← Chapters

နေရာချထားရေး

Vol. 106 Ch. 1398

နေရာချထားရေး

Vol. 106 Ch. 1398

ကောင်းကင်နတ်ဘုံမှ ဘိုးဘေးနန်းတော်ကို ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့သည်မှာ ရှစ်လကြာခဲ့ပြီဖြစ်ပြီး ထိုမျှအချိန်တိုအတွင်း ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်ကား ဤှမျှခမ်းနားသော အဆောက်အဦးကြီးတစ်ခုကို တည်ဆောက်နိုင်ခဲ့လေသည်။

စွမ်းအင်အကူးအပြောင်းတံတားကို ရေးဆွဲဖန်တီးခဲ့သူမှာ ချင်မူနှင့် ကျားနက်နတ်မူင်း ဖြစ်သည်။ ထို့ကြောင့် ချင်မူအနေဖြင့် တံတား၏ အချက်အလက်တို့အားကောင်းစွာသိရှိထား၏။

အချက်အလက်လေးတစ်ခု လွဲမှားသွားပါက ကိုယ်ထည်တစ်ခုလုံးအ‌ပေါ် သက်ရောက်မှုရှိနိုင်သည်။ အနည်းငယ်မျှ ပြောင်းလဲလိုက်ပါက အစမှပြန်လည်၍ ပြန်လည်ပြောင်းလဲတွက်ချက်ရလိမ့်မည်။

ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်သည် စွမ်းအင်အကူးအပြောင်းတံတားကို အဆပေါင်း တစ်သောင်းကျော် ကြီးမားလာစေခဲ့၏။ အချက်အလက်ကို ပြောင်းလဲရခြင်းပင်လျှင် မှန်းမရနိုင်အောင် ကြီးမားသော လုပ်ငန်းစဉ်ကြီးတစ်ခု ဖြစ်သည့်ကိုပင် သူတို့သည် အချိန်တိုအတွင်း တွက်ချက်ခဲ့ရုံသာမက တည်ဆောက်နိုင်ခဲ့သေးသည်။ ကောင်းကင်နတ်ဘုံ၏ လုပ်ဆောင်နိုင်စွမ်းကား … မှန်းဆ၍ပင် မရနိုင်ပေ။

နတ်ဧကရာဇ်လန်ရွှမ်၏ သင်္ဘောတန်း စွမ်းအင်အကူးအပြောင်းတံတားအရှေ့သို့ ‌ရောက်သွားသည့်အခါ တံတားသည် ပွင့်လာ၏။ မရေမတွက်နိုင်သော သင်္ကေတများက ယဇ်ပလ္လင်ပေါ်တွင် တောက်ပလာကြပြီး ရွှေရောင်ယဇ်ပလ္လင်တခုလုံးမှာ အသက်ဝင်လာ၍ အလွှာအထပ်ထပ်သည် မတူညီသောအရပ်မျက်နှာများသို့ လှည့်ပတ်သွားကြ၏။

ယဇ်ပလ္လင်၏ မျက်နှာပြင်နှင့် အတွင်းပိုင်းရှိ မရေမတွက်နိုင်သော အသက်ဝင်လာကြ၏။ ၎င်းမှာ အမှန်တကယ်ပင် အံ့ဩဖွယ်ကောင်းလှသည်။

ယဇ်ပလ္လင်ပတ်ပတ်လည်တွင် ကောင်းကင်နတ်သိုင်းများ ကျင့်ကြံနေကြသော နတ်ဘုရားမိစ္ဆာများလည်း ရှိကြသည်။ သူတို့က ကောင်းကင်နတ်မြစ်မှ ရေတို့ကို ဆွဲယူကာ ဤမျှကြီးမားလှသော အဆောက်အဦးကြီးအား ဖြန်းပက်၍ အေးနေစေ၏။

