အခန်း (၄၀၇)
Vol. 28 Ch. 407
ကျွင်းချောင်ရှောင်း အလကားမနေပေ။ သက်တန့်ရောင်စဉ် နည်းစနစ်ကို နားလည်ရန် စတင်၍ ကြိုးစားတော့သည်။
ဤလျှို့ဝှက်နည်းစနစ်သည် ခန့်မှန်း၍ မရအောင် ဆန်းကြယ်လွန်းသည် ဆိုသော်လည်း မပြည့်စုံသော်လည်း အထူးအဆင့် နည်းစနစ် တစ်ခုအဖြစ်တော့ ရှိနေသေး၏။
“မန္တာန်ရွတ်ဖတ်မှုက ထူးဆန်းတယ်” ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်သည်။
သူသည် အသိအမြင်အဆောင်၏ ထောက်ပံ့မှုဖြင့် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သိုင်းနည်းစနစ် တော်တော်များများကို နားလည်ခဲ့သည် ဆိုသော်လည်း ဤမန္တာန်ရွတ်ဖတ်ရမှု ပုံစံသည် ထူးဆန်းနေကြောင်း သတိပြုမိလိုက်၏။
စနစ်မှ ပြောလိုက်သည် “မတူညီတဲ့ ဂြိုဟ်တွေဆီက မတူညီတဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေလေ။ ဒီလိုပဲ ဖြစ်ရမှာပေါ့”
“စမ်းကြည့်ရအောင်”
ကျွင်းချောင်ရှောင်းသည် တောင်၏ အနောက်ဘက် တည်နေရာလွတ်ဆီသို့ သွားကာ စိတ်ထဲမှ မန္တာန်ကို ရွတ်ဖတ်ကာ ချီများအား စတင်၍ လှည့်ပတ်လိုက်သည်။
ဝှစ် … ဝှစ် ..။
လောကကြီးတွင် တည်ရှိနေသော ဓာတ်သဘာဝ နှင့် စိတ်ဝိညာဉ်စွမ်းအင်များသည် သူ၏ ညာလက်ဝါးဆီသို့ တိုးဝင်လာပြီး ကြက်သွေးရောင်စဉ် အဖြစ် စတင်ဖြစ်တည်လာ၏။
သက်တန့်ရောင်စဉ် နည်းစနစ်ဟု ခေါ်ဆိုရခြင်းမှာ လောကကြီးဆီမှ မတူညီသော ဓာတ်သဘာဝများကို ဆွဲယူ ချိတ်ဆက်၍ ရောင်စဉ် ခုနှစ်ခု ဖြစ်တည်စေသောကြောင့် ပင် ဖြစ်သည်။
ကြက်သွေးရောင်သည် ပထမဆုံး အရောင်ဖြစ်၏။ ပြီးနောက် လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ အပြာရင့် နှင့် ခရမ်း တို့ ဖြစ်လာလိမ့်မည်။
မပြည့်စုံသည့် ကျမ်းစာအရ ဆိုလျှင် စတင်ဖြစ်တည်လာသော ကြက်သွေးရောင် များသည် လက်တွင် စုစည်းလာပြီး လှိုင်းအဟုန်များဖြင့် ချက်ချင်း တိုက်ခိုက်နိုင်သည်။
“အမ် .. ဂိုဏ်းချုပ် ဘာလုပ်နေတာလဲ”
“သူ့လက်မှာ ကြက်သွေးရောင် တွေ တောက်နေပါလား။ ဒါက သက်တန့်ရောင်စဉ် နည်းစနစ်ကို ထုတ်ဖော်နေတာလား”
“သွားကြည့်ရအောင်”
စမ်းသပ်မှုမျှော်စင်ကို သွားရန်ပြင်ဆင်နေသော တပည့်များသည် ချက်ချင်းဆိုသလိုပဲ စုဝေး လာကြ၏။
သက်တန့်ရောင်စဉ် နည်းစနစ်ကို သူတို့လည်း သိသည်။ သို့ပေမဲ့ ထုတ်ဖော်အသုံးပြုနိုင်သော အဆင့်ထိတော့ မရောက်ရှိသေးချေ။ ထို့ကြောင့် ဂိုဏ်းချုပ် အသုံးပြု ထုတ်ဖော်နေမှုကို ကြည့်ပြီး တစ်စုံတစ်ခုသော အတွေးအမြင်များ ရရှိနိုင်မည်ဟု မျှော်လင့်မိသည်။
