်။ ကြီးမားလွန်းသဖြင့် ခမ်းနားတင့်တယ်သည်ထက်ပင် ခမ်းနားတင့်တယ်သည်ဟု ပြော၍ရနိုင်ပေသည်။ ချင်မူမှာလည်း မြင်သည်နှင့် အံ့အားသင့်သွားတော့သည်။