အခန်း (၄၀၃)
Vol. 28 Ch. 403
ရှစ်ကျန်းရွှမ်သည် တပည့်များနှင့်အတူ ထွက်ခွာသွားခဲ့သည်။ လမ်းတစ်လျှောက်မှာတော့ သူမသည် ပြုံးရွှင်လျက် ရှိနေ၏။ အလွန်တရာပျော်ရွှင်နေသော ကလေးတစ်ယောက်ကဲ့သို့ပင်။
မြောင်ဟွာခန်းမဆောင်မှာ ဆိုလျှင် ရှစ်ကျန်းရွှမ် သည် အားအားယားယား နေထိုင်သည်က ရှားပါးလှ၏။ တစ်စုံ တစ်ယောက်နှင့် စကားပြောဆိုခြင်းကို ပြုလုပ်သည် ဆိုသည်မှာ အလွန်ရှားပါးသည့်ကိစ္စတစ်ခုပင်ဖြစ်သည်။ သူမသည် သူမ၏ နေ့စဉ်နေ့တိုင်းအား စက်ရုပ်တစ်ရုပ်ကဲ့သို့ ကျင့်ကြံခြင်းနှင့် ဂိုဏ်းအား စီမံခန့်ခွဲခြင်းတို့တွင်သာ အချိန်ဖြုန်းခဲ့၏။
သံမဏိအရိုးဂိုဏ်းသို့ ရောက်ချိန်မှာတော့ သူမသည် ထိုသို့သော ကိစ္စရပ်များကို စဉ်းစားစရာမလိုပေ။ မည်သည့် အရာတစ်ခုကိုမျှ ပြုလုပ်ရန်ပင် မလိုတော့ချေ။ ထို့အပြင် ဂိုဏ်းချုပ်ကျွင်းသည် သူမနှင့် သက်တောင့်သက်သာ အေးအေးဆေးဆေး စကားပြောဆိုနေ၏။ ထိုကဲ့သို့ စိတ်လက်အပန်းဖြေမှုတို့သည် ရှားရှားပါးပါး ရရှိခဲ့ခြင်း ဖြစ်ပြီး သူမအနေနှင့် မည်သို့သောအချိန်အခါကမှ ရရှိခဲ့ဖူးသော အရသာမျိုးမဟုတ်ချေ။
“ခန်းမသခင်က အရမ်းပျော်နေတာပဲ” လီအာ တွေးလိုက်မိ၏။
သူမသည် ရှစ်ကျွန်းရွှမ်နှင့် အသက်အရွယ် တူညီသလောက်ဖြစ်၏။ သူတို့သည် ငယ်ရွယ်စဉ်ကတည်းက အတူတကွ နေထိုင်ခဲ့ကြခြင်းဖြစ်ပြီး ညီအစ်မအရင်းကဲ့သို့ပင် ရင်းနှီးလှသည်။ ခန်းမသခင်၏ မျက်လုံးရောဂါကြောင့်နှင့် မိဘများ၏ စွန့်ပစ်ခြင်းကို ခံရခြင်းကြောင့် လီအာသည် ခန်းမသခင်၏ အပြုံးများအား အချိန်အတော်ကြာသည်အထိ မတွေ့ဘူးချေ။
သူမသည် တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်နေပြီး လောကကြီး၏ အပြင်ဘက်တွင် သီးခြားနေထိုင်သူ တစ်ယောက် ကဲ့သို့ပင် ဖြစ်လေ၏။ နောက်ပိုင်းတွင်တော့ ရှစ်ကျန်းရွှမ်သည် ခန်းမသခင်ရာထူးအား ရယူပြီးသည့်နောက်မှာတော့ ဂိုဏ်းကို စီမံခန့်ခွဲတော့သည်။ နောက်ပိုင်းမှာတော့ လူများနှင့်ပြောဆိုဆက်ဆံသည့် ကိစ္စရပ်များကို ပြုလုပ်ရပြီးသည့်နောက်မှာ ပြုံးသည့်အရာအား သင်ယူနိုင်ခဲ့၏။ သို့ပေမဲ့ သူမ၏ အပြုံးများသည် အတင်းအားယူ၍ ပြုံးခဲ့ရခြင်းဖြစ်ပြီး သဘာဝမကျလှချေ။