ဖန်ဆင်းဂိုဏ်းချုပ်နန်းတော် သွန်းလုပ်ခဲ့သည့် ယဇ်ပလ္လင်မှာ ကြီးမားလွန်းလှသည်။ သင်္ကေတများ အလုပ်လုပ်နေကြသည့်အချိန်တွင် အပူချိန်က မြင့်တက်လာသဖြင့် အေးနေစေရန် လုပ်ရခက်သည်။ ထို့ကြောင့် ခက်ခက်ခဲခဲ တည်ဆောက်ထားရသော ယဇ်ပလ္လင်ကြီး လောင်ကျွမ်းပြာကျသွားခြင်း မဖြစ်စေရန် ကောင်းကင်နတ်မြစ်မှ ရေများဖြင့် ဖြန်းပက်နေရ၏။

နောက်ဆုံးတွင် ဝုန်းခနဲ မြည်သံကြီးနှင့်အတူ နှိုင်းယှဉ်မရနိုင်အောင် တောက်ပသည့် အလင်းတန်းတစ်တန်းက ရွှေရောင်ပလ္လင်မှ ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။ အလင်းတန်းမှာ အနှိုင်းမဲ့အောင် သိပ်သည်းအားကောင်းပြီး ဟင်းလင်းပြင်ကို ဖောက်ထွက်ကာ ကြယ်တာရာကောင်းကင်အထိ ဝင်ရောက်၍ အစအနပင်မကျန်ဘဲ ပျောက်ကွယ်သွားတော့သည်။

ဝုန်း….

ပြင်းထန်လှသော နောက်ထပ်တုန်ခါမှုကြီးတစ်ခုက နေရာဟင်းလင်းပြင်၏ ဆန့်ကျင်ဘက်မှ ပေါ်ထွက်လာပြီး အလင်းတန်းတစ်တန်း တောက်ပလာပြန်သည်။ ဧရာမ ကတော့ပုံစံ အလင်းတန်းကြီးနှစ်တန်းကား ကောင်းကင်နတ်မြစ်အထက် ကောင်းကင်ပေါ်တွင် ထွက်ပေါ်လာချေပြီ။

အလင်းတန်းနှစ်တန်းသည် တစ်တန်းနှင့်တစ်တန်း ချိတ်ဆက်သွားပြီး ပြိုင်ဘက်ကင်းအောင် တုန်လှုပ်စရာကောင်းသည့် တုန်ခါမှုကြီးက ၎င်းတို့ထံမှ ပျံ့နှံ့လာ၏။ ယဇ်ပလ္လင်ပတ်ပတ်လည်ရှိ မရေမတွက်နိုင်သော အလုပ်သမားတို့၏ အားရဝမ်းသာ အော်ဟစ်သံများက ကောင်းကင်ကိုပင် တုန်လှုပ်သွားစေသည်။ “တံတား ရှင်းလင်းသွားပြီ… တံတားရှင်းလင်းသွားပြီဟေ့”

သင်္ဘောပေါ်တွင် မိစ္ဆာဘုရင်တုထျန်းမှာ ပါးစပ်အဟောင်းသားဖြစ်နေသည်။ သူ့မှာ ကောင်းကင်နတ်ဘုံ၏ အံ့မခန်းလိလိ စွမ်းဆောင်နိုင်ရည်အား မချီးကျူးဘဲ မနေနိုင်တော့ပေ။ သူက ရေရွတ်လိုက်၏။ “ကောင်းကင်နတ်ဘုံက စောက်ရမ်း ချမ်းသာတာပဲ… “

ချင်မူနှင့် နတ်ဧကရာဇ်လန်ရွှမ်က အဝေးရှိ ရှစ်ချီလော်အား နှုတ်ဆက်လိုက်ကြသည်။ ထို့နောက် သင်္ဘောတန်းကြီးကား စွမ်းအင်အကူးပြောင်းတံတားဆီသို့ ရွက်လွှင့်သွားတော့သည်။