အချိန်တိုအတွင်းမှာပဲ တပည့် ၃၀၀ ကျော်တို့သည် တည်နေရာလွတ်ကြီးတစ်ခုတွင် စုစည်းလာကြတော့သည်။ အားလုံးထဲတွင် လီချင်းယန်၊ ရှောင်ကျီ နှင့် တခြားသော သူများလည်း ပါဝင်ကြ၏။
“ငါ ခံစားလို့ရပြီ”
ချီများအား ခန္ဓာကိုယ်အတွင်း လှည့်ပတ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ လက်ဝါးထဲတွင် စွမ်းအင်များ စုစည်းလာသည်။
ရှေ့သို့ လှမ်းတက်လိုက်ပြီး ခန္ဓာကိုယ်အား ကွေးညွတ်လိုက်၏။
သူ၏ ညာလက်နှင့် ဘယ်လက်သည် စုစည်းသွားပြီး အတွင်းအား ထုတ်ဖော်ကာ တိုက်ခိုက်လိုက်သော ပုံစံမျိုး ဖြစ်တည်သွားသည်။
“တိုက်ခိုက်မှုကို ထုတ်ဖော်တဲ့ အချိန်မှာ ဒီလိုပုံစံမျိုး လုပ်ရတာကိုး”
“စွမ်းအင်တွေ ကို စုစည်းပြီး ဒီလိုမျိုး တွန်းထုတ်ရတာပေါ”
“ဂိုဏ်းချုပ် သရုပ်ပြလို့ တော်သေးတယ်။ မဟုတ်ရင် နားလည်မှာမဟုတ်ဘူး”
တပည့်များသည် တီးတိုးဆွေးနွေးလျက်ရှိသည်။
တစ်ချို့သောသူများသည် ဂိုဏ်းချုပ်၏ လုပ်ဆောင်မှုကို အတုခိုး၍ လိုက်ပါ လေ့ကျင့်ရန် စဉ်းစားလိုက်ကြ၏။
တကယ်တမ်းမှာတော့ စွမ်းအင် ထုတ်ဖော်မှုတွင် ထိုကဲ့သို့ပြုလုပ်စရာမလိုချေ။ သူ အရင်ဘဝ က ကြည့်ခဲ့ဖူးသော Dragon ball ဇာတ်လမ်းထဲတွင် ထိုကဲ့သို့ စွမ်းအင်ထုတ်ဖော်နေမှုကို မြင်ရစဉ်ကတည်းက လိုက်ပါ ပြုလုပ်ခဲ့ဖူးသည်။ သို့ပေမဲ့ အရင်ဘဝတုန်းက စွမ်းအင်မထွက်ခဲ့ချေ။ လက်ရှိအချိန်မှာတော့ သူ၏ လက်ဆီမှ စွမ်းအင်များ စုစည်းနေနိုင်ပြီ မဟုတ်လား။ ထို့ကြောင့် ငယ်ဘဝ၏ အိမ်မက်ကို ဖြည့်စည်းရန် စဉ်းစားခဲ့ခြင်း ဖြစ်တော့သည်။
ဟူး .. ဟူး….။
ကြက်သွေးရောင်အလင်းတန်းများသည် လက်ဝါးထဲတွင် စုစည်းလာပြီး သူ၏ လက်ဝါးနှစ်ဖက်ကြားတွင် စွမ်းအင်လှိုင်းများ ဖြစ်တည်လာတော့သည်။
ကျွင်းချောင်ရှောင်း၏ ဆံနွယ်များသည် လေနှင့် အတူ လွင့်လျက်ရှိပြီး သူ၏ အလွန်တရာ ချောမောလှသော မျက်နှာသည် ပေါ်ပေါက်လာ၏။
သူသည်လက်ကို ရှေ့သို့ တွန်းလွှတ်ကာ အော်လိုက်သည် “ချိုးဖျက်စမ်း။”
ရွှစ်…။
အလင်းတန်းများသည် ချက်ချင်းပဲ ပျောက်ကွယ်သွား၏။
“………” အားလုံး ငြိမ်သက်သွားကြသည်။
“ဘာဖြစ်သွားတာလဲ” ကျွင်းချောင်ရှောင်းလည်း ကြောင်သွားသည်။
စွမ်းအင်များ အဆုံးစွန်ထိ စုစည်းလာသည်ကို သူ သေချာရှင်းရှင်းလင်းလင်း သိရှိပြီးဖြစ်သည်။ မန္တာန်နှင့် မရီဒန်များတွင်လည်း ပြဿနာမရှိချေ။ သို့ပေမဲ့ စွမ်းအင်လှိုင်းများမှာ အလိုလို ပျောက်ကွယ်သွားခဲ့၏။
ထပ်ပြီးစမ်းကြည့်ရမည်။
ကျွင်းချောင်ရှောင်းသည် ကြက်သွေးရောင်အလင်းများအား နောက်တစ်ကြိမ် ထပ်မံ၍ စုစည်းလိုက်ပြီး ထုတ်ဖော်လိုက်ပြန်သည်။
ရွှစ် …။
လက်ဝါးတွင် စုစည်းထားသော စွမ်းအင်လှိုင်းများသည် ပျောက်ကွယ်သွားပြန်၏။
“……….”