သို့ပေမဲ့ နတ်စမ်းချောင်းဂိုဏ်းကနေ ကျွင်းချောင်ရှောင်းနှင့် ဆုံပြီးသည့်အချိန်မှာတော့ ခန်းမသခင်၏ အပြုံးများသည် သဘာဝကျ၍ ပိုမိုလှပလာခဲ့သည်။ သူမသည် သံမဏိအရိုးဂိုဏ်းသို့ လာရောက်လည်ပတ်ချိန် မှာတော့ သူမ၏ နှလုံးသားထဲမှ နှစ်နှစ်ကာကာပြုံးခြင်းအား ပြုလုပ်လာနိုင်ခဲ့ပြီဖြစ်၏။ ပြောရမည်ဆိုလျှင် ဂိုဏ်းချုပ်ကျွင်းတွင် မည်ကဲ့သို့သော မှော်ပညာမျိုး တည်ရှိနေသနည်း။
တကယ်တော့ ဘာမှမဟုတ်ပေ။ မနေ့က တောင်အနောက်ရှိ မာဘယ်သစ်တောထဲတွင် သူတို့နှစ်ယောက် ဆုံတွေ့ ခဲ့စဉ်က ရှစ်ကျန်းရွှမ် ပြောခဲ့သည်။ “ဂိုဏ်းချုပ်ကျွင်း၊ ဂိုဏ်းကို စီမံခန့်ခွဲရတာ အရမ်းကို ပင်ပန်းတယ် မဟုတ်လား။”
သူမအနေနှင့် ထိုသို့သောစကားများအား တပည့်များနှင့် အကြီးအကဲများကိုပင် မပြောခဲ့ချေ။ ယနေ့မှာတော့ သူမသည် ကျွင်းချောင်ရှောင်းအား ပြောဆိုခဲ့မိ၏။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ယောက်သည် အသက်အရွယ် တူညီလှပြီး ဂိုဏ်းချုပ်ဆိုသော ရာထူးခြင်းလည်း တူညီသောလူနှစ်ယောက်ဖြစ်နေ၏။
“ဟုတ်တယ်” ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “ဒီတာဝန်က ကြီးမားပြီးတော့ အလွန်ကို လေးလံတဲ့ အရာတစ်ခုပဲ၊ ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်ဖြစ်ရတာ အရမ်းကို ပင်ပန်းဖို့ကောင်းတယ်”
သူ့တွင် ချိန်ကိုက်ဗုံးသာမရှိပါက လွတ်လပ်သော ကျင့်ကြံသူတစ်ယောက်အဖြစ်နေထိုင်ရင်း ကြယ်ကြွေ ကုန်းမြေတိုက်ကြီးတွင် စိတ်ပူပန်မှုကင်းစွာဖြင့် သက်တောင့်သက်သာ အသက်ရှင်မိနေမှာသေချာ၏။
စနစ်မှ ပြောလိုက်သည်
“ဟုတ်တယ်၊ အဲလိုသာ စိတ်ပူပန်ကြောင့်ကြမှု မရှိဘူးဆိုရင် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ ဟိုကောင်က ရိုက်သွား၊ ဒီကောင်က ရိုက်သွားနဲ့ ဒီအချိန်လောက်ဆို ဖူးယောင်နေလောက်ပြီ”
ဤအရာမှာ အမှန်ပင်ဖြစ်သည်။ သူ့တွင် ပြိုင်စံရှားဂိုဏ်းစနစ် တည်ရှိနေ၏။ ထို့ကြောင့် သူသည် ပိုမိုအားကောင်း လာစေရန်အတွက် လုံလောက်သည့် အားကောင်းလှသောပစ္စည်းများလည်း တည်ရှိနေ၏။