သင်္ဘောတန်း စွမ်းအင်အကူးအပြောင်းတံတား၏ တစ်ဖက်ခြမ်းမှ ထွက်လာသည့်အချိန်တွင် တခြားယဇ်ပလ္လင်ကိုလည်း ဘိုးဘေးနန်းတော်တွင် ဆောက်လုပ်ထားပြီး ရှေးဟောင်းနဂါးသွဲ့ရေကန်နှင့် မကွာဝေးကြောင်း ချင်မူ သိလိုက်ရသည်။

သင်္ဘောများက အရှိန်လျှော့၍ နဂါးသွဲ့ရေကန်ဆီသို့ ရွက်လွှင့်သွားကြသည်။ လမ်းတွင် သင်္ဘောတစ်စီးက ဖြည်းဖြည်းချင်း နိမ့်ဆင်းကာ နတ်တောင်တန်း ဆယ်ခုကျော်၏ အလယ်ဗဟိုသို့ ဦးတည်နေ၏။

နတ်တောင်တန်းများအလယ်တွင် ထိုသင်္ဘော နေရာယူထားပုံမှာ ခမ်းနားလှသော မြို့ကြီးတစ်မြို့ ပေါ်ထွက်လာသည့်အလားပင်။ မရေမတွက်နိုင်သော ပုဂ္ဂိုလ်များက သင်္ဘောပေါ်မှ ဆင်းလာ၍ သူတို့နေထိုင်ရမည့် နေရာအသစ်ကို အကဲခတ်စူးစမ်းနေကြသည်။

ထို့နောက် မကြာမီ နောက်ထပ်သင်္ဘောတစ်စင်းကလည်း ဧရာမမြစ်ကြီးတစ်စင်း၏ ဘေးသို့ ဆင်းသက်လိုက်၏။

လမ်းတလျှောက် သင်္ဘောများက ဆက်လက်ဆင်းသက်နေကြသည်။ ဤသို့ရွှေ့ပြောင်းနေထိုင်ခြင်းမျိုးမှာ အမှန်တကယ်ပင် အမြင်ကျယ်စေသည့် အရာတစ်ခုပင်။

ချင်မူ့အကြည့်များက တောက်ပလာပြီး ကောင်းကင်နတ်အရှင်ယွဲ့၏ မီးအိမ် ထုတ်ကာ တုထျန်းဆီ ပေးလိုက်သည်။ ထို့နောက် ကျောက်စိမ်းပုလင်းကိုလည်း ထုတ်ပေးလိုက်ရင်း သူ၏အသိစိတ်အလျဉ်ကို အသုံးပြု၍ မဟူရာသစ်ပင်ကြီးနှင့် သစ်နက်တောင်တန်းများ၏ ပထဝီအနေအထားကို ပြောပြနေလေသည်။ “မဟူရာသစ်ပင်ဆီ သွားပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာသားတွေကို ထွက်လာခိုင်းလိုက်”

တုထျန်းမိစ္ဆာဘုရင်က အမိန့်အတိုင်းနာခံပြီး ကျောက်စိမ်းပုလင်းနှင့် မီးအိမ်ကို သယ်ဆောင်ကာ အဝေးသိ့ ပျံသန်းသွားတော့သည်။

နတ်ဧကရာဇ်လန်ရွှမ်က ပြုံး၏။ “ပုလင်းသေးသေးလေးမှာ လူဘယ်နှယောက် ဆံ့မှာမလို့လဲ”

ချင်မူက ပြုံးသာ ပြုံးနေပြီး ပြန်မဖြေချေ။

နှစ်ရက်ကြာသော် တုထျန်းမိစ္ဆာဘုရင်သည် သစ်နောက်တောင်တန်းများဆီသို့ ဖုန်အလိမ်းလိမ်းဖြင့် ရောက်ရှိလာသည်။ သူက ယန်အာကို မြင်လျှင် ပြော၏။ “ဂိုဏ်းသခင်က ထာဝရငြိမ်းချမ်းရေးအင်ပါယာ ရွှေ့ပြောင်းနေထိုင်နိုင်ဖို့ ဖန်ပေါင်းချောင်ကမ္ဘာ ယူလာခိုင်းလိုက်ပါတယ်”