သူ၏ အနောက်ဘက်တွင် ရှိနေသော တပည့်များ၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ရင်သွားသည်။
ဂိုဏ်းချုပ် က နည်းစနစ်ကို ထုတ်ဖော်မှာလား၊ မထုတ်ဖော်ဘူးလား။
“သက်တန့်ရောင်စဉ်”
ဤတစ်ကြိမ်မှာတော့ သူ သေချာအော်လိုက်သည်။ ပြီးနောက် လက်ဝါးအား ဆန့်ထုတ်လိုက်သည်။
ကြက်သွေးရောင် စွမ်းအင်များသည် စုစည်းပြီးသွားပြီး လက်သီးဆုပ်အရွယ် စွမ်းအင်လုံးတစ်ခုသည် ရှေ့သို့ ပြေးထွက်သွာတော့၏။
ရွှစ် ..။
ဤတစ်ကြိမ်မှာတော့ စွမ်းအင်လှိုင်းများသည် ဖြစ်တည်လာရုံတင်မကဘဲ မြေပြင်ပေါ်၌ ရှည်လျား၍ နက်နဲလှသောတွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်သွားစေသည်။
“အောင်မြင်ပြီ”
တပည့်များက ထအော်လိုက်ကြသည်။
ဘုန်း ..
ထိုအချိန်မှာပဲ စွမ်းအင်လှိုုင်းနှင့် ထိမှန်သွားသော ကြီးမားသည့် ကျောက်တုံးကြီးသည် အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားတော့၏။
“ကောင်းကင်ဘုံ ….”
တပည့်များသည် မျက်လုံးပြူးသွားကြသည်။
ကြီးမားလှသော ကျောက်တုံးကြီး တစစီဖြစ်သွားခြင်းကို သူတို့ အံ့အားမသင့်ကြပေ။ အဘယ့်ကြောင့် ဆိုသော် ထိုအရာကို ပေါက်ကွဲလက်သီးကလည်း ပြုလုပ်နိုင်၏။
သူတို့အား အံ့အားသင့်စေသည်မှာ ဂိုဏ်းချုပ် နှင့် ကျောက်တုံးကြီးသည် မီတာ တစ်ရာ အဝေးတွင် ရှိနေခြင်း ဖြစ်သည်။
“ဒုတိယ စီနီယာအစ်ကို”
စုရှောင်မို၏နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ရင်နေသည် “သက်တန့်ရောင်စဉ် နည်းစနစ်ကိ ဒီလောက် အဝေးကြီးကို တိုက်ခိုက်လို့ရတယ်လား”
လီချင်းယန်သည် တည်ငြိမ်စွာ ပြောလိုက်သည် “ဒါက အရမ်းအားကောင်းတဲ့ သိုင်းနည်းစနစ်ပဲ”
စမ်းသပ်မှု မျှော်စင်၏ ဘေးတွင် မတ်တပ်ရပ်လျက်ရှိသော ရီရှင်းချန်သည် ကြိတ်ကာ တွေလိုက်မိသည် “ဒီနည်းစနစ်ကို ကျွမ်းကျင်အောင် အရင်လေ့လာဖို့ လိုလာပြီ”
သူသည် ကောင်းကင်နီဓားနည်းစနစ်ကို လေ့ကျင့်နေခြင်းဖြစ်ပြီး သက်တန့်ရောင်စဉ် နည်းစနစ်အား လေ့ကျင့်ရန် အချိန်မရသေးချေ။
ယခု ဂိုဏ်းချုပ် ထုတ်ဖော်ပုံကို ကြည့်လိုက်လျှင် ထိုနည်းစနစ်ကို သူ အရင်ဆုံး လေ့ကျင့်သင့်ကြောင်း နားလည်သွားမိသည်။
……..