သူသာ လွတ်လပ်သော ကျင့်ကြံသူ တစ်ယောက်ဖြစ်နေမည်ဆိုလျှင် မိမိကိုယ်ကိုသာ အားကိုးရပေလိမ့်မည်။ ထိုသို့ဆိုလျှင် သားရဲတစ်ထောင် တောထဲတွင် တွေ့ခဲ့ရသောလူများကဲ့သို့ပင် မိမိ၏ အသက်ကိုရင်း၍ အရင်းအမြစ်များကို ရှာဖွေရပေလိမ့်မည်။
ထို့အပြင် အချိန်မရွေး ရိုက်နှက်နှိပ်စက်ခြင်း (သို့မဟုတ်) သတ်ဖြတ်ခြင်းတို့ကိုပင် ခံစားရနိုင်သေး၏။
ထိုအရာမှာ အစပင် ရှိနေသေး၏။ ဂိုဏ်းချုပ်တစ်ယောက်အဖြစ် မိမိကိုယ်ကို အသားကျအောင် ကြိုးစားပြီးသည့် နောက်မှာတော့ သူသည် မတူညီသည့် ကိုယ်ရည်ကိုယ်သွေးနှင့် အမူအကျင့်များရှိသော တပည့်များကို ရရှိခဲ့၏။ ထိုကဲ့သို့သောအရာများသည် သူ့အား အလွန်အမင်း သက်တောင့်သက်သာဖြင့် ကောင်းမွန်သည့်ခံစားချက်ကို ရရှိစေသည်။
တစ်ခါတစ်ရံ ညနက်ထဲတွင် ကျွင်းချောင်ရှောင်းသည် ပြိုင်စံရှားဂိုဏ်းတစ်ခုကို မဖန်တီးချင်ဘဲ အလွန်တရာ နွေးထွေးပြီး သက်တောင့်သက်သာရှိလှသောအိမ်တစ်ခုကို ဖန်တီးချင်စိတ်ပေါ်မိ၏။
ထိုအိမ်ထဲတွင် များပြား လှသော ကလေးများရှိနေလိမ့်မည်။
၎င်းတို့၏ ကိုယ်ရေးကိုယ်သွေးနှင့် အမူအကျင့်များသည် မတူညီကြဘူး ဆိုသော်လည်း တစ်ယောက်ချင်းစီတိုင်းတွင် ကိုယ်ပိုင်ဇာတ်လမ်းများနှင့် ဖြစ်တည်နေလိမ့်မည်။ ထိုသူတွေ အားလုံးသည် သူ၏ စောင့်ရှောက်ပေးမှုအောက်တွင် တဖြည်းဖြည်းခြင်း ကြီးထွားလာကြလိမ့်မည်။
လောကကြီးကို ဖြတ်သန်းရာတွင် အလွန်အမင်းခက်ခဲလှသော ကိစ္စရပ်များနှင့် ကပ်ဘေးအန္တရာယ်များကို ရင်ဆိုင်ရမည်ဆိုလျှင်တောင်မှ အိမ်ထဲတွင် နွေးထွေးမှုနှင့် ပျော်ရွှင်မှုကို လူတိုင်းရှာဖွေတွေ့ရှိနိုင်၏။
“ခန်းမသခင်ရှစ်”
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “ဘဝမှာ အရေးအကြီးဆုံး ကိစ္စက ပျော်ရွှင်ရဖို့ပဲ၊ ဘယ်လောက်ကြီးမားတဲ့ ဖိအားမျိုးကိုပဲဖြစ်ဖြစ် ကျွန်တော်တို့ အနေနဲ့ ပြုံးပြုံးကြီးရင်ဆိုင်နိုင်သင့်တယ်”
ရှစ်ကျန်းရွှမ် ငြိမ်သက်သွား၏။
“ပြီးတော့ အမြဲပြုံးနေရကြိုက်တဲ့ မိန်းကလေးတွေက ကံကောင်းတတ်တယ်တဲ့” ကျွင်းချောင်ရှောင်း ပြုံးကာပြောလိုက်သည်။