ယန်အာက အံ့ဩစွာဖြင့် ပြောလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ ရွှေ့ပြောင်းနေထိုင်ဖို့ မဟာကောင်းကင်ဘုံကြီး ယူလာတာလား… ထာဝရငြိမ်းချမ်းရေးအင်ပါယာကလူတွေ ကုဋေနဲ့ချီပြီး ပါလာမှာပေါ့”

မိစ္ဆာဘုရင်တုထျန်းက အလန့်တကြား ခေါင်းရမ်း၏။ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ….. ဂိုဏ်းသခင်က တစ်လပဲ အချိန်ပေးလိုက်တာ… ဧကရာဇ်အနေနဲ့ လူဦးရေ သန်း ၃၀၀ ပဲ ထည့်ပေးလိုက်နိုင်တယ်… နတ်မြို့တော်တချို့က လူတွေကို ထည့်ပေးလိုက်ရတာ”

ယန်အာမှာ ဆွံ့အစွာဖြင့် ပြောသည်။ “သူတို့ကို ထုတ်လိုက်… တစ်ပြိုင်နက်တည်း အကုန်မထုတ်လိုက်နဲ့… ငါတို့ရဲ့ သစ်နက်တောင်တန်းက ကြီးမားပေမယ့် လူတွေအများကြီးကို တစ်ပြိုင်နက်တည်း နေရာချမထားနိုင်ဘူး”

တုထျန်းက ပြုံးလျက် ပြောသည်။ “တခြားသူတွေက ကျောက်စိမ်းပုလင်းထဲမှာပဲ နေလို့ရပါတယ်… ဒီပုလင်းထဲမှာ လူပေါင်း ဆယ်ကုဋေတောင် အေးဆေးနေလို့ရတယ်”

တုထျန်းသည် သူ၏မှော်စွမ်းအင်ကို သုံး၍ ပုလင်းထဲ၌ ရှိနေကြသော ကောင်းကင်နတ်သိုင်းပညာရှင်များနှင့် နတ်ဘုရားများကို အရင်ဆုံးထုတ်လိုက်သည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ သိုင်းပညာရှင်များနှင့် နတ်ဘုရားများသည် ပရဆေးပင်များစွာနှင့် ဆန်စပါးများကို သယ်ဆောင်လာကြပြီး သစ်နက်တောင်တန်းများတွင် ပျံသန်းသွားလာ၍ အစေ့များ စိုက်ပျိုးနေကြသည်။

ကောင်းကင်နတ်သိုင်းပညာရှင်များက သူတို့၏ ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းကို အသုံးပြု၍ အစေ့များ မြန်မြန်ကြီးထွားလာ‌အောင် ပြုလုပ်ပေးနေကြ၏။

သစ်နက်တောင်တန်းပေါင်း တစ်ရာကျော်တွင် အသီးအနှံများဖြင့် ပြည့်နှက်နေလျှင်တောင်မှ သန်းပေါင်းရာနှင့်ချီသော လူများကို ထောက်ပံ့ပေးနိုင်မည်မဟုတ်ချေ။ မဟူရာသစ်ပင်ကြီးအနေဖြင့် လူသန်းဆယ်ဂဏန်းကို ထောက်ပံ့ပေးနေရခြင်းကပင် အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်သည်။

ထိုမျှသာမက စားစရာအပြင် တိရစ္ဆာန်များကိုလည်း မွေးမြူရန် လိုအပ်သေးသည်။

ဘိုးဘေးနန်းတော်ထဲတွင် စွမ်းအားကြီးမားသော သားရဲများစွာကို ယှဉ်ပါးအောင် ထိန်းကျောင်းနိုင်သည့်အပြင် အမဲလိုက်နိုင်သည်။ သို့ရာတွင် သိုင်းအဆင့်မြင့်သည့် ကောင်းကင်နတ်သိုင်းပညာရှင်များနှင့် နတ်ဘုရားများ တောအုပ်ထဲသို့ သွားရောက်ရှာဖွေရန် လိုအပ်၏။