ဂိုဏ်းချုပ်ကျွင်းသည် သိုင်းနည်းစနစ်ကို အောင်မြင်စွာ ထုတ်ဖော်နိုင်ခဲ့ပြီဖြစ်သည်။ သို့ပေမဲ့ အနာဂတ်တွင် ထိုသိုင်းနည်းစနစ်ကို ထုတ်ဖော်လျှင် တပည့်များသည် အတွင်းအား ထုတ်သည့် ကျွင်းချောင်ရှောင်း၏ ပုံစံမျိုးကို လိုက်လံ အတုခိုးတော့မှာ သေချာ၏။
မည်သို့ပင်ဖြစ်ဖြစ် နောက်ထပ်နည်းစနစ် နှစ်ခုသည် သိုင်းနည်းစနစ် ခန်းမဆောင်တွင် တည်ရှိနေသောကြောင့် သိုင်းနည်းစနစ် ခန်းမဆောင်သည် ပိုမို၍ အသက်ဝင်လာခဲ့ပြီ ဖြစ်သည်။
လီချင်းယန်၊ ရှောင်ကျီ နှင့် တခြားသောသူများသည် ထိုနည်းစနစ်ကို အသုံးပြုပြီး အဝေးရောက် တိုက်ခိုက်မှုမျိုးကို ထုတ်ဖော်နိုင်ရန် စဉ်းစားထားကြ၏။
တပည့်သစ်များမှာတော့ ပေါက်ကွဲလက်သီးနှင့် တောင်ဖြိုလက်ဝါးကိုသာ အာရုံစိုက်ထားရသည်။ ကောင်းကင်နီဓား နည်းစနစ်သည် သူတို့ လေ့ကျင့်ရန် အတွက် အလွန်ပင် အဆင့်မြင့်လွန်းနေသည်။ လေ့ကျင့်နိုင်လျှင်တောင်မှ စိတ်ဝိညာဉ်စွမ်းအင်များအား စုစည်းနိုင်ရန် ခက်ခဲလှသည်။
……
အဓိက ဟောခန်းထဲတွင် ထိုင်ရင်း ဂိုဏ်းချုပ်ကျွင်းသည် တီးတိုးရေရွတ်လိုက်သည် “အခု ဟွာတောင်တန်းရဲ့ သိုင်းတာအို ဆွေးနွေးပွဲဆီ သွားရတော့မှာပဲ”
“ဂိုဏ်းချုပ်”
အကြီးအကဲဝေ လျှောက်ဝင်လာသည် “တောင်ခြေမှာ နောက်ထပ် ပတ်ဝန်းကျင် ပြောင်းလဲမှုတွေ ဖြစ်နေတယ်”
“ဘာ…”
ကျွင်းချောင်ရှောင်း အလောတကြီးဖြင့် ထရပ်လိုက်သည်။
သူ ဆေးဥယျာဉ်ဆီသို့ ရောက်ချိန်မှာတော့ သက်တန့်ရောင်အလင်းတန်းများသည် ထပ်မံ ထွက်ပေါ်နေကြောင်း မြင်လိုက်ရ၏။
အရင်တစ်ခေါက်ကထက် ပိုမို၍ စိတ်ဝိညာဉ်စွမ်းအင်များ သိပ်သည်းသလို အားကောင်းနေသည်။
“အကြီးအကဲဝေ …”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဘာဖြစ်တာလဲ”
စိတ်ဝိညာဉ်စွမ်းအင်များ ပြန်လည်ကောင်းမွန်လာမည့် နေရာအား သူ သီးခြားဖြစ်တည်ခြင်း အစီအရင် ဖြင့် ကာကွယ်ထားပြီးဖြစ်သည်။ အဘယ့်ကြောင့် အခြားတည်နေရာတွင် ထပ်မံ၍ ပေါ်ပေါက်လာရသနည်း။
အကြီးအကဲဝေသည် တည်ငြိမ်စွာ ပြောလိုက်သည် “မမှားဘူး ဆိုရင် သံမဏိအရိုးတောင်မှာ စိတ်ဝိညာဉ်စွမ်းအင်တွေ ပြန်ကောင်းလာမယ့်နေ့ကို ရောက်တော့မယ်”
“ဒီလောက်ထူးခြားတဲ့ ပတ်ဝန်းကျင်ပြောင်းလဲမှုက အပြင်လူတွေကို သတိပြုမိစေလိမ့်မယ်။”
ကျွင်းချောင်ရှောင်း ခဏလောက် စဉ်းစားလိုက်သည် “သီးခြားဖြစ်တည်ခြင်း အစီအရင်ကို အရင်ဆုံး အကွာအဝေး ချဲ့ရအောင်။”
ရွှီး ..။
သူသည် တိမ်ခြေလှမ်းကို အသုံးပြု၍ မီတာ နှစ်ရာ မှ သုံးရာ အကွာအဝေးသို့ ခုန်လိုက်သည်။
ပြီးနောက် သက်တန့်ရောင်အလင်းတန်းများ ထွက်ပေါ်နေသော နေရာဆီသို့ ရောက်ရှိသွားချိန်မှာတော့ သီးခြား ဖြစ်တည်ခြင်း အစီအရင်ကို ပိုမိုကျယ်ဝန်းအောင် စတင်၍ ချဲ့ထွင်တော့၏။