“ဒါကြောင့် ခန်းမသခင်ရှစ်၊ ကိုယ့်ကိုယ်ကိုယ် အဲလောက်ကြီး ဖိအားမပေးနဲ့၊ အရေးအကြီးဆုံးက နေ့စဉ်နေ့တိုင်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းသွားရဖို့ပဲလေ”
“ပြုံးနေရတာကို ကြိုက်တဲ့ မိန်းကလေးတွေက ကံကောင်းခြင်းကို ပိုင်ဆိုင်ရတတ်ကြတယ်”
ဤစကားစုသည် ရှစ်ကျန်းရွှမ် ၏ နှလုံးသားထဲတွင် ကဗ္ဗည်းရေးထိုးတားသလို မှတ်တမ်းတင်သွား၏။
ဂိုဏ်းသို့ပြန်သည့် လမ်းတစ်လျှောက်မှာတော့ သူမသည် ထိုအကြောင်းကို ပြန်လည်စဉ်းစားမိကာ အမှတ်မထင် ပြုံးလိုက်မိသည်။
……….
“ဟင်း”
ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းထဲတွင် ထိုင်ပြီး တီးတိုးရေရွတ်လိုက်မိ၏။ “ငါသူမကို အလယ်အလတ်အဆင့် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးကိုတောင် မပေးလိုက်ရဘူး”
စနစ်မှ ပြောလိုက်သည်။ “ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးဆိုတာ ရောဂါတွေကို ကုသပေးတာ မဟုတ်ဘူး၊ မျက်စိရောဂါဆိုရင် ပိုတောင် ဆိုးသေးတယ်”
ကျွင်းချောင်ရှောင်းသည် ထိုအရာကို ကောင်းကောင်းသိ၏။ ထို့ကြောင့်လည်း သူသည် ရှစ်ကျန်းရွှမ်အား အလယ်အလတ်အဆင့် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးကို မပေးလိုက်ခြင်းပင်ဖြစ်သည်။
“သူမ ထွက်သွားပြီ မဟုတ်လား”
လီချင်းချင်းသည် တံခါးဘောင်ကိုမှီကာ လက်ပိုက်၍ ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကတော့ အရမ်းကို စိတ်ပျက်နေမှာပဲ၊ အခုဝမ်းနည်းနေပြီလား”
“ငါက ဘာလို့ စိတ်ပျက်ရမှာလဲ၊ ပြီးတော့ ဘာဝမ်းနည်းစရာရှိလို့လဲ”
ကျွင်းချောင်ရှောင်းပြောလိုက်သည်။
မဟုတ်သေးပါဘူး၊ ငါစိတ်ပျက်ပြီး ဝမ်းနည်းနေတယ်ဆိုတောင်မှ သူမနဲ့ ဘာဆိုင်လို့လဲ။
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် တစ်စုံတစ်ခုကို ရိပ်မိလိုက်၏။ သူသည် အေးစက်စက်ဖြစ်နေသော လုချင်းချင်းအား လှမ်းကြည့်ကာ သံသယဖြင့် မေးလိုက်၏။ “ငါ ခန်းမသခင်ရှစ်နားမှာ နီးနီးကပ်ကပ် နေနေတော့ မင်းစိတ်ပျက်ပြီး ဝမ်းနည်းနေတာလား”