ဘိုးဘေးနန်းတော်အရှေ့ဘက်တွင် အမိကမ္ဘာမြေ ဆင့်ခေါ်ထားသည့် ကမ္ဘာဦးသားရဲများ ရှိပြီး ၎င်းတို့သည် တစ်နေ့ထက်တစ်နေ့ ပိုမိုကြီးထွားသန်မာနေကြ၏။ ဘိုးဘေးနန်းတော်အနောက်ဘက်တွင်လည်း လုံရှောင်သည် ကမ္ဘာဦးသားရဲအတော်များများကို ချန်ထားခဲ့ပြီး သူတို့နှင့်အတူ သားရဲကမ္ဘာသို့ ရွှေ့ပြောင်းနေထိုင်ရန် ခေါ်မသွားခဲ့ပေ။

ကမ္ဘာဦးသားရဲကြီးများမှာ အလွန်တရာ အန္တရာယ်များ၍ ကြောက်မက်ဖွယ်ကောင်းလှသည်။ အင်အားနည်းစွာ မွေးဖွားလာသည့် လူသားများမဆိုထားနှင့် နတ်ဘုရားမိစ္ဆာများပင်လျှင် ကမ္ဘာဦးသားရဲများဖြင့် ရင်ဆိုင်ရပါက ခွန်အားအရာတွင် မြူမှုတ်တစ်မှုန်လောက်ပင် အသုံးမဝင်ချေ။

“ပိုင်နက်ကိုချဲ့ထွင်ပြီး ပိုကြီးတဲ့ နတ်မြို့တော်တစ်မြို့ ထူထောင်ရမယ်”

တုထျန်းသည် ပုလင်းထဲမှ ပို၍များပြားသော ထာဝရငြိမ်းချမ်းရေးအင်ပါယာသိုင်းပညာရှင်များနှင့် နတ်ဘုရားများကို ထုတ်၍ စုစည်းနေသည်။ “အခုပိုင်နက်က လူတွေအများကြီး ထောက်ပံ့မပေးနိုင်ဘူး” သူက ယန်အာ့ဆီ ပြောနေ၏။ “ဒါအပြင် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာရှိတဲ့ ရာနဲ့ချီတဲ့ နတ်မြို့တော်တွေက သေးလွန်းတယ်… ကမ္ဘာဦးသားရဲတစ်ကောင်ကို ရင်ဆိုင်ရတာ ကိစ္စမရှိပေမယ့် နှစ်ကောင်၊ သုံးကောင်ဆိုရင် မြို့ပျက်သွားလိမ့်မယ်”

ယန်အာသည် ငှက်သိုက်တစ်သိုက် ဆောက်နေရာမှ ၎င်းကိုကြားလျှင် ပြုံးလိုက်၏။ “‘လန်ယွီတျန်းလက်အောက်မှာ သားရဲတွေရဲ့ တပည့်တွေအများကြီး ရှိတယ်… သူတို့ဆီ အကူအညီတောင်းကြည့်ပေါ့”

“သားရဲတွေရဲ့ တပည့်တွေလား”

တုထျန်းမိစ္ဆာဘုရင်မှာ ငေးကြောင်သွားသည်။ သူ့အနေဖြင့် သားရဲကြီးများ လန်ယွီတျန်း၏ ပို့ချသင်ကြားမှုကို နားထောင်နေသည့်မြင်ကွင်းအား မှန်း‌ဆပုံဖော်ကြည့်ရန် ခက်နေ၏။ “သားရဲကြီးတွေတောင် လန်ယွီတျန်းရဲ သင်ကြားပို့ချမှုကို နားလည်နိုင်တာလား”

ယန်အာက နဂါးစာကလေးဥအချို့ သယ်လာ၍ ငှက်သိုက်ထဲ ထည့်လိုက်သည်။ နဂါးစာကလေးဥများ၏ ပုံစံမှာ ထူးဆန်းနေ၏။ ဥခွံများtပေါ်ရှိ အမှတ်အသားတို့မှာ နဂါးစာကလေးအမှတ်အသား မဟုတ်ဘဲ ချီလင်အမှတ်အသားများ ဖြစ်ကြသည်။