“မဟုတ်ပါဘူး”
လီချင်းချင်းပြောလိုက်၏၊ “ဂိုဏ်းချုပ်က မိန်းကလေးတစ်ယောက်ရဲ့ အရမ်းလှပမှုအောက်မှာ မခုခံနိုင်ဘဲ ဂိုဏ်းထဲမှာရှိတဲ့ မပြောသင့် မပြောထိုက်တဲ့ အရာတွေအားလုံးကို မြောင်ဟွာခန်းမသခင်ဆီ ပြောလိုက်မှာ စိုးလို့”
ကျွင်းချောင်ရှောင်း ဆွံ့အသွားမိ၏။ “မင်းနဲ့ ဟောခန်းသခင်လီလိုမျိုး အလွန်တရာလှပတဲ့လူတွေ ဂိုဏ်းထဲမှာ ရှိနေတာတောင် ငါ တည်တည်ငြိမ်ငြိမ် နေနိုင်သေးတာပဲ၊ ဘယ်လို့ ငါက တခြားမိန်းကလေးနဲ့တွေ့မှ မနေနိုင် မထိုင်နိုင် ဖြစ်ရမှာလဲ”
“ဟမ်”
ထိုအချိန်မှာတော့ အပြင်ဘက်ဆီမှာ လီလိုရှု ဝင်လာ၏။ သူမသည် ပြုံးကာပြောလိုက်သည်။ “ဘာအကြောင်းမှ မရှိပဲ ဘာလို့ ကျွန်မကို ချီးကျူးနေရတာလဲ”
လုချင်းချင်းသည် အသာလှည့်ကာ ထွက်ခွာသွားတော့သည်။
ကျွင်းရှောင်ချောင်းပြောလိုက်သည်။ “ဟောခန်းသခင်လီ … တစ်ခုခုလိုအပ်လို့လား”
လီလိုရှုသည် မျက်လုံးကို ပေကလပ် ပေကလပ်လုပ်ကာ ပြုံး၍ ပြောလိုက်သည်။ “ကျွန်မ နှောက်ယှက်သလို ဖြစ်သွားလား”
ကျွင်းချောင်ရှောင်း “…”
လီလိုရှုသည် ဟာသလုပ်ခြင်းကို ရပ်တန့်ပြီး အဓိက အကြောင်းအရာကို ပြန်ပြောလိုက်သည်။ “ဂိုဏ်းချုပ် ….. ဟွာတောင်တန်း မှာရှိတဲ့ သိုင်းပညာဖလှယ်ပွဲဆီကို တကယ်ပဲသွားမှာလား”
“အင်း သွားမယ်” ကျွင်းချောင်ရှောင်းပြောလိုက်သည်။
သီးခြားတာဝန်သည် ဂိုဏ်းစုဆောင်းမှတ်များ ရရှိနိုင်သည့်အရာမျိုးဖြစ်သည်။ ထို့ကြောင့် မည်သည့်ကိစ္စပင်ဖြစ်ဖြစ် သူ သွားကို သွားရပေလိမ့်မည်။
လီလိုရှု ပြောလိုက်သည်။ “သိသလောက်ဆိုရင် အဲပွဲကို တက်ရောက်မယ့်ဂိုဏ်းတွေက အနည်းဆုံး အဆင့် ၅ ဂိုဏ်းတွေကြီးပဲ၊ ဒီတော့ ကျွန်မတို့သွားဖို့ အဆင်မပြေဘူးလို့ ထင်တယ်”
ဟွာတောင်တန်းရှိ သိုင်းပညာဖလှယ်ပွဲသည် သိုင်းပညာရှင်များ၊ ဂိုဏ်းများ၏ကြား သိုင်းတာအိုများကို ဆွေးနွေး ကြသည့် ပွဲတစ်ခုပင်ဖြစ်တော့သည်။ ထိုကဲ့သို့သော ဆွေးနွေးရသည့်ဂိုဏ်းများမှာ အနည်းဆုံး အဆင့် ၅ ဂိုဏ်းမျိုးပင် ဖြစ်သည်။
သံမဏိအရိုးဂိုဏ်း၏ ဂုဏ်သိက္ခာသည် လက်ရှိတွင် အလွန်တရာ တိုးတက်ပြီး ပျံ့နှံ့နေသည် ဆိုသော်လည်း အဆင့်ခုနှစ် ဂိုဏ်းတစ်ခုမျှသာဖြစ်သည်။
“ငါ ဂိုဏ်းအဆင့်ကို မြှင့်တင်မှဖြစ်တော့မယ်၊ အနည်းဆုံးတော့ အဆင့်ခြောက် လောက်ပေါ့”
ကျွင်းချောင်ရှောင်းသည် လီချင်းယန်ကို လှမ်းခေါ်၍ လက်ရှိတပည့်များ၏ တိုးတက်မှုနှုန်းကို မေးလိုက်၏။ နောက်ဆုံးမှာတော့ သူလိုချင်သည့်အဖြေကို မရရှိသေးသည့်အချိန်မှာတော့ အဆင့် ခြောက် ဂိုဏ်းတစ်ခု ဖြစ်အောင် ပြုလုပ်ရန် ဆုံးဖြတ်လိုက်တော့သည်။
“ဟောခန်းသခင်လီ”
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “တိရစ္ဆာန်အစားအစာအရောင်းဆိုင်က ဆိုင်တာဝန်ခံကို သတင်းပို့လိုက်၊ ဂိုဏ်းအသိအမှတ်ပြုဟောခန်းရဲ့ စာရေးကျိုးကို ဆက်သွယ်ပြီးတော့ သံမဏိအရိုးဂိုဏ်းက အသိအမှတ်ပြုမှုကို လုပ်မယ်လို့ ပြောလိုက်”
“နားလည်ပါပြီ” လီလိုရှု ထွက်ခွာသွား၏။
ချင်းယန်မြို့ ဂိုဏ်းအသိအမှတ်ပြုဌာန …..
ကျိုးရှစ်မင်သည် လက်ရှိအချိန်တွင် တွန့်ဆုတ်လျက်ရှိသည်။ ကျွင်းချောင်ရှောင်းသည် သူ့အား ဖိတ်ခေါ်ခဲ့သည် ဆိုသည့်သတင်းအား သူရရှိခဲ့ပြီးဖြစ်သည်။ သို့ပေမဲ့ သူသည် မည်သည့်အရာကို တွန့်ဆုတ်နေရသနည်းဆိုသော် သူကိုယ်တိုင်သွားသင့်သလား၊ ဌာနချုပ်ဆီကို ဆက်သွယ်သင့်သလား ဆိုသည်ကို ဝေခွဲမရခြင်းသာဖြစ်သည်။
“အလားအလာနဲ့သက်ဆိုင်ရင် ထိပ်ဆုံးသုံးခုထဲကိုဝင်တဲ့ဂိုဏ်းတစ်ခုပဲ၊ ဒါကြောင့် ငါအမှားအယွင်းမဖြစ်အောင်လို့ ဌာနချုပ်ဆီကို ဆက်သွယ်တာ အကောင်းဆုံးပဲ”
ကျိုးရှစ်မင်သည် အလောတကြီးဖြင့် အရှေ့တောင်ရန်ကျူးမြို့တွင်ရှိသော ဌာနချုပ်ကို ဆက်သွယ်လိုက်၏။ နောက်တစ်ရက်မှာတော့ ဌာနချုပ်သည် သူ့အား တာဝန်ယူ၍ စစ်ဆေးပေးရန် စာတစ်စောင် ပို့လွှတ် လိုက်တော့သည်။
ကျိုးရှစ်မင်သည် အလွန်တရာ ပျော်ရွှင်သွား၏။ ဤကဲ့သို့သော အလားအလာရှိသည့် ဂိုဏ်းမျိုးအား တာဝန်ယူ၍ စစ်ဆေးရမည်ဆိုသည်မှာ သူ့အား ဌာနချုပ်အနေဖြင့် အလွန်အမင်းယုံကြည်ခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
“ဒါဆိုရင် ရာထူးတိုးဖို့ မျှော်လင့်ချက်ရှိတာပဲ၊ ငါရာထူးတိုးတော့မယ်ထင်တယ်”