ဥခွံမျက်နှာပြင်မှာ ကြမ်းတမ်းနေပြီး အပြင်မှကြည့်လျှင် ချီလင်ဥနှင့် တူ၏။ ချီလင်ဥက ကြမ်းတမ်းသော်လည်း နဂါးစာကလေးဥ၏ အမှတ်အသားများကတော့ အလွန်တရာ နူးညံ့လေသည်။

ယန်အာက ပန်းကုံးတစ်ခွေတင်လျက် ပြုံးလိုက်ပြီးနောက် ပြောသည်။ “ဧရာမသားရဲကြီးတွေက ခေါင်းကြီးပေမယ့် ဉာဏ်မကောင်းဘူးလို့ သခင်လေး ပြောခဲ့ဖူးတယ်… ဒါပေမယ့် လန်ယွီတျန်းနဲ့ ကျင့်ကြံရင်း အမျှော်အမြင်တိုးတက်လာတဲ့အခါ အနာဂတ်မှာ သားရဲနေထိုင်မှုအဖွဲ့အစည်းတစ်ခုကိုတောင် တည်ထောင်နိုင်လိမ့်မယ်… တချို့သားရဲတွေဆိုရင် ကောင်းကင်နတ်သိုင်းတွေကို ဘယ်လိုသုံးရမလဲဆိုတာတောင် သင်ယူနေကြပြီ… ငါ့မောင်ကြီးက လုံရှောင်နဲ့အတူ သားရဲကမ္ဘာဆီ လိုက်သွားပြီးတော့ သားရဲအဖွဲ့အစည်းတစ်ခု တည်ထောင်နိုင်အောင် ပြင်ဆင်နေတယ်… လုံရှောင်က ရှေ့ရေးကို မတွေးတတ်တဲ့သူတစ်ယောက်ဆိုတော့ သားရဲအဖွဲ့အစည်းတစ်ခု တည်ထောင်နိုင်မှာမဟုတ်ဘူးလို့ သခင်လေးက ပြောတယ်… ဒါကြောင့် ငါ့မောင်ကြီးကို လွှတ်ပြီး ပြင်ဆင်ခိုင်းလိုက်တာပဲ”

တုထျန်းမိစ္ဆာဘုရင် နဂါးစာကလေးဥများကို အကဲခတ်ကြည့်ရှုနေစဉ် ယန်အာသည် နေရာဟင်းလင်းပြင်သားရဲဥကြီးတစ်လုံးကို သယ်၍ အလယ်တွင် ထားလိုက်ပြီး ၎င်းအပေါ်တွင် တက်ထိုင်လိုက်ကြောင်း တွေ့လိုက်ရသည်။

“ဖက်တီးနဂါးက ဂိုဏ်းသခင်ထက် အရင်လက်ထပ်သွားတာလား”

တုထျန်းက စိတ်ထဲမှတွေးနေမိသည်။ “ဒီကောင် ဘယ်တုန်းက လက်ထပ်သွားတာပါလိမ့်… မိတ်ဆွေဟောင်းကြီးကိုတောင် အသိမပေးခဲ့ဘူး… ဟုတ်သားပဲ… လက်မထပ်ခင်တည်းက ကိုယ်ဝန်ရနေတာဆိုတော့ လက်မထပ်ဘဲ ဟိုကိစ္စ လုပ်ခဲ့တာဖြစ်မယ်… နဂါးစာကလေးနဲ့ နဂါးချီလင် ပေါင်းပြီး ရလာတဲ့ဥကနေ ဘယ်လိုဟာတွေ ပေါက်လာမလဲမသိဘူး… ပြီးတော့ ဘာလို့ အဲ့လောက်ကြီးတဲ့ အသားဥကြီးက ဒီမှာရောက်နေတာလဲ” ဟင်းလင်းပြင်သားရဲဥသည် အသားဥကြီးဖြစ်ပြီး ၎င်း၏အခွံသည် အသားလွှာတစ်ခုဖြစ်၏။ ၎င်းသည် သာမန်ငှက်ဥများနှင့် မတူသလို တစ်ခါမှလည်း မမြင်ဖူးသဖြင့် တုထျန်းမှာ အကြောင်းသေချာမသိပေ။