ကျိုးရှစ်မင်သည် စာကို ကိုင်၍ အလွန်တရာ စိတ်လှုပ်ရှားနေ၏။
ဟုတ်ပေသည်။ သူ့အနေနှင့် ရာထူးတိုးချင်သည် ဆိုလျှင် သံမဏိအရိုးဂိုဏ်းပေါ်တွင် မူတည်နေ၏။
“စာရေး”
ဂိုဏ်းအသိအမှတ်ပြုအဖွဲ့ဝင်တစ်ယောက်သည် လျှောက်ဝင်လာပြီး ပြောလိုက်၏။ “မြွေဂိုဏ်းက လူတွေက အသိအမှတ်ပြုမှုကို လိုချင်လို့တဲ့ အပြင်မှာစောင့်နေတယ်”
“မြွေဂိုဏ်း ဟုတ်လား”
ကျိုးရှစ်မင်သည် စိတ်ထဲတွင် ရေရွတ်လိုက်မိ၏။ “ဒါက ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့ထဲမှာရှိတဲ့ အဆင့်ကိုး ဂိုဏ်းတစ်ခု မဟုတ်လား”
အဖွဲ့ဝင်က ပြောလိုက်သည်။ “မဟာမိတ်ခေါင်းဆောင်ချင်က စာတစ်စောင်ပေးလိုက်သေးတယ်”
ကျိုးရှစ်မင်သည် စာကိုဖွင့်ကြည့်လိုက်၏။ “စာရေးကျိုး၊ မြွေဂိုဏ်းက ဒီချင်နဲ့ပတ်သက်နေတဲ့ ဂိုဏ်းတစ်ခုပဲ၊ ဒီတော့ သူတို့ကို အဆင်ပြေအောင် လုပ်ပေးလိုက်ပါ၊ အလွန်တရာ ရက်ရောလှတဲ့ လက်ဆောင်တွေကို ကျုပ်ပြင်ဆင်ထားပါ့မယ်”
အရင်တုန်းကသာဆိုလျှင် စာရေးကျိုးသည် အလွန်တရာရက်ရောလှသော လက်ဆောင်ဆိုသည့် စာလုံးကို မြင်သည်နှင့် ကျိန်းသေပေါက် ပျော်ရွှင်သွားပေလိမ့်မည်။ လက်ရှိအချိန်မှာတော့ ထိုစာကိုမြင်သည်နှင့် ဆွဲဖြဲလိုက်တော့သည်။ ထို့နောက်ပြောလိုက်သည်။ “ချင်းယန်မြို့ထဲမှာစောင့်နေလို့၊ ငါလုပ်စရာတွေရှိသေးတယ်”
“ကောင်းပါပြီ” အဖွဲ့ဝင်သည် ထွက်ခွာသွား၏။
ကျိုးရှစ်မင်သည် အေးစက်စက်နှင့် ပြောလိုက်သည်။ “ချင်ဟောင်ရန်၊ ချင်ဟောင်ရန်၊ ငါ့ကို အစောကြီးထဲက ပြဿနာတက်အောင် လုပ်ပြီးသွားပြီ၊ အခု နောက်ဖေးပေါက်က လာပြီး လာဘ်ထိုးဖို့ ထပ်စဉ်းစားသေးတယ်ပေါ့”
ဂိုဏ်းချုပ်ကျွင်းသည် သူ့အား တချို့သော အကြံဉာဏ်များ ပေးခဲ့၏။ ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှ လူများ အသိအမှတ်ပြုမှုကို ရရှိရန် လာခဲ့ချိန်တွင် ခက်ခဲမှုဖြစ်အောင် ပြုလုပ်ရန်ဆိုသည့်အကြံပင် ဖြစ်တော့သည်။
………
မနက်ခင်းမှာတော့ ကျိုးရှစ်မင်သည် ဂိုဏ်းအသိအမှတ်ပြု စစ်ဆေးရန်အတွက် လိုအပ်သည့်ပစ္စည်းများကို ယူဆောင်၍ သံမဏိအရိုးဂိုဏ်းဆီသို့ မြန်မြန်ဆန်ဆန်ပင် ထွက်ခွာလာတော့၏။