လန်ရွှမ်၏ သင်္ဘောတန်းမှ သင်္ဘောအရေအတွက်မှာ တဖြည်းဖြည်း နည်းပါးလာသည်။ သင်္ဘောများက မြေပြင်သို့ ရွေးချယ်ဆင်းသက်ကြသည့် နေရာတိုင်းသည် ရတနာများပေါများသော နေရာများဖြစ်ကြ၏။

ပင်မသင်္ဘောပေါ်တွင် နတ်ဧကရာဇ်လန်ရွှမ်က ရိုရိုကျိုးကျိုးဖြင့် ချင်မူ့ကို အကြံဉာဏ်တောင်းနေပြီး သူ၏လူဝင်စား ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ပညာသင်ကြားနေစဉ် ကြုံတွေ့ခဲ့ရသည့် ပြဿနာများအကြောင်း ပြောပြနေသည်။

ချင်မူက သူသိသမျှအရာအားလုံး ပြန်လည်ဖြေကြားနေသော်လည်း သူလည်း နားမလည်သည့် အရာများကို တွေ့ကြုံရ၏။ ထိုအချိန်ရောက်လာတိုင်း နတ်ဧကရာဇ်လန်ရွှမ်မှာ ချင်မူ တစ်စုံတစ်ခုကို ဖုံးကွယ်ထားသည်ဟု သံသယဝင်မိလေသည်။

သူအနေဖြင့် ချင်မူ့ကို အထင်လွဲမှားခဲ့မိလေသည်။ ချင်မူသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ မကြာခဏပြန်သွား၍ ပြုပြင်ပြောင်းလဲမှု၏ ရလဒ်များကို သင်ယူတတ်သော်လည်း ယနေ့ခေတ် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ အလွန်လျင်မြန်စွာ ပြောင်းလဲနေသည်မဟုတ်လော။ ကောင်းကင်နတ်သိုင်းများ၊ လမ်းစဉ်များနှင့် ကျင့်စဉ်များသည် စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲနေသည့်အလျောက် ကောင်းကင်နတ်သိုင်းများ၊ လမ်းစဉ်များနှင့် ကျင့်စဉ်အသစ်များကို တီထွင်နေပြီး ရာနှင့်ချီသော ကျောင်းတော်များမှာ အရှိန်အဟုန်ဖြင့် တိုးတက်နေလေသည်။

ချင်မူ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ပြန်သည့်အခါတွင် သူ သင်ယူနိုင်သည့် အချိန်ပမာဏမှာ တိုတောင်းလွန်း၏။ ထို့ကြောင့် သူ့အတွက် အကျိုးရှိသော ရလဒ်များကိုသာ ရွေးချယ်သင်ယူတတ်လေသည်။ အခြားအရာများကိုတော့ မည်မျှပင်ကောင်းမွန်ပါစေ လက်လွှတ်ရတတ်၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှု၏ တိုးတက်အကောင်းမွန်ဆုံး ရလဒ်များမှာ တက္ကသိုလ်ကောလိပ်များတွင် တာအိုဒဿန‌တက္ကသိုလ်တို့တွင် စုစည်းနေလေသည်။ ထိုနေရာများမှ ရလဒ်များကိုပင် အချိန်အတော်ပေး၍ သင်ယူရမည်ဖြစ်သည့်အပြင် ရလဒ်အသစ်များမှာလည်း အမြဲတမ်း ထွက်ပေါ်လာနေတတ်သေးသည်မဟုတ်လော။

All Chapters